ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • od အခန်း ၁၇ စာ. ၁၆၉-၁၇၈
  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စမ်းသပ်မှုများ တိုးများနေရတဲ့ အကြောင်းရင်း
  • ခံနိုင်ရည် မွေးမြူခြင်း
  • စမ်းသပ်မှုအမျိုးမျိုးကို ခံရပ်ခြင်း
  • သစ္စာရှိနေဖို့ စိတ်ပိုင်းဖြတ်ထားခြင်း
  • “ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခံနိုင်ရည်—ခရစ်ယာန်များအတွက် အရေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခံနိုင်ရည် ရှိသူ ယေရှုအကြောင်း “အသေအချာ စဉ်းစားကြည့်ပါ”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • အောင်ပွဲရစေသည့် ခံနိုင်ရည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
od အခန်း ၁၇ စာ. ၁၆၉-၁၇၈

အခန်း ၁၇

ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ

“ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ တပည့်တော် ယာကုပ် ရေးခဲ့တယ်။ (ယာ. ၄:၈) မှန်ပါတယ်။ ကျွန်တော်တို့ မစုံလင်ပေမဲ့ ယေဟောဝါဟာ ဆုတောင်းချက်တွေကို မကြားနိုင်လောက်အောင် မမြင့်လွန်း၊ မဝေးလွန်းပါဘူး။ (တ. ၁၇:၂၇) ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လို လုပ်နိုင်သလဲ။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ရှိလာအောင် တည်ဆောက်ခြင်းအားဖြင့် ဖြစ်တယ်။ အဲဒီထဲမှာ ထက်ထက်သန်သန် ဆုတောင်းခြင်း ပါဝင်တယ်။ (ဆာ. ၃၉:၁၂) ကျမ်းစာ ပုံမှန် လေ့လာခြင်းအားဖြင့်လည်း ဘုရားသခင်နဲ့ ရင်းနှီးမှု ရယူနိုင်တယ်။ ဒီနည်းအားဖြင့် ယေဟောဝါဘုရားအကြောင်း၊ ရည်ရွယ်ချက်နဲ့ အလိုတော်အကြောင်း သိလာနိုင်တယ်။ (၂ တိ. ၃:၁၆၊ ၁၇) ဒီလိုနဲ့ ဘုရားကို ချစ်မြတ်နိုးတတ်လာပြီး စိတ်တော် ငြိုငြင်မှာကို စိုးရိမ်ကြောက်ရွံ့တတ်လာတယ်။—ဆာ. ၂၅:၁၄။

၂ ဒါပေမဲ့ သားတော် ယေရှုကတစ်ဆင့်သာ ယေဟောဝါနဲ့ ရင်းနှီးမှု ရရှိနိုင်တယ်။ (ယော. ၁၇:၃။ ရော. ၅:၁၀) ဘယ်လူသားမှ ယေရှုထက်ပိုပြီး ယေဟောဝါရဲ့ စိတ်တော်ကို မသိမြင်နိုင်ဘူး။ ဖခင်နဲ့ အရင်းနှီးဆုံး ဖြစ်လို့လည်း “သားဖြစ်သူ ကျွန်တော့်အကြောင်း အဖဘုရားကလွဲလို့ ဘယ်သူမှ မသိဘူး။ အဖဘုရားအကြောင်းလည်း သားဖြစ်သူ ကျွန်တော်နဲ့ ကျွန်တော် ဖော်ပြချင်သူတွေကလွဲလို့ ဘယ်သူမှ မသိဘူး” လို့ ပြောနိုင်ခဲ့တယ်။ (လု. ၁၀:၂၂) ဒါကြောင့် ခရစ်ဝင်ကျမ်းတွေမှာ ပါတဲ့ ယေရှုရဲ့ စဉ်းစားပုံနဲ့ ခံစားချက်တွေကို လေ့လာတာဟာ ယေဟောဝါရဲ့ စဉ်းစားပုံနဲ့ ခံစားချက်တွေကို လေ့လာနေတာ ဖြစ်တယ်။ အဲဒီလိုအသိပညာက ကျွန်တော်တို့ကို ဘုရားသခင်နဲ့ ပိုရင်းနှီးစေနိုင်တယ်။

၃ သားတော် ယေရှုရဲ့ ဦးစီးမှုအောက်မှာ ဘုရားသခင့် အလိုတော် ဘယ်လို ထမ်းဆောင်ရမယ်ဆိုတာ သိလာအောင် ကူညီပေးတဲ့ ယေဟောဝါ အဖွဲ့အစည်းရဲ့ မျက်မြင်ရအပိုင်းနဲ့ အနီးကပ် နေခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးအောင် ကျွန်တော်တို့ ကြိုးစားနေကြတယ်။ မဿဲ ၂၄:၄၅-၄၇ မှာ ကြိုဟောထားတဲ့အတိုင်း သခင်ယေရှုခရစ်ဟာ ယုံကြည်ခြင်း အိမ်သူအိမ်သားတွေကို ‘အချိန်တန် အစားအစာ’ ဝေပေးဖို့ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ ကို ခန့်အပ်ထားတယ်။ ဒီနေ့ခေတ်မှာ သစ္စာရှိကျွန်ဟာ အချိန်တန် ကျမ်းစာအကြောင်းအရာတွေကို အလျှံပယ် ပြင်ဆင်ပေးနေတယ်။ ဒီလမ်းကြောင်းကတစ်ဆင့် ကျမ်းစာ နေ့တိုင်း ဖတ်ဖို့၊ အစည်းအဝေးတွေ ပုံမှန် တက်ဖို့၊ “နိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်းမှာ အဓိပ္ပာယ်ရှိရှိ ပါဝင်ဖို့ ယေဟောဝါ သွန်သင်ပေးနေတယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ ယောရှု ၁:၈။ ဆာ. ၁:၁-၃) သစ္စာရှိကျွန်ကို ကျွန်တော်တို့ ဘယ်တော့မှ လူ့ရှုထောင့်နဲ့ မရှုမြင်ချင်ကြဘူး။ ယေဟောဝါအဖွဲ့အစည်းရဲ့ မျက်မြင်ရအပိုင်းနဲ့ အနီးကပ် နေဖို့၊ လမ်းညွှန်ချက်ကို လိုက်လျှောက်ဖို့ ကြိုးစားသင့်တယ်။ ဒီလိုကြိုးစားခြင်းက ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာစေပါလိမ့်မယ်။ စမ်းသပ်မှုတွေကြားမှာ အားရှိနေစေပြီး ကာကွယ်ပေးပါလိမ့်မယ်။

စမ်းသပ်မှုများ တိုးများနေရတဲ့ အကြောင်းရင်း

၄ သင်ဟာ အမှန်တရားထဲ ရောက်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်နိုင်တယ်။ ဒါဆို သစ္စာသမာဓိ စမ်းသပ်မှုတွေကို ခံရပ်ခြင်းဟာ ဘာကို ဆိုလိုမှန်း ကောင်းကောင်း သိပါလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါအကြောင်း သိလာပြီး ဘုရားလူမျိုးနဲ့ ပေါင်းသင်းနေတာ မကြာသေးသူ ဖြစ်နေရင်တောင် ယေဟောဝါရဲ့ ပိုင်သအုပ်စိုးမှုကို လက်အောက်ခံသူတိုင်းကို စာတန်မာရ်နတ် ဆန့်ကျင်တိုက်ခိုက်နေတယ်ဆိုတာ သိပါလိမ့်မယ်။ (၂ တိ. ၃:၁၂) ဒါကြောင့် နည်းနည်း ခံရပ်နေတာဖြစ်ဖြစ်၊ များများ ခံရပ်နေတာဖြစ်ဖြစ် ကြောက်ဖို့၊ စိတ်ဓာတ်ကျဖို့အကြောင်း မရှိပါဘူး။ သင့်ကို ထောက်မပေးမယ်၊ ကယ်တင်ခြင်း၊ ထာဝရအသက်တို့နဲ့ ဆုချမယ်ဆိုပြီး ယေဟောဝါ အာမခံထားတယ်။—ဟီ. ၁၃:၅၊ ၆။ ဗျာ. ၂:၁၀။

၅ စာတန့်စနစ်ရဲ့ ကျန်ကြွင်းတဲ့ ဒီကာလအတွင်း စမ်းသပ်မှုတွေကို ကျွန်တော်တို့အားလုံး ရင်ဆိုင်ရနိုင်တယ်။ ၁၉၁၄ မှာ ဘုရားသခင့် နိုင်ငံတော် တည်ထောင်ပြီးချိန်ကစပြီး ယေဟောဝါဘုရားရဲ့ ကောင်းကင်ထဲ စာတန် ဝင်ခွင့်မရှိတော့ဘူး။ မြေကြီးပေါ် နှင်ချခံရပြီး သူနဲ့ နတ်ဆိုးတွေကို ကန့်သတ်ချုပ်နှောင်ထားတယ်။ ယေဟောဝါရဲ့ ဆက်ကပ်အပ်နှံ ကျေးကျွန်တွေ အပြင်းအထန် နှိပ်စက်ခံရတာ၊ ကမ္ဘာပေါ်မှာ အဖြစ်ဆိုးတွေ တိုးများလာတာဟာ စာတန့်ဒေါသကြောင့် ဖြစ်တယ်။ အဲဒါတွေက လူသားတွေအပေါ် သူ့ဆိုးသွမ်းတဲ့ အုပ်ချုပ်ရေးရဲ့ နောက်ဆုံးကာလအတွင်း ကျွန်တော်တို့ အသက်ရှင်နေရတယ်ဆိုတဲ့ အထောက်အထား ဖြစ်တယ်။—ဗျာ. ၁၂:၁-၁၂။

၆ နိမ့်ကျသွားတဲ့ အခြေအနေကြောင့် ဒေါသထွက်နေတဲ့ စာတန်ဟာ မိမိအချိန် သိပ်မကျန်တော့ဘူးဆိုတာ သိတယ်။ နိုင်ငံတော်သတင်း ဟောပြောခြင်းကို နှောင့်ယှက်ဖို့၊ ယေဟောဝါ ကျေးကျွန်တွေရဲ့ စည်းလုံးမှုကို ဖျက်ဆီးဖို့ နတ်ဆိုးတွေနဲ့အတူ အစွမ်းကုန် ကြိုးစားနေတယ်။ ဒါကြောင့် ပုံဆောင် စစ်ပွဲရဲ့ ရှေ့တန်းမှာ ကျွန်တော်တို့ ရောက်နေတယ်။ “အသွေးအသား ဖြစ်တဲ့ လူတွေနဲ့ တိုက်ခိုက်နေရတာ မဟုတ်ဘူး။ အုပ်စိုးသူတွေ၊ အခွင့်အာဏာရှိသူတွေ၊ အမှောင်လောကရဲ့ အုပ်စိုးရှင်တွေ ဖြစ်တဲ့ ကောင်းကင်က နတ်ဆိုးများစွာနဲ့ တိုက်ခိုက်နေရ” တယ်။ ယေဟောဝါဘက် အောင်ပွဲခံချင်တယ်ဆိုရင် အရှုံးမပေးဘဲ ဆက်တိုက်ရမယ်။ ပုံဆောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားရမယ်။ မာရ်နတ်ရဲ့ “ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံပြီး အခိုင်အမာ ရပ်တည်” ရမယ်။ (ဧ. ၆:၁၀-၁၇) အဲဒီလိုရပ်တည်နိုင်ဖို့ ခံနိုင်ရည် လိုအပ်တယ်။

ခံနိုင်ရည် မွေးမြူခြင်း

၇ ခံနိုင်ရည်ဆိုတာ “အခက်အခဲ၊ ဒုက္ခကို ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်း” ဖြစ်တယ်။ ပုံဆောင်သဘောအရ ခံနိုင်ရည်ဆိုတာ ဘုရားသခင်အပေါ် သမာဓိစောင့်သိတဲ့ လမ်းစဉ်ကနေ လမ်းလွဲသွားစေနိုင်တဲ့ အခက်အခဲ၊ ဆန့်ကျင်မှု၊ နှိပ်စက်ညှဉ်းပန်းမှု ဒါမှမဟုတ် တခြားအကြောင်းရင်းတွေ ကြုံရချိန်မှာ မှန်ရာကို ခိုင်ခံ့မြဲမြံစွာ လုပ်ဆောင်နိုင်စွမ်းကို ဆိုလိုတယ်။ ခရစ်ယာန် ခံနိုင်ရည်ကို ကြိုးစားမွေးမြူရမယ်။ အဲဒီလိုလုပ်ဖို့ အချိန်လိုတယ်။ ဘုရားရေးရာဘက်မှာ တိုးတက်လာတာနဲ့အမျှ ခံနိုင်ရည် တိုးများလာပါတယ်။ ခရစ်ယာန်လမ်းစဉ် စလိုက်ချိန်မှာ ကြုံရတဲ့ ယုံကြည်ခြင်းစမ်းသပ်မှု အသေးအမွှားတွေကို ခံရပ်ခြင်းအားဖြင့် နောက်ကြုံရမယ့် စမ်းသပ်မှုကြီးတွေကို ခံနိုင်ရည် ရှိဖို့ ခွန်အားရှိလာပါလိမ့်မယ်။ (လု. ၁၆:၁၀) စမ်းသပ်မှုကြီးတွေ ကြုံရမှ ယုံကြည်ခြင်းဘက်မှာ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်မယ်လို့ အချိန်ဆွဲနေလို့ မရဘူး။ စမ်းသပ်မှုတွေ မလာခင်ကတည်းက အခိုင်အမာ ဆုံးဖြတ်ထားရမယ်။ တခြားဘုရားရေးရာ အရည်အသွေးတွေနဲ့အတူ ခံနိုင်ရည်ကို မွေးမြူရမယ်ဆိုပြီး တမန်တော် ပေါလု ရေးခဲ့တယ်– “အစွမ်းကုန် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်ရမှာက ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းမှာ မွန်မြတ်တဲ့ အကျင့်၊ မွန်မြတ်တဲ့ အကျင့်မှာ အသိပညာ၊ အသိပညာမှာ ချုပ်တည်းခြင်း၊ ချုပ်တည်းခြင်းမှာ ခံနိုင်ရည်၊ ခံနိုင်ရည်မှာ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ဘုရားတရား ကိုင်းရှိုင်းခြင်းမှာ ညီရင်းအစ်ကို ချစ်ခြင်း၊ ညီရင်းအစ်ကို ချစ်ခြင်းမှာ မေတ္တာကို ထပ်ဖြည့်စွက်လိုက်ပါ။”—၂ ပေ. ၁:၅-၇။ ၁ တိ. ၆:၁၁။

တစ်နေ့ပြီးတစ်နေ့ စမ်းသပ်မှုတွေကို ရင်ဆိုင် ကျော်ဖြတ်တဲ့အခါ ခံနိုင်ရည် တိုးများလာတယ်

၈ ခံနိုင်ရည် မွေးမြူခြင်းရဲ့ အရေးကြီးမှုကို ယာကုပ် အခုလိုရေးခဲ့တယ်– “ညီအစ်ကိုတို့၊ စမ်းသပ်မှု အမျိုးမျိုး ကြုံရတဲ့အခါ ဝမ်းမြောက်စရာပဲလို့ ယူမှတ်ကြပါ။ ဒီနည်းနဲ့ စမ်းသပ်ခံရတဲ့ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ ခံနိုင်ရည်ကို ဖြစ်စေမှန်း ခင်ဗျားတို့ သိပါတယ်။ ခံနိုင်ရည်ကို အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခွင့် ပေးလိုက်ပါ။ ဒါဆိုရင် ခင်ဗျားတို့ဟာ လေ့ကျင့်မှု အပြည့်အဝ ရပြီး အရာရာမှာ လိုလေသေးမရှိ၊ အပြစ်ပြောစရာမရှိ ဖြစ်လာလိမ့်မယ်။” (ယာ. ၁:၂-၄) ခရစ်ယာန်တွေဟာ စမ်းသပ်မှုတွေကို ကျေကျေနပ်နပ် လက်ခံသင့်တယ်။ စမ်းသပ်မှုတွေက ခံနိုင်ရည် တိုးအောင် ကူညီပေးနိုင်တဲ့အတွက် ဝမ်းမြောက်သင့်တယ်။ သင် အဲဒီလိုပဲ သဘောထားသလား။ ခံနိုင်ရည်က ကျွန်တော်တို့ရဲ့ ခရစ်ယာန်စရိုက်ကို ပြည့်ဝစုံလင်စေဖို့၊ ဘုရားသခင် အပြည့်အဝ လက်ခံနိုင်စရာ ဖြစ်စေဖို့ လုပ်ဆောင်ပေးတဲ့အကြောင်း ယာကုပ် ဆက်ပြောတယ်။ မှန်ပါတယ်။ တစ်နေ့ပြီးတစ်နေ့ စမ်းသပ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်တဲ့အခါ ခံနိုင်ရည် တိုးများလာတယ်။ ခံနိုင်ရည်က ကျွန်တော်တို့ လိုအပ်တဲ့ တခြားနှစ်သက်စရာ အရည်အသွေးတွေကိုလည်း ဖြစ်ပေါ်စေတယ်။

၉ ကျွန်တော်တို့ရဲ့ ခံနိုင်ရည်ကို ဘုရားသခင် နှစ်သက်ပြီး ထာဝရအသက် ဆုချပါလိမ့်မယ်။ “စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ သူဟာ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရရှိတဲ့အတွက် အသက်သရဖူ ရလိမ့်မယ်။ ယေဟောဝါက မိမိကို ချစ်မြဲချစ်နေသူတွေကို အဲဒီသရဖူပေးမယ်လို့ ကတိပြုထားတယ်” လို့လည်း ယာကုပ် ဆက်ပြောတယ်။ (ယာ. ၁:၁၂) မှန်ပါတယ်။ ထာဝရအသက်ကို မျှော်မှန်းပြီး ကျွန်တော်တို့ ခံနိုင်ရည် ရှိနေကြတယ်။ ခံနိုင်ရည် မရှိရင် အမှန်တရားမှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ လောကဖိအားတွေကို အရှုံးပေးလိုက်မယ်ဆိုရင် လောကထဲ ပြန်ရောက်သွားပါလိမ့်မယ်။ ယေဟောဝါရဲ့ စွမ်းအားတော်လည်း ဆက်မရှိတော့တဲ့အတွက် စွမ်းအားတော် အရည်အသွေးတွေကို တင်ပြနိုင်မှာ မဟုတ်ဘူး။

၁၀ ခက်ခဲတဲ့ ဒီနောက်ဆုံးကာလမှာ ဆက်ခံနိုင်ရည် ရှိဖို့ဆိုရင် ခရစ်ယာန်တွေအဖြစ် ဒုက္ခခံခြင်းနဲ့ပတ်သက်ပြီး သဘောထားမှန် မွေးမြူဖို့ လိုတယ်။ “ဝမ်းမြောက်စရာပဲလို့ ယူမှတ်ကြပါ” ဆိုပြီး ယာကုပ် ပြောခဲ့တာကို အမှတ်ရပါ။ ကိုယ်ရောစိတ်ပါ ဆင်းရဲဒုက္ခ ခံနေရလို့ အဲဒီလိုယူမှတ်ဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ အနာဂတ် အသက်ရေး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဒုက္ခရောက်ချိန်မှာ ဘယ်လို ဝမ်းမြောက်နိုင်တယ်ဆိုတာ သိအောင် တမန်တော်တွေရဲ့ ဖြစ်ရပ်က ကူညီပေးတယ်။ တမန်တော် ကျမ်းမှတ်တမ်းမှာ ဒီလိုဖတ်ရတယ်– “တမန်တော်တွေကို [သူတို့] ပြန်ခေါ်လိုက်တယ်။ သူတို့ကို ရိုက်နှက်ပြီးနောက် ယေရှုရဲ့ နာမည်ကို အမှီပြုပြီး မဟောပြောဖို့ အမိန့်ပေးတယ်။ အဲဒီနောက် သူတို့ကို လွှတ်ပေးလိုက်တယ်။ တမန်တော်တွေလည်း ယေရှုရဲ့ နာမည်ကြောင့် အရှက်ခွဲခံရတာကို ဂုဏ်ယူစရာအဖြစ် ယူမှတ်ပြီး ဂျူးတရားရုံးချုပ်ကနေ ဝမ်းမြောက်ဝမ်းသာ ထွက်သွားကြတယ်။” (တ. ၅:၄၀၊ ၄၁) သူတို့ ဆင်းရဲဒုက္ခခံရတာက ယေရှုရဲ့ အမိန့်ကို နာခံတဲ့၊ ယေဟောဝါရဲ့ မျက်နှာသာရတဲ့ အထောက်အထားပဲဆိုတာ တမန်တော်တွေ နားလည်တယ်။ နှစ်တွေ ကုန်လွန်ပြီးနောက် ပထမစာစောင်ကို ပေတရု ရေးသားချိန်မှာ ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲဒုက္ခ ခံရခြင်းရဲ့ တန်ဖိုးအကြောင်း ပြောခဲ့တယ်။—၁ ပေ. ၄:၁၂-၁၆။

၁၁ နောက်ဖြစ်ရပ်ကတော့ ပေါလုနဲ့ သိလတို့ရဲ့ အတွေ့အကြုံပဲ။ ဖိလိပ္ပိမြို့မှာ သာသနာပြုတာဝန် ထမ်းဆောင်နေတုန်း သူတို့ အဖမ်းခံရပြီး မြို့ကို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်တယ်၊ တရားမဝင်တဲ့ ထုံးတမ်းတွေကို ဖြန့်နေတယ်လို့ စွပ်စွဲခံရတယ်။ ရလဒ်အနေနဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရပြီး ထောင်ချခံခဲ့ရတယ်။ ဒဏ်ရာ ဗရပွနဲ့ ထောင်ထဲမှာ ရှိနေတုန်း “သန်းခေါင်ယံလောက်မှာ ပေါလုနဲ့ သိလက ဆုတောင်းပြီး ဘုရားသခင်ကို ချီးမွမ်းသီချင်း ဆိုနေတယ်။ အကျဉ်းသားတွေ နားထောင်နေ” ကြတယ်လို့ ကျမ်းစာမှတ်တမ်းက ဖော်ပြတယ်။ (တ. ၁၆:၁၆-၂၅) ပေါလုနဲ့ သိလဟာ ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရတာကို ဘုရားရှေ့၊ လူရှေ့ သမာဓိစောင့်သိတဲ့ အထောက်အထားအဖြစ်သာမက သတင်းကောင်း နားထောင်မယ့်သူတွေကို သက်သေခံဖို့ အခွင့်အရေးအဖြစ်ပါ မှန်ကန်စွာ ရှုမြင်ခဲ့ကြတယ်။ တခြားသူတွေရဲ့ အသက်ရေး ဖြစ်တယ်။ အဲဒီညမှာပဲ ထောင်မှူးနဲ့ တစ်အိမ်သားလုံး သတင်းကောင်း နားထောင်ပြီး တပည့်တွေ ဖြစ်လာတယ်။ (တ. ၁၆:၂၆-၃၄) ယေဟောဝါ၊ ဘုရားတန်ခိုး၊ ဒုက္ခရောက်ချိန်မှာ ဘုရားကူညီပေးလိုစိတ် ရှိတာကို ပေါလုနဲ့ သိလ ယုံကြည်တယ်။ သူတို့ စိတ်မပျက်ခဲ့ကြဘူး။

၁၂ ဒီနေ့ခေတ်မှာလည်း စမ်းသပ်မှုတွေ ကြုံရချိန်မှာ ထောက်မပေးဖို့ လိုအပ်တာအားလုံးကို ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ ကျွန်တော်တို့ကို ခံနိုင်ရည် ရှိစေချင်တယ်။ မိမိရည်ရွယ်ချက်အကြောင်း မှန်မှန်ကန်ကန် သိစေဖို့ ကျမ်းစာကို ပေးထားတယ်။ ဒါက ယုံကြည်ခြင်းကို တည်ဆောက်ပေးတယ်။ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းပြီး မြင့်မြတ်တဲ့ လုပ်ငန်းမှာ ပါဝင်ခွင့်ကို ကျွန်တော်တို့ ရရှိထားတယ်။ ဆုတောင်းခြင်းကတစ်ဆင့် ယေဟောဝါနဲ့ ဆက်ရင်းနှီးနေနိုင်တဲ့ အခွင့်ထူးလည်း ရရှိထားတယ်။ ကျွန်တော်တို့ရဲ့ ချီးမွမ်းစကားတွေ၊ ဘုရားရှေ့ သန့်ရှင်းတဲ့ အနေအထား ဆက်ရှိနိုင်အောင် ကူညီပေးဖို့ အနူးအညွှတ် တောင်းဆိုတာတွေကို နားထောင်ပေးတယ်။ (ဖိ. ၄:၁၃) ကျွန်တော်တို့ကို ပေးထားတဲ့ မျှော်လင့်ချက်အကြောင်း စဉ်းစားဆင်ခြင်ခြင်းကနေ ရရှိတဲ့ ခွန်အားကိုလည်း လျှော့မတွက်သင့်ဘူး။—မ. ၂၄:၁၃။ ဟီ. ၆:၁၈။ ဗျာ. ၂၁:၁-၄။

စမ်းသပ်မှုအမျိုးမျိုးကို ခံရပ်ခြင်း

၁၃ ဒီနေ့အချိန်မှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စမ်းသပ်မှုတွေဟာ ယေရှုခရစ်ရဲ့ အစောပိုင်း တပည့်တွေ ရင်ဆိုင်ရတဲ့ စမ်းသပ်မှုတွေနဲ့ သိပ်ဆင်တူတယ်။ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေဟာ သတင်းမှားပေးတဲ့ ဆန့်ကျင်သူတွေရဲ့ နှုတ်နဲ့တိုက်ခိုက်မှု၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုကို ခံနေကြရတယ်။ တမန်တော်တွေခေတ်မှာလိုပဲ ဆန့်ကျင်မှု အများစုဟာ ဘာသာရေး တစ်ယူသန်တွေရဲ့ သွေးထိုးမှုကြောင့်ပဲ။ သူတို့ရဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေနဲ့ အကျင့်တွေကို ကျမ်းစာမှာ ဖော်ထုတ်ထားတယ်။ (တ. ၁၇:၅-၉၊ ၁၃) တစ်ခါတလေ ယေဟောဝါရဲ့ လူမျိုးဟာ အစိုးရတွေ အာမခံထားတဲ့ တရားဝင် အခွင့်အရေးတွေကို တောင်းဆိုခြင်းအားဖြင့် သက်သာမှု ရရှိကြတယ်။ (တ. ၂၂:၂၅။ ၂၅:၁၁) ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို တရားဝင် တားဆီးပိတ်ပင်ပြီး အမှုဆောင်လုပ်ငန်း ရပ်တန့်သွားအောင် ကြိုးစားတဲ့ အုပ်စိုးရှင်တွေလည်း ရှိတယ်။ (ဆာ. ၂:၁-၃) အဲဒီလိုအခြေအနေတွေမှာ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ” လို့ ပြောခဲ့တဲ့ သစ္စာရှိ တမန်တော်တွေရဲ့ ပုံသက်သေကို ကျွန်တော်တို့ သတ္တိရှိရှိ လိုက်လျှောက်ကြပါတယ်။—တ. ၅:၂၉။

၁၄ တစ်ကမ္ဘာလုံးမှာ မျိုးချစ်စိတ် တိုးများလာတဲ့အတွက် ဘုရားပေး အမှုဆောင်လုပ်ငန်းကို စွန့်လွှတ်ဖို့ သတင်းကောင်း ဟောပြောသူတွေ အပြင်းအထန် ဖိအားပေးခံနေရတယ်။ ဗျာဒိတ် ၁၄:၉-၁၂ မှာပါတဲ့ “သားရဲနဲ့ သားရဲရုပ်တု” ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ သတိပေးချက်ကို ဘုရားသခင့် ကျေးကျွန်အားလုံး ကောင်းကောင်း သဘောပေါက်ကြတယ်။ “သန့်ရှင်းသူတွေ၊ ဘုရားသခင်ရဲ့ ပညတ်ချက်ကို လိုက်နာသူတွေ၊ ယေရှုကို စွဲစွဲမြဲမြဲ ယုံကြည်သူတွေဟာ ခံနိုင်ရည် ရှိဖို့ လိုတယ်” ဆိုတဲ့ ယောဟန် ပြောတဲ့ စကားရဲ့ အရေးကြီးမှုကိုလည်း နားလည်ကြတယ်။

၁၅ စစ်ပွဲတွေ၊ တော်လှန်ရေးတွေ၊ ဗြောင်ကျကျ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ အစိုးရရဲ့ ပိတ်ပင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်မှုတွေကြောင့် ခရစ်ယာန် ဝတ်ပြုရေးကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လို့ မရတာမျိုး ဖြစ်နိုင်တယ်။ အသင်းတော်လိုက် စုဝေးလို့ မရတာ ဖြစ်နိုင်တယ်။ ဌာနခွဲရုံးနဲ့ အဆက်အသွယ် ဖြတ်တောက်ခံရတာ၊ တိုက်နယ်ကြီးကြပ်မှူးတွေ လည်ပတ်လို့ မရတာ၊ စာပေတွေ မရောက်နိုင်တာ ဖြစ်နိုင်တယ်။ အဲဒီလိုအခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

၁၆ အဖြေကတော့ အဲဒီလိုအခြေအနေတွေမှာ လုပ်နိုင်တာ မှန်သမျှကို အတတ်နိုင်ဆုံး လုပ်ဆောင်ပါ။ ကိုယ်ပိုင်လေ့လာမှု လုပ်နိုင်တယ်။ အိမ်တွေမှာ အုပ်စုငယ်လေးတွေ စုဝေးနိုင်လေ့ရှိတယ်။ အရင်က လေ့လာခဲ့တဲ့ စာပေတွေနဲ့ ကျမ်းစာကို အစည်းအဝေးတွေမှာ အခြေခံအဖြစ် သုံးနိုင်တယ်။ မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့။ အုပ်ချုပ်ရေးအဖွဲ့ဟာ တာဝန်ရှိ ညီအစ်ကိုတွေနဲ့ တစ်နည်းနည်းနဲ့ အမြန်ဆုံး ဆက်သွယ်နိုင်ပါလိမ့်မယ်။

၁၇ သင်ဟာ ခရစ်ယာန် ညီအစ်ကိုညီအစ်မအားလုံးနဲ့ ဝေးနေရင်တောင် ယေဟောဝါနဲ့၊ သားတော် ယေရှုခရစ်နဲ့ မဝေးကွာဘူးဆိုတာ စိတ်စွဲမှတ်ထားပါ။ မျှော်လင့်ချက် ဆက်ခိုင်မာနိုင်ပါတယ်။ သင့်ဆုတောင်းချက်တွေကို ယေဟောဝါ ကြားနိုင်ဆဲ ဖြစ်ပြီး စွမ်းအားတော်နဲ့ ခွန်အားပေးနိုင်တယ်။ ဘုရားဆီမှာ လမ်းညွှန်မှု တောင်းခံပါ။ သင်ဟာ ယေဟောဝါရဲ့ ကျေးကျွန်၊ ယေရှုခရစ်ရဲ့ တပည့်ဆိုတာ အမှတ်ရပါ။ ဒါကြောင့် သက်သေခံနိုင်မယ့် အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချပါ။ သင့်ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမှာ ဖြစ်ပြီး မကြာခင် စစ်မှန်တဲ့ ဝတ်ပြုရေးမှာ တခြားသူတွေ သင်နဲ့ ပူးပေါင်းလာနိုင်ပါတယ်။—တ. ၄:၁၃-၃၁။ ၅:၂၇-၄၂။ ဖိ. ၁:၂၇-၃၀။ ၄:၆၊ ၇။ ၂ တိ. ၄:၁၆-၁၈။

၁၈ တမန်တော်တွေနဲ့ တခြားသူတွေလို အသက်အန္တရာယ် ရင်ဆိုင်ရရင်တောင် “သေလွန်သူတွေကို အသက်ပြန်ရှင်စေတဲ့ ဘုရားသခင်ကို” ယုံကြည်ကိုးစားပါ။ (၂ ကော. ၁:၈-၁၀) ရှင်ပြန်ထမြောက်ခြင်း ပြင်ဆင်ပေးချက်ကို ယုံကြည်တာက အဆိုးရွားဆုံး ဆန့်ကျင်မှုကိုတောင် ခံရပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ (လု. ၂၁:၁၉) ဒီကိစ္စမှာ ယေရှုခရစ် ပုံသက်သေပြခဲ့တယ်။ စမ်းသပ်မှုကို သစ္စာရှိရှိ ရင်ဆိုင်တာက တခြားသူတွေကို အားရှိစေမယ်ဆိုတာ ယေရှု သိတယ်။ သင်လည်း ညီအစ်ကိုညီအစ်မတွေအတွက် အားပေးရာ ရင်းမြစ် ဖြစ်နိုင်ပါတယ်။—ယော. ၁၆:၃၃။ ဟီ. ၁၂:၂၊ ၃။ ၁ ပေ. ၂:၂၁။

၁၉ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆန့်ကျင်မှုအပြင် တခြားအခက်အခဲတွေလည်း ကြုံရနိုင်တယ်။ ဥပမာ၊ ရပ်ကွက်မှာ ရှိတဲ့ လူတွေရဲ့ လျစ်လျူရှုမှုကြောင့် တချို့ စိတ်ဓာတ်ကျကြတယ်။ တချို့ကျတော့ ရုပ်ပိုင်း ဒါမှမဟုတ် စိတ်ပိုင်း မကျန်းမာတာ၊ ကိုယ်ခန္ဓာ မသန်စွမ်းမှုကြောင့် အကန့်အသတ် ဖြစ်နေတာတွေကို ရင်ဆိုင်နေရတယ်။ တမန်တော်ပေါလုလည်း အမှုဆောင်လုပ်ငန်းမှာ အတားအဆီး ဖြစ်စေတဲ့၊ တစ်ခါတလေ ခက်ခဲစေတဲ့ စမ်းသပ်မှုကို ခံရပ်ခဲ့ရတယ်။ (၂ ကော. ၁၂:၇) ပထမရာစု ခရစ်ယာန်တစ်ယောက် ဖြစ်တဲ့ ဖိလိပ္ပိမြို့သား ဧပဖြောဒိတ်လည်း ‘ဖျားနာခဲ့ကြောင်း [မိတ်ဆွေများ] ကြားသိကြသဖြင့် ဝမ်းနည်းညှိုးငယ်’ ခဲ့တယ်။ (ဖိ. ၂:၂၅-၂၇) ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ မစုံလင်မှုကြောင့်လည်း ခံရခက်တဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တယ်။ ခရစ်ယာန်ချင်းတွေနဲ့ဖြစ်စေ၊ မိသားစုဝင်တွေနဲ့ဖြစ်စေ အဆင်မပြေတာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ စကားတော်ကို လိုက်နာသူတွေဟာ အဲဒီအတားအဆီးတွေကို အောင်မြင်စွာ ခံရပ်ကျော်ဖြတ်နိုင်ကြပါတယ်။—ယေဇ. ၂:၃-၅။ ၁ ကော. ၉:၂၇။ ၁၃:၈။ ကော. ၃:၁၂-၁၄။ ၁ ပေ. ၄:၈။

သစ္စာရှိနေဖို့ စိတ်ပိုင်းဖြတ်ထားခြင်း

၂၀ အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် ယေဟောဝါ ခန့်အပ်ထားတဲ့ ယေရှုခရစ်ကို မလွှတ်တမ်း ဖက်တွယ်ထားရမယ်။ (ကော. ၂:၁၈၊ ၁၉) “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” အပြင် ခန့်အပ်ခံ ကြီးကြပ်မှူးတွေနဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်ရမယ်။ (ဟီ. ၁၃:၇၊ ၁၇) ဘုရားသခင့် အစီအစဉ်တွေကို အနီးကပ် လိုက်နာပြီး ဦးဆောင်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းခံကြရပါလိမ့်မယ်။ ဆုတောင်းခြင်း အခွင့်ထူးကို အပြည့်အဝ သုံးဖို့ လိုအပ်တယ်။ အကျဉ်းထောင်နံရံတွေ၊ တိုက်ပိတ်ခံရတာတွေက မေတ္တာရှင် ကောင်းကင်ဖခင်နဲ့ အဆက်အသွယ် မပြတ်စေနိုင်မှန်း၊ ဝတ်ပြုသူချင်းတွေနဲ့ စည်းလုံးမှုကို မဖြတ်တောက်နိုင်မှန်း သတိရပါ။

၂၁ ဟောပြောခြင်းတာဝန်ကို စိတ်ပိုင်းဖြတ်ချက်အပြည့်၊ ခံနိုင်ရည်အပြည့်နဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်ကြပါစို့။ “ဒါကြောင့် လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းပေးကြပါ။ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” လို့ နောက်လိုက်တွေကို ရှင်ပြန်ထမြောက်လာတဲ့ ယေရှုခရစ် မိန့်မှာခဲ့တဲ့ လုပ်ငန်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်သွားကြပါစို့။ (မ. ၂၈:၁၉၊ ၂၀) ယေရှုလို ခံနိုင်ရည် ဆက်တင်ပြကြပါစို့။ နိုင်ငံတော် မျှော်လင့်ချက်နဲ့ ထာဝရအသက် အလားအလာကို ပီပီပြင်ပြင် အာရုံစိုက်ကြပါစို့။ (ဟီ. ၁၂:၂) ခရစ်တော်ရဲ့ နှစ်ခြင်းခံပြီးသား တပည့်တွေအနေနဲ့ “လောကစနစ်နိဂုံးပိုင်း” နဲ့ပတ်သက်တဲ့ ယေရှုရဲ့ ပရောဖက်ပြုချက် ပြည့်စုံမှုမှာ ပါဝင်ရတဲ့ အခွင့်ထူးကို ရရှိထားကြတယ်။ “လူမျိုးအားလုံးအတွက် သက်သေ ဖြစ်စေဖို့ နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မ. ၂၄:၃၊ ၁၄) ဒီအတောအတွင်း အဲဒီလုပ်ငန်းမှာ စိတ်နှလုံး အကြွင်းမဲ့ ပါဝင်မယ်ဆိုရင် ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ကမ္ဘာသစ်မှာ ထာဝရအသက်ကို ပျော်မွေ့ခံစားကြရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ