သေပြီးနောက်အသက်ရှင်နေခြင်း—အဖြေမရှိသောမေးခွန်းများ
“လူ သည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။” (ယောဘ ၁၄:၁၄) လွန်ခဲ့သောနှစ်ရာစုပေါင်းများစွာက ရှေးဘိုးဘေးယောဘ မေးခဲ့သည့် ဤမေးခွန်းကို လူတန်းစားအသီးသီးရှိလူများက နှစ်ပေါင်းများစွာဆင်ခြင်သုံးသပ်ခဲ့ကြပြီးနောက် စဉ်းစားစရာအဖြေများစွာထွက်ပေါ်လာသည်။
သေသူတို့၏စိုးလ်များသည် ဆက်၍အသက်ရှင်နေကြသည်ဟု ရှေးဂရိလူမျိုးများက ဆိုကြသည်။ ထိုစိုးလ်များသည် စတိခ်စ်မြစ်ကိုဖြတ်၍ အလွန်နက်ရှိုင်းလှသည့်မြေအောက်ကမ္ဘာသို့ ခေါ်ဆောင်သွားခြင်းခံရကြသည်။ စိုးလ်များကို မြင့်မားသောနံရံရှိအကျဉ်းထောင်များထဲတွင်ညှဉ်းဆဲရန် သို့မဟုတ် သုခချမ်းသာခံစားရာအရပ်တွင်ကောင်းချီးပေးရန် ထိုတွင်ရှိတရားသူကြီးများက စီရင်ဆုံးဖြတ်ကြသည်။ အခြားသောရှေးခေတ်လူများက စိုးလ်များသည် ကြယ်များ သို့မဟုတ် ကြယ်တံခွန်များဖြစ်သွားသည်ယူမှတ်ကြသည်။ စိုးလ်များသည် အရောင်တောက်ပနေကာ လဆီသို့ဆွဲဆောင်ခြင်းခံရပြီး လတိုင်းလတိုင်းလပြည့်သောအခါ ယင်းတို့သည် နေဆီသို့ပြောင်းရွှေ့ခြင်းခံရသည်ဟု အချို့လူများစွာက ယုံကြည်လက်ခံထားဆဲဖြစ်သည်။
ယနေ့လည်း အသက်ရှင်ခြင်း၏နောက်ပိုင်းနှင့်ပတ်သက်သော ယူဆချက်များစွာပေါ်ပေါက်လျက်ရှိသည်။ အချို့သည် ပြန်ဝင်စားခြင်းကို ယုံကြည်ကြသည်။ အချို့သည် ကိုယ်ခန္ဓာသေသွားသောအခါ စိုးလ်သည်လွန်မြောက်ပြီး နောက်ဆုံးစီရင်ခြင်းတွင် သုခဘုံ သို့မဟုတ် ငရဲသို့ရောက်သည်ဟု သွန်သင်ကြသည်။ အချို့က သေပြီးနောက်ပိုင်းစိုးလ်သည် ဆက်လက်အသက်ရှင်ပြီး ကောင်းကင်တွင်ကောင်းချီးခံစားရသည် သို့မဟုတ် မီးတောက်ငရဲထဲတွင်ညှဉ်းဆဲခံရသည်ဟု သွန်သင်ကြသည်။ အချို့ဘာသာဝင်များက ငရဲကလေး၊ ယာယီငရဲစသည်တို့ကို ဖြည့်စွက်ကြသည်။
အချို့နိုင်ငံများတွင် သေသူတို့၏စိုးလ်များနှင့်ပတ်သက်သောယုံကြည်ချက်များသည် ဒေသခံထုံးတမ်းစဉ်လာများ၊ အမည်ခံခရစ်ယာန်အယူအဆများနှင့် နက်နဲရှုပ်ထွေးစွာ ရောယှက်နေသည်။ ဥပမာအားဖြင့် အနောက်အာဖရိကတွင် လူတစ်ယောက်သေသောအခါ မှန်ထဲတွင် သေသူ၏ဝိညာဉ်ကိုမမြင်ရလေအောင် မှန်များကိုဖုံးအုပ်ထားကြရသည်။ ချစ်မြတ်နိုးသူတစ်ဦးသေ၍ ရက်ပေါင်းလေးဆယ်ကြာသောအခါ မိသားစုနှင့်မိတ်ဆွေများက သေသူ၏စိုးလ်ကောင်းကင်သို့တက်သွားသည့်အခမ်းအနားကျင်းပပေးရသည်။ ခရစ်စမတ် သို့မဟုတ် နှစ်သစ်ကူးပွဲတော်နေ့များတွင် မိသားစုများသည် သေဆုံးသူ၏သင်္ချိုင်းသို့သွားပြီး အရက်ယမကာများကို လောင်းပေးရသည်။ သေသူနှင့်စကားပင်ပြောကြပြီး အကူအညီများတောင်းခြင်း၊ မိသားစုအကြောင်းများကိုပြောပြခြင်းများ ပြုလုပ်ကြသည်။
သေပြီးနောက်ပိုင်း မည်သို့ထင်ထင်ရှားရှားဖြစ်ပျက်သည်နှင့်ပတ်သက်၍ ကမ္ဘာ့ဘာသာတရားများစပ်ကြားတွင် သဘောတူညီမှုမရှိသလောက်ပင်ဖြစ်သည်။ သို့သော် တစ်ကမ္ဘာလုံးနီးပါးသဘောတူညီထားသော အခြေခံအဆိုပြုချက်တစ်ခုမှာ လူသား၏စိုးလ်မသေနိုင်ခြင်းပင်ဖြစ်သည်။ သေပြီးနောက်ပိုင်း အသက်ရှင်လျက်ရှိခြင်းအယူအဆများသည် အများအားဖြင့် ဤအခြေခံအကြောင်းကြီး၏ အတက်အလက်များဖြစ်ကြသည်။
သို့ရာတွင် ဆက်တိုက်မေးစရာမေးခွန်းများစွာရှိသည်။ စိုးလ်မသေနိုင်ဟူသောအယူအဆသည် မည်သည့်နေရာမှဆင်းသက်လာသနည်း။ ယင်းသည် ကျမ်းစာသွန်သင်ချက်ဖြစ်သလော။ သို့ဖြစ်ပါက ခရစ်ယာန်မဟုတ်သူများလည်း ယင်းကို အဘယ်ကြောင့်သွန်သင်ကြသနည်း။ ဤမေးခွန်းများကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ပါ။ သင်သည် မည်သည့်ဘာသာဝင်ပင်ဖြစ်စေကာမူ သေခြင်းကိုသင်ရင်ဆိုင်ရမည်မှာ မလွဲဧကန်ဖြစ်သည်။ ဤကိစ္စသည် သင်နှင့်အတွင်းကျကျပတ်သက်နေသည်။ ထို့ကြောင့် ဤကိစ္စကို အမြင်ကျယ်ကျယ်ဖြင့်ဆန်းစစ်ရန် သင့်အားကျွန်ုပ်တို့ခေါ်ဖိတ်ပါသည်။