ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၃/၁ စာ. ၁၀-၁၃
  • ယေဟောဝါသည် ကျွန်မ၏ခိုလှုံရာနှင့် ကျွန်မ၏ရဲတိုက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် ကျွန်မ၏ခိုလှုံရာနှင့် ကျွန်မ၏ရဲတိုက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေခြင်း၏ရလဒ်
  • လုံမငယ်နှင့်ဂိုဏ်းချုပ်
  • နာဇီသိမ်းပိုက်ခြင်း
  • ကြုံခဲသောဆုံစည်းမှု
  • ဂိလဒ်တက်ဖို့ဖိတ်ခေါ်ချက်
  • အလုပ်များတဲ့အငြိမ်းစား
  • ငယ်ရွယ်စဉ်မှစ ယေဟောဝါ သွန်သင်ပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • စစ်ပြီးကာလ တိုးချဲ့မှုတွင် ပါဝင်ခွင့်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကမ္ဘာသစ်သို့သွားရာ ခရီးလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဂျူးလူမျိုးတစ်ယောက်ရဲ့ အဝတ်ကို အနှစ်ခုနစ်ဆယ်ကျော် ဆွဲကိုင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၃/၁ စာ. ၁၀-၁၃

ယေဟောဝါသည် ကျွန်မ၏ခိုလှုံရာနှင့် ကျွန်မ၏ရဲတိုက်

မာဂရက် ဝက်စ် ပြောပြသည်

၁ ၇၂၁ ခုနှစ်မှာ ဒိန်းမတ်ဘုရင်မ အင်နာဆိုဖီ ကိုသရဖူဆောင်းခဲ့တဲ့ ရဲတိုက်မှာနေရတာကိုစဉ်းစားကြည့်ပါ။ လှပပြီးဥယျာဉ်ခြံအလယ်မှာရှိတဲ့ ဒိန်းမတ်ဘုရင့်မိသားစုရဲ့ နွေနန်းဟာ ကျွန်မရဲ့ ငယ်နေအိမ်ဖြစ်ခဲ့တယ်။ ခမ်းနားထည်ဝါတဲ့အခန်းတွေ လှေကားတွေနဲ့ ပြင်သစ်ပညာရှင်များ ရေးဆွဲထားတဲ့မျက်နှာကြက်တွေဟာ အိပ်မက်လိုပါဘဲ။

ရဲတိုက်ကနေ နည်းနည်းလျှောက်သွားရင် နောက်အဆောက်အအုံတစ်ခုရှိပြီး ပိုဣန္ဒြေရတယ်။ ဒါပေမဲ့အဲ့ဒီအဆောက်အအုံမှာ နေရတဲ့အနှစ် ၃၀ ဟာကျွန်မဘဝကို ပိုလန်းဆန်းစေပါတယ်။ အဲ့ဒါကတော့ ယေဟောဝါသက်သေများရဲ့ ဒိန်းမတ်ဗေသလဌာနခွဲရုံးပါဘဲ။

ဒါပေမဲ့ပထမဆုံး ကိုပင်ဟေဂင်မြို့မှာရှိတဲ့ ဖရယ်ဒရစ်ဘာ့ရဲတိုက်မှာ ကျွန်မဘယ်လိုရောက်လာပုံကို ပြောပြလိုပါတယ်။ ကျွန်မရဲ့ဖခင်ဟာ ဒိန်းမတ်စစ်တပ်မှာ ဗိုလ်မှူးကြီးဖြစ်ပြီး စစ်တက္ကသိုလ်ကိုဦးစီးတယ်။ သူရဲ့ဌာနချုပ်ကတော့ ရဲတိုက်ထဲမှာဖြစ်တယ်။ ဒီရာထူးကြောင့်သူနဲ့သူ့မိသားစုဟာ ဒီလိုအသိုင်းအဝိုင်းထဲမှာ နေရခြင်းပါဘဲ။ အန္တရယ်တွေကနေ ကာဆီးထားတဲ့ လှပတဲ့ အဆောင်အယောင်တွေကြားမှာ နေရတဲ့မိန်းမငယ်တစ်ယောက်အဖို့ ဘဝဟာပုံပြင်လိုပါဘဲ။ ကလေးဘဝက ပျော်ရွှင်ချမ်းမြေ့မှုဟာ ဘယ်တော့မှမကုန်ဆုံးသွားနိုင်ဘူးလို့ ကျွန်မထင်မှတ်မိခဲ့တယ်။ ဒါပေမဲ့ ၁၉၂၁ ခုနှစ်ရဲ့မမေ့နိုင်တဲ့ နေ့တစ်နေ့မှာ အဲ့ဒီအိပ်မက်ပျက်ပြားသွားခဲ့တယ်။

ကျွန်မတို့ကလေးတွေကို အဖေ့အိပ်ခန်းထဲ ခေါ်ထားတယ်။ အဖေလျောင်းနေတာတွေ့ရပြီး ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ လက်နှစ်ဘက်ကိုစောင်ပေါ်တင်ထားတယ်။ အမေကသူ့ရဲ့လက်ကို ကျွန်မတို့အပေါ်တင်ထားတယ်။ အိပ်ယာဘေးမှာရှိတဲ့ ကျွန်မတို့ဆရာဝန်လည်း အတော်စိုးရိမ်ပုံပေါက်နေတယ်။ အမေက “အဖေသေပြီ” လို့အသံလေးလေးနဲ့ပြောတယ်။ “မဖြစ်နိုင်ဘူး၊ သူဖျားတောင်မဖျားတာ” ဆိုပြီး ကျွန်မစိတ်ထဲမှာအုံဆိုင်းဝင်လာတယ်။ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်အတွက် ကြီးကျယ်တဲ့အတွေ့အကြုံတစ်ခုပါဘဲ။ ကြေကွဲဖွယ် သေခြင်းကြောင့် ကျွန်မအတွက်ဘဝရည်ရွယ်ချက်ကို စသိနားလည်စေခဲ့တယ်။

အဖေ့သေခြင်းဟာ ကျွန်မတို့ရဲ့အသက်တာမှာ မဟာပြောင်းလဲမှုကြီးဖြစ်စေခဲ့တယ်။ ရဲတိုက်ဟာ အရာရှိနေအိမ်ဆိုတော့ ကျွန်မတို့နေဖို့ နေရာသစ်အမေရှာခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ခက်ခဲတာမို့ ကျွန်မတို့ကိုပူဆွေးမှုကလွတ်အောင် အမေဟာကျွန်မတို့မိသားစုနဲ့ မိတ်ဆွေတွေ လန့်သွားစေတဲ့ အရာတစ်ခုလုပ်ခဲ့တယ်။ ကျွန်မတို့အားလုံးကို ကျောင်းထုတ်လိုက်ပြီး တစ်နှစ်လုံးလုံး ဥရောပတစ်ခွင် ကျွန်မတို့လှည့်ပတ်ကြတယ်။

ရှာဖွေခြင်း၏ရလဒ်

ဒိန်းမတ်အိမ်ပြန်ရောက်တော့ အဖေ့သေဆုံးခြင်းကို တသသဖြစ်နေတုံးဘဲ။ အမေဟာ မကြာခဏဘဲ သူ့ကိုယ်ကို ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ လို့မေးတယ်။ အဖြေရဖို့သူဟာ အရှေ့ပိုင်းစိတ်ပညာတွေ စူးစမ်းတယ်။ ဒါပေမဲ့၊ ဒါတွေဟာ သူ့ရဲ့ဆင်ခြင်တုံစိတ်ကို မကျေနပ်စေဘူး။ ဒါနဲ့သူဟာ သမ္မာကျမ်းစာဖက်လှည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီမှာ အဖြေတချို့ပါမှာဘဲလို့ သူထင်တယ်။ စာအုပ်စင်က သမ္မာကျမ်းစာကို သူလှမ်းယူလိုက်တဲ့အခါ ဘေးမှာ သူတစ်ခါမှ မမြင်ဘူးတဲ့ စာအုပ်နီကိုတွေ့သွားတယ်။ The Divine Plan of the Ages လို့ခေါ်တဲ့စာအုပ်ဘဲ။ ကျွန်မရဲ့အစ်ကိုဟာ ကျွန်မတို့ဆီလာဟောတဲ့ ကျမ်းစာကျောင်းသားတစ်ယောက်ဆီက အခုလေးတင်ဝယ်ထားလိုက်တဲ့စာအုပ်ပါဘဲ။

အမေဟာစာအုပ်ကိုစဖတ်ပြီး မကြာခင်မှာဘဲ သူ့ရဲ့မေးခွန်းအတွက်အဖြေတွေရပြီလို့ သူယုံကြည်တယ်။ ဒီအချိန်မှာကျွန်မဟာ ပြင်သစ်မှာကျောင်းတက်နေတယ်။ ကျောင်းပိတ်လို့ပြန်လာတဲ့အခါ အမေဟာ သူ့ရဲ့အသစ်တွေ့ရှိတဲ့ ရတနာကိုအားရပါးရပြောပြတယ်။ သူကကျွန်မကို ကမ္ဘာတစ်ဝန်းလုံးကို အုပ်ချုပ်ပြီးစစ်တွေအားလုံးကို ချုပ်ငြိမ်းစေနိုင်မဲ့နိုင်ငံ၊ သေသောသူရှင်ပြန်ထမြောက်ခြင်းအပါအဝင် လူတွေအတွက်မကြားဘူးတဲ့ ကောင်းချီးတွေချပေးမဲ့နိုင်ငံ ဘုရားနိုင်ငံအကြောင်းပြောပြတယ်။ အံ့ဖွယ်တွေပါဘဲ။ နောက်ဆုံးတော့ ကျွန်မတို့ဟာ သံသယနဲ့မရေရာမှုတွေကနေ ခိုလှုံရာကိုတွေ့ခဲ့ရတယ်။

အဲ့ဒီညအိပ်ယာဝင်တော့ ကျွန်မရဲ့အသက်တာမှာ ပထမဆုံးအကြိမ်အနေနဲ့ ဆုတောင်းတယ်။ ကျွန်မတို့ဟာ တစ်ခါမှဘာသာရေးဆန်တဲ့ အိမ်ထောင်မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ကျောင်းမှာ သခင်ရဲ့ဆုတောင်းချက်ကို သင်ခဲ့ရဘူးတယ်။ ဒါနဲ့အဲ့ဒီဆုတောင်းချက်ကို ကျွန်မတွန့်ဆုတ်စွာနဲ့ဘဲ စရွတ်တယ်။ “နိုင်ငံတော်တည်ပါစေ. . . ။” ဆိုတဲ့စကားကိုရောက်တဲ့အခါ ကျွန်မရဲ့နှလုံးဟာ ပျော်လွန်းလို့ကွဲမတတ် ခံစားရတယ်။ နောက်ဆုံးတော့ ကျွန်မတောင်းတဲ့အရာကို ကျွန်မနားလည်ပါပြီ။ အနှစ် ၆၀ လွန်သွားပါပြီ။ ဒါပေမဲ့ အဲ့ဒီညက ခံစားရတဲ့ မဖေါ်ပြနိုင်တဲ့ ပျော်ရွှင်မှုကို ကျွန်မရှင်းရှင်းလေးမြင်နေရတုံးပါဘဲ။

ပြင်သစ်ကျောင်းပြီးသွားတော့ အင်္ဂလိပ်ကို လေ့ကျင့်ဖို့အင်္ဂလန်ကို ကျွန်မသွားခဲ့တယ်။ အမေက “မိန်းကလေးတစ်ယောက်ဟာ ဘာသာစကားတွေ သင်ယူရမယ်။ ယောက်ျားလေးကျတော့သင်္ချာ” လို့အထပ်ထပ်ပြောခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မဟာ ဘာသာစကားငါးမျိုးတတ်သွားတယ်။ အားလုံးဘဲတန်ဘိုးမဖြတ်နိုင်ဘူး။ ဒီလိုအခွင့်အရေးမျိုးပေးခဲ့တဲ့အတွက် နောက်ပိုင်းအမေ့ကို မကြာခဏကျွန်မကျေးဇူးတင်မိပါတယ်။

အင်္ဂလန်ရောက်တော့ လက်ဆွဲသေတ္တာထဲမှာ The Harp of God စာအုပ်ကို အမေကထည့်ပေးလိုက်တာတွေ့ရတယ်။ အဲ့ဒီစာအုပ်ကို ကျွန်မအသေအချာလေ့လာပြီး အတူတူနေတဲ့ အင်္ဂလိပ်မိသားစုကို စသက်သေခံတယ်။ ဒီမိသားစုရဲ့အမျိုးတစ်ယောက် တစ်ခါက အိမ်ကိုလာလည်တော့ ကျွန်မသူ့ကိုလည်း သက်သေခံလိုက်တယ်။ (ကျွန်မဟာဒီ “စောင်း” ရဲ့ ‘ကြိုးဆယ်ပင်’ ကိုတီးခတ်တဲ့နေရာမှာ အတော်ကျင်လည်လာတယ်) ဒီအမျိုးသမီးလည်း သူ့ကိုယ်ပိုင်အတွက်စာအုပ်ရချင်တာနဲ့ ကင်းမျှော်စင်အသင်းရဲ့ လန်ဒန်ဌာနခွဲရုံးကို ကျွန်မစာရေးလိုက်တော့ ကျွန်မကိုသူတို့က ဒေသခံညီအစ်ကိုတွေဆီညွှန်းလိုက်တယ်။

ဒါနဲ့ကျွန်မဟာ ဝစ်ခ်ဖို့အစ်စက်မှာရှိတဲ့ ကျမ်းစာကျောင်းသားတစ်ဦးအိမ်မှာစုရုံးတဲ့ အုပ်စုငယ်လေးနဲ့ စပြီးပေါင်းသင်းခဲ့တယ်။ စည်းဝေးတစ်ခုမှာ လာမဲ့တနင်္ဂနွေနေ့မှာ “ခရီးတိုထွက်ခြင်း” ရှိမဲ့အကြောင်းကြေငြာပြီး ကျွန်မကိုလည်း ဖိတ်ခေါ်ခဲ့တယ်။ ကျွန်မလည်းဒေသကျေးလက်မှာ ပျော်ပျော်လည်ပတ်မယ်လို့ မျှော်နေမိတယ်။ ဒါပေမဲ့ နေရာရောက်တော့ ကျွန်မကိုစာအုပ်တချို့ပေးပြီး အသက်ကြီးကြီးညီမတစ်ယောက်နဲ့ လိုက်ဟောဖို့လွှတ်လိုက်ပါလေရော။

ဒိန်းမတ်ပြန်ရောက်တော့ ကျမ်းစာကျောင်းသားတွေနဲ့ ကျွန်မဆက်ပေါင်းပြီး ၁၉၂၉ ခုမှာ ကျွန်မနှစ်ခြင်းခံခဲ့တယ်။ မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုကတော့ ၁၉၃၁ ခု ကိုပင်ဟောင်စည်းဝေးကြီးပါဘဲ။ စည်းဝေးကြီးမှာ ယေဟောဝါသက်သေများဆိုတဲ့ အမည်ကိုခံယူခဲ့တယ်။ ဒီအချက်ကို အုပ်စိုးရှင်တွေကိုအသိပေးဖို့ ညီအစ်ကို ရပ်သဖို့ဒ် ရဲ့ဟောပြောချက်နဲ့၊ စည်းဝေးကြီးမှာပြုခဲ့တဲ့ နောက်ဆက်တွဲ အဓိဌာန်ကို The Kingdom, the Hope of the World စာအုပ်ငယ်မှာ ထုတ်ဝေခဲ့တယ်။ ကျွန်မတို့ဟာ ဓမ္မဆရာအားလုံး၊ တရားသူကြီး၊ အုပ်ချုပ်ရေးပိုင်းနဲ့ လူသိများတဲ့လုပ်ငန်းရှင်တွေ အားလုံးအပါအဝင် ဒေသမှာရှိတဲ့ ထင်းရှားသူတွေဆီကို ကိုယ်တိုင်သွားပေးဖို့ဖြစ်တယ်။

လုံမငယ်နှင့်ဂိုဏ်းချုပ်

ဒိန်းမတ်ဘုရင်ကို ဌာနခွဲကြီးကြပ်ရေးမှူးဟာ တွေ့ခွင့်ရတဲ့အတွက် စာအုပ်တစ်အုပ်ပေးလိုက်တယ်။ ကျွန်မကိုလည်း ဒီအစီအစဉ်မှာ လည်ပတ်ရမည့်သူတွေရဲ့ နာမည်၊ လိပ်စာရေးထားတဲ့ စာတွေနဲ့အတူ စာအုပ်လေးတွေတထပ်ကြီးပေးခဲ့တယ်။ စာရင်းထဲက ပထမဆုံးနာမည်ဟာ ကျွန်မကိုတကယ်ဘဲ ထိတ်လန့်သွားစေတယ်။ အဲ့ဒါကတော့ ယေဟောဝါသက်သေတွေကို တိုက်ခံတဲ့နေရာမှာ လူသိများထင်းရှားတဲ့ လူသရင်ဂိုဏ်းချုပ်ကြီးပါဘဲ။

ဂိုဏ်းချုပ်ဟာ ကိုပင်ဟောင်မြို့ရဲ့ သီးသန့်ရပ်ကွက်မှာနေတယ်။ ကျွန်မ အိမ်ခေါင်းလောင်းသွားနှိပ်တော့ ကိုယ့်ကိုယ်ကို ကျွန်မရဲ့သေးငယ်တဲ့ ငါးပေအရပ်ထက် ပိုငယ်သွားသလို ခံစားမိတယ်။ အိမ်ဖေါ်တစ်ယောက် တံခါးလာဖွင့်ပြီး မယုံသင်္ကာနဲ့ ကျွန်မကိုအပေါ်ကြည့်လိုက် အောက်ကြည့်လိုက်နဲ့ “ဘာအလိုရှိပါသလဲရှင်” လို့မေးတယ်။ ကျွန်မဟာခိုင်ခိုင်မာမာနဲ့ဘဲ “ကျေးဇူးတင်ပါတယ်။ ကျွန်မဂိုဏ်းချုပ်နဲ့စကားပြောချင်လို့ပါ” ဆိုပြီးပြန်ဖြေတယ်။ ဒီကိုလာတဲ့အခါဝတ်ဖို့ အမေငှားလိုက်လို့ ကျွန်မဝတ်ထားတဲ့ သားနားတဲ့သိုးမွှေးကုတ်အင်္ကျီကိုကြည့်ပြီး အိမ်ဖေါ်ဟာ ကျွန်မရဲ့တောင်းဆိုချက်ကို ခွင့်ပြုဖို့ဆုံးဖြတ်လိုက်ပုံရတယ်။ ကျွန်မအတွက် ထာဝရလို့ထင်ရတဲ့ အကြာကြီးရပ်တန့်ပြီးမှ “ခဏလေး” ဆိုပြီးထွက်သွားတယ်။ မကြာခင်သူပြန်လာပြီး ကျွန်မကိုအဆောင်ကူးလမ်းရှည်အတိုင်း ခေါ်သွားပြီး တံခါးဖွင့်လိုက်တယ်။ ဧရာမစားပွဲနောက်မှာ ဂိုဏ်းချုပ်ကြီးထိုင်နေတာကို တွေ့ပါလေရော။ သူဟာအရပ်ရှည်ပြီး ထွားကျိုင်းတယ်။ သူဟာမော့ကြည့်ပြီး ကျွန်မကိုသိမ်မွေ့စွာနဲ့ ပြုံးပြတယ်။

ငါ့ရှေ့မှာရှိတဲ့သူထက် ငါ့နောက်မှာရှိတဲ့ပုဂ္ဂိုလ်ဟာ ပိုကြီးတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုသတိပေးပြီးနောက် ကျွန်မလာရတဲ့ရည်ရွယ်ချက်ကို ရှင်းပြရင်း စာအိပ်ကိုပေးလိုက်တယ်။ သူလှမ်းယူပြီးတဲ့နောက် မီးလောင်နေတဲ့အရာတစ်ခုပမာ စားပွဲပေါ်ပစ်ချလိုက်တယ်။ သူထခုန်ပြီး ကျွန်မလက်ကိုဆွဲကိုင်ရင်း မဆုံးနိုင်တော့တဲ့ အဆောင်လမ်းကူးအတိုင်း အရှေ့တံခါးပေါက်ဆီ ကျွန်မကိုနောက်ပြန်ခေါ်သွားတယ်။ တံခါးကိုပြင်းပြင်းပိတ်လိုက်တယ်။ ဒါပေမဲ့ကျွန်မတစ်ယောက်ထဲပြုံးမိတယ်။ စာအုပ်လေးဟာ သူ့စားပွဲပေါ်ရောက်သွားပြီ၊ ကျွန်မတာဝန်ပြီးသွားပြီ။

၁၉၃၃ ခုနှစ်မှာကျွန်မရှေ့ဆောင်စလုပ်တယ်။ ဒါဟာ ယေဟောဝါကိုပိုပြီး အပြည့်အဝ အမှုဆောင်တဲ့စံပြနည်းလမ်းလို့ ကျွန်မယူဆတဲ့အတွက်ကြောင့်ပါဘဲ။ တစ်နှစ်လောက်ကြာပြီးတဲ့နောက် ဒိန်းမတ်မှာ အရင်နှစ်အတန်ကြာကတည်းက တာဝန်ကျနေတဲ့ အင်္ဂလိပ်ညီအစ်ကို အယ်လ်ဘတ်-ဝက်စ်နဲ့ ကျွန်မလက်ထပ်လိုက်တယ်။ ကျွန်မတို့အတူတကွ ဒိန်းမတ်ဗေသလမှာ အမှုဆောင်နေတာအနှစ် ၃၀ ရှိပါပြီ။

နာဇီသိမ်းပိုက်ခြင်း

၁၉၄၀ ခုနှစ် ဧပြီ ၉ ရက်နေ့ဟာ ကျွန်မမမေ့နိုင်တဲ့နေ့ဘဲ။ ကျွန်မတို့ခေါင်းပေါ်မှာ ပျံသန်းနေတယ်လို့ ထင်မှတ်ရတဲ့ လေယာဉ်သံကြောင့် မနက် ၆ နာရီမှာ ကျွန်မနိုးလာတယ်။ ဘာတွေဖြစ်နေတာလဲ။ ဒိန်းမတ်ဟာ ကြားနေနိုင်ငံဖြစ်တယ်။ အပြင်မှာ လူတွေဟာ စုရုံးနေတယ်။ ကောလာဟလ သတင်းကလည်းအမျိုးမျိုး၊ အခြေအနေကတင်းမာနေတယ်။ နောက်တော့ ရေဒီယိုက “ဒိန်းမတ်ကို ဂျာမနီတပ်တွေ သိမ်းလိုက်ပြီ” လို့ကြေညာတယ်။

လတ်တလောပြဿနာကတော့ အဆောက်အအုံထဲမှာ ကျွန်မတို့သိမ်းထားတဲ့ စာအုပ်စာတမ်းတွေကို ဘာလုပ်ရမလဲဆိုတာပါဘဲ။ ကိုပင်ဟေဂင်မြို့မှာရှိတဲ့ ညီအစ်ကိုတွေဟာအတော့ကို အမြော်အမြင်နဲ့ သတိရှိကြတယ်။ မကြာမီအတွင်းမှာဘဲ စာအုပ်တွေကို ဒေသခံညီအစ်ကိုတွေဆီ ဖြန့်လိုက်တယ်။ ဌာနခွဲစာရင်းဇယားတွေကို စစ်အတွင်းတစ်လျှောက်လုံး သူ့ကုတင်အောက်မှာထားပေးတဲ့ နိုးကြားတဲ့အသက်ကြီးညီအစ်မတစ်ယောက်ဆီမှာ လုံခြုံစွာနဲ့အပ်ထားခဲ့တယ်။

နောက်ပြဿနာတစ်ခုကတော့ အခုဘဲရောက်လာတဲ့ စာအုပ်ငယ် ၃၅၀၀၀၀ ကိုဘာလုပ်ရမလဲဆိုတာဘဲ။ အဲ့ဒီစာအုပ်တွေကို ချက်ချင်းဝေငှလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်ရက်လေးအတွင်းမှာ ဒီလောက်လှေကားများများ တက်နိုင်လိမ့်မယ်လို့ ကျွန်မမထင်ခဲ့ဘူး။ လမ်းပေါ်မှာ ပတ္တယောင်လှည့်နေတဲ့ ဂျာမန်စစ်သားတွေ မရိပ်မိဘဲ ဒါတွေအားလုံးကို ဝေငှနိုင်ခဲ့တယ်။ သူတို့ဖြတ်သွားတဲ့အခါ ဈေးဝယ်သွားသယောင်လုပ်ရတယ်။ လူကြီးလူငယ်အပါအဝင် ညီအစ်ကိုအားလုံးဟာ ဤလျှပ်တစ်ပြက်ဝေခြင်းမှာ ပါဝင်ကြပြီး ၄၈ နာရီပြည့်တာနဲ့ စာအုပ်အားလုံးဟာ လူထုလက်ထဲရောက်ပြီးဖြစ်နေတယ်။

သိမ်းပိုက်ခြင်းနဲ့အတူ ဘရုတ်ကလင်ဌာနချုပ်နဲ့ အဆက်အသွယ်အားလုံး ပြတ်သွားတယ်။ ဒါပေမဲ့ ဝိညာဏအစာထောက်ပံ့မှု မရပ်သွားပါဘူး။ သံအဖွဲ့တွင်အလုပ်လုပ်တဲ့ ညီအစ်ကိုတစ်ဦးနှစ်ဦးရှိတဲ့အတွက် သူတို့ရဲ့လက်ဆွဲအိတ်ကို မရှာဖွေကြဘူး။ သူတို့ဟာ ဆွီဒင်ကိုမှန်မှန်သွားတဲ့အတွက် ကင်းမျှော်စင် ကိုကျွန်မတို့အတွက် ဆွီဒင်ကယူလာပေးတယ်။ ကျွန်မဟာဆွီဒင်လို အတော်အသင့်နားလည်တော့ ကျွန်မကိုစာစောင်တိုင်း ဒိန်းမတ်လိုဘာသာပြန်ဖို့တာဝန်ပေးတယ်။ လန့်စရာစိန်ခေါ်ချက်ဘဲ။ ဒါပေမဲ့ကျွန်မဟာ တတ်နိုင်သလောက် လေ့လာတော့တာဘဲ။ အဲ့ဒီလိုနဲ့ စစ်တစ်လျှောက်လုံး ကင်းမျှော်စင် မှန်မှန်ရခဲ့တယ်။

ဒါတင်မကဘဲ ဒိန်းမတ်စာစောင်တချို့ကို နော်ဝေးကညီအစ်ကိုတွေဆီတောင်ပို့နိုင်ခဲ့တယ်။ နာဇီအရာရှိများအတွက် ဒိန်းမတ်ကနေ နော်ဝေးကိုကြက်ဥသေတ္တာတွေ မှန်မှန်ပို့ပေးရတယ်။ ကျွန်မတို့ဟာ ဒိန်းမတ် ကင်းမျှော်စင် မဂ္ဂဇင်းစာရွက်တွေနဲ့ ကြက်ဥတွေကိုထုပ်လိုက်တယ်။ နော်ဝေးညီအစ်ကိုတွေက ဂျာမန်တွေလက်ထဲ ကြက်ဥတွေမပေးခင် ထုပ်ထားတဲ့ စက္ကူတွေကို အသေအချာ ပြန်ဖြေယူလိုက်ကြတယ်။

ကြုံခဲသောဆုံစည်းမှု

စစ်အတွင်းမှာ ဆွီဒင်ဌာနခွဲမှူးဖြစ်တဲ့ ညီအစ်ကို အန်နာရော့သ် ဟာဒိန်းမတ်ကို လည်ပတ်ဖို့ အခွင့်ရတာနဲ့ အယ်ဘတ် ဟာသူ့ကိုကြိုဖို့ ကူးတို့ဆိပ်ကိုသွားခဲ့တယ်။ ညီအစ်ကို အန်နာရော့သ် ဟာသင်္ဘောကုန်းဘောင်ကဆင်းတာနဲ့ ဂျာမန်အရာရှိနှစ်အုံပေါ်လာပြီး အယ်လ်ဘတ်နဲ့ညီအစ်ကို အန်နာရော့သ် ကိုသူတို့နဲ့လိုက်ခဲ့ဖို့ပြောတယ်။

သူတို့ကို ဂျာမန်တပ်ရဲ့စစ်ဌာနချုပ်တစ်ခုဖြစ်တဲ့ ဟိုတယ် ကော့စ်မိုပိုလိုက် ကိုခေါ်သွားပြီး သာမန်အဝတ်နဲ့ ဂျာမန်တစ်ဦးကိုတွေ့ရတဲ့ ဒုတိယထပ်ရုံးခန်းထဲ စောင့်ကြပ်ခေါ်သွားတယ်။ အဲ့ဒီလူက အင်္ဂလိပ်စကားပီပီသသနဲ့ ဒီလိုပြောတယ်။ “ခင်ဗျားတို့သိတဲ့အတိုင်း စစ်ဖြစ်နေတယ်။ ကျွန်တော်ဟာ ဟမ်းဘာ့ဂ် ကလုပ်ငန်းရှင်တစ်ဦးဘဲ။ ဒီမှာစစ်ဆေးရေးလုပ်ဖို့ တာဝန်ကျတယ်။ ကျွန်တော်ဟာ ကင်းမျှော်စင်သမ္မာကျမ်းစာရဲ့ [ဒိန်းမတ်နှင့်ဆွီဒင်ကြား] စာအားလုံးကိုစစ်ဆေးနေတယ်။ ကျွန်တော်မလုပ်ချင်ပေမဲ့ မတတ်နိုင်ဘူး။ ခင်ဗျားတို့ရဲ့စာတွေဟာ သဘောရိုးပြီး ဖတ်လို့ကောင်းတဲ့အတွက် ချီးကျူးပါတယ်။ အခြားအဖွဲ့ကစာတွေလို ကလိမ်ကျတာမတွေ့ရဘူး။”

သူကညီအစ်ကိုများကို မေးခွန်းတစ်ခုမေးတယ်။ “ပြန်လည်ပတ်မှု” ဆိုတာဘာလဲ။ အယ်လ်ဘတ် ကညီအစ်ကို အန်နာရော့သ် ကိုအိမ်ရှင်အဖြစ်သုံးပြီး ပြန်လည်ပတ်မှုလုပ်ပုံကို တိုတိုနှင့်သရုပ်ပြသည်။ အရာရှိက “ကျေးဇူးတင်ပါတယ်လူကြီးမင်းတို့။ ကျွန်တော်သိချင်တာဒါပါဘဲ။” ဟုပြောပြီး တွေ့ဆုံမှုပြီးသွားတယ်။ ညီအစ်ကိုစာထဲမှာ ထည့်တာတွေကို သတိထားဖို့ သူသတိပေးခြင်းဖြစ်နိုင်တယ်။

ဂိလဒ်တက်ဖို့ဖိတ်ခေါ်ချက်

၁၉၄၅ ခုနှစ် အဆုံးပိုင်းမှာ ကျွန်မတို့ဆီကို ညီအစ်ကို နောနဲ့ဟင်ရှယ် အတော်လှိုက်လှဲစွာနဲ့ လည်ပတ်ခဲ့တယ်။ ဒီလည်ပတ်ချိန်မှာ အယ်လ်ဘတ်နဲ့ကျွန်မကို ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း တက်ဖို့ဖိတ်ခေါ်ခံရတယ်။ ၁၉၄၈ မှာကျွန်မတို့ဟာ ၁၁ ကြိမ်မြောက်သာသနာပြုကျောင်းကို တက်ခဲ့တယ်။ ဂိလဒ်ကျောင်းဆင်းပြီးတဲ့နောက် ဒိန်းမတ်ကိုမပြန်ခင် မေရီလန်း၊ ဗာဂျီးနီးယားနှင့်ဝါရှင်တန်ဒီစီမှာ တိုက်နယ်အလုပ် ခြောက်လတာဝန်ကျတဲ့ ကျွန်မယောက်ျားနဲ့အတူ ကျွန်မအမှုဆောင်တယ်။

နှစ်အတန်ကြာတော့ အယ်လ်ဘတ် ဟာဖျားပြီး နောက်ဆုံးတော့ကင်ဆာဖြစ်နေတယ်။ ကျွန်မဟာတတ်နိုင်သလောက် ဘာသာပြန်ယင်း ၁၉၆၃ ခုနှစ်မှာသူသေသွားတဲ့အထိ သူ့ကိုဆယ်နှစ်ပြုစုခဲ့တယ်။ နောက်နှစ်မှာ ကျွန်မဟာ နောက်တာဝန်ကြီးတစ်ခုနဲ့ ရင်ဆိုင်ရပါတယ်။ ကျွန်မရဲ့အမေဟာအခု ၈၈ နှစ်ရှိပြီ။ သူ့ကိုတစ်ယောက်ယောက် ကြည့်ဖို့လိုနေတယ်။ ဒါနဲ့ဝမ်းနည်းစွာနဲ့ဘဲ ကျွန်မဟာအချိန်ပြည့်လုပ်ငန်းကနေ ထွက်လိုက်ရတယ်။ အမေဟာ ၁၀၁ နှစ်အထိအသက်ရှင်ပြီး အဆုံးအထိဘဲသစ္စာရှိခဲ့တယ်။

အလုပ်များတဲ့အငြိမ်းစား

ကျွန်မအမေရဲ့နောက်ဆုံးနှစ်များအတွင်း ကျွန်မတို့ဟာဆောင်းရာသီဆိုရင် စပိန်မှာနေတယ်။ သူဆုံးသွားတဲ့အခါ ကျွန်မအဲ့ဒီမှာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မဟာစပိန်စကားတတ်ထားတော့ အဲ့ဒီမှာနေယင်း တိုင်းတစ်ပါးလယ်ကွင်းမှာ အမှုဆောင်နေရတယ်လို့ ကျွန်မခံစားရတယ်။ ကျွန်မရဲ့အသက်နဲ့ တခြားတာဝန်တွေကြောင့် ကျွန်မထင်သလိုမလုပ်နိုင်တော့ပေမဲ့ ကျွန်မဟာ မှန်မှန်ဘဲ အရံရှေ့ဆောင်လုပ်နေတုံးပါဘဲ။

ကျွန်မအသက်တာရဲ့ အနှစ် ၂၀ ကျော်ကို ဖျားနာတဲ့လင်ယောက်ျားနဲ့ မိခင်အိုကို စောင့်ရှောက်တဲ့နေရာမှာ သုံးခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါကိုဝန်ထုပ်ကြီးလို့ ကျွန်မတစ်ခါမှမယူဆခဲ့ဘူး။ သူတို့ဟာ အဲ့ဒီလိုစောင့်ရှောက်မှုမျိုး ခံထိုက်တယ်လို့ ကျွန်မအမြဲယူဆခဲ့တယ်။ ယေဟောဝါကို အမှုဆောင်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းလို့ ကျွန်မမြင်တယ်။ ဝမ်းနည်းဖွယ်နဲ့စုံစမ်းခြင်းတွေ ရင်ဆိုင်ရတဲ့အခါခံရပ်နိုင်ဖို့ သူတို့အမြဲကျွန်မကိုကူညီပေးခဲ့တယ်။

ကျွန်မမွေးဖွားခဲ့တဲ့ ခမ်းနားလှတဲ့ရဲတိုက်ကြီးနဲ့ အင်မတန်ကွာခြားလှတဲ့ တစ်ထပ်အိမ်လေးမှာ အခုကျွန်မနေထိုင်နေပါတယ်။ ဒါပေမဲ့ ကျွန်မဘဝစောစောပိုင်းမှာ သိရှိပြီးဖြစ်တဲ့အတိုင်း အဆောက်အအုံတွေဟာ ဘယ်တော့မှ လုံခြုံမှုမပေးနိုင်ဘူး။ တခြားတစ်ဘက်မှာတော့ ကျွန်မကိုဘယ်တော့မှ မရှုံးနိမ့်စေတဲ့ ပိုပြီးကြီးမားတဲ့ ခိုလှုံရာနဲ့ရဲတိုက်ကို ကျွန်မတွေ့ထားပါပြီ။ ကျွန်မတကယ်ဘဲ ဆာလံဆရာလိုပြောနိုင်ပါပြီ။ “ကိုယ်တော်သည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားဖြစ်တော်မူသည်။”—ဆာလံ ၉၁:၂

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ