ပန်းတိုင်သို့ ချီတက်လော့
ဖိလိပ္ပိစာစောင်မှ ပေါ်လွင်ချက်များ
တမန်တော်ပေါလုသည်ဖိလိပ္ပိခရစ်ယာန်များအား ထာဝရအသက်ဆုကျေးဇူးအတွက် ပန်းတိုင်သို့ဆက်လက်ချီတက်နေရန် လိုလားခဲ့သည်။ ထို့ကြောင့်သူသည်သူတို့ထံ စီအီး ၆၀ သို့မဟုတ် ၆၁ ခန့်၊ ရောမတွင်သူ၏ပထမအကြိမ်အကျဉ်းကျစဉ် ရေးသားခဲ့သည်။ သူ၏စာကိုမက်စီဒေါန်မှဖိလစ် (မဟာအလက်ဇန္ဒား၏ဖခင်) တည်ခဲ့သောဖိလိပ္ပိရှိ လွန်ခဲ့သည့်ဆယ်နှစ်ခန့်က သူတည်ထောင်ခဲ့သော အသင်းတော်တစ်ခုသို့ ပို့လိုက်ခဲ့သည်။ ပထမရာစုစီအီးတွင်ယင်းသည် “မာကေဒေါနိခရိုင်တွင် အချက်အချာကျရာမြို့” ဖြစ်ခဲ့ပြီး၊ ယခုတွင်ဂရိမြောက်ပိုင်းနှင့် ယူဂိုစလားဗီးယားတောင်ပိုင်းအဝင်ဖြစ်သည်။—တမန်တော် ၁၆:၁၁၊ ၁၂။
ဖိလိပ္ပိမှယုံကြည်သူများသည်နွမ်းပါးသော်လည်း ရက်ရောသည်။ တစ်ကြိမ်ထက်မကပဲ ပေါလု၏လိုအပ်ရာကိုဖြည့်စွက်ရန် တစ်စုံတစ်ခုပို့ပေးခဲ့ကြသည်။ (ဖိလိပ္ပိ ၄:၁၄-၁၇) သို့သော်သူ၏စာသည် ကျေးဇူးတင်သည့်စာသက်သက်မဟုတ်ချေ။ ယင်းသည်အားပေးမှုနှင့်မေတ္တာကိုလည်းဖော်ပြပြီး၊ သွန်သင်ချက်များလည်းပေးထားသည်။
ခရစ်ယာန်အရည်အချင်းများပေါ်လွင်
ပေါလု၏စာကိုဖိလိပ္ပိယုံကြည်သူများအပေါ် သူ၏မေတ္တာရှိပုံဖြင့်အစပြုထားသည်။ (၁:၁-၃၀) သတင်းကောင်းတိုးချဲ့ရန်သူတို့၏အလှူငွေအတွက် ယေဟောဝါအားကျေးဇူးတင်ပြီး၊ သူတို့၏မေတ္တာတိုးပွားရန်ဆုတောင်းပေးခဲ့သည်။ ပေါလုသည်သူ၏အကျဉ်းကျမှုကသူတို့အား ‘ဘုရားနှုတ်ကပတ်တော်ကို မကြောက်မရွံ့ဟောပြောရန် ပို၍ခွန်အား’ ရှိစေသောကြောင့် ဝမ်းမြောက်ခဲ့သည်။ ခရစ်တော်နှင့်အတူရှိရန်သူဆန္ဒရှိပြီး၊ သူတို့တွင်ထပ်မံအမှုဆောင်ရန် သူစိတ်ရှိသည်။ ပေါလုကသူတို့အား “ဧဝံဂေလိတရားနှင့်ဆိုင်သောယုံကြည်ခြင်းအဖို့အလို့ငှာ တညီတညွတ်တည်း ကြိုးစားအားထုတ်” သွားကြရန်လည်းအလိုရှိသည်။
ထို့နောက်သဘောထားနှင့်အပြုအမူတွင် သွန်သင်ချက်ပေးခဲ့သည်။ (၂:၁-၃၀) ဖိလိပ္ပိမြို့သားများအားအခြားသူများ၏အကျိုး စိတ်ဝင်စားမှုပြရန်အားပေးခဲ့ပြီး၊ ခရစ်တော်ကဲ့သို့နှိမ့်ချမှုပြသရန်ဖြစ်သည်။ သူတို့သည် “လောက၏အလင်းများသဖွယ် ထွန်းလင်းနေပြီး” “အသက်နှုတ်ကပတ်တော်ကို ခိုင်မြဲစွာစွဲကိုင်ရန်” အားပေးခဲ့သည်။ ပေါလုသည်သူတို့ထံတိမောသေကို စေလွှတ်ရန်မျှော်လင့်ပြီး၊ သူကိုယ်နှိုက်မကြာမီလာမည်ဟု ယုံကြည်စိတ်ချနေခဲ့သည်။ အလွန်ဖျားနာခဲ့သောဧဖဖြောဒိတ်နှင့်စပ်လျဉ်း၍ စိတ်သက်သာမှုရရန် ပေါလုသည်သူတို့ထံဤသစ္စာရှိကျေးကျွန်ကိုစေလွှတ်မည်ဖြစ်သည်။
ပန်းတိုင်သို့ဆက်လက်ချီတက်နေ
တမန်တော်ကဆက်လက်၍ ဖိလိပ္ပိမြို့သားများသည် ပန်းတိုင်သို့ချီတက်စဉ် သူတို့၏ယုံကြည်စိတ်ချမှုကိုအဘယ်နေရာတွင် ထားရမည့်အကြောင်းကို ပြသခဲ့သည်။ (၃:၁-၂၁) ယင်းကိုအခြားသူများပြုမူသကဲ့သို့ အသွေးအသား သို့မဟုတ် အရေဖျားလှီးခြင်းတွင်မဟုတ်ပဲ ယေရှုခရစ်အပေါ်ထားသင့်သည်။ ပေါလုက “ယေရှုခရစ်ကိုသိသောအသိပညာသည် အဘယ်မျှလောက်မြတ်သည်ကိုထောက်၍” သူ၏သွေးသားအကျိုးစီးပွားရှိသမျှကို ရှုံးစေသောအရာကဲ့သို့ထင်မှတ်ခဲ့၏။ တမန်တော်သည် “ယေရှုခရစ်အားဖြင့်ဘုရားသခင်၏ အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကိုရခြင်းငှာ ပန်းတိုင်သို့” လိုက်ပြေးခဲ့ပြီး၊ ဖိလိပ္ပိမြို့သားများကို အလားတူစိတ်သဘောထားရှိရန် အားပေးခဲ့လေသည်။
ပေါလု၏နိဂုံးချုပ်သွန်သင်ချက်ကိုလိုက်လျှောက်ခြင်းဖြင့် ပန်းတိုင်နှင့်ဆုလာဘ်ကိုမျက်မှောက်ပြုရန် ထောက်မပေမည်။ (၄:၁-၂၃) သူတို့၏စိုးရိမ်မှုများကို ဆုတောင်းခြင်းဖြင့် ဘုရားရှင်ထံအပ်နှံရန် ဖိလိပ္ပိမြို့သားများအား သူအားပေးခဲ့ပြီး၊ သူတို့၏စိတ်တွင် လျော်ကန်သောအတွေးများဖြင့် ဖြည့်ထားရန်ဖြစ်သည်။ တစ်ဖန်ပေါလုသည်ရက်ရောမှုအတွက် သူတို့အားချီမ်းမွမ်းခဲ့ပြီး၊ ယေရှုခရစ်၏မခံစားထိုက်သော ကရုဏာတော်သည်သူတို့ပြသသော စိတ်ဝိညာဉ်နှင့်အတူရှိရန် နှုတ်ခွန်းဆက်ဆန္ဒပြုကာ နိဂုံးချုပ်ခဲ့သည်။
ဖိလိပ္ပိမြို့သားများထံ ပေါလု၏စာသည် ရက်ရောမှု၊ မေတ္တာနှင့်နှိမ့်ချမှုကိုတိုးမြှင့်စေသည်။ ခရစ်တော်၌ယုံကြည်စိတ်ချခြင်းရှိရန်နှင့် ဘုရားရှင်ထံနှလုံးထဲမှ ဆုတောင်းဖို့အားပေးလေသည်။ ပေါလု၏စကားများသည် ယေဟောဝါသက်သေများအား ထာဝရအသက်ဆုပန်းတိုင်အတွက် ဆက်လက်ချီတက်နေရန် အမှန်ပင်ကူညီပေးသည်။
[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ပန်းတိုင်သို့- “နောက်ကျသောအရာတို့ကိုမမှတ်ပဲ ရှေ့၌ရှိသောအရာတို့ကိုလှမ်းကမ်း၍ယေရှုခရစ်အားဖြင့် ဘုရားသခင်သည်အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကိုရခြင်းငှာ ပန်းတိုင်သို့ငါလိုက်ပြေး၏” ဟုပေါလုရေးသားခဲ့သည်။ (ဖိလိပ္ပိ ၃:၁၃၊ ၁၄) တမန်တော်ပေါလုသည် ပြိုင်ပွဲဝင်သူတစ်ဦးကဲ့သို့ သူ့ကိုယ်ကိုသူအားထုတ်ခဲ့သည်။ သူသည်နောက်ကိုပြန်ကြည့်ခြင်းအားဖြင့် အချိန်နှင့်ခွန်အားကိုမဖြုန်းခဲ့ပဲ သူ၏ပန်းတိုင်သို့အပြေးသမားကဲ့သို့ အဆုံးရောက်အောင်အားစိုက်ခဲ့သည်။ ပေါလုနှင့်အခြားဘိသိက်ခံခရစ်ယာန်များအတွက်ဆုသည် ဘုရားအပေါ်သစ္စာရှိစွာဖြင့် မြေကြီးအသက်တာကိုပြီးဆုံးစေပြီးနောက် ရှင်ပြန်ထမြောက်ခြင်းဖြင့် ကောင်းကင်အသက်တာဖြစ်သည်။ ကျွန်ုပ်တို့ပန်းတိုင်သည်ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်စေ၊ ယေဟောဝါအပေါ်ကျွန်ုပ်တို့ကိုးစားပြီး၊ ကိုယ်တော်၏သက်သေခံများအဖြစ်ပန်းတိုင်သို့ ချီတက်ကြရန်ဖြစ်သည်။—၂ တိမောသေ ၄:၇။