နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“သမ္မာတရားသည် သင်တို့အား လွတ်မြောက်စေလိမ့်မည်”—၄င်းပြင်ပျော်ရွှင်စေမည်
ဗြိတိန်နိုင်ငံ၌ ကျမ်းစာသမ္မာတရားသည် လူပေါင်း ၁၁၃,၀၀၀ ကျော်ကို လွတ်လပ်စေခဲ့ပြီ။ သာ၍ များပြားသောသူတို့ကလည်း သမ္မာတရားကို နေ့စဉ်သက်ဝင်ယုံကြည်နေကြသည်။ “သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟူသော ယေရှု၏စကားသည် အမှန်ပင်ပြည့်စုံလျက်ရှိသည်။ (ယောဟန် ၈:၃၂) ဗြိတိန်နိုင်ငံမှ အောက်ပါတွေ့ကြုံမှုများတင်ပြသည့်အတိုင်း လွတ်လပ်မှုမှ ပျော်ရွှင်မှုရရှိလာကြသည်။
▫ ဌာနခွဲရုံးမှလာသော သတင်းအရ တစ်အိမ်တက်ဆင်း ဓမ္မအမှုတွင် ပဲင်နီပါဝင်နေစဉ် အမယ်အိုကြီးတစ်ယောက်က “ကျွန်မမအားဘူး” ဟူ၍ ခပ်ပြတ်ပြတ်ပြောချလိုက်သည်။ ပဲင်နီက နောက်တစ်ခေါက်ပြန်လာမည်အကြောင်း ပြန်ပြောခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် တစ်အိမ်တက်ဆင်း အမှုဆောင်နေကျမဟုတ်သော အချိန်တွင် အရင်တစ်ခေါက်လူမရှိသော အိမ်များသို့ ပြန်သွားရာ အထက်ပါအိမ်သို့ အမှတ်တမဲ့ရောက်သွားသည်။ အမယ်အိုကြီးက တံခါးကိုဖွင့်၍ ပဲင်နီကို အထဲသို့ဝင်ခိုင်းသည်။ “မင်းပြန်လာမယ်ဆိုတာ ကျွန်မသိတယ်။ မင်းကိုစောင့်နေတာ” ဟူ၍ သူမပြောသည်။ နိုင်ငံတော်မျှော်လင့်ချက်အကြောင်း ဆွေးနွေးရာ အမယ်ကြီးက တကယ်ဖြစ်လာပါစေဟု မျှော်လင့်ကြောင်းပြန်ပြောသည်။ သူမအသက် ၇၉ နှစ်၊ ယောက်ျားဆုံးသည်မှာ သုံးနှစ်ရှိပြီ။ အသင်းတော်မှ နှစ်သိမ့်အားပေးမှုလည်းမရ။ ဆက်ပြီးအသက်ရှင်ဖို့လည်း အကြောင်းမမြင်သဖြင့် သေချင်စိတ်ဝင်လာသည်။ နောက်ပိုင်းတွင် ပဲင်နီနှင့် ကျမ်းစာသင်အံမှုစပြီးနောက် သူသေကြောင်းကြံစည်ခဲ့ကြောင်း၊ သို့သော် မလုပ်သင့်သောအရာဖြစ်သည်ကို သူသိကြောင်းပဲင်နီအား ပြောပြသည်။ စိတ်သက်သာရာသက်သာကြောင်းနှင့် မျှော်လင့်ခြင်း ပြန်လည်ရှင်သန်လာစေရန် မစတော်မူပါမည်အကြောင်း ဘုရားသခင်ထံသူမ ဆုတောင်းခဲ့သည်။ ကျမ်းစာဆက်၍ လေ့လာသည်နှင့်အမျှ သူ၏ အားငယ်စိတ်ပျက်မှုသည် တစ်စတစ်စနှင့်မျှော်လင့်ခြင်းအဖြစ်သို့ ကူးပြောင်းသွားသည်။ ယင်းအတွက် ယေဟောဝါအား အကြွင်းမဲ့သက်ဝင်၍ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့သည်။ သူတစ်သက်လုံးပေါင်းသင်းလာသည့် အသင်းတော်နှင့် အဆက်အသွယ်ဖြတ်လိုက်ပြီးနောက် အသက် ၈၀ အရွယ်တွင် နှစ်ခြင်းခံလိုက်သည်။ ယခုစိတ်အားထက်သန်သည့် မှန်မှန်ကြေညာသူဖြစ်နေသည်။ မှန်ပါသည်။ ဘုရားသခင့်နှုတ်ကပတ်တရားတော်မှ သမ္မာတရားသည် သူမအားလွတ်လပ်စေသည်သာမက ကြီးစွာသောပျော်ရွှင်မှုလည်းပေးခဲ့သည်။
▫ ဘုရားသခင့်နိုင်ငံတော်သမ္မာတရားသည် မှောက်မှားသော ဘာသာရေးအချုပ်အနှောင်မှ လွတ်လပ်မှုရရှိစေသည်။ လူတစ်ဦး၏ ဥပဓိရုပ်ကိုလည်း ပြောင်းလဲစေနိုင်သည်။ အောက်ပါတွေ့ကြုံမှု တင်ပြသည့်အတိုင်း ထိုသို့သောပြောင်းလဲမှုသည် အခြားသူတို့အတွက် အမှတ်တရဖြစ်စေတတ်ပြီး၊ အမှန်တရားတွေ့အောင်ကူညီပေးနိုင်သည်။
အမျိုးသမီးငယ်တစ်ဦးက သက်သေခံတစ်ဦး၏ အိမ်တံခါးကို ခေါက်၍ ကျမ်းစာသင်ပေးရန် ပြောလာသည်။ ဘာကသူ့အား ဤသို့တောင်းဆိုစေသနည်း။ ထိုအမျိုးသမီး၏ မိဘတို့သည် ယေဟောဝါသက်သေတို့နှင့် ကျမ်းစာလေ့လာနေရာ သူ့မိဘ၊ အထူးသဖြင့် ဖခင်အပေါ်သက်ရောက်သည့်အကျိုးမှာ သိသာထူးခြား၍ စွဲမှတ်စရာဖြစ်သဖြင့် သမီးဖြစ်သူသည် အလွန်အံ့အားသင့်ခဲ့သည်။ တစ်နေ့လျှင် စီးကရက်အလိပ် ၈၀ သောက်နေသော ဖခင်သည် ဆေးလိပ်သောက်ခြင်းကို ယေဟောဝါမနှစ်သက်ကြောင်းရှင်းပြသောအခါ ဆေးလိပ်ကို လုံးလုံးဖြတ်ပစ်လိုက်သည်။ တစ်ဆက်တည်း လွန်ခဲ့သောအချိန်များ၌ အလုပ်ရှင်ထံမှ ခိုးယူထားသော ပစ္စည်းအားလုံးကိုလည်း အလုပ်ရှင်ထံ ပြန်အပ်ခဲ့သည်။ သမီးဖြစ်သူက သူ့မိဘများအပေါ် ဤမျှသြဇာသက်ရောက်နိုင်စွမ်းရှိသောအရာကို ဆန်းစစ်သင့်သည်ဟု ယူဆမိသည်။ ယခုအခါ မိဘဖြစ်သူတို့သည် နှစ်ခြင်းခံပြီးကြပြီ။ သမီးဖြစ်သူသည် စည်းဝေးအားလုံးတက်နေသည်။
ယေရှုဟောကြားသော သမ္မာတရားသည် အထက်ဖေါ်ပြပါပုဂ္ဂိုလ်များနှင့် မရေမတွက်နိုင်သော အခြားသူတို့အား ပျော်ရွှင်မှုပေးခဲ့လေသည်။ ကျမ်းစာသမ္မာတရားကို လက်ခံ၍ ဘဝအသက်တာ၌ ကျင့်သုံးသူမည်သူမဆိုအားလည်း ထပ်တူအကျိုးရရှိစေနိုင်သည်။—ဆာလံ ၁၉:၇၊ ၈။