အဲလက်ဇန္ဒြီးန် လက်ရေးစာမူ
အဲလက်ဇန္ဒြီးန် လက်ရေးစာမူသည် ပညာရှင်များ ထိတွေ့သည့် သမ္မာကျမ်း၏ အဓိကစာမူများထဲတွင် ပထမဆုံးဖြစ်သည်။ ယင်းကိုတွေ့ရှိခြင်းက ဂရိသမ္မာကျမ်းအတွက် အကျိုးပြုသုံးသပ်ချက်ကို ဖြစ်စေပြီး၊ သမ္မာကျမ်းစောင် ပြန်ဆိုလာသူများအတွက် အကျိုးရှိခဲ့သည်။ မည်သို့နှင့် ဘယ်သောအခါ ယင်းကိုတွေ့ရှိရသနည်း။
အီဂျစ်ပြည်၊ အဲလက်န္ဒြီယားမြို့မှ လူမျိုးစုအကြီးအကဲ ကိုင်ရင်လော့စ် လောကရစ်သည် စာအုပ်အကြီးအကျယ် စုဆောင်းသူဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင်သူသည် တူရကီ၊ ကောန်စတင်တီနိုပယ်လ်မြို့၏ အကြီးအကဲဖြစ်လာသောအခါ သူနှင့်အတူ ယင်းစာမူကို ယူဆောင်သွားသည်။ အရှေ့အလယ်ပိုင်းတွင် မငြိမ်မသက်ဖြစ်သောအခါ၊ ထိုစာမူသည် မွတ်စလင်များလက်ထဲ ကျရောက်သွားပါက ဖျက်ဆီးခံရဖွယ်ရှိနိုင်ခြင်းကြောင့် အင်္ဂလန်တွင် ပို၍လုံခြုံမည်ဟု လောကရစ်ထင်သည်။ သို့နှင့် ၁၉၂၄ ခုနှစ်တွင် အင်္ဂလိပ်ဘုရင်၊ ပထမမြောက် ဂျိမ်းစ်အတွက် လက်ဆောင်အဖြစ် တူရကီဗြိတိသျှသံအမတ်ကြီးထံ ပေးအပ်လိုက်သည်။ ဘုရင်ကြီးသည် စာမူကို လက်ခံမရရှိမှီ သေဆုံးသွားသောကြောင့် သုံးနှစ်ကြာသောအခါ သူ၏နောက်ဆက်ခံ ပထမမြောက်ချားလ်စ်အား ပေးအပ်လိုက်သည်။
ဤစာမူသည် ကိုင်ရင်လော့စ် လောကရစ်ထင်သလောက် တန်ဖိုးရှိပါသလော။ ရှိပါသည်။ ယင်းသည် ငါးရာစု စောစောပိုင်းအချိန်က စာဖြစ်သည်။ စာကူးသူများစွာ ပါဝင်ရေးသားထားပြီး၊ စာစောင်တစ်ခုလုံးတွင် အမှားပြင်ထားသည်။ သားရေပေါ်တွင် ရေးထားပြီး၊ စာမျက်နှာတစ်ခုတွင် ကော်လံ ၂ ခုရှိသည်။ စာလုံးကြီးများနှင့် ရေးထားပြီး၊ စကားလုံးတစ်ခုနှင့်တစ်ခုကြား၊ မခြားထားချေ။ မဿဲ ကျမ်းမှ အတော်များများနှင့် ကမ္ဘာဦး၊ ဆာလံ၊ ယောဟန် နှင့် ၂ ကောရိန္သုမှ အချို့အပိုင်းများမရှိချေ။ ယခု တရားဝင်စာမူ (က) ဟုခေါ်ပြီး အရွက်ပေါင်း ၇၇၃ ရွက်ရှိကာ အတော်အရေးပါသော၊ ရှေးသက်သေတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
သမ္မာကျမ်းစာမူအများစု၏ ဆင်တူယိုးမှားမှုအပေါ် မူတည်၍ အုပ်စုများ သို့မဟုတ် မိသားစုများဟု ခွဲခြားထားသည်။ ကျမ်းကူးသူများ ကူးရေးရာ၌ အသုံးပြုသောတူညီသည့် ပင်ရင်း သို့မဟုတ်နီးစပ်သော ပုံစံအပေါ် မူတည်၍ ယင်းတို့ ပေါ်ပေါက်လာခြင်းပင်။ အဲလက်ဇန္ဒြီးန်စာမူနှင့်ပတ်သက်၍မူ ကျမ်းကူးသူများသည် အကောင်းဆုံး ကျမ်းဖြစ်ရန် သီးခြားမိသားစုများကို ဖတ်ရှုပြီး အတူတကွ ရေးသားထားခြင်းဖြစ်သည်။ အမှန်ဆိုလျှင် ယင်းသည် ၁၆၁၁ ခုနှစ်ထုတ် ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်းအတွက် အခြေခံအသုံးပြုသည့် မည်သည့်ဂရိစာမူထက်ကိုမဆို ပိုမိုရှေးကျပြီး သာလွန်သည်။
အဲလက်ဇန္ဒြီးန်ကို ထုတ်ဝေသောအခါ ယင်းတွင်ပါသော ၁ တိမောသေ ၃:၁၆ သည်ငြင်းခုံမှု အတော်ဖြစ်ပေါ်စေခဲ့သည်။ ဤတွင် ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်းက “ဘုရားသခင်သည် ကိုယ်ခန္ဓာဖြင့် ပေါ်ထွန်းတော်မူပြီ” ဟုယေရှုကို ရည်ညွှန်း၍ ဖေါ်ပြထားသည်။ သို့သော် ဤရှေးဟောင်းစာမူ၌ “ဘုရား” ဟူသည့် အတိုကောက် ဂရိစာလုံးနှစ်လုံး “ΘC” သည်မူရင်းတွင် “မည်သူ” ဟူသည့် “OC” ဟုဖေါ်ပြထားသည်။ ထင်ရှားနေသည်မှာ ခရစ်တော်ယေရှုသည် “ဘုရား” မဟုတ်ချေ။
နှစ်ပေါင်း ၂၀၀ ကျော်ကြာပြီးနောက် ယင်းပိုမိုရှေးကျသော စာမူများကို တွေ့ရှိလာသောအခါ “မည်သူ” သို့မဟုတ် “မည်သည့်” သည် မှန်ကြောင်း ခိုင်လုံသွားသည်။ ဘရုစ် အမ်၊ မာတ်ဇာက သူ၏ Textual Commentary on the Greek New Testament တွင် ဤသို့ဖေါ်ပြထားသည်။ “စောစောပိုင်း ရှစ် သို့မဟုတ် ကိုးရာစုမတိုင်မီက . . . θεο’ς [သီးအောစ်] ကိုမထောက်ခံကြ။ ရှေးစာမူအားလုံးက ὅς သို့မဟုတ် ὅ ဟုယူဆသည်။” စတုတ္ထရာစု၏ နောက်ဆုံးတတိယအချိန်တွင် ရေးသားသူများက θεο’ς [သီးအောစ်] ဟုမရေးသားကြ။ ယနေ့ ဘာသာပြန်အများစုသည် ဤကျမ်းပိုဒ်တွင် “ဘုရား” ဆိုသည့် စကားလုံးကို ချန်လှပ်ရာ၌ တူညီကြသည်။
၁၇၅၇ ခုနှစ်တွင် ဘုရင့်တော်ဝင်စာကြည့်တိုက်သည် ဗြိတိသျှစာကြည့်တိုက်အဝင်ဖြစ်လာကာ ယင်းစာမူကောင်းကို ယခုဗြိတိသျှပြတိုက်၊ စာမူပြခန်း၌ အထင်အရှားပြသထားသည်။ ကြည့်ထိုက်သော ရတနာတစ်ရပ်ပင်။