ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bhs အခန်း ၃ စာ. ၂၉-၃၉
  • လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ
  • သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကျမ်းစာသွန်သင်ရာ ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်ရန်သူ ပေါ်လာ
  • ဒီလောကရဲ့ အုပ်စိုးရှင်ဟာ ဘယ်သူလဲ
  • စာတန့်လောက ဘယ်လို ဖျက်ဆီးခံရမလဲ
  • ကမ္ဘာသစ် နီးပြီ
  • ဆင်းရဲဒုက္ခ ဘာကြောင့် ဒီလောက်များရတာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • တို့ထက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ သွန်သင်ရာများ
bhs အခန်း ၃ စာ. ၂၉-၃၉

အခန်းသုံး

လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ

၁။ လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ။

လူသားတွေအတွက် သိပ်ကောင်းတဲ့ ရည်ရွယ်ချက် ဘုရားသခင်ဆီမှာ ရှိတယ်။ ဘုရားက ပထမဆုံး လူယောက်ျား အာဒံနဲ့ လူမိန်းမ ဧဝကို ဖန်ဆင်းပြီး သာယာလှပတဲ့ဥယျာဉ်မှာ နေထိုင်စေတယ်။ ဘုရားရည်ရွယ်ချက်က အာဒံနဲ့ ဧဝ သားသမီးတွေမွေးဖွားပြီး တစ်ကမ္ဘာလုံး ပရဒိသုဥယျာဉ်ဖြစ်စေဖို့၊ တိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ ဖြစ်တယ်။—ကမ္ဘာဦး ၁:၂၈။ ၂:၈၊ ၉၊ ၁၅။ ရှင်းလင်းချက် ၆ ကိုကြည့်ပါ။

၂။ (က) ရည်ရွယ်ထားတဲ့အတိုင်း ဘုရားသခင် လုပ်ဆောင်မယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုသိရသလဲ။ (ခ) ထာဝစဉ် အသက်ရှင်မယ့်အကြောင်း ကျမ်းစာမှာ ဘာပြောသလဲ။

၂ ပရဒိသုမှာ နေထိုင်ရမယ်လို့ စဉ်းစားဖူးသလား။ “ငါရည်ရွယ်ပြီးပြီ။ အဲဒါကို အကောင်အထည်ဖော်မယ်” လို့ ယေဟောဝါပြောတယ်။ (ဟေရှာယ ၄၆:၉-၁၁။ ၅၅:၁၁) ဘုရားသခင်က ရည်ရွယ်ထားတဲ့အတိုင်း လုပ်ဆောင်ပါလိမ့်မယ်၊ ဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ဘူး။ ကမ္ဘာမြေကို ဖန်ဆင်းရတဲ့ အကြောင်းရင်းရှိတယ်လို့ ယေဟောဝါ ပြောတယ်။ ‘ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘူး။’ (ဟေရှာယ ၄၅:၁၈) ဘုရားက လူတွေကို ကမ္ဘာပေါ်မှာ ထာဝစဉ် နေထိုင်စေချင်တယ်။ ဘယ်လိုလူတွေကို နေထိုင်စေချင်သလဲ။ ဘယ်လောက်ကြာကြာ နေထိုင်စေချင်သလဲ။ “ဖြောင့်မတ်သူ [နာခံမှုရှိသူ] တွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။—ဆာလံ ၃၇:၂၉။ ဗျာဒိတ် ၂၁:၃၊ ၄။

၃။ လူတွေ ဖျားနာပြီး သေဆုံးနေတဲ့အတွက် ဘယ်မေးခွန်း ပေါ်လာသလဲ။

၃ အခုချိန်မှာတော့ လူတွေ ဖျားနာပြီး သေဆုံးနေကြတယ်။ နေရာတကာမှာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြတယ်။ အဲဒီလိုဖြစ်ဖို့ ဘုရားသခင် မရည်ရွယ်ခဲ့တာ သေချာတယ်။ ဒါဆို ဘာကြောင့် အခုလို ဖြစ်နေရတာလဲ။ ကျမ်းစာကပဲ ရှင်းပြနိုင်တယ်။

ဘုရားသခင့်ရန်သူ ပေါ်လာ

၄၊ ၅။ (က) ဧဒင်ဥယျာဉ်မှာ ဧဝကို မြွေကတစ်ဆင့် စကားပြောတာ ဘယ်သူလဲ။ (ခ) ရိုးသားသူတစ်ယောက်ဟာ သူခိုး ဘယ်လိုဖြစ်သွားနိုင်သလဲ။

၄ ဘုရားသခင်မှာ “မာရ်နတ် စာတန်လို့ခေါ်တဲ့” ရန်သူရှိတယ်လို့ ကျမ်းစာမှာ ပြောတယ်။ စာတန်က ဧဒင်ဥယျာဉ်မှာ မြွေကိုသုံးပြီး ဧဝကို စကားပြောတယ်။ (ဗျာဒိတ် ၁၂:၉။ ကမ္ဘာဦး ၃:၁) မြွေ စကားပြောနေတဲ့ ပုံစံမျိုးဖြစ်အောင် သူဖန်တီးခဲ့တယ်။—ရှင်းလင်းချက် ၇ ကိုကြည့်ပါ။

၅ ဒါဆိုရင် စာတန်မာရ်နတ်ကို ဘုရားသခင် ဖန်ဆင်းခဲ့တာလား။ မဟုတ်ပါဘူး။ အာဒံနဲ့ ဧဝအတွက် ကမ္ဘာမြေကို ဘုရားသခင် ပြင်ဆင်ချိန်မှာ ရှိခဲ့တဲ့ ကောင်းကင်တမန်တစ်ပါးဟာ မာရ်နတ်အဖြစ် ပြောင်းလဲသွားတယ်။ (ယောဘ ၃၈:၄၊ ၇) ဒါဟာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ရိုးသားသူတစ်ယောက်ဟာ သူခိုး ဘယ်လိုဖြစ်သွားသလဲ။ သူခိုးအနေနဲ့ သူမွေးလာတာတော့ မဟုတ်ဘူး။ သူတစ်ပါးပိုင်တဲ့ပစ္စည်းကို လိုချင်တပ်မက်လာတယ်။ အဲဒါကိုပဲ တစ်ချိန်လုံး တွေးနေတဲ့အတွက် မကောင်းတဲ့ဆန္ဒ ကြီးထွားလာတယ်။ အခွင့်အရေးရတာနဲ့ ခိုးတော့တာပဲ။ ဒီလိုနဲ့ သူ သူခိုးဖြစ်သွားတယ်။—ယာကုပ် ၁:၁၃–၁၅ ကိုဖတ်ပါ။ ရှင်းလင်းချက် ၈ ကိုကြည့်ပါ။

၆။ ကောင်းကင်တမန်တစ်ပါးဟာ ဘုရားသခင့်ရန်သူ ဘယ်လို ဖြစ်လာသလဲ။

၆ မာရ်နတ်ဖြစ်သွားတဲ့ ကောင်းကင်တမန်လည်း အဲဒီလိုပါပဲ။ ယေဟောဝါက အာဒံနဲ့ ဧဝကို ဖန်ဆင်းပြီးတဲ့နောက်မှာ သားသမီးတွေ မွေးပြီး “ကမ္ဘာမြေကို ပြည့်စေ” ပါလို့ ပြောခဲ့တယ်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) ‘လူတွေအားလုံး ယေဟောဝါကို မကိုးကွယ်ဘဲ ငါ့ကိုသာ ကိုးကွယ်ရင် ဘယ်လောက်ကောင်းမလဲ’ ဆိုပြီး အဲဒီကောင်းကင်တမန် စဉ်းစားခဲ့မှာပဲ။ အဲဒီလိုစဉ်းစားလေ ယေဟောဝါပိုင်ဆိုင်တာကို ရချင်လေ ဖြစ်လာတယ်။ သူ့ကို လူတွေကိုးကွယ်တာကို လိုလားတယ်။ ဒါကြောင့် ဧဝကို လိမ်လည်လှည့်ဖြားတယ်။ (ကမ္ဘာဦး ၃:၁–၅ ကိုဖတ်ပါ။) ဒီနည်းနဲ့ သူဟာ ဘုရားသခင့်ရန်သူ စာတန်မာရ်နတ် ဖြစ်လာတယ်။

၇။ (က) အာဒံနဲ့ ဧဝ ဘာကြောင့် သေဆုံးကြရသလဲ။ (ခ) ကျွန်တော်တို့ ဘာကြောင့် အိုမင်းပြီး သေဆုံးကြရသလဲ။

၇ အာဒံနဲ့ ဧဝဟာ ဘုရားသခင့်စကား နားမထောင်ဘဲ အသီးကို ယူစားတယ်။ (ကမ္ဘာဦး ၂:၁၇။ ၃:၆) ဒီနည်းနဲ့ ယေဟောဝါကို သူတို့ ပြစ်မှားခဲ့ကြတယ်။ အချိန်တန်တဲ့အခါ ယေဟောဝါ ပြောတဲ့အတိုင်း သေဆုံးသွားကြတယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) အာဒံနဲ့ ဧဝရဲ့ သားသမီးတွေလည်း အပြစ်သားတွေပဲ။ ဒါကြောင့် သူတို့ သေဆုံးကြရတယ်။ (ရောမ ၅:၁၂ ကိုဖတ်ပါ။) အာဒံနဲ့ ဧဝရဲ့ သားသမီးတွေ ဘာကြောင့် အပြစ်သားတွေ ဖြစ်သွားသလဲဆိုတာ နားလည်နိုင်ဖို့ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ ချိုင့်နေတဲ့ ပုံစံခွက်နဲ့ မုန့်ဖုတ်တယ်လို့ မြင်ယောင်ကြည့်ပါ။ ထွက်လာတဲ့ မုန့်ကလည်း ချိုင့်နေမှာပဲ။ အာဒံဟာ ဘုရားစကား နားမထောင်တဲ့အတွက် အပြစ်သား ဖြစ်လာတယ်။ ကျွန်တော်တို့အားလုံးဟာ အာဒံရဲ့သားသမီးတွေ ဖြစ်တဲ့အတွက် အာဒံလိုပဲ အပြစ်သားတွေ ဖြစ်လာတယ်။ အပြစ်သားတွေ ဖြစ်တဲ့အတွက် အားလုံး အိုမင်းပြီး သေဆုံးကြရတယ်။—ရောမ ၃:၂၃။ ရှင်းလင်းချက် ၉ ကိုကြည့်ပါ။

၈၊ ၉။ (က) အာဒံနဲ့ ဧဝကို စာတန် ဘယ်လို အယုံသွင်းခဲ့သလဲ။ (ခ) ပုန်ကန်သူတွေကို ယေဟောဝါ ဘာကြောင့် ချက်ချင်း မဖျက်ဆီးခဲ့သလဲ။

၈ စာတန်ဟာ အာဒံနဲ့ ဧဝကို ယေဟောဝါစကား နားမထောင်ဖို့ လှည့်ဖြားချိန်ကစပြီး ဘုရားကို ပုန်ကန်ခဲ့တယ်။ ယေဟောဝါဟာ လိမ်ညာသူ၊ သူတို့ကောင်းကျိုးကို မလိုလားတဲ့ အုပ်စိုးရှင်ပဲဆိုပြီး အာဒံနဲ့ ဧဝကို စာတန် အယုံသွင်းတယ်။ လူတွေ ဘာလုပ်ရမယ်ဆိုတာ ဘုရားပြောစရာ မလိုဘူး၊ အမှားအမှန်ကို အာဒံနဲ့ ဧဝကိုယ်တိုင် ဆုံးဖြတ်သင့်တယ်လို့ သူပြောနေတာ။ အဲဒီအခါ ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ ပုန်ကန်သူတွေကို ဖျက်ဆီးပြီး ပုန်ကန်မှုကို ဇာတ်သိမ်းလိုက်လို့ ရတာပဲ။ ဒါဆိုရင် စာတန်ဟာ လိမ်ညာသူပဲဆိုတာ သက်သေပြနိုင်ပါ့မလား။ သက်သေပြနိုင်မှာ မဟုတ်ဘူး။

၉ ဒါကြောင့် ပုန်ကန်သူတွေကို ယေဟောဝါ ချက်ချင်း မဖျက်ဆီးခဲ့ဘူး။ လူလူချင်း အုပ်ချုပ်ဖို့ အချိန်ပေးခဲ့တယ်။ အဲဒီလိုအချိန်ပေးတဲ့အတွက် စာတန်ဟာ လိမ်ညာသူဖြစ်ပြီး ယေဟောဝါကတော့ လူတွေရဲ့ကောင်းကျိုးကို လိုလားတယ်ဆိုတာ ထင်ရှားလာပါလိမ့်မယ်။ ဒီအကြောင်းကို အခန်း ၁၁ မှာ ပိုသိရပါလိမ့်မယ်။ အာဒံနဲ့ ဧဝရဲ့ ဆုံးဖြတ်ချက်ကို သင် ဘယ်လိုထင်သလဲ။ စာတန်ကို ယုံပြီး ဘုရားစကား နားမထောင်တာဟာ သူတို့အတွက် မှန်ရဲ့လား။ ယေဟောဝါက အာဒံနဲ့ ဧဝကို လိုအပ်ရာမှန်သမျှ ပေးထားတယ်။ သူတို့ကို ပြည့်ဝစုံလင်တဲ့ အသက်၊ လှပတဲ့စံအိမ်၊ ပျော်စရာအလုပ်အကိုင်တွေ ပေးထားတယ်။ စာတန်ကတော့ သူတို့အတွက် ကောင်းတာတစ်ခုမှ မလုပ်ပေးဖူးဘူး။ သင်သာဆိုရင် ဘယ်လိုလုပ်မလဲ။

၁၀။ ကျွန်တော်တို့ယောက်တိုင်းမှာ ဘာရွေးချယ်စရာ ရှိနေသလဲ။

၁၀ အခု၊ ကျွန်တော်တို့ယောက်တိုင်းလည်း အလားတူ ရွေးချယ်စရာ ရှိနေတယ်။ အဲဒီရွေးချယ်မှုက အသက်ရေးနဲ့ ပတ်သက်နေတယ်။ ယေဟောဝါကို အုပ်စိုးရှင်အဖြစ် နာခံဖို့ ရွေးချယ်ပြီး စာတန်ကို လိမ်ညာသူအဖြစ် သက်သေထူနိုင်တယ်။ ဒါမှမဟုတ် စာတန်ကို အုပ်စိုးရှင်အဖြစ် ရွေးချယ်နိုင်တယ်။ (ပညာအလိမ္မာ ၂၇:၁၁ ကိုဖတ်ပါ။ ဆာလံ ၇၃:၂၈) ဒီလောကမှာ လူနည်းစုပဲ ဘုရားကို နာခံကြတယ်။ တကယ်တော့ ဘုရားသခင်ဟာ ဒီလောကရဲ့ အုပ်စိုးရှင် မဟုတ်ဘူး။ ဒါဆိုရင် ဒီလောကရဲ့ အုပ်စိုးရှင်ဟာ ဘယ်သူလဲ။

ဒီလောကရဲ့ အုပ်စိုးရှင်ဟာ ဘယ်သူလဲ

စာတန်က ယေရှုကို လောကတိုင်းနိုင်ငံ​အားလုံး ပေးဖို့ ကမ်းလှမ်း

စာတန်သာ လောကတိုင်းနိုင်ငံအားလုံးကို မပိုင်ခဲ့ရင် ယေရှုကို ပေးမယ်လို့ ကမ်းလှမ်းနိုင်ပါ့မလား

၁၁၊ ၁၂။ (က) ယေရှုကို စာတန်ကမ်းလှမ်းတာကနေ ဘာသိရသလဲ။ (ခ) ဒီလောကကို စာတန် အုပ်စိုးနေမှန်း ဘယ်ကျမ်းချက်တွေက ဖော်ပြသလဲ။

၁၁ ဒီလောကကို ဘယ်သူအုပ်စိုးနေမှန်း ယေရှုသိတယ်။ တစ်ခါမှာ၊ စာတန်က ယေရှုကို “တိုင်းနိုင်ငံတွေနဲ့ ဘုန်းစည်းစိမ်အားလုံးကို ပြပြီးနောက် ငါ့ကို တစ်ကြိမ်ပဲ ရှိခိုးဦးချမယ်ဆိုရင် ဒါတွေအားလုံး မင်းကို ပေးမယ်” လို့ပြောခဲ့ဖူးတယ်။ (မဿဲ ၄:၈၊ ၉။ လုကာ ၄:၅၊ ၆) စာတန်သာ တိုင်းနိုင်ငံတွေကို မပိုင်ခဲ့ရင် ယေရှုကို ပေးမယ်လို့ ကမ်းလှမ်းနိုင်ပါ့မလား။ မကမ်းလှမ်းနိုင်ဘူး။ တိုင်းနိုင်ငံအားလုံးကို စာတန်ပိုင်တယ်။

၁၂ ‘ဒီလောကရဲ့ အုပ်စိုးရှင်ဟာ ဘယ်လိုလုပ်ပြီး စာတန် ဖြစ်နိုင်မှာလဲ။ စကြဝဠာကို ဖန်ဆင်းတဲ့ အနန္တတန်ခိုးရှင် ယေဟောဝါပဲ မဟုတ်လား’ ဆိုပြီး သင်တွေးမိမှာပဲ။ (ဗျာဒိတ် ၄:၁၁) ဘုရားသခင်ဟာ စကြဝဠာကို ဖန်ဆင်းခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ယေရှုက စာတန်ကို “ဒီလောကရဲ့မင်း” လို့ ခေါ်ထားတယ်။ (ယောဟန် ၁၂:၃၁။ ၁၄:၃၀။ ၁၆:၁၁) တမန်တော်ပေါလုက စာတန်မာရ်နတ်ကို “ဒီလောကစနစ်ရဲ့ ဘုရား” လို့ ခေါ်ထားတယ်။ (၂ ကောရိန္သု ၄:၃၊ ၄) ‘တစ်လောကလုံးဟာ ဆိုးညစ်သူရဲ့ သြဇာအောက်မှာ ရှိနေတယ်’ လို့ တမန်တော်ယောဟန် ရေးခဲ့တယ်။—၁ ယောဟန် ၅:၁၉။

စာတန့်လောက ဘယ်လို ဖျက်ဆီးခံရမလဲ

၁၃။ ကမ္ဘာသစ်တစ်ခု ဘာကြောင့် လိုအပ်သလဲ။

၁၃ ဒီလောကဟာ ပိုပြီး အန္တရာယ်များလာတယ်။ နေရာတကာမှာ စစ်ပွဲ၊ အကျင့်ပျက်ခြစားမှု၊ အရေခြုံမှု၊ အကြမ်းဖက်မှုတွေချည်းပဲ။ ဘယ်လောက်ပဲ ကြိုးစားပါစေ ဒီပြဿနာအားလုံးကို ဘယ်လူသားမှ မဖြေရှင်းပေးနိုင်ဘူး။ ဘုရားသခင်က အာမဂေဒုန်လို့ခေါ်တဲ့ စစ်ပွဲမှာ ဆိုးညစ်တဲ့ ဒီလောကကို ဖျက်ဆီးပြီး ဖြောင့်မတ်ခြင်းတည်တံ့မယ့် ကမ္ဘာသစ်နဲ့ အစားထိုးပါလိမ့်မယ်။—ဗျာဒိတ် ၁၆:၁၄-၁၆။ ရှင်းလင်းချက် ၁၀ ကိုကြည့်ပါ။

၁၄။ နိုင်ငံတော်ဘုရင်အဖြစ် ဘယ်သူ့ကို ဘုရားသခင် ရွေးချယ်ထားသလဲ။ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို ကြိုဟောထားသလဲ။

၁၄ ယေဟောဝါက ကောင်းကင်နိုင်ငံရဲ့ ဘုရင်အဖြစ် ယေရှုခရစ်ကို ရွေးချယ်တယ်။ ယေရှုဟာ “ငြိမ်းချမ်းရေးမင်းသား” အဖြစ် အုပ်ချုပ်မယ်၊ သူ့အုပ်ချုပ်မှု အစဉ်တည်မယ်လို့ ကျမ်းစာမှာ နှစ်ပေါင်းထောင်နဲ့ချီ ကြိုဟောထားတယ်။ (ဟေရှာယ ၉:၆၊ ၇) ယေရှုက “နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ” ဆိုပြီး အဲဒီနိုင်ငံအတွက် ဆုတောင်းဖို့ တပည့်တွေကို သင်ပေးတယ်။ (မဿဲ ၆:၁၀) ဘုရားသခင့်နိုင်ငံဟာ လောကတိုင်းနိုင်ငံအားလုံးကို ဖယ်ရှားမယ်ဆိုတဲ့အကြောင်း အခန်း ၈ မှာ သိရပါလိမ့်မယ်။ (ဒံယေလ ၂:၄၄ ကိုဖတ်ပါ။) အဲဒီနောက် ဘုရားသခင့်နိုင်ငံဟာ ကမ္ဘာမြေကို လှပတဲ့ပရဒိသုဥယျာဉ် ဖြစ်စေမယ်။—ရှင်းလင်းချက် ၁၁ ကိုကြည့်ပါ။

ကမ္ဘာသစ် နီးပြီ

လူတွေ တေးဂီတ တီးမှုတ်ရင်း ​သီချင်းဆိုနေ၊ ကမ္ဘာသစ်မှာ ပျော်ရွှင်နေ

၁၅။ “မြေကြီးသစ်” ဆိုတာ ဘာလဲ။

၁၅ ကျွန်တော်တို့ စောင့်မျှော်နေတဲ့ “ဖြောင့်မတ်ခြင်း တည်တံ့မယ့် ကောင်းကင်သစ်နဲ့ မြေကြီးသစ်” ရှိတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (၂ ပေတရု ၃:၁၃။ ဟေရှာယ ၆၅:၁၇) ကျမ်းစာမှာ “မြေကြီး” လို့ပြောတဲ့အခါ ကမ္ဘာမြေပေါ်နေထိုင်တဲ့ လူတွေကို ဆိုလိုတယ်။ (တရားဟောရာ ၃၂:၁) ဒါကြောင့် ဖြောင့်မတ်ခြင်း တည်တံ့မယ့် “မြေကြီးသစ်” ဆိုတာ ဘုရားသခင်ကို နာခံသူတွေ၊ ကောင်းချီးခံစားရသူ အားလုံးကို ရည်ညွှန်းတယ်။

၁၆။ ကမ္ဘာသစ်မှာ နေထိုင်သူတွေကို ဘုရားသခင် ဘာလက်ဆောင် ပေးမလဲ။ အဲဒီလက်ဆောင် ရနိုင်ဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။

၁၆ ကမ္ဘာသစ်မှာ နေထိုင်သူတွေ “ထာဝရအသက်” ရမယ်လို့ ယေရှု ကတိပေးခဲ့တယ်။ (မာကု ၁၀:၃၀) အဲဒီလက်ဆောင် ရနိုင်ဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ အဖြေရနိုင်ဖို့ ယောဟန် ၃:၁၆ နဲ့ ၁၇:၃ ကိုဖတ်ပါ။ မြေကြီးပရဒိသုမှာ ရရှိမယ့် အသက်တာအကြောင်း ကျမ်းစာ ဘာပြောသလဲဆိုတာ သုံးသပ်ကြည့်ရအောင်။

၁၇၊ ၁၈။ ကမ္ဘာပေါ်မှာ ငြိမ်သက်အေးချမ်းပြီး ဘေးကင်းလုံခြုံစွာ နေထိုင်ရမယ်ဆိုတာ ဘယ်လို သိနိုင်သလဲ။

၁၇ ဆိုးသွမ်းမှု၊ စစ်ပွဲ၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေ မရှိတော့ဘူး။ ကမ္ဘာပေါ်မှာ လူဆိုးတွေ ရှိတော့မှာ မဟုတ်ဘူး။ (ဆာလံ ၃၇:၁၀၊ ၁၁) ဘုရားသခင်က “မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေ” မယ်။ (ဆာလံ ၄၆:၉။ ဟေရှာယ ၂:၄) ကမ္ဘာပေါ်မှာ ဘုရားကို ချစ်တဲ့သူတွေ၊ ဘုရားကို နာခံသူတွေပဲ ရှိနေမယ်။ ထာဝစဉ် ငြိမ်သက်အေးချမ်းနေပါလိမ့်မယ်။—ဆာလံ ၇၂:၇။

၁၈ ယေဟောဝါကို ဝတ်ပြုသူတွေ ဘေးကင်းလုံခြုံနေလိမ့်မယ်။ ရှေးအချိန်က အစ္စရေးတွေ ဘုရားသခင်ကို နာခံတဲ့အခါ ဘုရား ကာကွယ်စောင့်ရှောက်ပေးလို့ ဘေးကင်းလုံခြုံစွာ နေထိုင်ခဲ့ရတယ်။ (ဝတ်ပြုရာ ၂၅:၁၈၊ ၁၉) ပရဒိသုကျရင် ဘာကိုမှ၊ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး။ ကျွန်တော်တို့အားလုံး အမြဲ ဘေးကင်းလုံခြုံစွာ နေထိုင်ရမယ်။—ဟေရှာယ ၃၂:၁၈ နဲ့ မိက္ခာ ၄:၄ ကိုဖတ်ပါ။

၁၉။ ကမ္ဘာသစ်မှာ အစားအစာ အလျှံပယ်ရှိမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၉ အစားအစာ အလျှံပယ်ရှိလိမ့်မယ်။ “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။” (ဆာလံ ၇၂:၁၆) “ဘုရားသခင် ကောင်းချီးပေး” တဲ့အတွက် “မြေကြီးဟာ အသီးအပွင့်တွေကို ထုတ်ပေးလိမ့်မယ်။”—ဆာလံ ၆၇:၆။

၂၀။ တစ်ကမ္ဘာလုံး ပရဒိသုဖြစ်လာမယ်ဆိုတာ ဘယ်လိုသိနိုင်သလဲ။

၂၀ တစ်ကမ္ဘာလုံး ပရဒိသုဖြစ်လာမယ်။ လူတိုင်း လှပတဲ့အိမ်တွေ၊ ဥယျာဉ်ပန်းခြံတွေ ပိုင်ဆိုင်ကြမယ်။ (ဟေရှာယ ၆၅:၂၁–၂၄ နဲ့ ဗျာဒိတ် ၁၁:၁၈ ကိုဖတ်ပါ။) တစ်ကမ္ဘာလုံး ဧဒင်ဥယျာဉ်လို လှပလာမယ်။ ယေဟောဝါက ကျွန်တော်တို့ လိုအပ်ရာမှန်သမျှ အမြဲ ဖြည့်ဆည်းပေးပါလိမ့်မယ်။ ဘုရားသခင်က “လက်တော်ကို ဖွင့်ပြီး သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။—ဆာလံ ၁၄၅:၁၆။

၂၁။ လူနဲ့ တိရစ္ဆာန်တွေ ငြိမ်းချမ်းစွာ အတူနေထိုင်ကြမယ်ဆိုတာ ဘယ်လို သိနိုင်သလဲ။

၂၁ လူနဲ့ တိရစ္ဆာန်တွေ ငြိမ်းချမ်းစွာ အတူနေထိုင်ကြမယ်။ တိရစ္ဆာန်တွေက လူတွေကို အန္တရာယ်ပြုတော့မှာ မဟုတ်ဘူး။ အခုချိန်မှာ အန္တရာယ်ပေးနိုင်တဲ့ တိရစ္ဆာန်တွေကိုတောင် ကလေးငယ်တွေ ကြောက်စရာ မလိုတော့ဘူး။—ဟေရှာယ ၁၁:၆–၉ နဲ့ ၆၅:၂၅ ကိုဖတ်ပါ။

၂၂။ ဖျားနာသူတွေအတွက် ယေရှု ဘာလုပ်ပေးမလဲ။

၂၂ ဖျားနာသူတွေ မရှိတော့ဘူး။ ယေရှု မြေကြီးပေါ်ရှိတုန်းက လူအများကြီးကို ကုသပေးခဲ့တယ်။ (မဿဲ ၉:၃၅။ မာကု ၁:၄၀-၄၂။ ယောဟန် ၅:၅-၉) ဘုရားသခင့်နိုင်ငံတော်ဘုရင် ယေရှုက လူအားလုံးကို ကုသပေးပါလိမ့်မယ်။ “နေမကောင်းဘူး” လို့ ဘယ်သူမှ မညည်းရတော့ဘူး။—ဟေရှာယ ၃၃:၂၄။ ၃၅:၅၊ ၆။

၂၃။ သေလွန်သူတွေကို ဘုရားသခင် ဘာလုပ်ပေးမလဲ။

၂၃ သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်။ သေလွန်သူ သန်းပေါင်းများစွာကို အသက်ပြန်ရှင်စေမယ်လို့ ဘုရားသခင် ကတိပေးတယ်။ ‘ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာကြမယ်။’—ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။ တမန်တော် ၂၄:၁၅။

၂၄။ ပရဒိသုမှာ အသက်ရှင်ရတာနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။

၂၄ ကျွန်တော်တို့အားလုံးမှာ ရွေးချယ်စရာ ရှိနေတယ်။ ယေဟောဝါအကြောင်း သင်ယူပြီး ကိုယ်တော့်ကို ဝတ်ပြုမလား ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက် လုပ်မလားဆိုတာ ရွေးချယ်ရမယ်။ ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်ရင် သိပ်ကောင်းတဲ့အနာဂတ် ပိုင်ဆိုင်နိုင်မယ်။ လူတစ်ယောက်က သူသေပြီးတဲ့နောက် သူ့ကို သတိရပါလို့ ပြောတဲ့အခါ “ခင်ဗျားဟာ ကျွန်တော်နဲ့အတူ ပရဒိသုမှာ ရှိလိမ့်မယ်” လို့ ယေရှု ကတိပေးတယ်။ (လုကာ ၂၃:၄၃) ယေရှုခရစ်အကြောင်း၊ ဘုရားကတိတွေ ပြည့်စုံလာအောင် ယေရှု ဘယ်လို လုပ်ပေးမယ်ဆိုတဲ့အကြောင်း ဆက်လေ့လာရအောင်။

အကျဉ်းချုပ်

အမှန်တရား ၁။ ကျွန်တော်တို့ကို ဘုရား ဖန်ဆင်းရတဲ့ အကြောင်းရင်း ရှိတယ်

“ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉

လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ။

  • ကမ္ဘာဦး ၁:၂၈

    လူတွေ ကမ္ဘာမြေကို ပရဒိသုဖြစ်စေဖို့၊ တိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ ဘုရား လိုလားတယ်။

  • ဟေရှာယ ၄၆:၉–၁၁။ ၅၅:၁၁

    ရည်ရွယ်ထားတဲ့အတိုင်း ဘုရားသခင် လုပ်ဆောင်မယ်။ ဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ဘူး။

အမှန်တရား ၂။ ဘဝ ဘာကြောင့် ခက်ခဲရသလဲ

‘တစ်လောကလုံးက ဆိုးညစ်သူရဲ့ သြဇာအောက်မှာ ရှိနေတယ်။’—၁ ယောဟန် ၅:၁၉

ဒီလောကကို ဘယ်သူ အုပ်စိုးနေတာလဲ။

  • ယောဟန် ၁၂:၃၁

    စာတန်ကို “ဒီလောကရဲ့မင်း” လို့ ယေရှု ခေါ်ထားတယ်။

  • ယာကုပ် ၁:၁၃–၁၅

    စာတန်ဟာ ကိုယ်မပိုင်တာကို လိုချင်တပ်မက်လာတယ်။

  • ကမ္ဘာဦး ၂:၁၇။ ၃:၁–၆

    ဧဝကို စာတန် လှည့်ဖြားခဲ့တယ်။ အာဒံနဲ့ ဧဝ ဘုရားစကား နားမထောင်တဲ့အတွက် နောက်ပိုင်းမှာ သေဆုံးသွားတယ်။

  • ရောမ ၃:၂၃။ ၅:၁၂

    အာဒံဆီကနေ အပြစ်ကို အမွေရခဲ့တဲ့အတွက် ကျွန်တော်တို့ သေဆုံးကြရတယ်။

  • ၂ ကောရိန္သု ၄:၃၊ ၄

    စာတန်ဟာ လူတွေကို လှည့်ဖြားတယ်။

အမှန်တရား ၃။ ဘုရားသခင့်နိုင်ငံက ပြဿနာတွေကို ဖြေရှင်းပေးမယ်

“နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ . . . ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။”—မဿဲ ၆:၁၀

ယေဟောဝါ ဘာလုပ်ဆောင်မလဲ။

  • ဒံယေလ ၂:၄၄

    ဘုရားသခင့်နိုင်ငံဟာ လောကတိုင်းနိုင်ငံအားလုံးကို ဖယ်ရှားမယ်။

  • ဗျာဒိတ် ၁၆:၁၄–၁၆

    အာမဂေဒုန်မှာ ဆိုးညစ်တဲ့ ဒီလောကကို ဘုရားသခင် ဖျက်ဆီးမယ်။

  • ဟေရှာယ ၉:၆၊ ၇

    ကောင်းကင်နိုင်ငံရဲ့ဘုရင်အဖြစ် ယေဟောဝါ ရွေးချယ်ထားတဲ့ ယေရှုဟာ ကမ္ဘာမြေကို အုပ်ချုပ်မယ်။

အမှန်တရား ၄။ ဘုရားသခင့်နိုင်ငံက မြေကြီးကို ပရဒိသု ဖြစ်စေမယ်

“လက်တော်ကို ဖွင့်ပြီး သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတယ်။”—ဆာလံ ၁၄၅:၁၆

ဘုရားသခင့်နိုင်ငံက ကျွန်တော်တို့အတွက် ဘာလုပ်ပေးမလဲ။

  • ဆာလံ ၄၆:၉

    စစ်ပွဲ၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေ မရှိတော့ဘူး။

  • ဟေရှာယ ၃၂:၁၈။ ၆၅:၂၁–၂၄

    ကမ္ဘာသစ်မှာ လူတိုင်း လှပတဲ့အိမ်တွေ၊ ဥယျာဉ်ပန်းခြံတွေ ပိုင်ဆိုင်ကြမယ်။ ငြိမ်သက်အေးချမ်းစွာ နေထိုင်ကြမယ်။

  • ဆာလံ ၇၂:၁၆

    အစားအစာ အလျှံပယ်ရှိလိမ့်မယ်။

  • ဟေရှာယ ၁၁:၆–၉

    လူနဲ့ တိရစ္ဆာန်တွေ ငြိမ်းချမ်းစွာ အတူနေထိုင်ကြမယ်။

  • ဟေရှာယ ၃၃:၂၄။ တမန်တော် ၂၄:၁၅

    ဖျားနာသူတွေ မရှိတော့ဘူး။ သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ