ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၄/၁ စာ. ၁၈-၂၃
  • ဘုရားသခင့် တရားစီရင်ရာအချိန် ရောက်လေပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့် တရားစီရင်ရာအချိန် ရောက်လေပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တံပိုးမှုတ်သံတို့၏ ဆိုလိုချက်
  • ကမ္ဘာချီဟောပြောရန် ပြန်လည်ရှင်သန်လာ
  • ဘုရားသခင့် နိုင်ငံတော်တည်ထောင်ပြီ
  • ဘုရားသခင့် တရားစီရင်ခြင်း ဦးစွာခံရ
  • ခရစ်ယာန်ဘောင်အပေါ် ကျရောက်သော ယေဟောဝါ၏ ကပ်ဘေးများ
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ဗျာဒိတ်ကျမ်းမှပေါ်လွင်ချက်များ—၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဒုတိယ အမင်္ဂလာ​—မြင်းတပ်များ
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ပထမ အမင်္ဂလာ​—ကျိုင်းကောင်များ
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၄/၁ စာ. ၁၈-၂၃

ဘုရားသခင့် တရားစီရင်ရာအချိန် ရောက်လေပြီ

“ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။”—ဗျာဒိတ် ၁၄:၇။

၁။ ဗျာဒိတ်ကျမ်း၏ အစပိုင်း အခန်းကြီးများ၌ အဘယ်အကြောင်းများ ပါရှိသနည်း။

ဗျာဒိတ်ကျမ်းစောင်၌ ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံသော ရင်ဖိုဖွယ်ပရောဖက်ပြုချက်များ ပါရှိသည်။ ရှေ့ဆောင်းပါး၌ အထိမ်းအမှတ်တံဆိပ် ခြောက်ချက်ဖွင့်ခြင်းအပါအဝင် ယင်းတို့မှ အချို့ကို သုံးသပ်ခဲ့သည်။ ဖွင့်ပြီးခဲ့သော ထိုတံဆိပ်များက ဗျာဒိတ်ကျမ်းဆိုင်ရာ မြင်းစီးသူရဲလေးဦး ဤ “နောက်ဆုံးနေ့ရက်များ” အတွင်း ဒုန်းစိုင်းခြင်းအကြောင်း ဖွင့်ပြသည်။ (၂ တိမောသေ ၃:၁။ ဗျာဒိတ် ၆:၁-၈) ကောင်းကင်ဘုံတွင် ခရစ်တော်နှင့်အတူ အုပ်ချုပ်မည့်သူများနှင့် ကမ္ဘာမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရန် “ကြီးစွာသောဒုက္ခ” ကို ကပ်ကျော်မည့်သူများအကြောင်းလည်း ဆိုထားသည်။ ဘုရားသခင်တရားစီရင်ရန် ‘ချိန်းချက်သောအချိန် ရောက်လုနီး’ ကြောင်း ထိုတံဆိပ်ခြောက်ချက်တို့က ဖေါ်ပြနေသည်။—ဗျာဒိတ် ၁:၃; ၇:၄၊ ၉-၁၇။

၂။ ဗျာဒိတ်ကျမ်း အခန်းကြီး ၈ မှ အထိမ်းအမှတ်တံပိုးခုနစ်လုံးကို အဘယ်သို့အသုံးပြုသနည်း။

၂ သို့သော် သတ္တမမြောက်တံဆိပ်တစ်ချက် ကျန်နေသေးသည်။ ဗျာဒိတ် ၈:၂ ၌ ယင်းကိုဖွင့်လိုက်သောအခါ ပေါ်လာသောအရာအကြောင်း ဤသို့ဖေါ်ပြသည်။ “ဘုရားသခင့်ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကိုပေး၏။” အခန်းငယ် ၆ ၌ဤသို့ဆို၏။ “တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့သည် မှုတ်အံ့သောငှာ မိမိတို့ကိုပြင်ဆင်ကြ၏။” သမ္မာကျမ်းစာခေတ်၌ တံပိုးများကို အရေးကြီးသော ဖြစ်ရပ်များအတွက် အချက်ပြရန် အသုံးပြုကြသည်။ ထိုနည်းထပ်တူ ဤတံပိုးခုနစ်လုံး မှုတ်သံတို့က ကျွန်ုပ်တို့ခေတ်တွင် သေရေးရှင်ရေးသမျှ အရေးကြီးသော ကိစ္စကို အာရုံပြုစေ၏။ ကောင်းကင်တမန်များ တံပိုးမှုတ်နေစဉ် မြေကြီးပေါ်ရှိ လူသားသက်သေများက တံပိုးမှုတ်သံ တစ်ချက်စီဆင့်ဆိုသော အရေးကြီးသည့် သတင်းကို အနှံ့အပြား ဖြန့်ဝေခြင်းအားဖြင့် ပြီးစီးအောင် လုပ်ဆောင်ကြသည်။

တံပိုးမှုတ်သံတို့၏ ဆိုလိုချက်

၃။ တံပိုးခုနစ်လုံးမှုတ်သံတို့၏ အဓိပ္ပာယ်ကား အဘယ်နည်း။

၃ ဤတံပိုးမှုတ်သံတို့က ရှေးအီဂျစ်ပြည်အပေါ် ယေဟောဝါကျရောက်စေခဲ့သော ကပ်ဘေးများကို သတိရစေသည်။ ယင်းကပ်ဘေးများသည် ထိုပထမကမ္ဘာ့တန်ခိုးကြီးနိုင်ငံနှင့်တကွ ယင်းတို့၏ မှောက်မှားသော ဘာသာအပေါ် ချမှတ်သော ယေဟောဝါ၏ စီရင်ဆုံးဖြတ်ချက်များကို ထင်ရှားစေသောအရာများ ဖြစ်သော်လည်း ဘုရားသခင့်လူမျိုးတော် လွတ်မြောက်ရေးအတွက်လည်း လမ်းစဖွင့်ပေးခဲ့သည်။ အလားတူစွာ ဗျာဒိတ်ကျမ်းမှ တံပိုးမှုတ်သံတို့မှာလည်း ခေတ်သစ်ကပ်ဘေးများဖြစ်ပြီး ဤတစ်ကြိမ်တွင် စာတန့်လောကတစ်ရပ်လုံးနှင့်တကွ ယင်း၏မှောက်မှားသော ဘာသာအပေါ် ကျရောက်သည်။ သို့သော် ယင်းတို့သည် တကယ့်ပကတိကပ်ဘေးများမဟုတ်ဘဲ ကပ်ဘေးများကဲ့သို့ ယေဟောဝါ၏စီရင်ချက်တို့ကို ထင်ရှားစေသော သတင်းစကားများဖြစ်သည်။ ယင်းတို့သည် ဘုရားသခင့်လူမျိုးတော်အတွက် လွတ်မြောက်ရာလမ်းကိုလည်းဖွင့်ပေးသည်။

၄။ ကျွန်ုပ်တို့ခေတ်တွင် တံပိုးခုနစ်လုံးမှုတ်သံပြည့်စုံသည်ကို အဘယ်သို့တွေ့ရသနည်း။

၄ ဤတံပိုးခုနစ်လုံး မှုတ်သံတို့နှင့်အညီ ၁၉၂၂ မှ ၁၉၂၈ ခုနှစ်အထိ ယေဟောဝါ၏လူမျိုးတော်များ ကျင်းပခဲ့သော အထူးနှစ်ပတ်လည်စည်းဝေးပွဲကြီး ခုနစ်ခု၌ စာတန့်လောကကို အပြင်းအထန် ဆန့်ကျင်ထိုးနှက်သော အဓိဋ္ဌာန်ပြုချက်များကို အထူးတင်ဆက်ခဲ့သည်။ ထိုအဓိဋ္ဌာန်ပြုချက် စောင်ရေသန်းကုဋေများစွာ ဖြန့်ဝေခဲ့သည်။ သို့သော် ထိုပြင်းထန်သော သတင်းစကားများကို ထိုနှစ်များအတွင်း၌သာ ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ ဤနောက်ဆုံးနေ့ရက်များတစ်လျှောက်လုံး ဆက်တိုက်ထုတ်ပြန်လာခဲ့သည်။ ပထမကမ္ဘာစစ်ကြီး နောက်ပိုင်းမှ စတင်ဟောပြောလာခဲ့သော ဘိသိက်ခံအုပ်စုလေးနှင့်အတူ သန်းနှင့်ချီသော “လူအုပ်ကြီး” ပူးပေါင်းပါဝင်လာခဲ့ရာ ထိုသတင်းကြေညာသည့်အသံမှာ ယနေ့ပို၍ကျယ်လောင်လာသည်။ (ဗျာဒိတ် ၇:၉) ယခုအခါ နှစ်စဉ်နှင့်အမျှ အရေအတွက်နှင့်အင်အား တိုးများလျက်ရှိသော ဤသူတို့သည် စာတန့်လောကအတွက် မျှော်လင့်ချက် လုံးဝမရှိတော့ကြောင်း ကြေညာနေကြသည်။

၅။ ပထမဦးဆုံးအပြစ်စီရင်ခံရသော ကမ္ဘာ့သုံးပုံတစ်ပုံကား မည်သူနည်း။ အဘယ်ကြောင့်နည်း။

၅ ဗျာဒိတ် ၈:၆-၁၂ ၌ ပထမတံပိုးလေးလုံး မှုတ်သံမြည်သည်။ မိုးသီး၊ မီးနှင့်သွေးတို့ကို သွန်ချ၏။ သို့နှင့် ကမ္ဘာ့ “သုံးပုံတစ်ပုံ” ပျက်စီးလေ၏။ ကမ္ဘာ၏ “သုံးပုံတစ်ပုံ” သည် ပထမဦးဆုံးအပြစ်စီရင်ခံရသည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အကြောင်းမှာ စာတန့်စနစ်တစ်ခုလုံးသည် ဘုရားသခင့်ရှေ့တော်၌ အပြစ်မကင်းကြသော်ငြားလည်း အပိုင်းတစ်ပိုင်းက ပို၍အပြစ်ကြီးလေး၍ဖြစ်သည်။ အဘယ်အပိုင်းနည်း။ ခရစ်တော်၏နာမကို ခံယူထားသောအပိုင်း၊ ခရစ်ယာန်ဘောင်ပင်ဖြစ်သည်။ ပထမကမ္ဘာ့စစ်ကြီးနောက်ပိုင်း ခရစ်ယာန်ဘောင်အား ဘုရားသခင့်တရားစီရင်ခြင်းသတင်း ထုတ်ဆင့်ခဲ့ရာတွင် ထိုစဉ်က ခရစ်ယာန်ဘောင်တွင် လူဦးရေ သုံးပုံတစ်ပုံခန့်ရှိခဲ့သည်။

၆။ ခရစ်ယာန်ဘောင်အားပျက်စီးစေရန် ယေဟောဝါအဘယ်ကြောင့် စွန့်ပစ်တော်မူခဲ့သနည်း။

၆ ခရစ်ယာန်ဘောင်၏ ဘာသာတရားမှာ နှစ်ပေါင်း ၁၉၀၀ သက်တမ်းရှိလာသော အယူဖောက်ပြန်မှု၏ အသီးအပွင့်ပင်ဖြစ်သည်။ မှန်သော ခရစ်ယာန်ဘာသာမှ ဤသို့ဖောက်ပြန်မည်အကြောင်းကို ယေရှုနှင့် တပည့်တော်တို့ တင်ကူးဟောပြောခဲ့ကြသည်။ (မဿဲ ၁၃:၂၄-၃၀။ တမန်တော် ၂၀:၂၉၊ ၃၀) ခရစ်ယာန်ဘောင်မှ ဓမ္မဆရာဘုန်းကြီးများက ခရစ်ယာန်ဘာသာ၏ ဆရာသမားများအဖြစ် ခံယူထားကြစေကာမူ သူတို့သင်ကြားပေးသည့် အယူဝါဒများမူကား သမ္မာကျမ်းစာအမှန်တရားနှင့် အလှမ်းကွာဝေးလှသည့်ပြင် သူတို့၏ ဖောက်ပြန်ယိုယွင်းသော အပြုအမူတို့ကလည်း ဘုရားသခင့်နာမတော်ကို အစဉ်မပြတ် အသရေပျက်စေ၏။ ဤနှစ်ဆယ်ရာစုနှစ် စစ်ပွဲများကို ထောက်ခံခြင်းကြောင့် သူတို့ကျူးလွန်ခဲ့သည့် သွေးစွန်းသော ဒုစရိုက်အပြစ်များမှာလည်း ဗူးပေါ်သလိုပေါ်လာသည်။ ခရစ်ယာန်ဘောင်သည် စာတန့်စနစ်၏ အစိတ်အပိုင်း လုံးလုံးဖြစ်နေသည်။ သို့နှင့် ယေဟောဝါထံတော်မှ မျက်နှာသာတော် ဘယ်နည်းနှင့်မျှ မရနိုင်ဟူသော ကပ်ဘေးတမျှ ပြင်းထန်းသည့် သတင်းတရားကို သူမလက်ခံရရှိခြင်းဖြစ်သည်။ ယေဟောဝါသည် ပထမရာစုမှ ဂျူးအမျိုးအနွယ်ကို ပျက်စီးစေရန် စွန့်ပစ်ခဲ့သကဲ့သို့ ခရစ်ယာန်ဘောင်အမျိုးအနွယ်ကိုလည်း ကိုယ်တော်စွန့်ပစ်တော်မူခဲ့ပြီဖြစ်သည်။—မဿဲ ၂၃:၃၈။

ကမ္ဘာချီဟောပြောရန် ပြန်လည်ရှင်သန်လာ

၇၊ ၈။ (က) ဗျာဒိတ် အခန်းကြီး ၉ တွင် ပဉ္စမတံပိုးမှုတ်သံက ဘာဖွင့်ပြသနည်း။ (ခ) ကျိုင်းကောင်များ မည်သူတို့ကို အထိမ်းအမှတ်ပြုသနည်း။

၇ ဗျာဒိတ် ၉:၁ ၌ ပဉ္စမကောင်းကင်တမန်က သူ၏တံပိုးကို မှုတ်ရာ ကြယ်တစ်လုံး မြေကြီးပေါ်သို့ ကျလာကြောင်း ရူပါရုံ၌ ဖွင့်ပြ၏။ ဤကြယ်၏ လက်ထဲတွင် သော့တစ်ချောင်းကိုင်ထားသည်။ ယင်းသော့ဖြင့် ကျိုင်းကောင်အုပ်ကြီးတစ်အုပ် ပိတ်လှောင်ထားသောတွင်းကို ဖွင့်သည်။ ထိုကြယ်ကား ယေဟောဝါ၏ နန်းတက်ခါစ ကောင်းကင်ရှင်ဘုရင် ယေရှုခရစ်ပင်တည်း။ ကျိုင်းကောင်များမှာ ဘုရားသခင်၏ အစေခံများဖြစ်သည်။ ဤသူတို့မှာ နှိပ်စက်ညှဉ်းပန်းခံရသဖြင့် ၁၉၁၈ ခုနှစ်တွင် သူတို့၏ ဦးဆောင်အရာရှိများ ထောင်ချခံရသောအခါ၌ မျိုးပြုတ်ပြီဟု အထင်ခံရသောသူတို့ပင်ဖြစ်သည်။ သို့သော် ကောင်းကင်တွင်ယခုနိုင်ငံတော်တန်ခိုးအာဏာပိုင်သသော ခရစ်တော်သည် သူတို့အား လွတ်မြောက်စေ၍ ကမ္ဘာချီ လူသိရှင်ကြား ဟောပြောခြင်းလုပ်ငန်း ပြန်လည်ထမ်းဆောင်စေတော်မူခဲ့ရာ သူတို့လုပ်ငန်းကို ငြိမ်းသတ်ပစ်ရန် ကြံစည်အားထုတ်ခဲ့ကြသော ဘာသာရေးခေါင်းဆောင်များ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားခဲ့သည်။—မဿဲ ၂၄:၁၄။

၈ ကျိုင်းကောင်များအကြောင်းကို ဗျာဒိတ် ၉:၇ ၌ ဤသို့ရေးသားဖေါ်ပြထားသည်။ “ထိုကျိုင်းကောင်တို့၏ အဆင်းသဏ္ဌာန်သည် စစ်တိုက်ခြင်းငှာ ပြင်ဆင်သော မြင်း၏အဆင်းသဏ္ဌာန်နှင့်တူ၏။ ခေါင်းပေါ်မှာ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။” အခန်းငယ် ၁၀ တွင် ဤသို့ထပ်၍ဆိုထားသည်။ “အမြီးသည် ကင်းမြီးကောက်နှင့်တူ၏။ အမြီး၌လည်း ဆူးရှိ၏။” ဤကျိုင်းကောင်တို့သည် ပြန်လည်ရှင်သန်လာသော နိုင်ငံတော်အမွေခံများ ၁၉၁၉ ခုနှစ် မှစ၍ ဝိညာဏစစ်ပွဲကို တစ်ဖန်ဆင်နွှဲခြင်းကို ကောင်းစွာပုံဆောင်သည်။ ပြန်လည်ပြည့်ဝလာသည့် စွမ်းအားဖြင့် သူတို့သည် ဘုရားသခင့်ထံမှ အဆိပ်ဆူးကဲ့သို့ နာကျင်စေတတ်သော တရားစီရင်ခြင်းသတင်းတရားကို ကြွေးကြော်ခဲ့ကြသည်။ အထူးသဖြင့် ဖောက်ပြန်ယိုယွင်းသော ခရစ်ယာန်ဘောင်အား ထိုးနှက်ခဲ့သည်။

၉၊ ၁၀။ (က) ဆဌမတံပိုးမှုတ်သံက ဘာကိုပေါ်လာစေသနည်း။ (ခ) ထိုအားကောင်းသည့်မြင်း နှစ်သင်္ချေတွင် မည်သူတို့လည်း ပါဝင်သနည်း။

၉ ထိုနောက် ဆဌမကောင်းကင်တမန်က သူ၏တံပိုးကို မှုတ်သည်။ (ဗျာဒိတ် ၉:၁၃) မြင်းစီးသူရဲတပ်မတော် လွှတ်သည်ကိုမြင်ရသည်။ အခန်းငယ် ၁၆ ၌ယင်းတို့၏အရေအတွက်မှာ “နှစ်သင်္ချေ” သို့မဟုတ် သန်း ၂၀၀ ဖြစ်၏။ ယင်းတို့အကြောင်း အခန်းငယ် ၁၇ နှင့် ၁၉ တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်။ “မြင်းတို့၏ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၏။ သူတို့၏ခံတွင်းထဲကလည်း ကန့်မီးလျှံ၊ မီးခိုးထွက်ကြ၏။ . . . အမြီးသည် . . . မြွေနှင့်တူ၏။” ဤတပ်မတော်တို့သည် ဘုရင်ယေရှုခရစ်၏ညွှန်ကြားမှုအောက်တွင် အရှိန်အဟုန်ပြင်းစွာနှင့် ရဲရင့်စွာ ချီတက်ကြသည်။ မည်မျှကြောက်ရွံ့ဖွယ်ကောင်းသော မြင်ကွင်းပါတကား။

၁၀ အားကောင်းလှသော ဤမြင်းများ ဘာကိုကိုယ်စားပြုသနည်း။ ယင်းတို့အရေအတွက်သည် သန်းပေါင်းများစွာဖြစ်သဖြင့် ဘိသိက်ခံအကြွင်းအကျန်မျှသာမဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် အကြွင်းအကျန်တို့မှာ ယခုအခါ ကမ္ဘာပေါ်တွင် ၈၈၀၀ ကျော်မျှသာ ကျန်တော့၍ဖြစ်သည်။ ဤနှစ်သင်္ချေသော မြင်းတို့တွင် မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရှိသော ဗျာဒိတ်ကျမ်း အခန်းကြီး ၇ မှ “လူအုပ်ကြီး” ပါဝင်ရပေမည်။ သမ္မာကျမ်းစာ၌ “သင်္ချေ” ဂဏန်းကို များသောအားဖြင့် အကန့်အသတ်မရှိသော ဧရာမအရေအတွက်ကို ရည်ညွှန်းလေ့ရှိသည်။ သို့ဖြင့် ဤအထိမ်းအမှတ်မြင်းများ၌ အရေအတွက်ဆုတ်ယုတ်နေသော ဘိသိက်ခံများသာ ပါဝင်သည်မဟုတ်ဘဲ အသံကျယ်လောင်၍ အရေအတွက်သန်းပေါင်းများစွာ ချီ၍တိုးများလာနေသည့် “အခြားသိုးများ” မှ “လူအုပ်ကြီး” တို့လည်း ပါဝင်ပေသည်။ ဤသူတို့သည် ကျိုင်းကောင်ကဲ့သို့သော ဘိသိက်ခံအကြွင်းအကျန်တို့ စတင်ခဲ့သော လူထုဟောပြောခြင်း လုပ်ငန်းကို ဆက်၍ထမ်းဆောင်နေကြသည်။—ယောဟန် ၁၀:၁၆။

၁၁။ ‘သူတို့တန်ခိုးသည် ခံတွင်း၌တည်၏’ ဟုအဘယ်ကြောင့်ဆိုသနည်း။ ‘အမြီးအားဖြင့် မည်သို့ ညှဉ်းဆဲ’ သနည်း။

၁၁ ဗျာဒိတ် ၉:၁၉ ၌ “သူတို့တန်ခိုးသည် ခံတွင်း၌ . . . တည်” ကြောင်း၊ “အမြီးအားဖြင့် ညှဉ်းဆဲတတ်” ကြောင်း ဖေါ်ပြသည်။ အဘယ်နည်းအားဖြင့် သူတို့တန်ခိုးသည် ခံတွင်း၌တည်သနည်း။ လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း ဘုရားသခင့်အစေခံတို့အား သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းနှင့် အခြားစည်းဝေးများအားဖြင့် ဘုရားသခင့်တရားစီရင်ခြင်းသတင်းတရားကို နှုတ်ထွက်စကားဖြင့် ပိုင်ပိုင်နိုင်နိုင် ဟောပြောနိုင်အောင် သွန်သင်ပေးခြင်းအားဖြင့်ဖြစ်သည်။ အဘယ်နည်းအားဖြင့် သူတို့အမြီးအားဖြင့် ညှဉ်းဆဲသနည်း။ ကျမ်းစာအခြေခံစာအုပ်စာတမ်း သန်းပေါင်းများစွာကို ကမ္ဘာတစ်ဝှန်း ဖြန့်ချီခြင်းဖြင့် စာတန့်လောကကို ထိုးနှက်ရန် အဆိပ်ဆူးကဲ့သို့ နာကျင်သော သတင်းတရားကို ချစ်ရစ်ခဲ့ခြင်းအားဖြင့်ဖြစ်သည်။ သူတို့၏ အတိုက်အခံများဘက်ကကြည့်လျှင် ဤမြင်းစီးသူရဲတပ် အရေအတွက်သည် အမှန်ပင် သန်းကုဋေချီ များပြားလှပေသည်။

၁၂။ အထိမ်းအမှတ် ကျိုင်းကောင်များနှင့် မြင်းများ ဘာဆက်လုပ်ရမည်နည်း။ အဘယ်အကျိုး သက်ရောက်မှုရှိမည်နည်း။

၁၂ ထိုကြောင့် ဘုရားသခင့်လက်စားချေရာနေ့ကြီး နီးကပ်လာသည်နှင့်အမျှ အထိမ်းအမှတ်ကျိုင်းကောင်များနှင့် မြင်းများသည် ဘုရားသခင့်တရားစီရင်ရာ သတင်းတရားကို ပို၍ရှင်းလင်းပြတ်သား၊ ကျယ်လောင်စွာ ကြွေးကြော်ကြသည်။ စိတ်နှလုံးရိုးသားသူတို့အဖို့ ထိုသတင်းတရားမှာ ကမ္ဘာပေါ်တွင် အကောင်းတကာ့ အကောင်းဆုံးမင်္ဂလာသတင်းဖြစ်သည်။ သို့သော် စာတန့်လောကကို နှစ်သက်ခင်တွယ်သူတို့အဖို့မူ သတင်းဆိုးဖြစ်သည်။ သူတို့၏လောကသည် မကြာမီ ပျက်စီးတော့မည်ဟူ၍ အဓိပ္ပာယ်သက်ရောက်သောကြောင့်တည်း။

၁၃။ သတ္တမတံပိုးမှုတ်ခြင်းနှင့် ဆက်နွယ်သော “တတိယအမင်္ဂလာ” ၌ အဘယ်အရာအကြုံးဝင်သနည်း။ ယင်းသည် အဘယ်ကြောင့် “အမင်္ဂလာ” ဖြစ်သနည်း။

၁၃ ညှဉ်းဆဲတတ်သော ကျိုင်းကောင်များနှင့် မြင်းတပ်တို့သည် ဘုရားသခင်ချမှတ်သော “အမင်္ဂလာ” သုံးခုအနက်မှ ပထမနှင့်ဒုတိယဖြစ်ကြောင်း ပြဆိုထားသည်။ (ဗျာဒိတ် ၉:၁၂။ ၁၁:၁၄) “တတိယအမင်္ဂလာ” ကား အဘယ်နည်း။ ဗျာဒိတ် ၁၀:၇ (NW) တွင် ဤသို့ဆိုထားသည်။ “သတ္တမကောင်းကင်တမန် တံပိုးမှုတ်သော နေ့ရက်ကာလတွင် . . . ကျွန်တော်ရင်းပရောဖက်တို့အား ဖေါ်ပြတော်မူသော သတင်းကောင်းနှင့်အညီ ဘုရားသခင့် မြင့်မြတ်သော လျှို့ဝှက်ရာသည် ဧကန်မုချပြီးမြောက်မည်။” အဆိုပါ မြင့်မြတ်သော လျှို့ဝှက်ရာ၌ ဧဒင်ဥယျာဉ်တွင် ပထမဦးဆုံးကတိထားခဲ့သော “အမျိုးအနွယ်” အကြုံးဝင်ပတ်သက်သည်။ (ကမ္ဘာ ဦး ၃:၁၅) ထို “အမျိုးအနွယ်” မှာ အဓိကအားဖြင့် ယေရှုဖြစ်သော်လည်း ကိုယ်တော်နှင့်အတူ ကောင်းကင်ဘုံတွင် စိုးစံကြမည့် ဘိသိက်ခံအပေါင်းအဖေါ်များလည်း ပါဝင်သည်။ ထိုကြောင့် ယင်းမြင့်မြတ်သော လျှို့ဝှက်ရာသည် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်နေသည်။ ဤနိုင်ငံတော်သည် ဘုရားသခင်ရည်ရွယ်တော်မူသည့် တတိယ “အမင်္ဂလာ” ယူဆောင်လာမည်။ ဘုရားသခင့်နိုင်ငံတော်သည် စာတန့်လောကအပေါ် ဘုရားသခင်ချမှတ်သည့် စီရင်ဆုံးဖြတ်ချက်ကို အပြီးသတ်ဆောင်ရွက်မည်ဖြစ်သောကြောင့်တည်း။

ဘုရားသခင့် နိုင်ငံတော်တည်ထောင်ပြီ

၁၄။ ဗျာဒိတ် ၁၁:၁၅ မှ သတ္တမတံပိုးမှုတ်သံက ဘာကြေညာသနည်း။

၁၄ ထိုနောက် ဤအတိုင်းဖြစ်ပျက်လာသည်။ ဗျာဒိတ် ၁၁:၁၅ ကဤသို့ဆို၏။ “သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ကောင်းကင်ဘုံ၌ ကြီးသောအသံတို့ကား ‘လောကီနိုင်ငံသည် ငါတို့အရှင် [ယေဟောဝါ] ၏နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်’ ဟုပြောဆိုကြ၏။” မှန်ပေသည်။ ဤကား ခရစ်တော်အားဖြင့် အုပ်ချုပ်သော ဘုရားသခင့်နိုင်ငံတော်သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်ဘုံ၌ တည်ထောင်ပြီဟူ၍ ကြေညာခြင်းဖြစ်သည်။ ပထမကမ္ဘာစစ်ကြီးအပြီး အကြွင်းအကျန်များ ပြန်လည်ရှင်သန်လာသောအခါ ဤသတင်းကို သူတို့ရှေ့တန်းတင် ဟောပြောလာကြသည်။

၁၅။ ၁၉၂၂ ခုနှစ်တွင် နိုင်ငံတော်ဟောပြောခြင်း လုပ်ငန်းအရှိန်အဟုန် မြှင့်တင်စေသည့် အဘယ်ဖြစ်ရပ်ဖြစ်ပျက်ခဲ့သနည်း။

၁၅ အမေရိကန်ပြည်ထောင်စု အိုဟိုင်အိုပြည်နယ် စီဒါပွိုင့်မြို့တွင် ၁၉၂၂ ခုနှစ်၌ ယေဟောဝါသက်သေများ ကျင်းပခဲ့သော စည်းဝေးကြီးတစ်ခု၌ ထောင်ချီသော ပရိသတ်တို့သည် အောက်ပါစိတ်တက်ကြွဖွယ် ကြေငြာချက်ကို ကြားရကြသည်။ “ဤနေ့ကား နေ့ရက်တကာတို့တွင် ထူးမြတ်သော နေ့ရက်ဖြစ်သည်။ ကြည့်လော့။ ဘုရင်မင်းမြတ် စိုးစံတော်မူပြီ။ သင်တို့သည် ကိုယ်တော်၏ သံတော်ဆင့်ကိုယ်စားလှယ်များဖြစ်သည်။ သို့ဖြစ်သောကြောင့် ဘုရင်မင်းမြတ်နှင့် နိုင်ငံတော်ကို ကြေညာကြလော့။ ကြေညာကြလော့။ ကြေညာကြလော့။” သို့နှင့် အရှိန်အဟုန် ပမာဏကြီးမားသော နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း စတင်ခဲ့သည်။ ထိုဟောပြောခြင်းတွင် တံပိုးမှုတ်သော ကောင်းကင်တမန်ခုနစ်ပါး ဆင့်ဆိုသည့် တရားစီရင်ဆုံးဖြတ်ချက်အကြောင်းများလည်း ပါဝင်သည်။ ယနေ့ ကမ္ဘာတစ်ဝှန်း အသင်းတော် ၅၇၀၀၀ ကျော်တွင်ရှိသော ယေဟောဝါ၏ အစေခံတို့သည် ဤကမ္ဘာချီ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် တတပ်တအား ပါဝင်လုပ်ဆောင်နေကြသည်။ သင်္ချေပေါင်းများစွာ အမှန်ဖြစ်ပေသည်။

၁၆။ ဗျာဒိတ်အခန်းကြီး ၁၂ တွင် ကောင်းကင်နှင့် မြေကြီး အကြုံးဝင်သော အဘယ်နောက်ထပ်ဖြစ်ပေါ်တိုးတက်မှုအကြောင်းကို သတ္တမတံပိုးမှုတ်သံက ဖွင့်ပြသနည်း။

၁၆ သို့သော် သတ္တမကောင်းကင်တမန်၌ ထိုထက်မက ဖွင့်ပြစရာရှိသည်။ ဗျာဒိတ် ၁၂:၇ တွင် “ကောင်းကင်၌ စစ်ဖြစ်၏” ဟုဆို၏။ အခန်းငယ် ၉ ၌ ယင်းစစ်ပွဲကြောင့် ခရစ်တော် မည်သို့အရေးယူ လုပ်ဆောင်ခဲ့ပုံအကြောင်း ဤသို့ဖေါ်ပြ၏။ “ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်း တည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ ချလိုက်ကြ၏။” အခန်းငယ် ၁၂ ကဤသို့ဖြည့်စွက်ဖေါ်ပြ၏။ “ထိုကြောင့် ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။” မှန်ပေသည်။ ကောင်းကင်ဘုံ၌ စာတန့်သြဇာအာဏာမရှိတော့သဖြင့် သစ္စာရှိကောင်းကင်တမန်တို့ အကြီးအကျယ် ဝမ်းမြောက်စရာအကြောင်း ဖြစ်ပေသည်။ သို့သော် လူသားတို့အဖို့ အဘယ်အဓိပ္ပာယ်သက်ရောက်သနည်း။ ထိုအခန်းငယ်၌ပင် ဤသို့အဖြေပေးထားသည်။ “မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။”

၁၇။ ဗျာဒိတ်အခန်းကြီး ၁၃ တွင် လောကီအစိုးရတို့ကို “သားရဲ” အဖြစ်သရုပ်ဖေါ်ခြင်းသည် အဘယ်ကြောင့် သင့်လျော်သနည်း။

၁၇ ဗျာဒိတ် ၁၂:၃ တွင် စာတန်အား ‘ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိသော နဂါးကြီး’ ကြောက်စရာသားရဲတိရစ္ဆာန်ကဲ့သို့သော ဖျက်ဆီးတတ်သူအဖြစ် သရုပ်ဖေါ်ထားသည်။ ဤအချက်က သူသည် ဗျာဒိတ်အခန်းကြီး ၁၃၊ အခန်းငယ် ၁ နှင့် ၂ တွင်သရုပ်ဖေါ် တင်ပြထားသော လောကီနိုင်ငံရေး “သားရဲ” ကို ဖန်တီးဖြစ်ပေါ်စေသူဖြစ်ကြောင်း ပြသသည်။ ထိုသားရဲသည်လည်း စာတန်ကဲ့သို့ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိသည်။ အခန်းငယ် ၂ ၌ “နဂါး [စာတန်] သည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသော အာဏာစက်ကိုလည်းကောင်း သားရဲ၌ အပ်လေ၏” ဟုဆို၏။ နိုင်ငံရေးအစိုးရတို့ကို သားရဲအဖြစ် သရုပ်ဖေါ် တင်ပြခြင်းသည် အလွန်တရာ သင့်လျော်လှပေသည်။ အဘယ်ကြောင့်ဆိုသော် ဤ ၂၀ ရာစုနှစ် တစ်ခုတည်း၌ပင် နိုင်ငံများအချင်းချင်း တိုက်ချိက်သည့် စစ်ပွဲများအတွင်း လူပေါင်းသန်းတစ်ရာကျော် သေကြေခဲ့၍တည်း။

၁၈။ ဗျာဒိတ် ၁၃:၁၁ မှ ချိုနှစ်ချောင်းရှိသော သားရဲကားအဘယ်နည်း။ ၄င်း၏ပြုမူလုပ်ကိုင်ပုံတို့က ယင်းသည် အဘယ်အရာဖြစ်ကြောင်း ခွဲခြားသိမြင်စေရာတွင် အဘယ်သို့အထောက်အကူပြုသနည်း။

၁၈ ဗျာဒိတ်အခန်းကြီး ၁၃ မှနောက်မြင်ကွင်းက အခန်းငယ် ၁၁ ၌ဆိုသည့်အတိုင်း “အခြားသောသားရဲ တစ်ကောင်သည် သိုးသငယ်၏ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍ နဂါးကဲ့သို့ စကားပြောလျက် မြေကြီးထဲကထွက်” လာကြောင်းကို ဖွင့်ပြ၏။ ဤချိုနှစ်ချောင်းရှိသော သားရဲမှာ အင်္ဂလိပ်-အမေရိကန် နိုင်ငံရေးမဟာမိတ်အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့သည် ရန်မမူတတ်ကြောင်း၊ အထူးအမြင်ကျယ်သော အစိုးရပုံစံမျိုးရှိကြောင်း ဟန်ဆောင်ပြရာတွင် သိုးသငယ်နှင့်တူသည်။ သို့သော် နဂါးကဲ့သို့၊ စာတန်ကဲ့သို့ စကားပြောတတ်ပြီးလျှင် “အခြားသောသားရဲ” ဟု သမုတ်ခံရသည်။ အကြောင်းမှာ ၄င်း၏စိုးမိုးအုပ်ချုပ်ပုံ လုပ်ငန်းလုပ်ဟန်တို့မှာ သားရဲဆန်လှသောကြောင့်ဖြစ်သည်။ မိမိ၏အုပ်ချုပ်ရေးပုံစံကို လက်မခံပါက ဖိအားပေးခြိမ်းခြောက်သည့်အပြင် အကြမ်းဖက်အင်အားပင် သုံးတတ်သည်။ လူတို့အား ဘုရားသခင့်နိုင်ငံတော်အောက် ကျိုးနွံဝန်ခံရန် အားမပေးဘဲ စာတန့်လောကအား ခယရန်သာ အားပေးသည်။ ယင်းကြောင့် အခန်းငယ် ၁၄ က “မြေကြီးသားတို့ကို လှည့်ဖြား၏” ဟုဆိုထားခြင်းဖြစ်သည်။

၁၉၊ ၂၀။ (က) ယေဟောဝါ၏အစေခံတို့၏ သမာဓိသစ္စာက ဘာကိုသာဓကပြသနည်း။ (ခ) ဘိသိက်ခံအကြွင်းအကျန်တို့သည် စာတန့်လောကကို သေချာပေါက်အောင်ပွဲခံမည်ကို ကျွန်ုပ်တို့မည်သို့သိရသနည်း။

၁၉ စစ်မှန်သော ခရစ်ယာန်တို့အား ယေရှုပေးခဲ့သည့် ပညတ်နှင့်အညီ ဤလောကနှင့် မစပ်ဆိုင်ကြသော သူတို့အဖို့ စာတန်စိုးမိုးချယ်လှယ်နေသော ဤလောကအတွင်း နေထိုင်ရန် မလွယ်ကူပေ။ (ယောဟန် ၁၇:၁၆) ထိုကြောင့် ယနေ့ ကမ္ဘာတစ်ဝှမ်း ယေဟောဝါ၏အစေခံတို့သည် သမာဓိစောင့်သိ၍ ကိုယ်တော်နှင့် ကိုယ်တော်.ဖြောင့်မတ်သော နည်းလမ်းတော်တို့ကို စည်းလုံးညီညွတ်စွာ စဉ်ဆက်မပြတ် ချီးမြှောက်နိုင်ခြင်းမှာ ယေဟောဝါတန်ခိုးတော်နှင့် ကောင်းချီးမင်္ဂလာ၏ ထူးခြားသော သာဓကပင်ဖြစ်တော့သည်။ သူတို့သည် ပြင်းထန်လှသော ဆန့်ကျင်တိုက်ခိုက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုသာမက သေခြင်းကို ရင်ဆိုင်ရသည့်တိုင်အောင် ထိုသို့ဆက်၍ပြုလုပ်ကြသည်။

၂၀ ဘိသိက်ခံအကြွင်းအကျန်တို့သည် ခရစ်တော်နှင့် တွဲဖက်အုပ်ချုပ်သူများဖြစ်ကြသောကြောင့် စာတန်၏ အထူးပစ်မှတ်များဖြစ်ကြသည်။ သို့တစေ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ က သူတို့၏အရေအတွက်အပြည့်အစုံ ၁၄၄၀၀၀ ကို ခရစ်တော်နှင့် နိုင်ငံတော်အာဏာဖြင့်စိုးစံရန် အောင်မြင်စွာ စုသိမ်းခြင်းခံရသည်ဟု ဖေါ်ပြထားသည်။ သူတို့သည် သူတို့၏အရှင်သခင်၌ သစ္စာရှိစွာဆည်းကပ်ခဲ့ကြသည်။ အခန်းငယ် ၄ ၌ဆိုသည်အတိုင်း “ထိုသူတို့သည် . . . သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌လိုက်သောသူဖြစ်ကြ၏။” သူတို့အား စာတန်ရက်ရက်စက်စက်နှိပ်စက်ညှဉ်းပန်းစေကာမူ မမှုဘဲ ထိုသို့ဆည်းကပ်ကြသည်။

ဘုရားသခင့် တရားစီရင်ခြင်း ဦးစွာခံရ

၂၁၊ ၂၂။ (က) ဗျာဒိတ် ၁၄:၇၊ ၈ တွင် ကောင်းကင်တမန်တို့က အဘယ်ကြေညာချက်များ ထုတ်ဆင့်သနည်း။ (ခ) ကောင်းကင်တမန်တစ်ပါးက ဘာသာရေးဗာဗုလုန်တည်ရှိနေသေးစဉ်တွင် ယင်းပြိုလဲပြီဟု အဘယ်ကြောင့်ကြေညာသနည်း။

၂၁ ဗျာဒိတ် ၁၄:၇ ၌ကောင်းကင်တမန်တစ်ပါးက ဤသို့ကြွေးကြော်သည်။ “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။” ဘုရားသခင့် အပြစ်စီရင်ချက်ကို မည်သူဦးစွာခံရသနည်း။ အခန်းငယ် ၈ က ဤသို့အဖြေပေးထား၏။ “[ဒုတိယ] ကောင်းကင်တမန်တစ်ပါးကလည်း ‘ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသောမေထုန်၏ အဆိပ်အတောက် တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ’ ဟုလိုက်၍ပြောဆို၏။” ဤနေရာတွင် “ဗာဗုလုန်မြို့ကြီး” သို့မဟုတ် ‘မဟာဗာဗုလုန်’ တည်းဟူသော မှောက်မှားသော ဘာသာရေး ကမ္ဘာ့အင်ပါယာအကြောင်းကို ဗျာဒိတ်ကျမ်း၌ ပထမဆုံးအကြိမ် ဖေါ်ပြလိုက်ခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးအကြိမ်ကား မဟုတ်ပေ။

၂၂ ကမ္ဘာ့ဒေသအသီးသီးတွင် ဘာသာတရားတို့သည် ဩဇာလွှမ်းမိုးလျက်ရှိနေသေးသည်ဖြစ်ရာ မဟာဗာဗုလုန်ပြိုလဲပြီဟု ကောင်းကင်တမန်အဘယ်ကြောင့် ကြေညာသနည်း။ ဘီစီအီး ၅၃၉ ခုနှစ်တွင် ရှေးဗာဗုလုန်မြို့ ပြိုလဲသော်လည်း အပြီးအပိုင် ဖျက်ဆီးခြင်းမခံရမီအချိန်၌ အဘယ်အကျိုးရလဒ် ဖြစ်ထွန်းခဲ့သည်ကို စဉ်းစားကြည့်ပါ။ နှစ်နှစ်ကြာပြီးနောက် ယေဟောဝါ၏သုံ့ပန်းဘဝရောက်နေသော အစေခံတို့သည် သူတို့၏ ဇာတိမြေသို့ ပြန်ရောက်ပြီး စစ်မှန်သော ကိုးကွယ်မှုကို ပြန်လည်ထူထောင်ခဲ့ကြသည်။ ထိုနည်းအတိုင်း ၁၉၁၉ ခုနှစ်မှစ၍ ဘုရားသခင့်အစေခံများ ပြန်လည်ရှင်သန် လှုပ်ရှားပြီး ဝိညာဏအောင်မြင်ကြီးပွားမှုကို ခံစားရခြင်းသည် ယေဟောဝါ၏အမြင်၌ ထို ၁၉၁၉ ခုနှစ်တွင် မဟာဗာဗုလုန်သည် ပြိုလဲပြီဖြစ်သည်။ နောင်တွင် သူမကို သုတ်သင်ပစ်ရန် ကိုယ်တော်စီရင်ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။

၂၃။ (က) မဟာဗာဗုလုန်ပျက်စီးခြင်းအတွက် မည်သို့လမ်းခင်းလျက်ရှိပြီနည်း။ (ခ) ရှေ့အပတ်ထုတ် ကင်းမျှော်စင်တွင် အဘယ်ပရောဖက်ပြုချက်များအကြောင်း သုံးသပ်မည်နည်း။

၂၃ ခေတ်သစ်ဗာဗုလုန် ကြုံရမည့် ချေမှုန်းခြင်း၏ ပဏာမအနေနှင့် သူမသည် ဒုက္ခလှလှတွေ့နေရပြီဖြစ်သည်။ နေရာတကာ၌ သူမ၏ဖောက်ပြန်မှု၊ အကြီးအကျယ်စာရိတ္တပျက်ပြားမှု၊ မရိုးသားမှု၊ နိုင်ငံရေးစွက်ဖက်မှုတို့သည် ဗူးပေါ်သလိုပေါ်နေပြီ။ ဥရောပတိုက်ရှိ နိုင်ငံအများ၌ ဘုရားကျောင်းတက်သူ အနည်းငယ်သာရှိတော့သည်။ အခြားနိုင်ငံအများအပြား၌ ဘာသာရေးကို “လူထုအတွက်ဘိန်း” အဖြစ်သဘောထားကြသည်။ ထို့ပြင် ခေတ်သစ်ဗာဗုလုန်သည် ဘုရားသခင့်နှုတ်ကပတ်တော် သမ္မာတရားကို မြတ်နိုးသူအပေါင်းတို့အမြင်၌ အသရေယုတ်လျက်ရှိသည်။ ထိုကြောင့် ယခုအခါ သူမသည် အပြစ်အတွက်ခံရမည့် အဆုံးစီရင်ခြင်းကို စောင့်နေသူပမာဖြစ်နေသည်။ မှန်ပေသည်။ ကမ္ဘာကို လှုပ်ခါစေမည့် ဖြစ်ပေါ်တိုးတက်မှုများအတွက် ‘ချိန်းချက်သောအချိန်နီးပြီ။’ နောက်အပတ်ထုတ် ကင်းမျှော်စင်မှ လေ့လာရန်ဆောင်းပါးတို့တွင် ဘာသာရေး “ပြည့်တန်ဆာ” နှင့်တကွ စာတန့်စနစ်တစ်ရပ်လုံးအပေါ် ကျရောက်အံ့ဆဲဆဲဖြစ်နေသည့် ပျက်စီးခြင်းနှင့်ပတ်သက်သော ဗျာဒိတ်ကျမ်းမှပရောဖက်ပြုချက်များကို ဆွေးနွေးတင်ပြပါမည်။

သင်မည်သို့ဖြေမည်နည်း

▫ ဗျာဒိတ်အခန်းကြီး ၈ မှအစပြုသော တံပိုးခုနစ်လုံးမှုတ်သံတို့သည် ကျွန်ုပ်တို့ခေတ်ကာလအဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း။

▫ ခရစ်ယာန်ဘောင်သည် ဦးစွာအပြစ်စီရင်ဆုံးဖြတ်ခြင်း အဘယ်ကြောင့်ခံရသနည်း။

▫ ဘိသိက်ခံအကြွင်းအကျန်နှင့် “လူအုပ်ကြီး” တို့၏ ဟောပြောခြင်းလုပ်ငန်းကို ဗျာဒိတ်ကျမ်း အခန်းကြီး ၉ တွင် မည်သို့သရုပ်ဖေါ် တင်ပြထားသနည်း။

▫ ဗျာဒိတ် ၁၁:၁၅ မှကြေညာချက်သည် ကောင်းကင်နှင့် မြေကြီးတို့ အသီးသီးအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

▫ ဗျာဒိတ် ၁၄:၈ ၌ဖေါ်ပြထားသည့်အတိုင်း ဘာသာရေးဗာဗုလုန်သည် ၁၉၁၉ ခုနှစ်တွင် အဘယ်သို့ ပြိုလဲခဲ့သနည်း။ ယင်းသည် သူမအဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ