အပိုင်း ၁ နိဒါန်း
သမ္မာကျမ်းစာကို စဖတ်လိုက်တာနဲ့ ကောင်းကင်နဲ့ မြေကြီးကို ယေဟောဝါဘုရား ဖန်ဆင်းတယ်လို့ သိရတယ်။ ယေဟောဝါ ဖန်ဆင်းထားတာတွေက သိပ်လှ၊ သိပ်ကောင်းတယ်။ မိဘဖြစ်မယ်ဆိုရင် ဘုရားဖန်ဆင်းထားတဲ့ အံ့ဩစရာတွေအကြောင်း ကလေးကို သင်ပေးပါ။ လူတွေကို တိရစ္ဆာန်တွေနဲ့မတူအောင် ဘုရားဖန်ဆင်းထားလို့ လူတွေဟာ စကားပြောနိုင်တယ်၊ စဉ်းစားနိုင်တယ်၊ တီထွင်ဖန်တီးနိုင်တယ်၊ သီချင်းဆိုနိုင်တယ်၊ ဆုတောင်းနိုင်တယ်ဆိုတာ ပြောပြပါ။ ယေဟောဝါရဲ့ တန်ခိုး၊ ဉာဏ်ပညာနဲ့ လူတွေကိုချစ်တဲ့ ကိုယ်တော့်မေတ္တာကို လေးမြတ်တန်ဖိုးထားတတ်ဖို့ သင်ပေးပါ။