ကျမ်းစောင်များမှ သင်ခန်းစာများ အာမုတ် ၁:၁-၉:၁၅
လူမျိုးတစ်မျိုး၏ ကွယ်လွန်ခြင်း
“သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့” ဟု ‘ဗိုလ်ခြေတို့အရှင် ယေဟောဝါ’ က ဣသရေလလူမျိုးအား မိန့်တော်မူ၏။ (အာမုတ် ၄:၁၂၊ ၁၃) အဘယ်အတွက်နည်း။ ဣသရေလအမျိုးသည် စည်းစိမ်ဥစ္စာတိုးပွားမှုကြောင့် ကိုယ်တော်.ပညတ်တရားတို့ကို မေ့လျော့ကာ ရုပ်တုကိုးကွယ်ခြင်း၊ စာရိတ္တပျက်ပြားခြင်း၊ သွေးသွန်းခြင်းနှင့် အဓမ္မမှုတို့ဖြင့် ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော ပြည်တော်ကို ညစ်ညမ်းစေသည့်အပြစ် ကျူးလွန်ခဲ့သည်။
ယေဟောဝါသည် အာမုတ်အား ပရောဖက်အဖြစ်ပေါ်ထွန်းစေပြီး မိမိ၏ကိုယ်ပိုင်ယုဒလူမျိုးအားသာမကဘဲ အထူးသဖြင့် မြောက်ပိုင်းဣသရေလနိုင်ငံအား သတိပေးသတင်းတရားကို ကြေညာစေတော်မူ၏။ ဣသရေလလူမျိုး၏ ကာမဂုဏ်စည်းစိမ် အလွန်အကျူးလိုက်စားသော ဘဝပုံစံအတွက် သူတို့ကို အပြစ်တင်ရှုတ်ချပြီး နောက်ဆုံး၌ ရန်သူတို့၏လက်ချက်ဖြင့် ကွယ်လွန်မည်အကြောင်း ကြို၍ဟောပြောသည်။ ဘီစီအီး ၈၂၉ နှင့် ၈၀၄ ခုနှစ်အတွင်း တစ်ချိန်ချိန်တွင် ရေးသားခဲ့သည့် အာမုတ်အနာဂတ္တိကျမ်းစောင်သည် လာမည့်ဘေးဒုက္ခများကို ကြိုတင်မြင်နိုင်သော ယေဟောဝါ၏အစွမ်းကို နားလည်စေသည့်ပြင် အချိန်ကိုက်သတိပေးချက်များလည်းပေးထားသည်။
ဘုရားသခင့်ရန်သူများခံရသည့် မီးကဲ့သို့သော ဖျက်ဆီးခြင်း
ဘုရားသခင့်တရားစီရင်ခြင်းကို မည်သူမျှမလွတ်။ ဤအချက်သည် ဒမာသက်မြို့ (ရှုရိပြည်)၊ ဂါဇမြို့ (ဖိလိတ္တိပြည်)၊ တုရုမြို့၊ ဧဒုံပြည်၊ အာမုန်ပြည်၊ မောဘပြည်နှင့် ယုဒပြည်တို့အဖို့ မည်မျှမှန်ကန်လှပါတကား။ ယေဟောဝါသည် သူတို့၏ ဒုစရိုက်မှုအတွက် ဒဏ်မပေးဘဲနေမည်မဟုတ်။ သို့သော် ထိုသူတို့အပေါ် ကျရောက်မည်ဟူသော ဘေးဒုက္ခတို့က ဣသရေလလူမျိုး ဘုရားသခင်နှင့်ပြုထားသည့် ပဋိညာဉ်ဆက်ဆံရေးကို ထိန်းသိမ်းရန်လည်းကောင်း၊ ကိုယ်တော်၏ပညတ်တရားများ စောင့်ထိန်းရန်လည်းကောင်း ပျက်ကွက်ခြင်းအတွက် သူတို့ရင်ဆိုင်နေရသော တရားစီရင်ခြင်းသည် အမှန်ကျရောက်မည်အကြောင်း လေးနက်ပေါ်လွင်စေသည်။—အာမုတ် ၁:၁–၂:၁၆
ဘုရားသခင့် သတိပေးချက်ကို ဂရုပြုလော့။ “မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့တစ်မျိုးတည်းကိုသာ ငါလက်ခံ” ပြီဟု ဣသရေလအမျိုးအား ယေဟောဝါမိန့်တော်မူ၏။ (အာမုတ် ၃:၂) သို့သော် ဘုရားသခင်၏နာမတော်နှင့် အချုပ်အခြာအာဏာတော်ကို စက်ဆုပ်ရွံရှာကြောင်း သူတို့၏အပြစ်ရှိသော လမ်းစဉ်က ပြသခဲ့သည်။ အများသောသူတို့က ချမ်းသာဖို့၊ ကိုယ့်ညီအစ်ကို၏အကျိုးကို မထောက်ဘဲ ‘နွေရာသီစံအိမ်၊ ဆောင်းရာသီစံအိမ်’ တို့တွင် အလုပ်မလုပ်ဘဲ စည်းစိမ်ချမ်းသာနှင့်နေရန် စိတ်ပိုင်းဖြတ်ထားကြသည်။ (အာမုတ် ၃:၁၅) မမှန်သော ချိန်ခွင်အလေးတို့ဖြင့် ဆင်းရဲသားမွဲပြာများအပေါ် တစ်ကိုယ်ကောင်းဆန်စွာ ကလိမ်ကျသည်။ မှန်သောကိုးကွယ်မှုကို သူတို့စွန့်ပယ်လိုက်ခြင်းက သူတို့အား ယေဟောဝါအပြစ်ဒဏ်ပေးထိုက်ကြောင်း သက်ရောက်သည်။ သို့သော်လည်း ‘ယေဟောဝါသည် မိမိအစေခံတို့အား မဖေါ်မပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ’ ပေ။ သို့ဖြစ်သောကြောင့် အာမုတ်သည် ယေဟောဝါ၏ စီရင်ချက်များအကြောင်းကို ကြိုတင်ဟောပြောပြီး သူတို့အား “သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့” ဟုသတိပေးသည်။—အာမုတ် ၃:၁–၄:၁၃။
ယေဟောဝါသည် ကယ်တင်ခြင်းဖြစ်၏
နောင်တရသူတို့အား ဘုရားသခင် ကရုဏာပြတော်မူမည်။ ‘ငါ့ကိုရှာဖွေ၍ အသက်ချမ်းသာရကြလော့’ ဟူသည်မှာ ဣသရေလအမျိုးအား ယေဟောဝါ၏ပန်ကြားချက်ဖြစ်သည်။ (အာမုတ် ၅:၄) “ဒုစရိုက်ကိုမုန်း၍ သုစရိုက်ကိုချစ်ကြလော့။” (အာမုတ် ၅:၁၅) သို့သော်လည်း ထိုပန်ကြားချက်တို့ကို အရေးမစိုက်ကြချေ။ အယူဖောက်ပြန်သူတို့သည် အချက်အချာဖြစ်သော ဗေသလမြို့နှင့် ဂိလဂါလမြို့သို့သာသွားရန် အားသန်ကြသည်။ ထိုတွင် မှောက်မှားသော နတ်ဘုရားများကို ယဇ်ပူဇော်ကြသည်။ (အာမုတ် ၅:၂၆။ ၃ ဓမ္မရာဇဝင် ၁၂:၂၈-၃၀) ဟုတ်လှပြီဟုထင်သော ဒုစရိုက်သမားတို့သည် ဆင်စွယ်ဖြင့်မွမ်းမံသော သလွန်ပေါ်တွင် အငြိမ့်သားလျောင်းလျက် အထူးဖေါ်စပ်သော စပျစ်ရည်ကို အားရပါးရသောက်လျက် အကောင်းဆုံးအစားအစာနှင့်၊ လိမ်းကျံရန်ဆီတို့နှင့် စည်းစိမ်ယစ်မူးကြသည်။ (အာမုတ် ၅:၁၁။ ၆:၄-၆) ‘ယေဟောဝါ၏နေ့ရက်’ ရောက်တော့မည်။ ဘုရားသခင်သည် “ကိုယ်ကိုတိုင်တည်၍” ဣသရေလအမျိုး ပျက်စီးမည်ဟု ကျိန်ဆိုတော်မူပြီ။ (အာမုတ် ၅:၁၈။ ၆:၈) ဣသရေလအမျိုးကို ဖိနှိပ်ချုပ်ချယ်၍ သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားမည့် လူမျိုးတစ်မျိုးကို ယေဟောဝါပေါ်ထွန်းစေတော်မူလတံ့။—အာမုတ် ၅:၁–၆:၁၄။
ဆန့်ကျင်သူတို့ကိုမကြောက်ဘဲ ယေဟောဝါကိုကြောက်ရွံ့လော့။ ဣသရေလအမျိုး၏ ပျက်စီးခြင်းသည် ကျိုင်းကောင်အုပ်တစ်အုပ်အားဖြင့်လည်းကောင်း ကြီးကျယ်သော မီးဘေးအားဖြင့်လည်းကောင်း ဆိုက်ရောက်လာနိုင်သည်။ သို့သော် အာမုတ်သည် ဣသရေလအမျိုးကိုယ်စားဘုရားသခင်ထံတောင်းပန်ခဲ့ရာ ယေဟောဝါသည် မိမိ၏စီရင်ချက်အတွက် နောင်တရ၍ ထိုနည်းအတိုင်းစီရင်တော်မမူခဲ့ချေ။ သို့ရာတွင် ချိန်သီးဖြင့် အုတ်ရိုးကို ချိန်သော ဆောက်လုပ်ရေးလုပ်သားတစ်ဦးကဲ့သို့ ယေဟောဝါသည် ဣသရေလအမျိုးကို ယေဟောဝါ ‘ဆက်သည်းမခံ’ ချေ။ (အာမုတ် ၇:၁-၈) ထိုလူမျိုးသည် ပျက်သုဉ်းရမည်။ နွားသငယ်ကိုးကွယ်မှုနှင့်ဆိုင်သော ယဇ်ပုရောဟိတ်အာမဇိသည် ပရောဖက်အာမုတ်၏ သတင်းစကားကြောင့် အမျက်ထွက်၍ အာမုတ်အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် မဟုတ်မမှန်စွပ်စွဲကာ ‘ယုဒပြည်သို့ ပြေးသွားပြီး ဗေသလမြို့၌ နောက်တစ်ဖန် ပရောဖက်မပြုနှင့်’ ဟုအမိန့်ပေး၏။ (အာမုတ် ၇:၁၂၊ ၁၃) အာမုတ်ကြောက်ဒူးတုန်သွားသလော။ လုံးဝမတုန်ပါ။ သူသည် အာမဇိသေဆုံးမည့်အကြောင်း၊ သူ့မိသားစုကြုံရမည့်ဘေးဒုက္ခအကြောင်းကို မကြောက်မရွံ့ဟောခဲ့သည်။ ရိတ်သိမ်းရာကာလတွင် အသီးတို့ကို ဆွတ်ခူးသကဲ့သို့ ယခုအချိန်သည် ဣသရေလအမျိုးနှင့် ယေဟောဝါစာရင်းရှင်းရမည့်အချိန်ပင်တည်း။ ချမ်းသာရမည်မဟုတ်။—အာမုတ် ၇:၁–၈:၁၄။
ယေဟောဝါအားကိုးစားသူတို့ မျှော်လင့်ချက်ရှိ၏။ ‘ယာကုပ်အမျိုးကို အကုန်အစင်မဖျက်ဆီး’ ဟုယေဟောဝါမိန့်တော်မူ၏။ ယာကုပ်အမျိုးမှ အချို့သူတို့အဖို့ မျှော်လင့်ချက်ရောင်ခြည် ကျန်ရှိသေးသော်လည်း အပြစ်သားတို့အဖို့ကား မျှော်လင့်ချက်မရှိတော့ပေ။ သူတို့သည် မုချပျက်စီးရမည်။ သို့သော် ယေဟောဝါသည် ‘သိမ်းသွားခြင်းကို ခံရသော ဣသရေလအမျိုးသားတို့ကို တစ်ဖန်ဆောင်ခဲ့’ တော်မူလတံ့။—အာမုတ် ၉:၁-၁၅။
ယနေ့အဖို့ သင်ခန်းစာများ။ မိမိတို့ကိုယ်ကို ဘုရားသခင့်ရန်သူဖြစ်အောင် ပြုလုပ်သူတို့သည် သေဒဏ်စီရင်ခြင်းခံရလိမ့်မည်။ သို့သော် နောင်တနှင့်ဆိုင်သော ဘုရားသခင့်သတိပေးသတင်းစကားကို ဂရုပြုသူတို့မူကား ယေဟောဝါ၏ကရုဏာတော်ကို ခံစား၍ အသက်ချမ်းသာရကြလိမ့်မည်။ ကျွန်ုပ်တို့ဘုရားသခင်ကို ကြောက်ရွံ့ပါက အလိုတော်မဆောင်ဖြစ်အောင် ရန်သူတို့အား အခွင့်ပေးမည်မဟုတ်ပေ။
[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]
ကျမ်းပိုဒ်များကို သုံးသပ်ခြင်း
○ ၁:၅—ရှေးခေတ်ကမြို့တို့သည် မြင့်မားသော မြို့ရိုးနှင့် ကြီးမားသောတံခါးပေါက်များရှိသည်။ ထိုတံခါးများကို သော့ခတ်ရာတွင် သံသို့မဟုတ် ကြေးဖြင့်ပြုလုပ်သော ကန့်လန့်ကျင်ရှည်ကို အတွင်းမှချထားသည်။ ‘ဒမာသက်မြို့တံခါး ကန့်လန့်ကျင်တို့ကို ချိုးခြင်း’ ဆိုသည်မှာ ရှုရိလူမျိုး၏ မြို့တော်သည် အာရှုရိလူမျိုးလက်သို့ကျရောက်မည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ မြို့တံခါးကန့်လန့်ကျင်တို့ ကျိုးနေသဖြင့် မြို့တံခါးများကို သော့ခတ်ပိတ်မထားနိုင်သကဲ့သို့ဖြစ်မည်။—၄ ဓမ္မရာဇဝင် ၁၆:၈၊ ၉။
○ ၄:၁—ရှမာရိမြို့မှ စည်းစိမ်ချမ်းသာကို မက်မောသောအမျိုးသမီးတို့ကို “ဗာရှန်နွားတို့” အဖြစ်ရည်ညွှန်းဖေါ်ပြထားသည်။ ဗာရှန်ဒေသ၏ ကြွယ်ဝသောစားကျက်က ဆူဖြိုးသော တိရစ္ဆာန်တို့ကို ပေါက်ပွားစေ၏။ (တရားဟောရာ ၃၂:၁၄။ ယေဇကျေလ ၃၉:၁၈) ဤတစ်ကိုယ်ကောင်းဆန်သော “ဗာရှန်နွားတို့” သည် မိမိတို့၏ “ဆင်စွယ်ဖြင့် ပြီးသောအိမ်တို့” ကို ပြည့်စေခြင်းငှာ မိမိတို့ “သခင်တို့” သို့မဟုတ် ခင်ပွန်းတို့အား ဆင်းရဲသားတို့ထံမှ ငွေညှစ်ယူရန် တိုက်တွန်းခဲ့သည်မှာ ထင်ရှားသည်။ (အာမုတ် ၃:၁၅) သို့သော် ထိုသို့သော လုပ်ရပ်သည် ဘုရားသခင်ထံမှ အပြစ်ဆပ်ပေးခြင်းခံရသည်။
○ ၄:၆—“သွားတို့၏ စင်ကြယ်ခြင်း” အသုံးအနှုန်း၏အဓိပ္ပာယ်ကို ယှဉ်တွဲနေသော “အစာခေါင်းပါးခြင်း” ဝါကျပြတ်က ရှင်းပြထားသည်။ ထိုကြောင့် ငတ်မွတ်ခေါင်းပါးခြင်းကို ရည်ညွှန်းနေသည်မှာ ထင်ရှားသည်။ ထိုအခါ စားစရာမရှိသဖြင့် သွားများ စင်ကြယ်နေကြမည်။ ယေဟောဝါသည် ဆယ်နွယ်နိုင်ငံအပေါ် ငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်စေခြင်းအားဖြင့် မနှစ်မြို့ခြင်းကို ဖေါ်ပြခဲ့သည်မှာ သိသာသည်။ ရှေးကြာမြင့်စွာကပင် ဤသို့ပြုမည်အကြောင်း ကိုယ်တော်သတိပေးခဲ့သည့်အတိုင်း ပြုတော်မူခြင်းဖြစ်သည်။ (တရားဟောရာ ၂၈:၄၈) သို့တစေ ဤသတိပေးချက်ဖြစ်စေ၊ အခြားသောတရားစီရင်မည့်အကြောင်းတို့ဖြစ်စေ မည်သည့်အချက်မျှ ဤပဋိညာဉ်ချိုးဖောက်သော လူမျိုး၏နှလုံးထဲသို့ မရောက်ခဲ့ချေ။—အာမုတ် ၄:၆၊ ၈-၁၁။
○ ၅:၂—အာမုတ်ပရောဖက်ပြုသောအချိန်တွင် ဣသရေလအမျိုးနှင့်တကွ ဣသရေလပြည်တို့သည် တိုင်းတစ်ပါးနိုင်ငံတစ်ခု၏ တိုက်ခိုက်သိမ်းပိုက်ခြင်း မခံရသေးပေ။ သို့နှင့် သူတို့ကို အပျိုကညာအဖြစ် တင်စားဖေါ်ပြထားသည်။ သို့သော် နှစ်အနည်းငယ်အတွင်း အပျိုကညာဣသရေလအမျိုးသည် အာရှုရိလူမျိုးလက်တွင်းသို့ ကျရောက်ပြီး “ဒမာသက်မြို့တစ်ဘက်သို့ သိမ်းသွား” ခံရပေမည်။ (အာမုတ် ၅:၂၇) ဣသရေလအမျိုး၏ သစ္စာမဲ့မှုကြောင့် ခံရမည့်ပျက်စီးခြင်းသည် အာမုတ်အဖို့ အလွန်သေချာလှသဖြင့် ယင်းအကြောင်းကို ဖြစ်ပြီးဘိသကဲ့သို့ သူရေးသားထားသည်။
○ ၇:၁—“ရှင်ဘုရင်ဆိုင်သော မြက်ပင်” မှာ ရှင်ဘုရင်၏တိရစ္ဆာန်တို့နှင့် မြင်းတပ်အတွက် အစာထောက်ပံ့ရန် ကောက်ခံသော အခွန်တော်ကို ရည်ညွှန်းဟန်တူသည်။ ပြည်သူတို့သည် ဘုရင့်အခွန်တော်ကို ဦးစွာပေးဆက်ပြီးမှ ကိုယ်ပိုင်အသုံးပြုရန် “မြက်ပင်” သို့မဟုတ် ကောက်ပင်ကို ရိတ်သိမ်းနိုင်သည်။ သို့သော် ထိုသို့မပြုနိုင်မီ ကျိုင်းကောင်တို့လာ၍ နောက်ပေါက်သော အပင်တို့ကို စားပစ်လေ၏။
○ ၈:၂—နွေကာလအသီးတို့ကို ရိတ်သိမ်းရာကာလအဆုံး၌ ဆွတ်ခူးကြသည်။ သို့နှင့် စိုက်ပျိုးရေးနှစ်ကုန်ဆုံးခြင်းက ဣသရေလအမျိုး၏ အဆုံးရောက်ပြီဖြစ်ကြောင်း တင်စားပြသည်။ “နောက်တစ်ဖန် သူတို့ကိုသည်းမခံ” ဟုယေဟောဝါမိန့်တော်မူ၏။ ထိုလူမျိုးကို စီရင်သုတ်သင်ရန်အချိန်တန်ပြီ။
○ ၉:၇—သူတို့၏ သစ္စာရှိဘိုးဘေးတို့ကြောင့် ယေဟောဝါသည် ဣသရေလအမျိုးကို ရွေးချယ်ပြီး သူတို့၏ဘိုးဘေးတို့ကို အီဂျစ်လူမျိုး၏ အချုပ်အနှောင်မှ ကယ်နှုတ်၍ ခါနာန်ပြည်သို့ ဆောင်သွင်းတော်မူ၏။ သို့သော်ဤအတွက် သူတို့အနေဖြင့် ဂုဏ်ယူဝင့်ကြွားစရာအကြောင်းမရှိပေ။ သူတို့၏ ဆိုးယုတ်မှုကြောင့် သူတို့၏အနေအထားမှာ ကုရှအမျိုးတို့၏ အနေအထားနှင့် မခြားနားသောကြောင့်ဖြစ်သည်။ (ရောမ ၂:၂၅ နှင့်နှိုင်းယှဉ်ပါ။) ထိုနည်းတူ အီဂျစ်ပြည်မှ ကယ်နှုတ်ခံရခြင်းမှာလည်း ဘုရားသခင့်စိတ်တော်နှင့် အစဉ်တွေ့မည်ဟူသော အာမခံချက်မဟုတ်ပေ။ ဖိလိတ္တိလူမျိုးနှင့် ရှုရိလူမျိုးတို့ ယခုနေထိုင်သော ဒေသသည် ယခင်က သူတို့နေထိုင်ခဲ့ရာ ဒေသမဟုတ်ခြင်းက သူတို့ဘုရားသခင့်စိတ်တော်တွေ့သည်ဟူ၍ အဓိပ္ပာယ်မသက်ရောက်သကဲ့သို့ပင်ဖြစ်သည်။ သစ္စာရှိဘိုးဘေးများထံမှ ဆင်းသက်လာခြင်းက ဣသရေလအမျိုးကို ကယ်တင်မည်မဟုတ်ပေ။ ဘုရားသခင့်ရှေ့တော်၌ စိတ်တော်တွေ့အနေအထားရခြင်းဆိုသည်မှာ ကိုယ်တော်.အလိုတော်အတိုင်းလိုက်လျှောက်ခြင်းအပေါ် မူတည်ပေသည်။—အာမုတ် ၉:၈-၁၀။ တမန်တော် ၁၀:၃၄၊ ၃၅။