ပညတ်တော်ဆယ်ပါးကို သင်မည်သို့သဘောထားသနည်း
သ မ္မာကျမ်းစာ၏ ပညတ်တော်ဆယ်ပါးကို လူတို့အမျိုးမျိုးယူဆကြသည်။ သတ္တမဥပုသ်အသင်းက ပညတ်တော်ဆယ်ပါးသည် လူအားလုံးကိုချည်နှောင်ထားဆဲပင်ဟုဆိုသည်။ လူသာရင်ဘာသာဝင်တို့ကလည်း “မိမိဘဝကိုတည်ဆောက်ရန် အကောင်းဆုံးစည်းမျဉ်းများ” ဟုသတ်မှတ်သည်။ “မှန်ကန်စွာသဘောပေါက်နားလည်ထားလျှင် ပညတ်တော်ဆယ်ပါးသည် ခရစ်ယာန်နေထိုင်မှုအတွက် အခြေခံဖြစ်ဆဲပင်” ဟုကက်သလစ်ဘာသာ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။
သို့ဖြစ်၍ အချို့ဘာသာရေးအုပ်စုများက ပညတ်တော်ဆယ်ပါးကို တစ်သဝေမတိမ်းလိုက်နာရမည်ဟုယုံကြည်ထားသော်လည်း အခြားအဖွဲ့များမူ မွန်မြတ်သောအကျင့်စာရိတ္တအတွက် လမ်းညွှန်အဖြစ်သာ သဘောထားကြသည်။ Encyclopœdia of Religion and Ethics အရ “ဒက်ကလော့ဂ် [ပညတ်တော်ဆယ်ပါး] ကဲ့သို့ ဘာသာရေးနှင့် စာရိတ္တဘက် ဩဇာလွှမ်းမိုးသည့် လူ့မှတ်တမ်းတင်စာချုပ်မရှိပါ။” ယင်းသို့အဘယ်ကြောင့်ဖြစ်ရသနည်း။ ၄င်းက ဘာကိုမိန့်မှာထားသည်ကို ဦးဆုံးသုံးသပ်ကြည့်စို့။ မိန့်မှာချက်တို့သည် လိုရင်းတိုရှင်း၍ လေးနက်ပေသည်။ သို့ရာတွင် အသင်ကိုယ်တိုင် ပညတ်တော်ဆယ်ပါးကို မည်သို့သဘောထားသင့်သနည်း။ ၄င်းတို့သည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
ပညတ်တော်ဆယ်ပါး
၁။ ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
၂။ အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်းရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်၊ ဦးမချဝတ်မပြုနှင့် . . .
၃။ သင်၏ဘုရားသခင် ယေဟောဝါ၏နာမတော်ကို အချည်းနှီးမခံမယူနှင့် . . .
၄။ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။ . . . ထိုနေ့၌ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌ နေသောဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ . . .
၅။ . . . သင်၏မိဘကို ရိုသေစွာပြုလော့။
၆။ လူအသက်ကိုမသတ်နှင့်။
၇။ သူ့မယားကိုမပြစ်မှားနှင့်။
၈။ သူ့ဥစ္စာကို မခိုးနှင့်။
၉။ ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။
၁၀။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ သူ၏ကျွန်ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။—ထွက်မြောက်ရာ ၂၀:၃–၁၇။