ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ပျောက်နေသော သားတစ်ယောက်ပုံပြင်
နာမည်ကြီး အပြစ်သားများနှင့် ပေါင်းသင်းခြင်းကြောင့် ယေရှုအား ဖါရိရှဲတို့အပြစ်တင် ဝေဖန်ခဲ့သဖြင့် ပြန်လည်ချေပရာတွင် ယေရှုက ပျောက်နေသောသိုးနှင့် ပျောက်နေသောငွေ တစ်ပြားအကြောင်း ဥပမာများ မိန့်တော်မူပြီးခါစရှိသည်။ ယခု ဥပမာနောက်တစ်ခု ဆက်၍ မိန့်ကြားတော်မူ၏။ မေတ္တာပြည့်ဝသော ဖခင်တစ်ဦးက သားနှစ်ယောက်အား ဆက်ဆံပုံအကြောင်းဖြစ်သည်။ သားနှစ်ယောက်စလုံး၌ ကြီးလေးသော အပြစ်ကိုယ်စီရှိသည်။
ဦးဆုံးအနေနှင့် ယင်းဥပမာထဲမှ အဓိကဇာတ်ကောင်ဖြစ်သော သားငယ်အကြောင်း အစချီထားသည်။ သူသည် ဖခင်က ဖင့်နွှဲခြင်းမရှိဘဲ ခွဲဝေပေးလိုက်သော အမွေဥစ္စာများကို သိမ်းယူပြီးလျှင် အိမ်မှထွက်သွား၍ အလွန်တရာ သီလပျက်ပြားသော အသက်တာမျိုး၌ ပျော်ပါးလေ၏။ သို့သော် ယင်းပုံပြင်အကြောင်း ယေရှုဟောကြားသည်ကို နားထောင်ပြီး ဇာတ်ကောင်များ မည်သူတို့ကို အသီးသီးပုံဆောင်သည်ကို သင်ပိုင်းဖြတ်နိုင်မနိုင် ဆန်းစစ်ကြည့်ပါ။
“တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအငယ်က၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေစုကိုပေးပါ ဟုပြောဆိုလျှင် အဘသည် ဥစ္စာများကိုဝေ၍ သားတို့အားပေးလေ၏” ဟူ၍ ယေရှုစ၍ ဟောကြားတော်မူ၏။ ဤသားအငယ်သည် ရရှိသောအမွေစုဖြင့် ဘာလုပ်သနည်း။
“ထိုနောက် နေ့ရက်များမကြာမီ သားအငယ်သည် မိမိဥစ္စာရှိသမျှကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင် ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာများကို ဖြုန်းတီး” လေ၏ဟု ယေရှုရှင်းပြတော်မူ၏။ စင်စစ်အားဖြင့် ပြည့်တန်ဆာတို့နှင့် ပျော်ပါး၍ ငွေကိုဖြုန်းတီးခြင်းဖြစ်သည်။ ယေရှုဆက်လက်၍ ဟောကြားသည့်အတိုင်း နောက်ပိုင်းတွင် ဒုက္ခကာလရောက်လာသည်။
“ရှိသမျှကုန်သောအခါ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်းဖြစ်၍ သူသည်အလွန်ဆင်းရဲခြင်းသို့ရောက်၏။ ထိုအခါ ပြည်သားတစ်ယောက်ထံသို့ သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှာ သူ့သခင်သည် တောသို့စေလွှတ်သဖြင့် သူသည် ဝက်စားတတ်သောပဲတောင့်ကိုပင် စားချင်မတတ် ငတ်မွတ်လျက် နေရ၏။ အဘယ်သူမျှ အစာကိုမကျွေး။”
ဝက်ဆိုသည်မှာ ပညတ်တရားအရဆိုလျှင် မစင်ကြယ်သော အကောင်များဖြစ်သဖြင့် ဝက်ကျောင်းရသောအလုပ်ကို မလွဲသာဘဲ လုပ်ရခြင်းသည် အလွန်နိမ့်ကျလှသည်။ သို့သော် ထိုသားအား ခံရအခက်ဆုံးဖြစ်စေသော အရာကား အူတကြုတ်ကြုတ် ဆာလောင်မွတ်သိပ်ခြင်းဖြစ်သည်။ ဆာလောင်လွန်း၍ ဝက်ကျွေးသောအစာကိုပင် စားချင်စိတ်ပေါက်လာသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ဤဒုက္ခကြီးကြောင့် ‘သတိရ’ လာသည်ဟု ယေရှုဆို၏။
ယေရှုသည် ပုံပြင်ကို ဆက်၍ ဤသို့ ရှင်းပြတော်မူ၏။ “သူက ငါ့အဘထံ ဝစွာစားသောက်ရသော သူရင်းငှားများလှလေစွ။ ငါမူကား ဤတွင် မွတ်သိပ်လျက် ပျက်စီးရတော့မည်တကား။ ငါထ၍ အဘထံသွားပြီးလျှင် အဘ၊ ကျွန်တော်သည် ကောင်းကင်ရှင်ကိုလည်းကောင်း၊ အဘကိုလည်းကောင်း ပြစ်မှားမိပါပြီ၊ သားဟုအခေါ်ခံထိုက်တော့မည်မဟုတ်ပါ။ သူရင်းငှားတစ်ယောက်ကဲ့သို့ ထားပါဟူ၍ လျှောက်မည်ဟု အကြံပြုသည်အတိုင်း ထ၍ အဘထံသွား” လေ၏။
ဤနေရာတွင် စဉ်းစားစရာတစ်ခုဝင်လာသည်။ အိမ်မှထွက်ခဲ့စဉ်က ဖခင်ဖြစ်သူသည် စိတ်ဆိုးမာန်ဆိုးနှင့် သူ့အားကြိမ်းမောင်းခဲ့သည်ရှိသော် သူဘာလုပ်သင့်သည်ကို ယခုလောက် စိတ်ဖြောင့်ဖြောင့်နှင့် ဆုံးဖြတ်နိုင်ခဲ့မည်မဟုတ်ပေ။ နေရင်းပြည်သို့ ပြန်၍ တစ်နေရာရာတွင် အလုပ်ရှာမည်၊ ဖခင်နှင့် မျက်နှာချင်းမဆိုင်ရအောင် နေမည်ဟု ဆုံးဖြတ်ခဲ့ပေမည်။ သို့သော် ထိုစိတ်ကူးမျိုး လုံးဝမပေါ်ခဲ့ချေ။ အိမ်ကိုသာ ပြန်ရောက်ချင်နေသည်။
ယေရှု၏ဥပမာထဲမှ ဖခင်ဖြစ်သူမှာ မေတ္တာတရား၊ ကရုဏာတရားကြွယ်ဝသော ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင် ခမည်းတော်ယေဟောဝါဘုရားသခင်ကို ပုံဆောင်သည်မှာ ရှင်းလှပေသည်။ ပျောက်နေသောသား၊ သို့မဟုတ် ဖြုန်းတီးသောသားမှာ နာမည်ကြီးအပြစ်သားများကို ပုံဆောင်ကြောင်းကိုလည်း အသင်သိမြင်ပေလိမ့်မည်။ ယေရှု၏ပရိသတ် ဖါရိရှဲတို့က အဆိုပါအပြစ်သားများနှင့် စားသောက်ခြင်းအတွက် မကြာခင်က ကိုယ်တော်အား အပြစ်တင်ဝေဖန်ခဲ့ကြသည်။
သို့သော် သားကြီး မည်သူတို့ကို ပုံဆောင်သနည်း။ ယေရှု၏ဥပမာသည် ကျွန်ုပ်တို့၏ ၂၀ ရာစုနှစ်တွင် အဘယ်သက်ဆိုင်ပုံရှိသနည်း။ နောက်အပတ် ထုတ်မဂ္ဂဇင်းတွင် ပြန်တွေ့သော ပျောက်နေသည့် သားပုံပြင်၏ ကျန်အပိုင်းကို စဉ်းစားဆင်ခြင်သောအခါ ဤမေးခွန်းများကိုဖြေဆိုပါမည်။ လုကာ ၁၅:၁၁–၂၀၊ ၃၀။ ဝတ်ပြုရာ ၁၁:၇၊ ၈။
◆ ဤဥပမာသို့မဟုတ် ပုံပြင်ကို မည်သူတို့အား ယေရှုဟောကြားတော်မူသနည်း။ အဘယ်ကြောင့်နည်း။
◆ ပုံပြင်တွင် အဓိကဇာတ်ကောင်ကား မည်သူနည်း။ သူဘာဖြစ်သနည်း။
◆ ဖခင်နှင့်သားငယ်တို့သည် အသီးသီး မည်သူ့ကို ပုံဆောင်သနည်း။
◆ နောက်အပတ်ထုတ် ဤမဂ္ဂဇင်းတွင် အဘယ်အကြောင်းအရာကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။