ခရစ်ယာန်လွတ်ခြင်းတွင် ခိုင်မြဲစွာရပ်တည်ခြင်း
ဂလာတိမှပေါ်လွင်ချက်များ
ယေဟောဝါရှင်သည် လွတ်ခြင်း၏ဘုရားဖြစ်သည်။ (၂ ကောရိန္သု ၃:၁၇) ကိုယ်တော်၏သားတော်ယေရှုခရစ်က “သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည်သင်တို့ကိုလွှတ်လိမ့်မည်” ဟုဆိုခဲ့သည်။ (ယောဟန် ၈:၃၂) ခရစ်တော်ကိုတုပလျက် တမန်တော်ပေါလုကလွတ်ခြင်းသတင်းကို ဟောပြောခဲ့သည်။—ရောမ ၆:၁၈။ ၈:၂၁။
ထိုလွတ်မြောက်ခြင်းပေးသည့်သတင်းကို ဟောပြောခြင်းဖြင့်ပေါလုသည် ဂလာတိ (အာရှမိုင်းနားရှိရောမနယ်) ရှိ အသင်းတော်များကို သူ၏ပထမသာသနာပြုခရီးစဉ် (၄၇-၄၈ စီအီး) တွင်တည်ထောင်ခဲ့သည်။ ခရစ်ယာန်များအတွက် အရေဖျားလှီးခြင်းမလိုကြောင်း အုပ်ချုပ်ရေးအဖွဲ့၏ဆုံးဖြတ်ချက်ကို ဂလာတိသားများသိကြသည်။ (တမန်တော် ၁၅:၂၂-၂၉) သို့သော်ယုဒဝါဒီများက သူတို့အားအရေဖျားလှီးရန်တွန်းအားပေးခြင်းဖြင့် သူတို့အားအချုပ်အနှောင်အောက်ရောက်ရန် ကြိုးပမ်းနေသည်။ ထို့ကြောင့်ပေါလုသည်ကောရိန္သု သို့မဟုတ် ရှုရိအန္တအုတ်မှ စီအီး ၅၀-၅၂ ခန့်တွင်ဂလာတိသားများထံ ရေးခဲ့သောစာတွင် ခရစ်ယာန်လွတ်ခြင်းကို အလေးပေးခဲ့သည်။ ဥပမာသူကဤသို့ပြောခဲ့သည်။ “ထို့ကြောင့်ခရစ်တော်သည်ငါတို့ကိုလွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့် ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တစ်ဖန်မခံကြနှင့်။”—ဂလာတိ ၅:၁
ပေါလု၏တမန်တော်အရာကို ခုခံပြောဆိုခြင်း
ပေါလုကပထမဆုံး သူ၏တမန်တော်အရာသည် “ခရစ်တော်နှင့်ဘုရားရှင်အားဖြင့်” ဖြစ်ကြောင်းပြသခဲ့သည်။ (၁:၁–၂:၁၄) ဗျာဒိတ်တစ်ခုကြောင့် ပေါလု (ဗာနဗ၊ တိတုနှင့်အတူ) အရေဖျားလှီးခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ယေရုရှလင်သို့သွားခဲ့သည်။ ထိုတွင်ယာကုပ်၊ ကေဖ (ပေတရု) နှင့်ယောဟန်တို့က သူသည်လူမျိုးခြားတို့တွင်တမန်တော်အဖြစ် အပ်နှင်းခံရကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ နောက်ပိုင်းတွင်ပေတရုသည် ယေရုရှလင်မှဂျူးခရစ်ယာန်များကို ကြောက်ရွံ့သောကြောင့် အန္တအုတ်ရှိလူမျိုးခြားယုံကြည်သူများမှ သီးခြားနေသောအခါ သူ့အားပေါလုဆုံးမခဲ့သည်။
ဖြောင့်မတ်ကြောင်းမည်သို့သတ်မှတ်ခံရ
ယေရှုခရစ်၌ယုံကြည်ခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်သည်ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရပုံကို တမန်တော်ကအလေးအနက်တင်ပြခဲ့သည်။ (၂:၁၅–၃:၂၉) ဂလာတိသားများ ဘုရားရှင်၏ဝိညာဉ်တော်ခံရခြင်းသည် ပညတ်တရား၏အကျင့်ကြောင့်မဟုတ်ပဲ ယုံကြည်ခြင်းသတင်းကိုလက်ခံသောကြောင့် ဖြစ်လေသည်။ အာဗြဟံ၏သားစစ်များသည် ယုံကြည်ခြင်းရှိကြသည်။ သို့သော်တစ်ယောက်စီအနေနှင့် မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်းသက်သေပြရန် “ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။” အဘယ်ကြောင့်နည်း။ အကြောင်းမှာ၊ သူတို့သည်ပညတ်တရားကိုစုံလင်စွာ မကျင့်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ အမှန်တွင်၊ ပညတ်တရားသည် အပြစ်ကိုထင်ရှားလာစေပြီး၊ “ခရစ်တော်ထံသို့. . .ပို့ဆောင်သော. . .အထိန်း” ဖြစ်ခဲ့သည်။
ခိုင်မြဲစွာရပ်တည်
ကိုယ်တော်၏သေခြင်းဖြင့်ခရစ်တော်သည် ‘ပညတ်တော်အောက်ရှိသူများကိုလွတ်’ စေခဲ့ပြီ။ သို့သော်ကိုယ်တော်၏နောက်လိုက်များသည် ခရစ်ယာန်လွတ်ခြင်းတွင် ခိုင်မြဲစွာရပ်တည်ရမည်။ (၄:၁–၆:၁၈) ထို့ကြောင့်ဂလာတိသားများသည်သူတို့အား ကျွန်ထမ်းပိုးကိုယူတင်ရန် သွေးဆောင်သူမည်သူကိုမဆို တွန်းလှန်ရန်လိုအပ်ခဲ့သည်။ ထို့ပြင်သူတို့သည်သူတို့၏လွတ်ခြင်းကို အလွဲသုံးစားမပြုလုပ်ရပဲ “ဇာတိပကတိအကျင့်” များကိုရှောင်ရှားရန်ဖြစ်ပြီး၊ ဘုရားဝိညာဉ်တော်အသီးများကို တင်ပြရန်ဖြစ်သည်။ သူတို့အားပညတ်ချုပ်နှောင်မှုအောက် ပြန်ရောက်ရန်ကြိုးစားနေသူများသည် “မိမိတို့အသွေးအဆင်း တင့်တယ်စေချင်” ပြီး၊ ညှဉ်းဆဲခြင်းကိုရှောင်ကာ ဝါကြွားလိုကြသည်။ သို့သော်၊ ပေါလုကအရေဖျားလှီးခြင်းဖြစ်စေ မလှီးခြင်းဖြစ်စေဘာမှမဟုတ်ကြောင်း ပြသခဲ့သည်။ သို့အစား၊ “သတ္တဝါသစ်ဖြစ်ခြင်းသာအကျိုးရှိ” ကြောင်းပြသခဲ့သည်။ ဝိညာဏဣသရေလသတ္တဝါသစ်များအပေါ် ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ရန် သူဆုတောင်းပေးခဲ့သည်။
ပေါလု၏ဂလာတိသားများထံစာသည် သူတို့အားဝိညာဏအရချုပ်နှောင်ရန် ကြိုးပမ်းသူတို့ကို တွန်းလှန်ဖို့ကူညီပေးခဲ့သည်။ ယင်းသည်ကျွန်ုပ်တို့အား ဝိညာဏအသီးများတင်ပြရန်နှင့် ခရစ်ယာန်လွတ်ခြင်းတွင် ခိုင်မြဲစွာရပ်တည်ရန် ထောက်မပါစေ။
[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဒဏ်ချက်ရာ- “အဘယ်သူမျှငါ့ကိုမနှောင့်ယှက်စေနှင့်” ဟုပေါလုရေးသားခဲ့သည်။ အကြောင်းမှာ “ငါ့ကိုယ်၌သခင်ယေရှု၏ဒဏ်ချက်ရာကို ငါဆောင်၏” (ဂလာတိ ၆:၁၇) ရှေးဒိဌိတို့တွင်ကျွန်များအား သူတို့၏ပိုင်ဆိုင်သူများကိုဖော်ပြရန် သံပူနှင့်ခတ်ခဲ့သည်။ အမှတ်အသားအမျိုးမျိုးကို သူတို့၏အသားတွင်သံပူခတ်ခြင်း သို့မဟုတ် ရေးထိုးထားခဲ့သည်။ သူ၏ခရစ်ယာန်အမှုဆောင်ခြင်းကြောင့် ပေါလု၏ခန္ဓာတွင်နှိပ်စက်ခံခဲ့ရသောကြောင့် ကျန်ရစ်ခဲ့သောအမာရွတ်အချို့သည် ကိုယ်တော်ကြောင့်နှိပ်စက်ခံရသူ၊ ခရစ်တော်ပိုင်ဆိုင်ရာသစ္စာရှိကျေးကျွန်အဖြစ် သူ၏ပြောဆိုချက်ကို သက်သေထူနေမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ (၂ ကောရိန္သု ၁၁:၂၃–၂၇) ယင်းတို့သည်ပေါလုရည်ညွှန်းသော “ဒဏ်ချက်ရာ” များဖြစ်နိုင်ကာ ဘုရားဝိညာဉ်တော်အသီးကိုသီးပြနေသူ၊ မိမိ၏အမှုဆောင်ခြင်းကိုထမ်းရွက်နေသူ ခရစ်ယာန်တစ်ဦးအနေနှင့် သူအသက်ရှင်ခဲ့သောအသက်တာကို သူစဉ်းစားနေခဲ့ခြင်းလည်းဖြစ်နိုင်သည်။
[ရုပ်ပုံ]
ရောမကျွန်များသည်သခင်ကို အစေခံရကြသည်။ ပေါလုမူကား ခရစ်တော်၏အမှုကိုစေတနာနှင့်ပျော်ရွှင်စွာဆောင်ရွက်ခဲ့သည်