ရှင်ပြန်ထမြောက်ခြင်း —မည်သူတို့အတွက်နှင့် အဘယ်အချိန် တွင်နည်း
ဤအဖြစ်အပျက်သည် အစ်မများဖြစ်သူ မာသ၊ မာရိတို့နှင့်အတူ လာဇရုနေထိုင်ခဲ့သော ဗေသနိရွာ၌စီအီး ၃၂ ခုနှစ်တွင်ဖြစ်ပျက်ခဲ့သည်။ လာဇရုဖျားနာနေကြောင်း အစ်မများက ယေရှုထံသတင်းပို့ခဲ့သည်။ လာဇရုနှင့်သူ့အစ်မများကို ယေရှုချစ်ခင်သည့်အတွက် ဗေသနိရွာသို့ထွက်လာသည်။ လမ်းခရီးတွင် တပည့်တော်တို့အားယေရှုက “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်။” တပည့်တော်တို့က ပကတိအိပ်စက်ခြင်းကိုယေရှုဆိုလိုနေသည်ဟုအထင်ရှိသည့်အတွက် ကိုယ်တော်က “လာဇရုသေ” ပြီဟုရှင်းလင်းပေးသည်။—ယောဟန် ၁၁:၁-၁၅။
ဧည့်သည်တော်များ လာဇရုသေလွန်ပြီး၊ လေးရက်အကြာတွင် ရောက်လာကြသည်။ မာရိနှင့်အခြားသူများ ငိုကြွေးနေကြသည်ကို ယေရှုမြင်တော်မူလျှင် ကိုယ်တော် “မျက်ရည်ကျတော်မူ၏။” ယင်းက ကိုယ်တော်၏ကြီးမားသောမေတ္တာနှင့် စာနာမှုကို ထင်ရှားစေသည်။ (ယောဟန် ၁၁:၁၇၊ ၃၅) လာဇရု၏အလောင်းကို ဂူသွင်းထားလေပြီ။ ဂူဝကိုပိတ်ဆို့ထားသည့် ကျောက်တုံးကို ဖယ်ပေးရန် ယေရှုညွှန်ကြားပြီး၊ ခမည်းတော်ထံဆုတောင်းကာ အသံကျယ်စွာဖြင့် “လာဇရု၊ ထွက်၍လာလော့” ဟုမိန့်တော်မူ၏။ ထိုအခါ လာဇရုထွက်လာလေသည်။ အစ်မများ မည်မျှဝမ်းသာအားရလိုက်မည်ဖြစ်ခြင်း။—ယောဟန် ၁၁:၃၈-၄၅။
ဤအဖြစ်အပျက်က ရှင်ပြန်ထမြောက်ခြင်းအတွက် မျှော်လင့်ချက်အမှန်ရှိစေသည်။ သို့ရာတွင် ယေဘုယျအားဖြင့်ဆိုလျှင် သေခြင်းသည် ကျွန်ုပ်တို့၏ချစ်သူများကို ယေရှုချက်ချင်းရှင်ပြန်ထမြောက်ပေးနိုင်သည့်အလားအလာမရှိသည့် တကယ်ဆိုးရွားသောရန်သူကြီးဖြစ်သည်။ ကျွန်ုပ်တို့သိကြသည်ကား ဤမြတ်နိုးရသူအများမှာ လူကောင်းများဖြစ်ရုံမက ကြင်နာတရားရှိသူများဖြစ်သည်။ ထို့ကြောင့် နောက်ထပ်ပေါ်လာပြန်သည့်မေးခွန်းတစ်ခုကား. . .
အဘယ်ကြောင့် လူများသေဆုံးရသနည်း
တိကျမှန်ကန်သောအဖြေရလိုလျှင် ဧဒင်ဥယျာဉ်၌ လူ့အစကနဦးကို ပြန်သုံးသပ်ကြည့်ရမည်။ အာဒံ၏နာခံမှုကို စမ်းသပ်လို၍ ဘုရားသခင်က အပင်တစ်ပင်၏အသီးကို မစားရဟုမိန့်တော်မူခဲ့သည်။ သူနှင့်ဧဝ ထိုအသီးကိုစားမည်ဆိုလျှင် သူတို့ “ဧကန်အမှန်သေရမည်” ဟုဘုရားသခင်မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၁၇) စာတန်၏သွေးဆောင်မှုကိုခံခဲ့ရသောအခါ သူတို့ဘုရားသခင့်စကားနားမထောင်ကြဘဲ ထိုစမ်းသပ်မှုတွင် ရှုံးနိမ့်ခဲ့ကြသည်။ ရလဒ်ကား သေခြင်းတည်း။
မဖြစ်စလောက်ဟု ထင်ရသည့်ပြစ်မှုလေးအတွက် ဤမျှအဘယ်ကြောင့်အပြစ်ဒဏ်ခံရပါသနည်း။ သူတို့အပြုအမူသည် အသေးအမွှားဖြစ်ငြား သူတို့ပြစ်မှုသည် အလွန်ကြီးလေးပါသည်။ စုံလင်သောလူ အာဒံနှင့်ဧဝ သူတို့ဖန်ဆင်းရှင်ကို ပုန်ကန်တော်လှန်ခြင်းပင်ဖြစ်သည်။ ယခု သူတို့မစုံလင်နိုင်တော့ဘဲ သေခြင်းဒဏ်ကို ဘုရားသခင်အပြစ်စီရင်ရလေသည်။ သို့ဖြစ်စေကာမူ ထိုတရားသဖြင့်စီရင်သောအပြစ်ဒဏ်ကို အာဒံမှဆင်းသက်လာသော သူ၏အမျိုးအနွယ်တို့မခံစားရစေရန် ဘုရားသခင်စီစဉ်ထားတော်မူသည်။ မည်သို့အားဖြင့်နည်း။ ခရစ်တော်ယေရှုသည် “လူအပေါင်းတို့ကိုရွေးအံ့သောငှာ ကိုယ်ကိုယ်ကိုစွန့်တော်မူပြီ” ဟု ပေါလုရေးသားခဲ့သည်။—၁ တိမောသေ ၂:၅၊ ၆။ ရောမ ၅:၁၇။
လူသေတို့၏အခြေအနေကား အဘယ်နည်း
လာဇရုသည် လေးရက်သေလွန်ခဲ့သည်။ အသင်သေဖူးပြီး နံဝိညာဉ်လောကတွင် လေးရက်အသက်ရှင်ရောက်ခဲ့မည်ဆိုလျှင် ရှင်ပြန်ထမြောက်လာသောအခါ အခြားသူတို့အား ယင်းအတွေ့အကြုံကို စားမြုံ့ပြန်လိုမည်မဟုတ်ပေလော။ လာဇရုမှာမူ အခြားနယ်ပယ်တစ်ခုတွင် အသက်ရှင်နေခဲ့ကြောင်း ဘာမျှမပြောပါ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။ “သေသောသူမူကား အဘယ်အရာကိုမျှမသိ။”—ဒေသနာ ၉:၅။ ဆာလံ ၁၄၆:၃၊ ၄။
၄င်း၏ဆိုလိုချက်ကို သုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာတွင် ငရဲကလေးဟူသောစကားလုံးမပါသော်လည်း သန်းပေါင်းများစွာသောသူတို့သည် ယင်းကိုယုံကြည်ကြသည်။ များစွာသောသူတို့မှာ ပူလောင်နေသော မီးငရဲရှိသည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် ရန်သူကိုပင် မီးထဲတွင် သင်ညှဉ်းဆဲလိမ့်မည်မဟုတ်။ ဤမျှရက်စက်မှုကို သင်မပြုလုပ်နိုင်လျှင် ကျွန်ုပ်တို့၏မေတ္တာရှင် ဖန်ဆင်းသခင်သည် လူအချို့ကို ငရဲတွင်ညှဉ်းဆဲပါမည်လော။ ၄င်းအစား လူသေတို့သည် “အဘယ်အရာကိုမျှမသိ” ဟုအထက်တွင်ဆိုထားသော စိတ်သက်သာစေသည့် သမ္မာကျမ်းစာမှအာမခံချက်ကို ခေတ္တသုံးသပ်ပါလေ။
ကျမ်းစာအရ ခရစ်တော်နှင့်အတူ ကောင်းကင်တွင် အစိုးရမည့်သူများအရေအတွက်သည် အနည်းငယ်သာဖြစ်သည်။ သူတို့အား ယေရှုက “သိုးစုငယ်” ဟုဖေါ်ပြတော်မူသည်။ (လုကာ ၁၂:၃၂) ‘မြေကြီးမှရွေးနှုတ်သောသူ တစ်သိန်းလေးသောင်းလေးထောင်သည် သိုးသငယ် [ယေရှုခရစ်] နှင့်အတူ [ကောင်းကင်] ဇိအုန်တောင်ပေါ်မှာရပ်နေသည်” ကို တမန်တော်ယောဟန်မြင်ခဲ့သည်။ (ဗျာဒိတ် ၁၄:၁-၃) ယင်းကြောင့် ဤသူတို့သည် လူသားများဖြစ်ခဲ့ဖူး၍ သေလွန်ပြီးနောက် ကောင်းကင်တွင် ခရစ်တော်နှင့်အတူနေကြရန် ရှင်ပြန်ထမြောက်လာရကြမည်။
ဤသမ္မာကျမ်းဆိုင်ရာ အမှန်တရားကို သိနားလည်လာခြင်းအားဖြင့် ငရဲကလေးဟူသောအရပ်၊ ပူပြင်းနေသောမီးငရဲ ဟူသောအရပ်မရှိဘဲ လူသေများ ကောင်းကင်သို့ရှင်ပြန်ထမြောက်သွားနိုင်သည့် မျှော်လင့်ချက်ရှိကြောင်း သိရှိရ၍ များစွာသောသူတို့ စိတ်သက်သာမှုရရှိနေကြပြီ။ သို့ရာတွင် ကောင်းကင်သို့ထမြောက်မည့်သူများ၏အရေအတွက်သည် ဤမျှနည်းသည်ဆိုလျှင် အခြားသူတို့အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။
မြေကြီးဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်း
ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ရန်လမ်းခရီးကို ယေရှုဖွင့်ပေးတော်မူခဲ့သည်။ (ဟေဗြဲ ၉:၂၄။ ၁၀:၁၉၊ ၂၀) ထိုကြောင့် ကောင်းကင်အသက်တာလမ်းဖွင့်ပေးရန် ယေရှုမသေမီ နှစ်ခြင်းဆရာယောဟန်အသတ်ခံရသောကြောင့် ကောင်းကင်ရှင်ပြန်ထမြောက်ခြင်းတွင် သူပါဝင်လိမ့်မည်မဟုတ်။ ယေရှုဤသို့မိန့်တော်မူသည်။ “ငါအမှန်ဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှမပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။” (မဿဲ ၁၁:၁၁) ဤသစ္စာရှိသူနှင့် သူကဲ့သို့သော သေလွန်သူတို့အတွက် ဘုရားသခင်အဘယ်ဆုလဒ်ထားပေးတော်မူသနည်း။
လုကာ ၂၃ ကိုဖွင့်၍ အငယ် ၃၉ မှ ၄၃ ကိုဖတ်ပါ။ ယေရှုနှင့်အတူအသတ်ခံရသော လူဆိုးများအနက်တစ်ဦးက “ယေရှု၊ ကိုယ်တော်သည်နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ” ဟုပြောဆိုခဲ့သည်။ ပရဒိသုတွင် သူအမှန်ရောက်ရှိရမည်ဟု သူ့အားယေရှုစိတ်ချစေတော်မူခဲ့သည်။ ယင်းကား ကောင်းကင်မဟုတ်ဘဲ၊ ပထမပရဒိသုနည်းတူ မြေကြီးဆိုင်ရာပရဒိသုဖြစ်သည်။
ရှင်ပြန်ထမြောက်ခြင်း—နှစ်သိမ့်မှုပေး
ထိုတရားဝင်ကျမ်းစာဆိုင်ရာမျှော်လင့်ချက်သည် ကျွန်ုပ်တို့ကိုစိတ်သက်သာမှုများစွာရှိစေသင့်သည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါရှင်သည် မေတ္တာရှင်ဖြစ်တော်မူသောကြောင့်ဖြစ်သည်။ (၁ ယောဟန် ၄:၈) ရှက်ဖွယ်ရာသေခြင်းမျိုးဖြင့် သားတော်အားသေစေတော်မူသည့်အခါ ဘုရားသခင်သည် ထူးခြားသောမေတ္တာတော်အရည်အချင်းကို အမှန်ပြနေခြင်းဖြစ်သည်။ ထိုအချိန်မတိုင်မီကလေးတွင် ယေရှုဤသို့မိန့်တော်မူခဲ့သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆။
ယုံကြည်သူလောကီသားတို့အတွက် ရွေးဖိုးအဖြစ် မိမိအသက်ကိုစွန့်တော်မူခြင်းအားဖြင့် ယေရှုလည်း ထူးခြားသောမေတ္တာတင်ပြခဲ့သည်။ ကိုယ်တော်တိုင် ဤသို့မိန့်တော်မူသည်။ “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်းကြွလာသည်။”—မဿဲ ၂၀:၂၈။
ကယ်ရိုလန်း၏ချစ်မြတ်နိုးရသူအချို့ ကားတိုက်သေဆုံးခဲ့ကြောင်း သတင်းရရချင်း ကြက်သေသေခဲ့ရရှာသည်။ သို့သော် ထိုချစ်မြတ်နိုးရသူများ ဆင်းရဲမခံနေရကြောင်း သိထားခြင်းကြောင့် စိတ်သက်သာမှုရခဲ့သည်။ ထို့ပြင် အခြားအဘယ်အရာက သူ့အားကူညီပေးခဲ့သေးသနည်း။ သူမ၏ဝိညာဏညီအစ်ကို၊ ညီအစ်မများဖြစ်သည့် ယေဟောဝါသက်သေများသူ့အားပြခဲ့သည့် မေတ္တာနှင့်စိတ်ရင်းစေတနာဖြင့် နှစ်သိမ့်စကားများက များစွာအကူအညီပေးခဲ့သည်။—ဆာလံ ၃၄:၁၈။
ယေဟောဝါထံဆုတောင်းခြင်းကလည်း များစွာအကူအညီဖြစ်စေသည်။ မကြာခဏအိပ်ရာမှ လန့်နိုးပြီး အိပ်မက်ဆိုးဟုသာထင်ယောင်မိသော်လည်း အဖြစ်မှန်ကသူ့အားစိတ်ထိခိုက်စေပြန်သည်။ ထိုအခါ ယေဟောဝါထံဆုတောင်းခြင်းသည် သူ့အားစိတ်တည်ငြိမ်စေပြီး ပေါလု၏စကားများကို ပို၍တန်ဖိုးထားတတ်လာသည်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇။
ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် မည်မျှစိတ်သက်သာမှုပေးကြောင်း ရှယ်လီ၏အဖြစ်လည်း နောက်ထပ်ဥပမာတစ်ခုဖြစ်သည်။ အလွန်လေးသောအင်္ဂတေပြားတစ်ချပ် သူမ၏သားငယ်လေး ရီကာဒို၏ရင်ပတ်ပေါ်ကျ၍ နှလုံးပေါက်ကွဲသေဆုံးခဲ့သည်။ ၁၉၈၆ ဇန်နဝါရီလက ဤဝမ်းနည်းကြေကွဲဖွယ်အဖြစ် ဖြစ်ပျက်ပြီးနောက် “ကျွန်မအဖို့ အိပ်မက်ဆိုးကြီးလိုဘဲ” ဟုသူငယ်ချင်းတို့အား ရှယ်လီပြောပြသည်။ ကက်သလစ်ချာ့ချ်တွင် “အသက်ရှင်သောသူ၊ သေသောသူများကို ဘုရားသခင်တရားစီရင်မည်” ဟူသောစကားများကို သူမ ကြားခဲ့ဖူးသည်။ ထိုအခါ ရှယ်လီက ‘အသက်ရှင်သူ၊ သေသူတို့ကို ဘုရားသခင်တရားစီရင်မည်ဆိုလျှင် သေပြီးနောက်အဘယ်အရပ်သို့ရောက်သည်ကို မည်သို့သိနိုင်မည်နည်း။ သူတို့ကောင်းကင်ရောက်နေပြီဆိုလျှင် တရားစီရင်ရန် အဘယ်ကြောင့် ပြန်ထမြောက်စေရဦးမည်နည်း။ ထို့ပြင် ကောင်းကင်တွင် အသက်ရှင်နေပြီဖြစ်လျှင် မည်သို့ရှင်ပြန်ထမြောက်စေနိုင်ဦးမည်နည်း။’ အသက်ရှင်သူ၏ထမြောက်ခြင်းအကြောင်း သမ္မာကျမ်းစာတွင် မပါပါ။ လူသေများ၏ထမြောက်ခြင်းအကြောင်းသာ ဖတ်ရပါသည်။
ရှယ်လီသည် သူနားလည်ရခက်နေသည့်အကြောင်းကို သမ္မာကျမ်းစာလေ့လာထားသော သူ့လင်သားအား မေးမြန်းခဲ့သည်။ ထိုအကြောင်း ကျမ်းစာစကားအချို့ကို သူနားလည်သည်နှင့် ရှယ်လီချာ့ချ်မတက်တော့ပါ။ ရှယ်လီနှင့်သူ၏လင်သားကို ယေဟောဝါသက်သေတစ်ဦးဖြစ်သော ဆွေမျိုးတစ်ယောက်က ၁၉၈၆ ခုနှစ်မတ်လတွင် ကျမ်းစာစသင်ပေးပြီး များမကြာမီပင် သူတို့နှစ်ခြင်းယူခဲ့သည်။ ယခုသူဤသို့ ဝမ်းသာအားရပြောဆိုသည်။ “သမ္မာတရားကိုသိပြီး ရှင်ပြန်ထမြောက်ခြင်းကိုနားလည်ရသည့်အပြင် ယေဟောဝါရှင်သည် တကယ်ချစ်မြတ်နိုးစရာကောင်းသော ပုဂ္ဂိုလ်ဖြစ်သည်ကိုသဘောပေါက်ရခြင်းသည် အလွန်ရွှင်လန်းဝမ်းမြောက်စရာဖြစ်သည်။”
ရှင်ပြန်ထမြောက်ခြင်း—အဘယ်အချိန်တွင်နည်း
ယောဟန်သည်ရူပါရုံ၌ “အသီးသီးသောဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည် . . . ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ” သည်ကို တွေ့မြင်ခဲ့သည်။ (ဗျာဒိတ် ၇:၉) လူအုပ်ကြီးသည် ‘ဘုရားသခင်၏ပလ္လင်တော်ရှေ့ ရပ်နေ’ ခြင်းသည် သူတို့မြေကြီးပေါ်အသက်ရှင်ရကြမည့်အချက်နှင့် ကိုက်ညီပါသည်။ (ဟေရှာယ ၆၆:၁) သူတို့အနက်အချို့ ယခုသေဆုံးမည်ဆိုလျှင် အဘယ်အချိန်တွင် ရှင်ပြန်ထမြောက်မည်နည်း။ သမ္မာကျမ်းစာက နေ့ရက်ကိုမဖေါ်ပြထားသော်လည်း ဘုရားသခင်၏ဖြောင့်မတ်သောစံချိန်များအတိုင်း အသက်မရှင်လိုသူများကို မြေကြီးပေါ်မှ သုတ်သင်ရှင်းလင်းမည့် ဖြစ်လတံ့သောစစ်ပွဲကြီးပြီးနောက်ဖြစ်မည်။ (၂ သက်သာလောနိတ် ၁:၆-၉) ယင်းက တရားစီရင်ရာနေ့နှင့် မြေကြီးဆိုင်ရာထမြောက်ခြင်းရထိုက်သူများဟူ၍ ဘုရားသခင်ယူမှတ်သူအားလုံး၏ထမြောက်ခြင်းအတွက် လမ်းဖွင့်ပေးမည်ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉။ တမန်တော် ၂၄:၁၅) သမ္မာကျမ်းစာပရောဖက်ပြုချက်ပြည့်စုံခြင်းက ဤစိတ်တက်ကြွဖွယ် အားရစရာအဖြစ်အပျက်များ မကြာမီဖြစ်ပျက်လုနီးကြောင်း သက်သေထူသည်။—ဗျာဒိတ် ၁၆:၁၄-၁၆။
တစ်ခါက ယေရှု၏တပည့်တော်များ ဤသို့မေးမြန်းခဲ့သည်။ “ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်” နည်း။ အဖြေတွင် စစ်များ၊ အစာခေါင်းပါးမှု၊ မြေငလျင်၊ ကပ်ရောဂါနှင့် နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ခွင်ဟောပြောမည်အကြောင်း ယေရှုမိန့်တော်မူခဲ့သည်။—မဿဲ ၂၄:၃-၁၄။ လုကာ ၂၁:၇-၁၁။
ပထမကမ္ဘာစစ်ဖြစ်ခဲ့သည့် ၁၉၁၄ ခုနှစ်ကတည်းကစ၍ ဤထူးခြားသောပရောဖက်ပြုချက် ပြည့်စုံခဲ့ပြီ။ သန်းပေါင်းများစွာသေဆုံးပြီး နိုင်ငံအသီးသီးတွင် ငတ်မွတ်ခေါင်းပါးမှုများဖြစ်ပေါ်စေခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းနှင့် ၄င်းနောက်ပိုင်းအခြေအနေများသည် ပိုဆိုးရွားသေးသည်။
ကပ်ရောဂါများနှင့်စပ်လျဉ်း၍ များစွာသောသူတို့က အေအိုင်ဒီအက်စ်သည် အဆိုးဆုံးဟုယူဆကြသည်။ “ဤကပ်ရောဂါသည် ပျံ့နှံ့ပြီး သေစေနိုင်လွန်းလှသဖြင့် ဆယ့်လေးရာစုနှစ်တွင် ဥရောပတိုက်သား လေးပုံတစ်ပုံကို သေစေခဲ့သော အသေဆိုးကြီးနှင့် ပါရဂူများနှိုင်းယှဉ်ခဲ့သည်။”—Reader’s Digest, ၁၉၈၇ ခုဇွန်လထုတ်။
ဤမျက်မှောက်အချိန်တွင် ထိတ်လန့်ဖွယ်ရာများကြောင့် ရှင်ပြန်ထမြောက်ခြင်းသည် ထူးခြားသောဝမ်းမြောက်စရာအဖြစ်အပျက်ပါတကား။ ကယ်ရိုလန်းနှင့် ရှယ်လီတို့၏မိသားစုများကဲ့သို့ သေခြင်းကြောင့် ခွဲခွာခဲ့ရသောအိမ်ထောင်စုများသည် ပြန်ဆုံစည်းကြသောအခါ အတောမသတ်ဝမ်းမြောက်ရွှင်လန်းရကြမည်ဖြစ်ခြင်း။ ထိုကြောင့် ယခုကျွန်ုပ်တို့တစ်ယောက်စီအတွက် ပညာရှိလမ်းစဉ်ကား ဘုရားသခင်၏အလိုတော်အတိုင်းအသက်ရှင်ကြရန်၊ သို့ဖြင့် ရှင်ပြန်ထမြောက်ခြင်း အချိန်တွင် အသက်ရှင်ခွင့်ရသူတို့အဝင်ဖြစ်ကြရန်တည်း။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သစ်ပင်တစ်ပင်ကို ခုတ်လှဲပစ်ပြီးနောက် ၄င်းသည်ပြန်အညှောင့်ထွက်နိုင်သည်နည်းတူ ဘုရားသခင်၏မှတ်ဉာဏ်တွင်ရှိသူများအား သေခြင်းမှ ကိုယ်တော်ရှင်ပြန်ထမြောက်စေနိုင်ကြောင်း သမ္မာကျမ်းစာဆိုထားသည်။—ယောဘ ၁၄:၇-၉၊ ၁၄၊ ၁၅