ကျမ်းစောင်များမှ သင်ခန်းစာများ။ မိက္ခာ ၁:၁–၇:၂၀
ယေဟောဝါ၏ တရားမျှတခြင်း နှင့် နာမတော် ချီးမြှောက်ခံရ
ပ ရောဖက်မိက္ခာသည် ဘီစီအီး ရှစ်ရာစုတွင်နေထိုင်ခဲ့သည်။ ထိုအချိန်တွင် ဣသရေလနှင့်ယုဒနိုင်ငံ၌ ရုပ်တုကိုးကွယ်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ဖြင့် ပြည့်နှက်နေပါသည်။ ယင်းဖြစ်ရပ်တို့သည် ကျွန်ုပ်တို့ခေတ်နှင့်တူညီနေသောကြောင့် မိက္ခာ၏သတင်းဖြစ်ရပ်နှင့် သတိပေးချက်သည် ကျွန်ုပ်တို့အချိန်အတွက် အလွန်ပင်ဆီလျော်နေပါသည်။ သူကြေညာခဲ့သည့် အပြုသဘောသတင်းများသည် စာတန်လွှမ်းမိုးသောလောကတွင် ကျွန်ုပ်တို့အား တကယ့်မျှော်လင့်ချက်ကို ပေးထားပါသည်။—၁ ယောဟန် ၅:၁၉။
မိက္ခာ၏သတင်းကို အောက်ပါအချက်သုံးချက်ဖြင့် အတိုချုပ်၍ဖေါ်ပြသည်။ “ဒုစရိုက်ပြုတတ်သူတို့သည် . . . အမင်္ဂလာရှိကြ၏။” “တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သက္ကာကို ဘုရားတောင်းတော်မူသနည်း။” “ငါတို့မူကား ကိုယ်ဆိုင်သောဘုရား [ယေဟောဝါ] ၏နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက် ကျင့်နေကြမည်။”—မိက္ခာ ၂:၁။ ၆:၈။ ၄:၅။
ရုပ်တုကိုးကွယ်ခြင်းကို ထုတ်ဖေါ်
မှားယွင်းသူများကို ယေဟောဝါသည် အစဉ်သည်းခံတော်မမူ။ ဣသရေလနှင့်ယုဒတွင် ရုပ်တုကိုးကွယ်မှုနှင့်ပုန်ကန်မှုတို့သည် ပျံ့နှံ့နေသည်။ ထို့ကြောင့်ယေဟောဝါသည် သူတို့တစ်ဖက်၌သက်သေဖြစ်သည်။ သူတို့၏ရုပ်တုများ ချိုးဖဲ့ခံရမည်။ သူတို့သည် “ရွှေလင်းတကဲ့သို့ ခေါင်းပြောင်၍ သုံ့ပန်းအဖြစ် ခေါ်ဆောင်ခြင်းခံရမည်။”—၁:၁-၁၆။
သစ္စာရှိသူများအတွက် ယေဟောဝါသည် မျှော်လင့်ခြင်းဘုရားဖြစ်သည်။ အကောက်ကြံ၍ ထင်ရာစိုင်းသောမင်းတို့ကို သူခိုး၊ ဓားပြများ ဟုဖေါ်ထုတ်ထားသည်။ ဒုက္ခဆိုးကြီးသူတို့ခံရလိမ့်မည်။ ပြန်လည်တည်ထောင်မည့်ကတိကို “ဣသရေလအကြွင်းအကျန်အတွက်” ပြုခဲ့သည်။ “သိုးခြံ၌သိုးများကဲ့သို့ သူတို့ကိုငါစု၍ထားမည်။”—၂:၁-၁၃။
ယေဟောဝါ၏လူမျိုးကြား၌ တာဝန်ထမ်းဆောင်နေသူတို့ တရားမျှတမှုကျင့်သုံးခြင်းကို ဘုရားမျှော်လင့်သည်။ အဓမ္မပြုသူခေါင်းဆောင်တို့ကို ဤသို့မိန့်ဆိုသည်။ “သင်တို့သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည်မဟုတ်လော။ သုစရိုက်ကိုမုန်း၍ ဒုစရိုက်ကိုနှစ်သက်လျက် သူတပါးအရေကိုလည်းကောင်း၊ အရိုး၌ကပ်သောအသားကိုလည်းကောင်းဆွဲယူ၏။” မိက္ခာသည် သူတို့၏တစ်ဖက်၌ တရားစီရင်ခြင်းကို “ဘုရား၏ဝိညာဉ်တော်၊ တရားမျှတမှု၊ ဉာဏ်သတ္တိ” ဖြင့်ကြေညာနေသည်။ တရားမမျှတသောမင်းတို့သည် လက်ဆောင်ကိုရခြင်းငှာသာ တရားကိုစီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်အခကိုရခြင်းငှာသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့သည် ငွေကိုရခြင်းငှာသာ အနာဂတ်ကိုဟောတတ်ကြ၏။ ထို့ကြောင့်ယေရုရှလင်မြို့သည် “မြေပုံများဖြစ်လိမ့်မည်။”—၃:၁-၁၂။
မျှော်လင့်ခြင်း သတင်း
စစ်မှန်သောဝတ်ပြုမှုကို ကမ္ဘာနှင့်အဝှန်း ဝတ်ပြုလိမ့်မည်။ “နောက်ဆုံးကာလ” ၌ရောက်နေသည့် များပြားသောလူတို့သည် ယေဟောဝါနည်းလမ်းတော်အတိုင်း ဆုံးမခြင်းကိုခံရမည်ဟု မိက္ခာပရောဖက်ပြုခဲ့သည်။ ဘုရားသည်တရားစီရင်၍ စစ်ရှိတော့မည်မဟုတ်။ စစ်မှန်စွာဝတ်ပြုသူတို့မှာ ‘ကိုယ်ဆိုင်သောဘုရား [ယေဟောဝါ] ၏နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက် ကျင့်နေကြမည်။’ ယေဟောဝါ၏လူမျိုးတို့သည် နှင်ထုတ်ခြင်းနှင့်နာကျင်မှုခံရငြားလည်း ရန်သူတို့၏လက်မှ လွတ်မည်။—၄:၁-၁၃။
ဘုရားကတိပြုခဲ့သောကယ်တင်ရှင်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်။ ဗက်လင်မြို့မှအုပ်စိုးရှင်သည် ဘုရား၏စွမ်းအားဖြင့် အုပ်စိုးမည်။ “အာရှုရိလက်မှလွတ်မြောက်ခြင်း” ကိုကြိုတင်ဟောခဲ့သည်။ ကျန်ကြွင်းသည့်စစ်မှန်သောဝတ်ပြုရေးကို ကိုးကွယ်သူတို့သည် ဘုရားပေးနှင်းနှင့် မိုးရေကဲ့သို့ဖြစ်၍ ဘာသာမှားနှင့် နတ်ဆိုးအတတ်တို့ကို အမြစ်မှနှုတ်လှန်ပစ်မည်။—၅:၁-၁၅။
ယေဟောဝါ၏တရားမျှတခြင်း တည်မြဲမည်
ယေဟောဝါသည် မိမိလူမျိုးတို့အားဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းစံချိန်နှင့်အညီ နေထိုင်ရန်မျှော်လင့်သည်။ ယုတ်ညံ့သောကိုးကွယ်မှုကို ကိုယ်တော်ဘာလုပ်ခဲ့သနည်း။ မိမိလူမျိုးများအတွက် ကောင်းသောအရာကိုသာ ပြုလုပ်ပေးသည်။ ‘တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သက္ကာကို [ယေဟောဝါ] တောင်းတော်မူသနည်း။’ ဆိုးယုတ်မိုက်မဲမှုကို ဆက်လက်ပြုကျင့်နေပါက ကိုယ်တော်၏ပြင်းထန်သောဒဏ်စီရင်ချက်ကိုသာခံရမည်။—၆:၁-၁၆။
ယေဟောဝါ၏ တရားမျှတခြင်း နှင့် ကရုဏာတော်ကို ကျွန်ုပ်တို့ကိုးစားသင့်သည်။ မိသားစုထဲ၌ပင် ရန်သူများပေါ်လာလိမ့်မည်။ သို့သော်မိက္ခာက “ငါမူကား ငါ့ကိုကယ်တင်သောဘုရားကို ငါစောင့်မျှော်မည်။ ငါ၏ဘုရားသည် ငါ့စကားကိုနားထောင်မည်” ဟုပြောခဲ့သည်။ ပရောဖက်မိက္ခာသည် ယေဟောဝါ၏တရားမျှတခြင်းကို အကြွင်းမဲ့ယုံကြည်၍ “သနားကြင်နာတတ်သောဘုရားဖြစ်သောကြောင့် အမျက်ထွက်ရာ၌လည်း လျင်မြန်မည်မဟုတ်ကြောင်း” သူနားလည်သည်။—၇:၁-၂၀။
ယနေ့အတွက်သင်ခန်းစာ။ ယေဟောဝါ၏လူမျိုးများသည် တရားမျှတမှုကိုကျင့်သုံးရန် ဘုရားမျှော်လင့်သည်။ စီးပွားရေးနှင့်ပတ်သက်၍ ခရစ်ယာန်တို့သည် မိမိကိုယ်ကိုမေးနိုင်သည်။ “မတရားသောချိန်ခွင်နှင့် စဉ်းလဲသောအလေးအိတ်ရှိသည့်မြို့ကို သန့်ရှင်းသောမြို့ဟူ၍ငါမှတ်ရမည်လော။” (၆:၁၁) ဤနောက်ဆုံးသောကာလ၌ ယေဟောဝါသက်သေတို့သည် မြေကြီးအဖွဲ့အစည်းမှ ပေးသောလမ်းညွှန်မှုကို ကျင့်သုံးရမည့်အပြင် ငြိမ်သက်သောလမ်းတော်ကို လက်ခံရမည်။ ကျွန်ုပ်တို့ပြုလေသမျှသည် ယေဟောဝါနာမကို ချီးမြှောက်စေသောအရာများ ဖြစ်ရမည့်အပြင် စစ်မှန်သောဝတ်ပြုရေးကိုလည်း တိုးမြှင့်သည့်အရာများဖြစ်သင့်သည်။—၂:၁၂။ ၄:၁-၄။
[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]
ကျမ်းပိုဒ်များကို သုံးသပ်ခြင်း
○ ၁:၁၆—ဣသရေလခေတ်တွင် ဆံပင်ရိတ်ခြင်းသည် ရှက်ကြောက်ခြင်း၊ ညည်းတွားခြင်း၊ စိတ်ဆင်းရဲခြင်းတို့နှင့်ပတ်သက်နေသည်။ (ဟေရှာယ ၃:၂၄-၂၆၊ ၁၅:၂၊ ၃။ ယေရမိ ၄၇:၅) ဒိဌိနိုင်ငံသားအချို့သည် မိမိတို့၏ဆွေမျိုးသားချင်း သေဆုံးသောအခါ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနှင့် ဦးခေါင်းကိုရိတ်ကြသည်။ သဘာဝအလျောက်ဦးပြည်းခြင်းနှင့်မဆိုင်သော်လည်း ပညတ်တော်အောက်တွင် ဣသရေလလူမျိုးသည် ဝမ်းနည်းပူဆွေးခြင်းကြောင့် ဆံပင်ရိတ်ခြင်းကိုခွင့်မပြုချေ။ အကြောင်းမှာသူတို့သည် “ယေဟောဝါ၏သန့်ရှင်းသောလူမျိုး” ဖြစ်ကြသည်။ (တရားဟောရာ ၁၄:၁၊ ၂) သို့သော် ဣသရေလနှင့်ယုဒလူမျိုးများအား သူတို့၏မှားသောကိုးကွယ်မှုကြောင့် သူတို့၏ဆံပင်ကို မိက္ခာရိတ်ခိုင်းပြီး ကိုယ်တော်၏သန့်ရှင်းသောလူမျိုးမဖြစ်ထိုက်ဘဲ သူတို့နှင့်သူတို့၏ကလေးများသည် သုံ့ပန်းဖြစ်ထိုက်ကြောင်း ဟောခဲ့သည်။ ရွှေလင်းတကို ဟေဗြဲဘာသာဖြင့် အမွှေးစုတ်ဖွားပြီးခေါင်းတွင်ဖြူ၍ ပျော့သည်ဟုဘာသာပြန်ထားသည်။ ထိုကြောင့်ရွှေလင်းတနှင့် တစ်မျိုးတည်းမဟုတ်သော်လည်း အမျိုးအနွယ်တစ်ခုတည်းဖြစ်သည်ဟုယူမှတ်သည်။
○ ၂:၁၂—ဤစကားများသည် ယခုခေတ်ဝိညာဏဣသရေလ ၌ပြည့်စုံသည်။ (ဂလာတိ ၆:၁၆) အထူးသဖြင့် ၁၉၁၉ ခုနှစ်မှစ၍ ဘိသိက်ခံအတန်းအစားသည် မဟာဗာဗုလုန်၏အချုပ်အနှောင်မှလွတ်ရန် လမ်းစပွင့်လာသည်။ (ဗျာဒိတ် ၁၈:၂) မိက္ခာကြိုပြောသည့်အတိုင်း သူတို့သည် ‘စိမ်းလန်းသောစားကျက်၌ သိုးအုပ်တစ်အုပ်သိုးခြံတစ်ခုအတွင်း’ စုသိမ်းခံရ၏။ ၁၉၃၅ ခုနှစ်မှစ၍ သူတို့နှင့်အတူ “အခြားသိုး” မှ “လူအုပ်ကြီး” ပူးပေါင်းလာသောကြောင့် သူတို့သည်အမှန်ပင် “အသံကြီး” လျက်ရှိသည်။—ဗျာဒိတ် ၇:၉။ ယောဟန် ၁၀:၁၆။
○ ၃:၁-၃—ဤတွင်ကရုဏာသိုးထိန်းရှင်ယေဟောဝါနှင့် မိက္ခာခေတ်ရှိ သူ၏လူများအပေါ် ရက်စက်ခဲ့သော ခေါင်းဆောင်များအကြား ကွာခြားလှသည်။ တရားမျှတစွာကျင့်ကြံခြင်းဖြင့် သိုးအုပ်ကိုကာကွယ်ရန် သူတို့၏တာဝန်ကိုပျက်ကွက်ခဲ့သည်။ ပုံဆောင်သိုးကိုသူတို့သည် ဝံပုလွေများကဲ့သို့ ရက်စက်စွာအမွေးညှပ်သည့်ပြင် ‘အရေခွံကိုလည်းခွာ’ သည်။ သိုးထိန်းဆိုးတို့သည် လူတို့ထံမှတရားမျှတခြင်းကိုနှုတ်ယူ၍ “သတ် [ဖြတ်] ခြင်း” လက်အောက်သို့ကျရောက်စေသည်။ (၃:၁၀) သူတို့၏အဓမ္မစီရင်ခြင်းတို့ဖြင့် အကာအကွယ်မဲ့သူတို့၏ အိုးအိမ်နှင့်လယ်ယာတို့ကို အနိုင်အထက်သိမ်းယူကြသည်။—၂:၂။ ယေဇကျေလ ၃၄:၁-၅ နှင့်နှိင်းယှဉ်။
○ ၄:၃—ဤ “များပြားသောလူ” နှင့် “အားကြီးသောလူမျိုး” သည်နိုင်ငံရေးရာလူမျိုး၊ အစိုးရတို့မှမဟုတ်ဘဲ ဤသူတို့သည် တစ်ဦးစီအနေနှင့် မိမိတို့၏လူမျိုးရေးမှထွက်ပြီး စစ်မှန်သော ယေဟောဝါ၏တောင်တော်ဝတ်ပြုမှုသို့ စည်းလုံးစွာဝတ်ပြုရန် လှည့်လာသူများဖြစ်သည်။ (ဟေရှာယ ၂:၂-၄) ယေဟောဝါသည် ဘုရားနိုင်ငံအတွက်ရပ်တည်သော ယုံကြည်သူများအတွက် ‘စီရင်ချက်နှင့်မှုကိစ္စများကို ဝိညာဏနည်းလမ်းများဖြင့် ဖြေရှင်းပေးသည်။’ ဤ “လူအုပ်ကြီး” မှသူများသည် ဘုရား၏စီရင်ချက်အတိုင်းပြောင်းလဲပြီး သူတို့၏ထားလက်နက်များကို ထွန်သွားဖြစ်စေပြီး သူတို့၏လုပ်ဖေါ်သက်သေခံများနှင့်အတူ အေးချမ်းစွာနေကြသည်။
○ ၅:၂—ဗက်လင်မြို့သည် နှစ်မြို့ရှိသောကြောင့် ဗက်လင်ဧဖရတ်မြို့ဟုခေါ်ထားသည်။ မိက္ခာရည်ညွှန်းထားသောမြို့မှာ ယေရုရှလင်တောင်ဘက် ယုဒနယ်တွင်ဖြစ်သည်။ အခြားတစ်မြို့မှာ မြောက်ဘက်ရှိဇာဗုလုန်တွင်ဖြစ်သည်။ (ယောရှု ၁၉:၁၀၊ ၁၅) “ဧဖရတ်သ” သို့မဟုတ် “ဧဖရတ်” သည်ယုဒနယ်ရှိ ဗက်လင်မြို့နှင့် ယင်းနယ်တစ်ဝိုက်အတွက် ကနဦးအမည်ဖြစ်သည်။ (ကမ္ဘာဦး ၄၈:၇။ ရုသ ၄:၁၁) ထိုကဲ့သို့အသေးစိတ်ဖေါ်ပြချက်များက မေရှိယနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များ၏ တိကျမှုကိုခိုင်မာစေသည်။
○ ၆:၈—မိက္ခာသည်ရွေးနှုတ်ဖိုးပူဇော်သက္ကာကို တန်ဖိုးချနေခြင်းမဟုတ်ဘဲ ဘုရားရှေ့တွင်အမှန်တန်ဖိုးရှိခြင်းကိုပေါ်လွင်စေသည်။ (တရားဟောရာ ၁၀:၁၂နှင့်နှိုင်းယှဉ်) ဘုရားလက်ခံနိုင်သော ပူဇော်သက္ကာဖြစ်ရန် အပြစ်သားသည် တရားမျှတမှု၊ ကြင်နာမှု။ ကျိုးနွံမှု၊ များကိုကျင့်ကြံရမည်။ ယနေ့လည်းယေဟောဝါသည် ကျွန်ုပ်တို့လုပ်ငန်းတွင် အလားတူတောင်းဆိုနေသည်။—၁ ကောရိန္သု ၁၃:၄-၈။
○ ၇:၄—ဆူးပင်နှင့်ဆူးရှိသောစည်းရိုးတို့သည် အဝတ်ပေါက်ပြဲနိုင်သည့်ပြင် အရေခွံကိုပါစုတ်စေနိုင်သည်။ မိက္ခာသည်သူ့ခေတ်ရှိလူတို့၏ စာရိတ္တယိုယွင်းလာပုံကို ဖေါ်ပြနေခြင်းဖြစ်သည်။ ထင်ရာစိုင်းသောဣသရေလလူထဲမှ အကောင်းဆုံးလူနှင့်ပေါင်းဖေါ်ခြင်းပင်လျှင် ဆူးကဲ့သို့အန္တရာယ်ပေးနိုင်ကြောင်း သူဆိုလိုနေခြင်းဖြစ်သည်။