နှစ်ခြင်းမင်္ဂလာ ကျွန်ုပ်တို့ကို ကယ်တင်နိုင်ပုံ
“နှစ်ခြင်းမင်္ဂလာသည် . . . ငါတို့ကို ကယ်တင်၏။”—၁ ပေတရု ၃:၂၁၊ The Emphatic Diaglott.
၁၊ ၂။ လူတစ်ဦး ရေနှစ်ခြင်းမခံမီ ဘာလုပ်ဖို့လိုအပ်သနည်း။
ယေဟောဝါသည်ကယ်တင်ခြင်းရှာကြံသူတို့အတွက် တိကျသောစည်းကမ်းချက်များ ချမှတ်ထားတော်မူ၏။ သူတို့သည် တိကျမှန်ကန်သော အသိပညာဆည်းပူးရမည်၊ ယုံကြည်ခြင်းတင်ပြရမည်၊ အပြစ်များမှ နောင်တယူရမည်၊ ပြောင်းလဲရမည်၊ ဘုရားသခင်ထံ အပ်နှံ့ခြင်းပြုရမည်၊ ယုံကြည်သူတစ်ဦးအနေနှင့် နှစ်ခြင်းခံရမည်ဖြစ်သည်။ (ယောဟန် ၃:၁၆; ၁၇:၃။ တမန်တော် ၃:၁၉; ၁၈:၈) နှစ်ခြင်းခံမည့်ပုဂ္ဂိုလ်များအနေဖြင့် ယေရှု၏ပူဇော်သက္ကာပေါ် အခြေပြု၍ မိမိတို့အပြစ်များမှ နောင်တယူကြောင်း၊ မိမိတို့ကိုယ်ကို ယေဟောဝါထံ အပ်နှံ့ပြီးဖြစ်ကြောင်း လူသိရှင်ကြား ဝန်ခံကြရမည်။ ထို့ပြင် အပ်နှံ့၍ နှစ်ခြင်းခံလိုက်ခြင်းအားဖြင့် မိမိတို့သည် ယေဟောဝါ၏သက်သေများ ဖြစ်လာကြောင်းကိုလည်း နားလည့်ထားဖို့လိုသည်။
၂ ယုံကြည်ခြင်းကို ဤကဲ့သို့လူသိရှင်ကြား ထုတ်ဖေါ်ပြသခြင်းအပါအဝင် နှစ်ခြင်းမင်္ဂလာအစီအစဉ်တစ်ရပ်လုံးသည် ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သည်။ (ရောမ ၁၀:၁၀) “နှစ်ခြင်းမင်္ဂလာသည် . . . ငါတို့ကိုကယ်တင်၏” ဟူ၍ တမန်တော်ပေါလုရေးသားရာတွင် ဤအချက်ကိုအတည်ပြုခဲ့သည်။ (၁ ပေတရု ၃:၂၁၊ ED) သို့သော် ထိုစကားများကို မည်သို့အတိအကျနားလည်ရမည်နည်း။ ရှေ့နောက်စကားက ဘာပြသနည်း။
နှစ်ခြင်းမင်္ဂလာ ကယ်တင်ပုံ
၃။ ၁ ပေတရု ၃:၁၈-၂၁ ကို သင့်ကိုယ်ပိုင်စကားဖြင့် အဘယ်သို့အကျဉ်းချုပ်တင်ပြမည်နည်း။
၃ ယေရှုသည်ရှင်ပြန်ထမြောက်သော နံဝိညာဉ်တစ်ပါးအနေနှင့် ထောင်ထဲမှာလှောင်ထားသော နံဝိညာဉ်ဆိုးများ တည်းဟူသော ယေဟောဝါ၏တရားစီရင်ရာနေ့ကြီးအဖို့ ထာဝရချုပ်နှောင်ခြင်းခံနေရသော နတ်ဆိုးများအား အပြစ်စီရင်ရာသတင်းတရား ဟောပြောတော်မူကြောင်း ပေတရုဖေါ်ပြ၏။ ထိုနံဝိညာဉ်ဆိုးတို့သည် “နောဧလက်ထက်၌ နည်းသောသူတည်းဟူသော လူရှစ်ယောက် [နောဧနှင့်သူ့မယား၊ သူ့သားများနှင့် သူတို့၏ မယားများ] တို့ကို ရေဘေးမှကယ်ဆယ်သော သင်္ဘောကို တည်လုပ်စဉ်တွင် ဘုရားသခင်၏ခန္တီတော်သည် ဆိုင်းလင့်” သည့်ကာလ၌ အသွေးအသားခန္ဓာကို ယူတင်၍ မိန်းမတို့နှင့် ပေါင်းသင်းခြင်းအားဖြင့် နာခံမှုမပြသော နံဝိညာဉ်များဖြစ်သည်။ “ထိုပုံစံအတိုင်း နှစ်ခြင်းမင်္ဂလာသည် ယေရှုခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ယခုသင်တို့ကိုကယ်တင်၏။ နှစ်ခြင်းမင်္ဂလာဟုဆိုသော် (ကိုယ်ကာယအညစ်အကြေးဆေးကြော [ရုံဆေးကြော]ခြင်းကိုမဆိုလို။ ဘုရားသခင်ထံ ကောင်းမြတ်သောသြတ္တပ္ပစိတ် တောင်းလျှောက်ခြင်းကို ဆိုလို၏)” ဟုထပ်ဆင့်၍ ပေတရုဆို၏။—၁ ပေတရု ၃:၁၈-၂၁။ ကမ္ဘာဦး ၆:၁၊ ၂။ ၂ ပေတရု ၂:၄။ ၂ ကောရိန္သု ၇:၁။
၄။ “ထိုပုံစံအတိုင်း” ဟု ပေတရုဆိုရာတွင် အဘယ်အရာကို ရည်ညွှန်းနေသနည်း။
၄ “ထိုပုံစံအတိုင်း” ဟုဆိုရာတွင် ပေတရုဘာကိုဆိုလိုသနည်း။ ယုံကြည်ခြင်းအပေါ် အခြေတည်ထားသော နှစ်ခြင်းမင်္ဂလာသည် နောဧနှင့် မိသားစုအသက်ဘေးမှ ချမ်းသာရာရခြင်းနှင့် အလားတူသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သင်္ဘောပြင်ပမှ လူများကို ဖျက်ဆီးသည့် ရေဘေးကြီးမှ နောဧနှင့်မိသားစု ဘေးမသိရန်မခ ကပ်ကျော်ခဲ့ကြသည်။ သင်္ဘောဆောက်ရန် နောဧယုံကြည်ခြင်းရှိရန် လိုအပ်သကဲ့သို့ ယေရှုခရစ်တော် နှစ်ခြင်းခံတပည့်တော်နှင့် ယေဟောဝါသက်သေဖြစ်လာကြသူတို့အနေဖြင့်လည်း ယုံကြည်ခြင်းမရှိသော ဤလောကနှင့်ယင်း၏ ဘုရား စာတန်မာရ်နတ် သက်ရောက်စေသည့် ဖိစီးမှုများကို ကြံ့ကြံ့ခံနိုင်ရန် ယုံကြည်ခြင်းရှိရပေမည်။—ဟေဗြဲ ၁၁:၆၊ ၇။ ၁ ယောဟန် ၅:၁၉။
၅။ ကယ်တင်ခြင်းသည် “ယေရှုခရစ် ရှင်ပြန်ထမြောက်တော်မူခြင်း အားဖြင့်” အဘယ်သို့ရရှိသနည်း။
၅ နှစ်ခြင်းမင်္ဂလာကိုယ်နှိုက်က ကယ်တင်သောအရာမဟုတ်ပေ။ “ကိုယ်ကာယအညစ်အကြေး ဆေးကြော” ရမည်ဖြစ်သော်လည်း သို့ဆေးကြောခြင်းတစ်မျိုးတည်းကလည်း ကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ “ယေရှုခရစ် ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့်” သာ ကယ်တင်ခြင်းရနိုင်သည်။ ကယ်တင်ခြင်းဆိုသည်မှာ ဘုရားသခင့်သားတော် ယဇ်အဖြစ်အသေခံ၍ ရှင်ပြန်ထမြောက်ခြင်းကြောင့်သာလျှင် ရရှိနိုင်သော အရာဖြစ်ကြောင်း နှစ်ခြင်းခံသူအနေဖြင့် ယုံကြည်သက်ဝင်ရမည်ဖြစ်သည်။ ယေရှုသည် အသက်ရှင်သူနှင့် သေသူတို့ကို တရားစီရင်နိုင်သော အာဏာပိုင်အရှင်သခင် ဖြစ်တော်မူကြောင်းကိုလည်း လက်ခံရကြမည်။ “ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍ ကောင်းကင်တမန်အစရှိသော အာဏာစက်တန်ခိုးများတို့ကို အုပ်စိုးလျက် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရှိတော်မူ၏။”—၁ ပေတရု ၃:၂၂။
၆။ ကောင်းမြတ်သော ဩတ္တပ္ပစိတ်ရရှိရေးအတွက် နှစ်ခြင်းခံသူတစ်ဦး အဘယ်အရာများ ပြုလုပ်ပြီး ဖြစ်ရမည်နည်း။
၆ နှစ်ခြင်းမင်္ဂလာကို “ဘုရားသခင်ထံ ကောင်းမြတ်သော ဩတ္တပ္ပစိတ် တောင်းလျှောက်ခြင်း” နှင့်လည်း ပေတရုဆက်စပ်ထားသည်။ ကောင်းမြတ်သော ဩတ္တပ္ပစိတ် ရရှိရေးအတွက် နှစ်ခြင်းခံသူအနေဖြင့် မိမိအပြစ်များမှ နောင်တရရမည်။ လမ်းမှားမှပြန်လှည့်လာရမည်။ ထို့နောက် ယေရှုခရစ်မှတစ်ဆင့် ဆုတောင်း၍ ယေဟောဝါထံ အကြွင်းမဲ့ အပ်နှံ့ခြင်း ပြုရပေမည်။ အကယ်၍ နှစ်ခြင်းခံပြီးသူတစ်ဦးသည် ဘုရားသခင့်စံချိန်များအတိုင်း ကျင့်ကြံနေထိုင်ခြင်းအားဖြင့် ထိုကောင်းမြတ်သောသြတ္တပ္ပစိတ်ကို ထိန်းသိမ်းကာကွယ်သွားမည်ဆိုလျှင် ယေဟောဝါ၏အပြစ်စီရင်ခြင်းမှ ကင်းလွတ်၍ ကယ်တင်ခြင်းခံရသော အခြေအနေ၌ တည်မြဲနေပေလိမ့်မည်။
နှစ်ခြင်းခံရန် အရည်အချင်းပြည့်မှီစေခြင်း
၇။ နှစ်ခြင်းမင်္ဂလာနှင့်ပတ်သက်၍ ခရစ်ယာန်ဘောင် သာသနာပြုများ ဘာလုပ်ခဲ့ကြပြီနည်း။
၇ နောက်တော်လိုက်များအား တပည့်တော်များကို နှစ်ခြင်းပေးရန် ယေရှုတာဝန်လွှဲအပ်ခဲ့စဉ်က မယုံကြည်သူတို့ကို ထောင်နှင့်သောင်းနှင့်ချီ၍ ဖျန်းပေးရန် မိန့်မှာတော်မမူခဲ့ပေ။ သို့သော် ခရစ်ယာန်ဘောင်မှ သာသနာပြုများ ဘာလုပ်ခဲ့ကြပြီနည်း။ အန္ဒိယပြည်အကြောင်းနှင့်ပတ်သက်၍ ဂျက်စွတ်ဖရန်းစစ္စဇေးဗီးယားက ၁၉၄၅ ခုနှစ်တွင် ဤသို့ရေးသားခဲ့သည်။ “တရာဗန်ကောနယ်တွင် . . . လအနည်းငယ်အတွင်း ယောက်ျားမိန်းမနှင့် ကလေးတစ်သောင်းကျော်ကို ကျွန်တော်ဗတ္တိဇံပေးခဲ့သည်။ . . . ကျွန်တော်တစ်ရွာမှတစ်ရွာသို့သွားပြီး သူတို့ကို ခရစ်ယာန်များဖြစ်စေခဲ့သည်။” ဤသည်မှာ ယေရှု၏ ‘ခရစ်ယာန်ဖြစ်စေ’ သည့်နည်း မဟုတ်ပေ။ လူတို့သည် နှစ်ခြင်းခံရန် အရည်အချင်းပြည့်မှီရပေမည်။
၈။ ပေါလု၏နီတိကျမ်းဟု ခေါ်စမှတ်ပြုသော နိတိကျမ်းက နှစ်ခြင်းခံရန် ကိုယ်ကိုဆက်သသူတို့အကြောင်း ဘာဆိုထားသနည်း။
၈ တမန်တော်များမရှိတော့သည့် နောက်ပိုင်းကာလမှ ခရစ်ယာန်အခေါ်ခံသူအချို့ပင် နှစ်ခြင်းခံရန် ကိုယ်ကိုဆက်သသူတို့အနေဖြင့် ကျပ်တည်းသော တောင်းဆိုချက်များကို ပြည့်မှီရမည်အကြောင်း ယုံကြည်ခဲ့ကြသည်။ ထိုသို့နှစ်ခြင်းခံမည့် ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာမှမဟုတ်သော နီတိကျမ်း (ယင်းကို တမန်တော်ပေါလုရေးသားသည်ဟု မှားယွင်းစွာယူဆကြ၏) ၌ ဤသို့ဆိုထားသည်။ “သူတို့၏ ကိုယ်နှုတ်အမူအရာနှင့် အသက်တာကို စစ်ကြောစုံစမ်းစေ။ . . . မင်္ဂလာမဆောင်သေးသူများဖြစ်ပါက မတရားမေထုန်မပြုရန် တရားဝင်ထိမ်းမြားဆောင်နှင်းရန် သင်ကြားစေ။ . . . ပြည့်တန်ဆာတစ်ယောက်လာပါက ထိုအလုပ်ကို စွန့်ပစ်စေ။ မစွန့်ပစ်လျှင် သူ့ကိုပယ်ပစ်စေ။ . . . အပြစ်ဒုစရိုက်မကင်းသူကို စာရင်းမသွင်းနှင့်။ . . . မှော်ဆရာ၊ စုန်းဆရာ၊ နက္ခဗေဒင်ဆရာ၊ ရှေ့ဖြစ်ဟောသူ၊ ဂါထာမန္တရားမန်းမှုတ် ရွတ်ဆိုသူ၊ . . . အဆောင်လက်ဖွဲ့စီရင်သူ၊ ပြုစားတတ်သူ၊ နိမိတ်ဖတ်သူ၊ ဗေဒင်ဆရာ၊ လက္ခဏာဗေဒင်ဆရာ . . . ဤသူတို့ကို အတန်ကြာကြာ အစမ်းထားစေ . . .။ ထိုအကျင့်များကို စွန့်ပစ်သည်ရှိသော် လက်ခံစေ။ သို့သော် စွန့်ပစ်ရန် သဘောမတူပါက သူတို့ကို ပယ်ပစ်စေ။”
၉။ နှစ်ခြင်းခံရန် ဆန္ဒရှိသူတစ်ဦးနှင့်အတူ အသင်းတော်အကြီးအကဲများ အဘယ်ကြောင့် ဆွေးနွေးမှု ပြုသနည်း။
၉ ယေဟောဝါသက်သေများသည် အထက်ပါ ကိုးကားချက်ကဲ့သို့သော ကျမ်းစာနှင့်မညီညွတ်သည့် စာပေအရေးအသားများကို မလိုက်ကြစေကာမူ နှစ်ခြင်းခံရန် ဆန္ဒရှိသူတို့နှင့်မူ အကြီးအကဲများ တွေ့ဆုံဆွေးနွေးကြသည်။ အဘယ်ကြောင့်နည်း။ ဤသူတို့သည် ဘုရားတောင်းဆိုချက် ပြည့်မှီမမှီ ယေဟောဝါထံအပ်နှံခြင်းပြုပြီးသော ယုံကြည်သူဟုတ်မဟုတ် သေချာစေရန်အတွက်ဖြစ်သည်။ (တမန်တော် ၄:၄; ၁၈:၈။ ၂ သက်သာလောနိတ် ၃:၂) ဓမ္မအမှုဆောင်ရွက်ရန် ဖွဲ့စည်းခြင်း စာအုပ်မှ မေးခွန်းများကို ဆွေးနွေးခြင်းအားဖြင့် လူတစ်ဦးနှစ်ခြင်းခံရန် အရည်အချင်းမှီမမှီ အကဲခတ်ရာတွင် အထောက်အကူပြုသည်။ အကယ်၍ အချို့အချက်အလက်များ မရှင်းလင်းလျှင်လည်းကောင်း၊ ဘုရားသခင့်စံချိန်နှင့် ညီညွတ်အောင် သူ့အသက်တာကို မပြုပြင်ရသေးလျှင်လည်းကောင်း အကြီးအကဲတို့သည် လိုအပ်သောဝိညာဏအကူအညီကို ဝမ်းမြောက်စွာပေးပေမည်။
၁၀။ နှစ်ခြင်းခံလိုသော ဆန္ဒရှိပါက အဘယ်စိတ်သဘောထား ရှိအပ်သနည်း။
၁၀ ဘုရားသခင့် ရည်ရွယ်တော်မူချက်များကို သိရှိရန် ကိုယ်တော်ကြင်နာစွာ မစတော်မူသည်ကို ကျွန်ုပ်တို့တန်ဖိုးထား လေးမြတ်ကြမည်ဆိုပါက အာရှမိုင်းနား၊ အန္တိအုတ်မြို့ရှိ ပေါလုဟောပြောခဲ့သူများနှင့် ကျွန်ုပ်တို့တူကြလိမ့်မည်။ ယုဒလူတို့ အတိုက်အခံပြုနေသည့်ကြားမှ “လူမျိုးခြားတို့သည် [ဘုရားသခင်လက်ခံတော်မူသည် ဟူသောအခွင့်အခါကောင်းကို] ကြားသော် ဝမ်းမြောက်သဖြင့် [ယေဟောဝါ] ၏တရားတော်ကို ချီးမွမ်းလျက်၊ ထာဝရအသက်အဖို့ အစီအမံခံရသူရှိသမျှ ယုံကြည်ကြ၏။” (တမန်တော် ၁၃:၄၈၊ သမ) ထိုယုံကြည်သူများ နှစ်ခြင်းခံယူကြသည်။
လူငယ်ဘဝ၌ နှစ်ခြင်းခံခြင်း
၁၁။ ငယ်ရွယ်သူတစ်ဦးအနေနှင့် ဘုရားသခင်ထံ အပ်နှံ့ခြင်းသည် သင့်တော်ပါသလော။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။
၁၁ “ထာဝရအသက်အဖို့ အစီအမံခံရ” သူတို့တွင် ငယ်ရွယ်သူအချို့ ပါဝင်ကြသည်။ ရှမွေလနှင့် နှစ်ခြင်းဆရာယောဟန်တို့သည် မမွေးမီကတည်းက ဘုရားသခင်အတွက် သီးသန့်ထားပြီးသူများဖြစ်သော်လည်း မိဘဖြစ်သူတို့သည် သားသမီးများအတွက် အပ်နှံ့ခြင်းပြုလုပ်ပေး၍မရ ဟူသောအချက်မှာ မှတ်သားဖွယ်ဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁:၁၁၊ ၂၄-၂၈; ၂:၁၁၊ ၁၈၊ ၁၉။ လုကာ ၁:၁၅၊ ၆၆) သို့တစေ ကျမ်းစာနှင့် ကောင်းစွာလေ့ကျင့်ပုံသွင်းခြင်းခံရသောကြောင့် လူငယ်များစွာ နှစ်ခြင်းခံခြင်းအဆင့်သို့ တိုးတက်လာကြသည်။ ဆယ်ကျော်သက်အရွယ်၌ နှစ်ခြင်းခံခဲ့သော သာသနာပြုညီအစ်မတစ်ဦး ဤသို့ရေးသားခဲ့သည်။ “ကျွန်မ၏ဖန်ဆင်းရှင်ကို ဝတ်ပြုဖို့ ကိုယ်တော်တည်ရှိတော်မူကြောင်းကို သိမြင်သည့်အရွယ်မှစ၍ ကျွန်မအပ်နှံ့ခဲ့သည် ဟုဆိုနိုင်ပါသည်။ သို့သော် ကိုယ်တော်နှင့်ပတ်သက်သော တိကျမှန်ကန်သည့် အသိပညာအချို့ဆည်းပူးရရှိလာသည်နှင့် အပ်နှံ့ခြင်းကို ထုတ်ဖေါ်၍ သက်သေအဖြစ် ကျွန်မနှစ်ခြင်းခံချင်လာသည်။ သို့ရာတွင် ကျွန်မလုပ်ဆောင်ချက်ကို ကျွန်မကောင်းစွာသိမှသိပါလေစဟု အမေကသံသယရှိသဖြင့် အခြားတစ်ယောက်ယောက် နှစ်ခြင်းခံရန်အသင့်ရှိလာသည့်အချိန်အထိ စောင့်ပါရန် အကြံပေးခဲ့သည်။” နှစ်ခြင်းခံရန် ဆန္ဒရှိသော အမျိုးသမီးတစ်ဦးတွေ့သည်။ ထိုညီအစ်မက အောက်ပါအတိုင်း ဆက်၍ ရေးခဲ့သည်။ “အသင်းမခန့် အမှုဆောင်ဒါရိုက်တာက ကျွန်မတက်လှမ်းနေသည့် ခြေလှမ်း၏လေးနက်မှု၊ အရေးပါမှုအကြောင်း ကြင်နာစွာဖြင့် ပြောပြခဲ့စေကာမူ ထိုခေတ်၌ နှစ်ခြင်းခံမည့်ပုဂ္ဂိုလ်များအတွက် အထူးသွန်သင်ပေးသည့် သင်တန်းဟူ၍ မရှိပေ။ သတ်မှတ်သည့် စည်းကမ်းချက်များကို ကျွန်မအားတက်သရော သဘောတူလိုက်ပြီးနောက် ၁၉၂၁ ခုနှစ်မေလ၏တစ်ခုသော ကြည်လင်တောက်ပသည့် တနင်္ဂနွေနေ့ နံနက်ချိန်တွင် [ထိုအမျိုးသမီး] နှင့်အတူ ကျွန်မနှစ်ခြင်းခံခဲ့သည်။”
၁၂။ အရွယ်မရောက်သူတစ်ဦး၏ အပ်နှံ့ခြင်းကို ညီအစ်ကိုရပ်စဲလ် မည်သို့ထင်မြင်ခဲ့သနည်း။
၁၂ မိမိ၏ ၁၂ နှစ်သားအား ဘုရားသခင်ထံအပ်နှံ့ရန် တိုက်တွန်းသင့်မသင့် ခရစ်ယာန်ချင်းတစ်ဦး မေးမြန်းထားသောစာတစ်စောင်ကို ၁၉၁၄ ခုနှစ်တွင် စီ၊ တီ၊ ရပ်စဲလ် (ထိုစဉ်က ကင်းမျှော်စင်အသင်း၏ ဥက္ကဌ) ရရှိခဲ့သည်။ ရပ်စဲလ်က ဤသို့ဖြေကြားခဲ့သည်။ “ကျွန်တော်သာ ခင်ဗျားဖြစ်မည်ဆိုလျှင် သူ့ကိုအပ်နှံ့ရန် အတင်းအကြပ်တိုက်တွန်းမည်မဟုတ်ဘဲ ဘုရားသခင်နှင့် ကိုယ်တော်၏ ကရုဏာပြည့်ဝသော ရည်ရွယ်တော်မူချက်များကို သိကျွမ်းလာသည့် အသိဉာဏ်ရှိသူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော လမ်းမှန်အဖြစ် သူ့စိတ်ထဲတွင် စွဲသွားအောင် ကျွန်တော်ပုံသက်သေပြ၍ ဦးစားပေးတင်ပြမည်။ . . . အပ်နှံ့ခြင်းမပြုလျှင် မည်သူမျှထာဝရအသက်မရနိုင်ပေ။ . . . အပ်နှံ့လိုက်ခြင်းအားဖြင့် သင့်သား၌ အကျိုးယုတ်စရာမရှိဘဲ များစွာအကျိုးရှိပေမည်။ . . . ဆယ်နှစ်သားလေးသည် စဉ်းစားမှု၊ ပြောဆိုမှုနှင့် လုပ်ကိုင်မှုတို့၌ လုံးလုံးအပ်နှံ့ခြင်းအကြောင်းကို ပြည့်ပြည့်ဝဝနှင့် အကုန်အစင် နားမလည်ဟူ၍ မည်သူဆိုမည်နည်း။ နောက်ကြောင်းပြန်ကြည့်လျှင် ကျွန်တော်ဆယ့်နှစ်နှစ်ကျော်တွင် အကြွင်းမဲ့အပ်နှံ့ခြင်းကို ပထမဦးဆုံးပြုလုပ်ခဲ့သည်ကို တွေ့နိုင်သည်။”
၁၃။ လွန်ခဲ့သော ၉၅ နှစ်က ဤဂျာနယ်တွင် လူငယ်များအား ဘာပြောခဲ့သနည်း။
၁၃ ၁၈၉၄ ခုနှစ် ဇူလိုင်လ ၁ ရက်ထုတ် Zion’s Watch Tower ကဤသို့ဆိုထားသည်။ “မိမိတို့၏ နှလုံးကို ဘုရားသခင်အားပေးဆက်ပြီး ယေရှုနောက်တော်လိုက်ရန် နေ့စဉ်ကြိုးစားအားထုတ်နေကြသည့် ချစ်လှစွာသော ကလေးများနှင့် လူငယ်များထံ WATCH TOWER ကနှုတ်ခွန်းဆက်သလိုက်ပါသည်။ ယေရှုကို ချစ်သောကလေးငယ်အချို့ကို ကျွန်ုပ်တို့သိသည်။ သူတို့သည် ယေရှုကိုလည်း မချစ်၊ ယေရှုစိတ်ပျော်အောင်လည်း မကြိုးစားကြသော တစ်ခြားကလေးတွေကြားမှာ ယေရှုဘက်တွင် ရပ်တည်ရန် မရှက်ကြပေ။ သူတို့နိုင်ငံတော်သတင်းကောင်းပြောပြသည့် ကျောင်းနေဘက်များက ပြောင်ကြလှောင်ကြ၊ လူ့ဂွစာ၊ လူ့ကန့်လန့်ဟု ထင်ကြစေကာမူ သတ္တိရှိရှိနှင့် ဘုရားသခင်ဘက်တွင် သစ္စာစောင့်ကြသည်။ အရှင်ဘုရားထံ မိမိတို့၏ အသက်တာကို အပ်နှံ့ပြီး သူတို့မှ အထူးသစ္စာရှိသော သူတို့အထဲတွင် ဤလောကနှင့် လောက၏ ကြီးပွားလိုစိတ်နှင့် သာယာမှုတို့ကို သတ္တိရှိရှိနှင့် ပယ်ခွာကြသော လူငယ်အချို့ကို တွေ့ခြင်းကြောင့် ကျွန်ုပ်တို့နှစ်ထောင်းအားရဖြစ်ရသည်။ ကျွန်ုပ်တို့၏ ရုံးစေအချို့နှင့် အောင်မြင်သော ကောလ်ပေါ်တာ (ရှေ့ဆောင်) များစွာသည် အသက်ငယ်ငယ်ရွယ်ရွယ်ပင် ရှိကြသေးသည်။” အသင်သည် အသက်ငယ်သေးသည့်တိုင်အောင် မိဘတို့ကို ယေဟောဝါဘုရားသခင်ထံ အပ်နှံ့ခြင်းအကြောင်း ပြောပြပါလေ။
မိဘတို့၏ ကဏ္ဍ
၁၄။ ယေဟောဝါထံ အပ်နှံ့ခြင်းပြုသူ လူငယ်များ အဘယ်အကျိုးကျေးဇူးများ ခံစားရကြသနည်း။
၁၄ နှစ်ခြင်းခံခြင်းသို့ ပို့ဆောင်ပေးသည့် မိဘတို့၏ ဆုံးမညွှန်ပြခြင်းကို ခံယူသည့် ကလေးသူငယ်များ ခံစားရသော အကျိုးကျေးဇူးများကို စဉ်းစားဆင်ခြင်ကြည့်ပါ။ (ဧဖက် ၆:၄) ဝိညာဏအကြောင်းအရာများကို တွေးတောစဉ်းစားခြင်းကြောင့် လောကီကျော့ကွင်းများနှင့် အရှုပ်အထွေးများမှ သူတို့ရှောင်ရှားနိုင်ကြသည်။ (၁ ယောဟန် ၂:၁၅-၁၇) ‘ဇာတိပကတိဖို့ မျိုးစေ့ကြဲ’ ရာမှ ပေါက်လာသော နာကြည်းဆိုးဝါးသော အသီးအနှံ့ကို သူတို့မရိတ်ရချေ။ (ဂလာတိ ၆:၇၊ ၈) ဘုရားတရားနှင့် နေထိုင်တတ်အောင် သွန်သင်ပေးခြင်းခံရသောကြောင့် ဘုရားသခင့်ဝိညာဉ်တော်အသီးများကို သူတို့သီးပွင့်ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ဘုရားသခင်ထံ အပ်နှံ့ထားသဖြင့် ကိုယ်တော်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြသည်။ “ယေဟောဝါကို ကိုးစား” တတ်အောင် သင်ယူထားကြ၍လည်း ကောင်းကင်ဆိုင်ရာ ဉာဏ်ပညာ၏ လမ်းညွှန်ခြင်း ခံရပြီး တင့်တယ်သာယာ၍ ငြိမ်သက်သော လမ်းခရီးတို့၌ သွားလာရကြ၏။ —သု. ၃:၅၊ ၆၊ ၁၃၊ ၁၇။
၁၅။ သားသမီးများ၏ အသက်တာကို ပုံသွင်းရာတွင် ခရစ်ယာန်မိဘများ ဘာလုပ်နိုင်သနည်း။
၁၅ ယေဟောဝါထံအပ်နှံ့ခြင်းသည် လူငယ်များအဖို့ ဤမျှအကျိုးကျေးဇူးကြီးမားသည်ဖြစ်ရာ ခရစ်ယာန်မိဘတို့အနေဖြင့် မိမိတို့သားသီးတို့၏ အသက်တာကို တတ်နိုင်သ၍ ပုံသွင်းပေးသင့်ပေသည်။ ငယ်ရွယ်သူတို့ကို တိမောသေကဲ့သို့ နို့စို့သူငယ်အရွယ်မှစ၍ ကျမ်းစာအကြောင်းသင်ကြားပေးနိုင်သည်။ သို့မှသာ သူတို့သည် ‘သင်ကြား၍ ယုံကြည်ရန် တိုက်တွန်းခံခဲ့ရသော အရာများ၌ တည်နေ’ ကြပေမည်။ (၂ တိမောသေ ၃:၁၄၊ ၁၅) ဘုရားတရားရှိသော မိဘတို့အနေဖြင့် မိမိတို့၏ သားမြေးများအား မိမိတို့ကိုယ်တိုင်၏ စံပြအသက်တာ၏ ဩဇာအရှိန်အဝါဖြင့် ခြံရံပေးနိုင်သည်။ ယေဟောဝါနှင့် မိမိတို့ကိုယ်တိုင်၏ ဆက်ဆံရေးအကြောင်း၊ တွေ့ကြုံမှုအကြောင်းနှင့် ရင့်ကျက်သော အမြော်အမြင်ဉာဏ်ပညာအကြောင်းကိုလည်း ပေးဝေနိုင်ပေသည်။ နည်းမှန်လမ်းကျညွှန်ကြားပေးပါက ဤအားထုတ်ကြိုးစားမှုတို့သည် လူငယ်လေးများအပေါ် အကျိုးမထင်ဘဲမရှိပေ။—သု. ၂၂:၆။
၁၆။ သင့်ပုံသက်သေနှင့် သင်ကြားပြသမှု၌ သင့်သားသမီးများ အဘယ်အရာတွေ့မြင်စေသင့်သနည်း။
၁၆ ယေဟောဝါ၏အဖွဲ့အစည်းတော်နှင့် စာတန့်အဖွဲ့အစည်းနှစ်ရပ်အကြားတွင် ပိုင်းခြားထားသောစည်းသည် မည်မျှရှင်းလင်းပြတ်သားသည်ကို သင့်သားသမီးများမြင်နိုင်အောင် ပုံသက်သေနှင့် သင်ကြားခြင်းတို့ဖြင့် ကူညီပေးပါ။ ဤလောကနှင့် အပေးအယူအလျှော့အတင်းလုပ်၍ မရနိုင်ကြောင်း၊ လောက၏ မသမာသောအရာများ၊ ဘုရားတရားမဲ့သော အပျော်အပါးသာယာမှုများ၊ ကြီးပွားလိုသောဆန္ဒများနှင့် အပေါင်းအသင်းများကို ခရစ်ယာန်များဖယ်ခွာရမည်အကြောင်း ပြသပေးပါ။ (၁ ကောရိန္သု ၁၅:၃၃။ ၂ ကောရိန္သု ၄:၂) လောကီအပျော်အပါးတို့သည် မည်မျှအနှစ်သာရကင်းမဲ့ကြောင်း၊ ယေဟောဝါသက်သေများနှင့် ယှဉ်လိုက်လျှင် လောကီသားများသည် မည်မျှလှည့်စားခံရကြောင်း သင်၏စိတ်နေသဘောထားမှစ၍ သွန်သင်မှုနှင့် ပုံသက်သေတို့အားဖြင့် လူငယ်များမြင်တွေ့အောင် ပြပါ။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သင့်အား ဘုရားသခင်မည်သို့ ဦးဆောင်လာခဲ့ပုံ၊ ပူဆွေးသောကဆင်းရဲတွင်းသို့ လားရာလမ်းမှားမှ သင့်အား မည်သို့ကာကွယ်ပေးခဲ့ပုံ၊ ဝေဒနာနှင့် ဝမ်းနည်းကြေကွဲမှုကြုံရသောအချိန်များ၌ သင့်အားမည်သို့ထောက်မခဲ့ပုံအကြောင်း ရှင်းပြပါ။ မာန်မာနကြီးပွားလိုသောဆန္ဒ၊ ပေါက်လွှတ်ပဲစားနေခြင်းနှင့် မိုက်မဲမှု စသောလောကီလမ်းစဉ်အတိုင်း လွှတ်ထားလျှင် သင့်ကလေးများ ယုံကြည်သူဖြစ်လာမည်ဟူ၍ လွှဲမှားစွာ ဘယ်တော့မျှမထင်လိုက်ပါနှင့်။ သင့်သားသမီးများကို ဤလောကမကျော့မိခင် ယင်း၏ယုတ်မာသော ဩဇာမှ ကာကွယ်၍ သူတို့၏ ချစ်ခင်စုံမက်ခြင်းနှင့် မျှော်လင့်ခြင်းတို့ကို ယေဟောဝါ၌သာ စုစည်းနေစေရန် ကူညီပေးပါလေ။
နှစ်ခြင်းမင်္ဂလာကို ကျော်၍ မျှော်ကြည့်ခြင်း
၁၇။ (က) နှစ်ခြင်းခံပြီးသော ခရစ်ယာန်အချို့ အဘယ်ကြောင့် ဝိညာဉ်ရေးဘက် ဆုတ်ယုတ်ကျဆင်းကြသနည်း။ (ခ) ကျွန်ုပ်တို့၏ အပ်နှံ့ခြင်းကို မည်သို့သဘောထားသနည်း။
၁၇ နှစ်ခြင်းခံသူတစ်ဦးသည် အသက်ကြီးကြီးငယ်ငယ်မရွေး ယေဟောဝါအပေါ် သစ္စာစောင့်ထိန်းလိုမည်မှာ ယုံမှားဖွယ်မရှိပေ။ သို့ဖြစ်လျက်ကယ် နှစ်ခြင်းခံပြီးသော ခရစ်ယာန်အချို့ အဘယ်ကြောင့် ဝိညာဉ်ရေးဘက် ပြန်၍ ဆုတ်ယုတ်ကျဆင်းသွားကြသနည်း။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သော်လည်း အခြေခံအကြောင်းရင်းတစ်ရပ်မှာ အပ်နှံ့ခြင်း၏အဓိပ္ပာယ်အပြည့်အစုံကို နားမလည်ခြင်း ဖြစ်ဖွယ်ရာရှိသည်။ အလုပ်တစ်ခုအတွက် ကိုယ်ကိုအပ်နှံ့သည့်ကိစ္စမဟုတ်ပါ။ ထိုသို့အပ်နှံ့ပါက ကျွန်ုပ်တို့ကို အလုပ်များနေစေမည် ဖြစ်သော်လည်း ဝိညာဏပုဂ္ဂိုလ်တော့ ဖြစ်စေနိုင်မည်မဟုတ်ပါ။ အလုပ်တစ်ခုအတွက်မဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ပါးဖြစ်သော ယေဟောဝါဘုရားသခင်ထံ ကျွန်ုပ်တို့အပ်နှံ့လိုက်ခြင်းဖြစ်ကြောင်း သတိရနေဖို့လိုသည်။ သို့ပြုမှသာလျှင် ကျွန်ုပ်တို့၏ အပ်နှံ့ခြင်းကို အလုပ်မစမီ ဝတ်ကြေတန်းကြေသဘောနှင့် တက်လှမ်းရမည့် ခြေလှမ်းအဖြစ် မှားယွင်းစွာ ယူဆမိမည်မဟုတ်ပေ။ အပ်နှံ့ခြင်းကို ထာဝစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည့် အရေးပါသော ဆက်ဆံရေးတစ်ရပ် ထူထောင်ခြင်းအဖြစ် သဘောထားအပ်သည်။ ဤကိစ္စတွင် ယေရှုခရစ်၏ ပုံသက်သေရှိသည်။ ယေဟောဝါထံ ကိုယ်ကိုဆက်သရာတွင် ကိုယ်တော်၏ နှလုံးသားမှ လှိုက်လှိုက်လှဲလှဲ ပေါ်ထွက်လာသည့် စိတ်နေစိတ်ထားအကြောင်းကို အောက်ပါပရောဖက်ပြုစကားများအားဖြင့် ဖေါ်ပြထားသည်။ “အကျွန်ုပ် . . . ရောက်လာပါပြီ၊ အိုအကျွန်ုပ်၏ဘုရားသခင်၊ အလိုတော်ကို ဆောင်ရာ၌ အားရဝမ်းမြောက်ပါ၏။ တရားတော်သည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။”—ဆာလံ ၄၀:၆-၈။ ဟေဗြဲ ၁၀:၅-၁၀။
၁၈။ ဘုရားသခင့် တရားတော်သည် ယေရှု၏ “နှလုံးထဲမှာ” အဘယ်သို့ရှိသနည်း။
၁၈ ယေဟောဝါ၏ တရားတော်သည် ယေရှု၏ “နှလုံးထဲမှာ” အဘယ်သို့ရှိသနည်း။ ငါတို့၏ ဘုရားသခင် ယေဟောဝါသည် တစ်ပါးတည်းဖြစ်တော်မူပြီး အခြားသောဘုရားမရှိဟု ယုဒကျမ်းပြုဆရာတစ်ဦးအား ကိုယ်တော်မိန့်တော်မူခြင်းအားဖြင့် ယေဟောဝါ၏ အကြီးမြင့်ဆုံးသော တန်ခိုးအာဏာတော်အကြောင်းကို ပဓာနပြုတော်မူ၏။ ထို့နောက် ဘုရားသခင့်ပညတ်တရား၏ အနှစ်သာရတွင် ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်း၊ တစ်ချိန်တည်းတွင် အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ခြင်း ပါဝင်ကြောင်း ပြဆိုတော်မူ၏။ (မာကု ၁၂:၂၈-၃၄) ဤကား ‘အလိုတော်ကို ဆောင်ရာ၌ အားရဝမ်းမြောက်ပါ၏’ ဟူ၍ ယေရှုမိန့်မြွက်တော်မူနိုင်ခြင်း၏ အဓိကအကြောင်းတရားပင်ဖြစ်သည်။ ကိုယ်တော်သည် အကြီးမားဆုံးသော စမ်းသပ်ခြင်းနှင့် ဒုက္ခဆင်းရဲခံရသည့် ကြားမှ မိမိလမ်းစဉ်ကို သစ္စာရှိရှိ စွဲစွဲမြဲမြဲ လိုက်တော်မူခဲ့၏။ ယင်းသည် ကောင်းမြတ်သောလုပ်ငန်းဖြစ်သည် ဟူသောသဘောကြောင့်သာမဟုတ်ဘဲ ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိတော်မူသောကြောင့် ထိုသို့စွဲစွဲမြဲမြဲ လိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်း အလားတူ ယေဟောဝါ၏ အကြီးမြင့်ဆုံးသော တန်ခိုးအာဏာတော်ကို အသိအမှတ်ပြု၍ ခိုင်မြဲသော သံယောဇဉ်ဖြင့် ကိုယ်တော်အား ချစ်မည်ဆိုလျှင် ကျွန်ုပ်တို့၏အပ်နှံ့ခြင်းနှင့် နှစ်ခြင်းမင်္ဂလာအတိုင်း ကျင့်ကြံနေထိုင်နိုင်ပေမည်။
၁၉။ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် ကျွန်ုပ်တို့လုပ်နေသော အလုပ်နှင့် အဘယ်ဆက်စပ်မှုရှိသနည်း။
၁၉ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် ကျွန်ုပ်တို့လုပ်ဆောင်နေသော အလုပ်နှင့် ဆက်စပ်မှု ရှိသည်မှာ ဆိုဖွယ်မရှိပေ။ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါကို ချစ်ကြောင်း ကျွန်ုပ်တို့ပြသကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သော ကွယ်လွန်သူ ဂရဲန့်စူတာ၊ တစ်ချိန်က ဤသို့ရေးသားခဲ့သည်။ “ယေဟောဝါအား ဝတ်ပြုအမှုဆောင်ခြင်းနှင့်ဆိုင်သော အခွင့်အရေးနှင့် တာဝန်ဝတ္တရားအကြောင်း [နယ်လှည့်ကြီးကြပ်မှူးတစ်ဦး] ဟောပြောသည်ကို နားထောင်ရင်းနှင့် ကျွန်တော်လုပ်သင့်သောအရာနှင့် လုပ်လိုသောအရာကို သိမြင်လာခဲ့သည်။ သို့နှင့် ယေဟောဝါထံ ကိုယ်ကိုအပ်နှံ့ခြင်းပြုခဲ့သည်။ တစ်ချိန်တည်းလောက်တွင် အခြားကျွန်တော်.မိသားစုဝင်များကလည်း ထိုသို့ပြုခဲ့ကြသည်။ ၁၉၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၌ ကာလီဖိုးနီးယားပြည်နယ်ဆန်ဟိုစေးမြို့တွင် ကျွန်ုပ်တို့အားလုံး ယေဟောဝါထံအပ်နှံ့ခြင်းကို ရေနှစ်ခြင်းခံခြင်းအားဖြင့် အထိမ်းအမှတ်ပြခဲ့ကြသည်။ . . . နှစ်ခြင်းခံပြီးနောက် . . . နှစ်ခြင်းအစီအစဉ်ကို ကြီးကြပ်သော အကြီးအကဲအား အဖေက ‘ခင်ဗျားတို့ စာအုပ်စာတမ်းတွေနဲ့ အပြင်ထွက်ကြတယ်မဟုတ်လား၊ ကျွန်တော်တို့လည်း အဲ့ဒီအလုပ်မျိုးကို အခုလုပ်ချင်နေတယ်’ ဟုဆို၏။ သို့နှင့် ကျွန်ုပ်တို့မိသားစု လယ်ကွင်းဓမ္မအမှုဆောင် စ၍ထွက်ခဲ့ကြသည်။” ယနေ့တွင် အရည်အချင်းရှိသူများဆိုလျှင် နှစ်ခြင်းမခံမီကပင် လယ်ကွင်းအမှုဆောင်တွင် အဓိပ္ပာယ်ရှိရှိ စ၍ပါဝင်ကြသည်။
နှစ်ခြင်းမင်္ဂလာသည် ကျွန်ုပ်တို့ကို ကယ်တင်နိုင်၏
၂၀၊ ၂၁။ (က) အဘယ်နည်းဖြင့် ယေဟောဝါ၏ ကျေးကျွန်များ ‘မှတ်သား’ ခံရသနည်း။ (ခ)ဤ ‘အမှတ်’ ကား အဘယ်နည်း။ ယင်းကို ပိုင်ဆိုင်ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၂၀ ကျွန်ုပ်တို့၏ အလုပ်အားဖြင့် ကျွန်ုပ်တို့ကို ‘ယေဟောဝါပိုင်တော်မူကြောင်း’ တင်ပြနိုင်ကြသည်။ ကိုယ်တော်၏ သစ္စာနှံ့ကျေးကျွန်များအဖြစ် သစ္စာရှိရှိ လုပ်ဆောင်သွားပါမှ ကယ်တင်ခြင်း ရမည်ဖြစ်သည်။ (ရောမ ၆:၂၀-၂၃၊ ၁၄:၇၊ ၈) ရှေးခေတ်၌ ကျွန်များကို နဖူး၌ မှတ်သားလေ့ရှိသည်။ ‘ပိတ်ထည်ဝတ်ဆင်သူ’ ပုံဆောင်ရာ ယေရှု၏ ဘိသိက်ခံနောက်တော်လိုက်များမှ အကြွင်းအကျန်တို့သည် ယနေ့ဟောပြောခြင်းလုပ်ငန်းအားဖြင့် ဤစနစ်အဆုံးကို ကပ်ကျော်မည့်သူများကို ‘ထိုးမှတ်’ လျက်နေသည်။ ဤလုပ်ငန်း၌ ဘိသိက်ခံများကို အပေါင်းအဖေါ်များ ဖြစ်ကြသော “အခြားသိုးများ” ကကူညီပေးလျက်နေသည်။ (ယေဇကျေလ ၉:၁-၇။ ယောဟန် ၁၀:၁၆) ထို “အမှတ်” ကား အဘယ်နည်း။ ယင်းမှာ ကျွန်ုပ်တို့သည် ယေဟောဝါထံ အပ်နှံ့ပြီးသူဖြစ်ကြောင်း၊ ခရစ်တော်ကဲ့သို့သော ဥပဓိရုပ်ရှိ၍ နှစ်ခြင်းခံပြီးသော ယေရှု၏ တပည့်တော်များဖြစ်ကြောင်း ထင်ရှားစေသည့် သက်သေသာဓကဖြစ်သည်။
၂၁ ယခုအချိန်၌ ယင်း “အမှတ်” ရှိရန်၊ ယင်းကို မပျက်အောင် စောင့်ထိန်းဖို့ အထူးအရေးကြီးသည်။ အကြောင်းမူကား ကျွန်ုပ်တို့သည် ‘ဆုံးခန်းကာလ’ ၏ နောက်ဆုံးပိုင်းတွင် ရောက်ရှိနေသောကြောင့်တည်း။ (ဒံယေလ ၁၂:၄) ကယ်တင်ခြင်း ရရှိရေးအတွက် ကျွန်ုပ်တို့၏ လက်ရှိဘဝအဆုံးတိုင်အောင် သော်လည်းကောင်း၊ ဤစနစ်၏ အဆုံးတိုင်အောင် သော်လည်းကောင်း တည်ကြည်ခံရပ် သွားရပေမည်။ (မဿဲ ၂၄:၁၃) ယေဟောဝါ၏ သက်သေများအဖြစ် ဤသို့ သစ္စာရှိစွာ တည်ကြည်သွားပါမှ နှစ်ခြင်းမင်္ဂလာသည် ကျွန်ုပ်တို့ကို ကယ်တင်ပေမည်။
ပြန်လည်စစ်ဆေးရန် မေးခွန်းများ
▫ ကယ်တင်ခြင်းခံရဖို့ရာ ကျွန်ုပ်တို့ ဘာလုပ်ဆောင်ရမည်နည်း။
▫ နှစ်ခြင်းခံရန်ဆန္ဒရှိသူတို့နှင့် အကြီးအကဲများ အဘယ်ကြောင့်ဆွေးနွေးမှု ပြုလုပ်သနည်း။
▫ သားသမီးများအား နှစ်ခြင်းခံခြင်းသို့ပို့ဆောင်သော ဝိညာဏလမ်းညွှန် သင်ပြမှုပေးနိုင်ရန် မိဘများ ဘာပြုလုပ်နိုင်သနည်း။
▫ အလုပ်တစ်ခုအတွက် ကျွန်ုပ်တို့ အပ်နှံ့ခြင်းပြုသလော။
▫ နှစ်ခြင်းမင်္ဂလာ ကျွန်ုပ်တို့ကို အဘယ်ကဲ့သို့ ကယ်တင်နိုင်သနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
နှစ်ခြင်းသည်နောဧနှင့်သူ၏ အိမ်ထောင်ကိုသင်္ဘောထဲ၌ ကယ်တင်ခြင်းနှင့်မည်သို့ဆက်နွယ်ကြောင်းသင်သိပါသလော
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
အပ်နှံခြင်းနှင့် နှစ်ခြင်းသည်လူငယ်များကိုအကျိုးပြုသည် မည်သို့ပြုကြောင်းသင်သိပါသလော