အဘယ်ကြောင့် လူကိုမကြောက်ဘဲ ဘုရားအားခန့်ညား ရသနည်း
“လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ [ယေဟောဝါ] ၌ကိုးစားသောသူမူကား လုံခြုံလိမ့်မည်။” (သု၊ ၂၉:၂၅) ဤသို့ဖြင့် စကားပုံတစ်ခု၌ စိတ်ပိုင်းဆိုင်ရာအဆိပ်အတောက်ဖြစ်စေသည့် ကြောက်ရွံ့ခြင်းတည်းဟူသော လူကိုကြောက်ရွံ့ခြင်းအကြောင်း သတိပြုစေသည်။ ယင်းကိုကျော့ကွင်းနှင့်ပုံနှိုင်းထားသည်။ အဘယ်ကြောင့်နည်း။ ယုန်သူငယ်ကဲ့သို့သော တိရစ္ဆာန်ငယ်တစ်ကောင်သည် ကျော့ကွင်း၌မိနေသောအခါမျိုး၌ အားကိုးရာမဲ့ဖြစ်တတ်သည်။ ထွက်ပြေးချင်သော်လည်း ကျော့ကွင်းကအညှာတာကင်းစွာချုပ်ထားရှာသည်။သားကောင်လေးခမျာ ရုန်းထွက်နိုင်သည့်အင်အားလုံးဝမရှိဘဲ ဖြစ်ရရှာသည်။
ကျွန်ုပ်တို့သည်လူကိုကြောက်ရွံ့ခြင်း၌ ကျော့မိနေပါက ထိုယုန်လေးအဖြစ်နှင့် များစွာဆင်တူပေမည်။ ဘာလုပ်သင့်သည်ကိုသိချင်သိမည်။ ထိုအတိုင်းလည်းလုပ်ချင်မည်။ သို့သော်ကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့ကို မလွှတ်တမ်းချုပ်ထားမည်။ ကျွန်ုပ်တို့သည်ထိုသို့ပြုလုပ်ရန် အစွမ်းခွန်အားလုံးဝမရှိဘဲဖြစ်နေမည်။
လူကိုကြောက်ရွံ့ခြင်း၏ ကျော့ကွင်း
သမ္မာကျမ်းစာခေတ်၌ ကြောက်ရွံ့ခြင်း ကျော့ကွင်းအတွင်းမိသူတို့၏ ပုံနမူနာအချို့ကိုစဉ်းစားကြည့်ပါ။ ယောရှုလက်ထက်၌ ဣသရေလလူမျိုး ခါနာန်ပြည်ကိုသိမ်းပိုက်မည့် အစီအစဉ်မတိုင်မီ ထိုပြည်ကိုထောက်လှမ်းရန် သူလျှို ၁၂ ယောက်စေလွှတ်လိုက်သည်။ သူလျှိုများက ဘုရားမိန့်တော်မူသည့်အတိုင်း ပြည်သည်မြေသြဇာကောင်းပြီး ကြွယ်ဝသောဒေသဖြစ်ကြောင်း ပြန်ကြားကြသည်။ သို့သော်သူလျှိုဆယ်ယောက်သည် ထိုပြည်သားတို့၏ခွန်အားဗလကြောင့် အလွန်ကြောက်ရွံ့ကြ၏။ ဣသရေလတစ်မျိုးသားလုံးကိုလည်း အကြောက်တရားစိုးမိုးသွားစေရန် ရည်ရွယ်၍ ထိုပြည်သားတို့၏ ခွန်အားအကြောင်းကို ပုံကြီးချဲ့၍ပြောပြသည်။ ဣသရေလလူမျိုးသည် ခါနာန်ပြည်သို့ချီတက်၍ သိမ်းပိုက်ရန်ဘုရားအမိန့်ကို မနာခံကြချေ။ သို့နှင့်အနှစ် ၄၀ အတွင်းခြွင်းချက်အနည်းငယ်မှအပ ထိုခေတ်ကအရွယ်ရောက်ပြီးသော ယောက်ျားအားလုံး တောထဲ၌သေဆုံးခဲ့ကြသည်။—တောလည်ရာ ၁၃:၂၁–၁၄:၃၈။
ယောနသည် လူကိုကြောက်ရွံ့ခြင်း၏သားကောင် နောက်တစ်ဦးဖြစ်သည်။ နိနေဝေမြို့ကြီးသို့သွားဟောရန် တာဝန်ပေးခံရသောအခါ သူသည် “ယေဟောဝါထံမှ တာရှုမြို့သို့ပြေးမည့်အကြံနှင့်ထ” သွားလေ၏။ (ယောန ၁:၃) အဘယ်ကြောင့်နည်း။ နိနေဝေမြို့သားတို့သည် ရက်စက်ကြမ်းကြုတ်မှုတွင်နာမည်ကြီးသဖြင့် ယင်းကိုယောနမုချသိပေမည်။ လူကိုကြောက်ရွံ့ခြင်းကြောင့် ယောနသည်နိနေဝေမြို့နှင့်ဝေးရာအရပ်သို့ ထွက်ပြေးခဲ့လေသည်။ သူသည်ပေးအပ်သောတာဝန်ကို နောက်ဆုံး၌လက်ခံရသည်မှန်သော်လည်း ယေဟောဝါထံမှထူးခြားသော ဆုံးမခံရပြီးနောက်၌သာ ထိုသို့လက်ခံခဲ့ခြင်းဖြစ်သည်။—ယောန ၁:၄၊ ၁၇။
ရှင်ဘုရင်တို့လည်းလူကိုကြောက်တတ်သည်။ တစ်ခါက ဘုရင်ရှောလုသည် ဘုရားထံမှလာသော အမိန့်တစ်ရပ်ကို တိုတ်ရိုက်ဖီဆန်ခဲ့သည်။ သူမည်သို့ဆင်ခြေပေးသနည်း။ “အကျွန်ုပ်သည်ပြစ်မှားပါပြီ။ လူများကိုကြောက်၍ သူတို့စကားကိုနားထောင်သောကြောင့် [ယေဟောဝါ] ၏အမိန့်တော်ကို၄င်း၊ ကိုယ်တော်၏စကားကို၄င်း၊ လွန်ကျူးပါပြီ။” (၁ ဓမ္မရာဇဝင် ၁၅:၂၄) ရာစုနှစ်အတန်ကြာပြီးနောက် ယေရုရှလင်မြို့ကိုဗာဗုလုန်လူမျိုး လာရောက်တိုက်ခိုက်ချိန်တွင် သစ္စာရှိပရောဖက်ယေရမိက ဘုရင်ဇေဒကိအား ယေရုရှလင်မြို့ကိုသွေးချောင်းစီးစေမည့် ဘေးမှကယ်တင်ရန် လက်နက်ချရန်အကြံပေးခဲ့သည်။ သို့သော်ဇေဒကိကပယ်ချလိုက်သည်။ အဘယ်ကြောင့်နည်း။ ယေရမိအားသူဤသို့ဝန်ခဲ့ခံသည်။ “ခါလဒဲလူတို့ဘက်သို့ကူးသွားသော ယုဒလူတို့ကိုငါကြောက်၏။ ငါ့ကိုသူတို့လက်သို့အပ်၍ ငါသည်ကဲ့ရဲ့ခြင်းကို ခံရမည်စိုးရိမ်သည်။”—ယေရမိ ၃၈:၁၉။
အဆုံးအနေနှင့်ဆိုသော် တမန်တော်ဖြစ်သူလည်းကြောက်တတ်သည်။ ယေရှုအသေခံရမည့်နေ့၌ ကိုယ်တော်ကနောက်လိုက်များအား မိမိကိုသူတို့အားလုံးစွန့်ကြမည့်အကြောင်း သတိပေး၏။ သို့ရာတွင်ပေတရုက “သခင် အကျွန်ုပ်သည်ကိုယ်တော်နှင့်အတူ ထောင်ထဲသို့၄င်း၊ အသေသတ်ခြင်းသို့၄င်း၊ လိုက်ခြင်းငှာအ-သင့်ရှိပါ၏။” (လုကာ ၂၂:၃၃။ မဿဲ ၂၆:၃၁၊ ၃၃) ထိုစကားများ တက်တက်စင်လွဲခဲ့သည်။ နာရီအနည်းငယ်မျှသာကြာသွားသည်။ ပေတရုကယေရှုနှင့်အတူမရှိခဲ့ကြောင်း၊ သိလည်းမသိခဲ့ကြောင်း၊ ကြောက်ကြောက်နှင့်ငြင်းခဲ့သည်။ လူကိုကြောက်ရွံ့ခြင်းစိတ်က သူ့ကိုအနိုင်ယူသွားသည်။ မှန်ပေသည်။ လူကိုကြောက်ရွံ့ခြင်းသည် စိတ်ပိုင်းဆိုင်ရာ အဆိပ်အတောက်တစ်မျိုးအမှန်ပင်ဖြစ်ပေသည်။
မည်သူ့ကို ကြောက်သင့်သနည်း
လူကိုကြောက်ရွံ့သည့်စိတ်ကို မည်သို့အောင်မြင်နိုင်သနည်း။ များစွာသာ၍ကောင်းမြတ်သော ကြောက်ရွံ့ခြင်းနှင့် အစားထိုးခြင်းအားဖြင့်ဖြစ်သည်။ ဤသို့သောကြောက်ရွံ့ခြင်းကို အားပေးသူမှာ တမန်တော်ပေတရုပင်ဖြစ်သည်။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း. . .ရှိလော့” ဟုသူဆို၏။ (၁ ပေတရု ၂:၁၇) ဗျာဒိတ်ကျမ်းတွင် ယောဟန်တွေ့မြင်ခဲ့ရသော ကောင်းကင်တမန်က လူသားတို့အား “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့” ဟုဆော်သြခဲ့သည်။ (ဗျာဒိတ် ၁၄:၇) ပညာရှိရှောလမုန်မင်းကြီးကလည်း အောက်ပါအတိုင်းပြောဆိုရာတွင် ထိုသို့သော ကြောက်ရွံ့ခြင်းကိုအားပေးခဲ့သည်။ “အချုပ်အချာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကိုစောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။” (ဒေသနာ ၁၂:၁၃) မှန်ပေသည်။ ဘုရားကိုကြောက်ရွံ့ခြင်းသည် တာဝန်တစ်ရပ်ဖြစ်ပေသည်။
ဘုရားကိုခန့်ညားခြင်းသည် အကျိုးပြု၏။ “[ယေဟောဝါ] ၏ကယ်တင်တော်မူခြင်းကျေးဇူးသည် ဘုရားကိုကြောက်ရွံ့သောသူတို့၏ အနီး၌ဧကန်အမှန်ရှိ၏” ဟုရှေးခေတ်ကဆာလံဆရာ သီဆိုခဲ့၏။ (ဆာလံ ၈၅:၉) သမ္မာကျမ်းစာမှ သုတ္တံကျမ်းတစ်ချက်၌လည်း “[ယေဟောဝါ] ကိုကြောက်ရွံ့ခြင်းသဘောသည် အသက်တာကိုရှည်စေတတ်၏” ဟုပဓာနပြုထားသည်။ (သု၊ ၁၀:၂၇) မှန်ပေသည်။ ယေဟောဝါကိုခန့်ညားကြောက်ရွံ့ခြင်းသည် ကျန်းခံ့၍အကျိုးပြုသော အရာဖြစ်ပေသည်။ ‘သို့သော် ယေဟောဝါဟာမေတ္တာရှင်ဘုရားဖြစ်တယ်။ ဒီလိုမေတ္တာရှင်ဘုရားကို ကျွန်တော်တို့ဘာဖြစ်လို့ ကြောက်ရွံ့သင့်သလဲ’ ဟုအသင်ဆိုပေမည်။
မေတ္တာရှင်ဘုရားသခင်ကို ကြောက်ရွံ့ရသလော
အကြောင်းမှာ ဘုရားကိုကြောက်ရွံ့ခြင်းသည် လူတို့ကို အချို့သောအခြေအနေမျိုးများ၌ ချုပ်နှောင်ထားတတ်သည့် ရွံ့ရှာဖွယ် ချိနဲ့အားနည်းစေတတ်သည့် ကြောက်ရွံ့ခြင်းမျိုးမဟုတ်ပေ။ ကလေးတစ်ဦး ဖခင်ကိုချစ်သည်။ ဖခင်လည်းသူ့ကိုချစ်ကြောင်း သူသိသည်။ သို့နှင့်ပင် ဖခင်ကိုကြောက်ရွံ့ခြင်းမျိုးဖြစ်သည်။
ဘုရားကိုကြောက်ရွံ့ခြင်းမှာ စင်စစ်အားဖြင့် ကိုယ်တော်သည် ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ဉာဏ်ပညာနှင့်မေတ္တာတို့၏ ပြည့်ဝစုံလင်သော ပြယုဂ်ဖြစ်တော်မူသည်ဟူသော အသိစိတ်မှပေါက်ဖွားလာသည့် လေးနက်သောကြည်ညိုလေးစားခြင်းဖြစ်သည်။ ဘုရားစိတ်တော် ငြိုငြင်မှာကိုစိုးရွံ့ခြင်းလည်းပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည်ဆုပေးဒဏ်ပေးနိုင်သော အာဏာရှိသောအမြင့်ဆုံးတရားသူကြီးမင်းဖြစ်တော်မူ၏။ “အသက်ရှင်တော်မူသော ဘုရား၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သော အမှုဖြစ်သတည်း” ဟူ၍ တမန်တော်ပေါလု ရေးသားထား၏။ (ဟေဗြဲ ၁၀:၃၁) ဘုရားမေတ္တာတော်ကို အမှုမဲ့တန်ဖိုးမထားဘဲ မနေသင့်သကဲ့သို့ ကိုယ်တော်.စီရင်ချက်ကိုလည်း မထီမဲ့မြင်မပြုသင့်ပေ။ထို့ကြောင့် သမ္မာကျမ်းစာက ဤသို့သတိရစေ၏။ “[ယေဟောဝါ] ကိုကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။”—သု၊ ၉:၁၀။
သို့သော် ယေဟောဝါသည် နာမခံသူတို့အား အပြစ်ဒဏ်ပေးနိုင်သောအာဏာရှိ၍ ထိုသို့လည်းမကြာမကြာပြုစေကာမူ ကိုယ်တော်သည်သွေးဆာသော သို့မဟုတ် ရက်စက်သောဘုရားကားမဟုတ်ချေ။ ကိုယ်တော်သည်မေတ္တာရှိသော မိဘတစ်ဦးကဲ့သို့တစ်ခါတစ်ရံ တရားသဖြင့်အမျက်ထွက်စေကာမူ စင်စစ်မှာမေတ္တာရှင်ဘုရားသာ ဖြစ်တော်မူသည်။ (၁ ယောဟန် ၄:၈) ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ခြင်းသည် ကောင်းမြတ်၏။ ကျွန်ုပ်တို့ကောင်းကျိုးအလို့ငှာ ပြဌာန်းတော်မူသောပညတ်တို့ကို နာခံစေ၏။ ဘုရားပညတ်များကိုနာခံလျှင် စိတ်ရွှင်လန်း၏။ နာမခံလျှင်မူကား အစဉ်သဖြင့် ဆိုးကျိုးသာသက်ရောက်တတ်သည်။ (ဂလာတိ ၆:၇၊ ၈) အောက်ပါအတိုင်းရေးသားရန် ဆာလံဆရာမှုတ်သွင်းခံရ၏။ “ထာဝရဘုရား၏သန့်ရှင်းသူတို့၊ [ယေဟောဝါ] ကိုကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်းမရှိရာ။”—ဆာလံ ၃၄:၉။
သင်မည်သူ့ကို ကြောက်ရွံ့သနည်း
ဘုရားကိုကြောက်ရွံ့ခြင်းက လူအားကြောက်ရွံ့ခြင်းကို အောင်မြင်စေရန် မည်သို့ကူညီပေးသနည်း။ မှန်ရာကိုပြုလုပ်သည့်အတွက် ကျွန်ုပ်တို့ကိုလူတို့ပြောင်လှောင်သရော်မည်။ ညှဉ်းပန်းမည်။ ယင်းကကျွန်ုပ်တို့အပေါ်ဖိအားသက်ရောက်စေမည်။ သို့သော်ဘုရားကိုရိုသေကြောက်ရွံ့ခြင်းက မှန်သောလမ်းစဉ်အတိုင်း စွဲစွဲမြဲမြဲလိုက်လျှောက်ရန်တွန်းအားပေးမည်။ အကြောင်းမှာ ကိုယ်တော်.စိတ်တော် မငြိုငြင်စေလို၍ဖြစ်သည်။ ထိုမျှမက ဘုရားကိုချစ်ခြင်းက ကိုယ်တော်နှလုံးတော်ရွှင်ပြုံးစေသည့်အရာကို ပြုလုပ်ရန်တိုက်တွန်းပေမည်။ ၄င်းပြင်မှန်ရာကိုပြုလုပ်ခြင်းအတွက် ဘုရားကြွယ်ဝစွာဆုချတော်မူကြောင်း ကျွန်ုပ်တို့နှလုံးသွင်းထားသဖြင့် ကိုယ်တော်ကိုပို၍ချစ်မြတ်နိုးပြီး အလိုတော်ကို ပို၍ထမ်းဆောင်လိုစိတ် ဖြစ်ပေါ်စေသည်။ ထို့ကြောင့်ဘုရားနှင့်ပတ်သက်၍ မျှတသောအမြင်ရှိလျှင် လူကိုကြောက်ရွံ့တတ်ခြင်း မည်သည်ကိုမဆိုအောင်နိုင်ရန် ထောက်ကူပေးသည်။
ဥပမာအနေနှင့်အများသည် တန်းတူရွယ်တူတို့က တစ်မျိုးထင်မည်ကိုကြောက်၍ မကောင်းသောအရာတို့ကိုလုပ်ကြ၏။ ကျောင်း၌ဆေးလိပ်သောက်မည်။ ညစ်ညမ်းသောစကားပြောမည်။ လိင်နှင့်ပတ်သက်သော အတွေ့အကြုံများ (တကယ့်အတွေ့အကြုံ သို့မဟုတ် စိတ်ကူးယဉ်အတွေ့အကြုံ) ကို ကြွားဝါပြောဆိုမည်။ သို့မဟုတ် အရက်ယမကာ၊ မူးယစ်ဆေးတို့ကိုပင် စမ်းသပ်သုံးစွဲမည်။ အဘယ်ကြောင့်နည်း။ အများအားဖြင့် ဆန္ဒရှိ၍မဟုတ်ဘဲ မိမိတို့တစ်မူထူးခြားနေလျှင် တန်းတူရွယ်တူတို့ ဝေဖန်ပြောဆိုမည်ကို ကြောက်၍ဖြစ်သည်။ ဆယ်ကျော်သက်ရွယ်တစ်ဦးအဖို့ ကဲ့ရဲ့သရော်ခြင်း၊ ပြောင်လှောင်ခြင်းသည် ကိုယ်ခန္ဓာညှဉ်းပန်းခြင်းကဲ့သို့ အခံရခက်တတ်သည်။
အရွယ်ရောက်ပြီးသူတို့လည်း အမှားလုပ်ရန် ဖိအားပေးခံရတတ်သည်။ အလုပ်တွင်အထက်အရာရှိက ဝန်ထမ်းတစ်ဦးအား ဖောက်သည်တစ်ဦး၏ပြေစာတွင် ဈေးတင်ရေးခိုင်းကောင်းရေးခိုင်းမည်။ သို့မဟုတ် ကုမ္ပဏီအမြတ်ခွန်ပုံစံတွင် မရိုးမသားဖြည့်ခိုင်းကောင်းဖြည့်ခိုင်းမည်။ ခရစ်ယာန်တစ်ဦးအနေနှင့် ထိုအတိုင်းမလိုက်နာပါက အလုပ်ပြုတ်မည်ကိုသိသည်။ သို့နှင့်လူကိုကြောက်ရွံ့ခြင်းက သူ့အားအမှားလုပ်ရန် ဖိအားပေးပေလိမ္မည်။
ဤကိစ္စနှစ်ရပ်စလုံးက ဘုရားကိုကြောက်ရွံ့ခြင်းနှင့် ပညတ်တော်တို့ကို လေးစားခြင်းတို့က ခရစ်ယာန်တို့အား လူကိုကြောက်ရွံ့ခြင်းကြောင့် အရုပ်ကြိုးပြတ်မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်သည်။ ဘုရားကိုချစ်သောစိတ်ကလည်း ဘုရားတားမြစ်ထားသော အပြုအမူများမလုပ်မိရန်ဟန့်တားပေမည်။ (သု၊ ၈:၁၃) ထိုမျှမက ဘုရားအပေါ်ထားရှိသော သူ၏ယုံကြည်ခြင်းက အကယ်၍သူ့အနေဖြင့် သမ္မာကျမ်းစာအတိုင်း လေ့ကျင့်ပုံသွင်းထားသော ဩတ္တပ္ပစိတ်နှင့်အညီ ပြုမူကျင့်ကြံပါက မည်သည့်ရလဒ်ဖြစ်ထွန်းလာစေကာမူ သူ့အားဘုရားထောက်မတော်မူမည်ဖြစ်ကြောင်း စိတ်ချစေမည်။ တမန်တော်ပေါလုက အောက်ပါစကားဖြင့် သူ့ယုံကြည်ခြင်းကို ထုတ်ဖေါ်ပြသခဲ့သည်။ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော သူအားဖြင့်ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၁၃။
အပြင်းထန်ဆုံးစမ်းသပ်ခြင်းမျိုး၌ပင် ယေဟောဝါအပေါ်သစ္စာရှိခဲ့သော အမျိုးသား၊ အမျိုးသမီးတို့၏ ပုံသက်သေအမြောက်အမြားကို သမ္မာကျမ်းစာ၌ ဖေါ်ပြထားသည်။ သူတို့သည် “ကဲ့ရဲ့ရိုက်ပုတ်ခြင်း . . . ကွပ်မျက်ခြင်းခံရ၏။” (ဟေဗြဲ ၁၁:၃၆၊ ၃၇) သို့သော်သူတို့သည် လူကိုကြောက်ရွံ့ခြင်းက သူတို့၏ စိတ်ကိုထိန်းချုပ်ရန်ခွင့်မပြုဘဲ တပည့်တော်တို့အား နောင်တွင်ယေရှုပေးတော်မူခဲ့သော ပညာရှိလမ်းစဉ်အတိုင်းလိုက်ခဲ့ကြသည်။ “ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို [ဂေဟင်္နာ] ၌ဖျက်ဆီးနိုင်သောသူ [ဘုရားသခင်] ကိုသာ၍ကြောက်ကြလော့။”—မဿဲ ၁၀:၂၈။
လူကိုမကြောက်ရန်၊ ဘုရားကိုသာခန့်ညားရန် ယေရှုပေးခဲ့သောဤသြဝါဒကို လိုက်နာခြင်းကြောင့် ကနဦးခရစ်ယာန်တို့သည် ‘သတင်းကောင်းအတွက်ကြောင့်’ အခက်အခဲစုံစမ်းခြင်းနှင့် နှိပ်စက်ခြင်းအမျိုးမျိုးကို ခံရပ်နိုင်ခဲ့ကြသည်။ (ဖိလေမုန် ၁၃) ဤနေရာတွင် တမန်တော်ပေါလုသည်ထင်ရှားသောပုံသက်သေဖြစ်သည်။ ကောရိန္သုမြို့သားတို့ထံ ပေးပို့သောဒုတိယ ဩဝါဒစာစောင်၌ ဘုရားကိုခန့်ညားခြင်းကြောင့်သူသည် ထောင်ချခြင်း၊ ရိုက်နှက်ခြင်း၊ ခဲပေါက်ခြင်း၊ သင်္ဘောပျက်ခြင်း၊ လမ်းခရီးတွင်ကြုံရသောအန္တရာယ်အမျိုးမျိုး၊ မအိပ်ရသောညများ၊ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း၊ ချမ်းအေးခြင်းနှင့် အဝတ်အချည်းစည်းရှိခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သော သတ္တိရှိခဲ့သည်။—၂ ကောရိန္သု ၁၁:၂၃-၂၇။
ဘုရားကိုခန့်ညားခြင်းက ထိုခရစ်ယာန်တို့အား ရောမအင်ပါယာလက်အောက်တွင် ပြင်းထန်သောနှိပ်စက်ခြင်းကို တည်ကြည်ခံရပ်နိုင်သည့် ခွန်အားလည်းပေးခဲ့သည်။ အချို့ဆိုလျှင် သားရိုင်းတို့နှင့်သတ်ပုတ်ရန် စည်းဝိုင်းအတွင်းသို့ပင် ပစ်ချခံရသည်။ အလယ်ခေတ်၌သတ္တိရှိသော ယုံကြည်သူတပည့်တော်တို့သည် သူတို့၏ယုံကြည်ခြင်းတွင် အလျှော့ပေးလိုက်လျောခြင်း မပြုသည့်အတွက် လူထုရှေ့မီးရှို့သတ်ခြင်း ခံရကြသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ ခရစ်ယာန်တို့သည် ဘုရားစိတ်တော်မတွေ့သည့်အရာကိုပြုလုပ်ခြင်းထက် ချွေးတပ်စခန်းများ၌ ဒုက္ခခံရန်နှင့်အသေခံရန် ရွေးချယ်ခဲ့ကြသည်။ ဘုရားရေးရာကြောက်ရွံ့ခြင်းသည် အလွန်တန်ခိုးကြီးသော စွမ်းအားတစ်ရပ်ပါတကား။ ထိုသို့ကြပ်တည်းသောအခြေအနေမျိုး၌ လူကိုကြောက်ရွံ့ခြင်းကိုအောင်မြင်ရန် ခရစ်ယာန်တို့အား ခွန်အားပေးနိုင်ခဲ့လျှင် ကျွန်ုပ်တို့ကိုလည်း မည်သည့်အခြေအနေမျိုး၌မဆို ထပ်တူခွန်အားပေးနိုင်သည်။
ယနေ့စာတန်မာရ်နတ်သည် ကျွန်ုပ်တို့ဘုရားစိတ်တော်နှင့်မတွေ့ရန် အစွမ်းကုန် ဖိအားပေးနေသည်။ ထို့ကြောင့်မှန်သောခရစ်ယာန်တို့အနေဖြင့် တမန်တော်ပေါလုအောက်ပါအတိုင်းရေးသားရာတွင် ထုတ်ဖေါ်ခဲ့သည့် သန္နိဌာန်မျိုးရှိသင့်ပေသည်။ “ငါတို့မူကား ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူမဟုတ်။ “[စိုးလ်] သည်ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ၏။” ယေဟောဝါကိုခန့်ညားခြင်းမှာ ခွန်အား၏ပင်ရင်းအမြစ်အစစ်ဖြစ်၏။ ဤခွန်အား၏အထောက်အကူအားဖြင့် ကျွန်ုပ်တို့သည် “[ယေဟောဝါ] မစတော်မူသည့်အလျောက် ငါမကြောက်မရွံ့။ လူသည်ငါ့ကိုမည်သို့ပြုနိုင်အံ့နည်းဟု ရဲရင့်စွာငါတို့ဆို” နိုင်ကြပါစေ။—ဟေဗြဲ ၁၃:၆၊ သမ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားကိုခန့်ညားကြောက်ရွံ့ခြင်းက ပေါလုအား ရိုက်နှက်ခြင်း၊ ထောင်ချခြင်းနှင့်သင်္ဘောပျက်ခြင်းပင်အပါအဝင် အရာခပ်သိမ်းကိုခံနိုင်ရန် ရဲရင့်စေသည်။—၂ ကောရိန္သု ၁၁:၂၃-၂၇