ဘာသာတရားကို အဘယ့်ကြောင့် အလေးအနက်သဘောထားရသနည်း
“လူသည်မုန့်အားဖြင့်သာအသက်မရှင်နိုင်။” (မဿဲ ၄:၄၊ The New English Bible)မကြာခဏကိုးကားလေ့ရှိသော အထက်ပါစကားများသည် ယနေ့လူအများမျက်ခြည်ပြတ်နေသည့် လူသားတို့၏လိုအပ်ချက်တစ်ခုကို အရိပ်အမြွက်တင်ပြသည်။ ကျွန်ုပ်တို့သည် ကျေနပ်အောင်ဖြည့်စွက်ရန်လိုအပ်နေသော ဝိညာဉ်ရေးအစိတ်အပိုင်းတစ်ရပ်နှင့် စုပေါင်းဖွဲ့စည်းထားရာဖြစ်ကြောင်း သိသာစေသည်။ ထို့ကြောင့် အထက်ပါစကားကို မိန့်ကြားတော်မူသည့်အရှင် ယေရှုခရစ်က “ဘုရားသခင်ကို မိမိတို့လိုအပ်နေကြောင်း သိသောသူတို့သည် မင်္ဂလာရှိ၏” ဟူ၍လည်း မိန့်တော်မူ၏။—မဿဲ ၅:၃၊ NEB.
‘ဘုရားသခင်အားကျွန်ုပ်တို့လိုအပ်နေခြင်း’ ကို ဘာသာတရားကသာဖြည့်ပေးနိုင်သည်။ လူ့ဘဝ၏မူလဘူတ၊ ရည်ရွယ်ချက်၊ အနှစ်သာရတို့နှင့်စပ်လျဉ်းသည့် အခြေခံကျသည့်မေးခွန်းများကိုလည်း ဘာသာတရားကသာ အဖြေပေးနိုင်သည်။ ဘာသာတရားကသာလျှင် ဘဝအဓိပ္ပာယ်နှင့်အနှစ်သာရအစစ်အမှန်ကို ပေးစွမ်းနိုင်သည်။ သို့သော် မည်သည့်ဘာသာတရားမဆို ထိုသို့အပြည့်အဝတတ်စွမ်းနိုင်သည်ကား မဟုတ်ပေ။ “မှန်သောကိုးကွယ်သူတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုးကွယ်” ရမည်ဟု ရှမာရိအမျိုးသမီးတစ်ဦးအား ယေရှုမိန့်တော်မူ၏။ (ယောဟန် ၄:၂၃၊ သမ္မ) ‘သမ္မာတရားနှင့်’ ကိုးကွယ်သည်ဆိုရာမှာ အဓွန့်ရှည်စွာလိုက်နာခဲ့၍ လေးမြတ်ဖွယ်ဖြစ်သော ရိုးရာထုံးတမ်းများနှင့် ဝတ်ပြုကိုးကွယ်ခြင်းထက် များစွာအဓိပ္ပာယ်ကျယ်ဝန်းသည်။ ထိုအရာတို့သည် ဆည်းကပ်သူတို့အား တဒင်္ဂစိတ်ချမ်းသာမှုလောက်သာ ပေးစွမ်းနိုင်ပြီး ဝိညာဉ်ရေးဆာမွတ်မှုကို ပြေပျောက်အောင်မတတ်စွမ်းနိုင်ချေ။
အလေးအနက်သဘောထားရမည့် ဘာသာတစ်ခု
သို့သော်လည်း အခြားမည်သည့်ဘာသာထက်မဆို သက်တမ်းပို၍ရှည်သည့် ဘာသာတစ်ခုရှိသည်။ ၄င်းမှာ သမ္မာကျမ်းစာ၌ သွန်သင်ထားသည့် ဘာသာပင်ဖြစ်သည်။ သမ္မာကျမ်းစာကို လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ ခန့်ကရေးသားခဲ့ပြီး အစပိုင်းအခန်းကြီးများ၌ မှတ်တမ်းတင်ထားသည့် ‘သမိုင်း’ အချို့သည် ထိုသက္ကရာဇ်ထက်ပင် နှစ်ပေါင်းတစ်ထောင်မက ကြာညောင်းသည်။aဤအချက်တစ်ချက်တည်းကပင် သမ္မာကျမ်းစာ၏ဘာသာတရားကို အလေးအနက်စဉ်းစားစရာအကြောင်းဖြစ်စေသည်။
The Encyclopedia Americana ၌သမ္မာကျမ်းစာနှင့်ပတ်သက်၍ ဤသို့ဆိုထားသည်။ “ယင်း၏အလင်းသည် ‘ကမ္ဘာအရပ်ရပ်သို့တိုင်အောင် နှံ့ပြားခဲ့ပြီးဖြစ်သည်။’ ယခုအခါယင်းကို လောကနီတိနှင့်ဘာသာရေးရတနာသိုက်အဖြစ် ယူဆလာကြသည်။ ယဉ်ကျေးသောကမ္ဘာတစ်ခုဖြစ်ပေါ်လာမည့် မျှော်လင့်ချက်တိုးပွားလာသည်နှင့်အမျှ ယင်း၏မကုန်မခန်းနိုင်သော သွန်သင်ချက်မှာလည်း ပို၍အဖိုးထိုက်တန်သည့်အလားအလာရှိလာသည်။” သို့သော် စာအုပ်တစ်အုပ်သည် မှန်သောဘာသာသို့ လမ်းညွှန်ပေးသည့် ယုံကြည်စိတ်ချရသောလမ်းညွှန်အမှန်ဖြစ်လျှင် ၄င်းစာအုပ်သည် အကျယ်ပြန့်ဆုံး ဖြန့်ချိသည့်စာအုပ်၊ အမှန်တရားရှာသူခပ်သိမ်း လက်လှမ်းမှီနိုင်သောစာအုပ်ဖြစ်ရမည်ကို သင်မျှော်လင့်မည်မဟုတ်လော။
သမ္မာကျမ်းစာသည် ထိုအတိုင်းပင်ဖြစ်နေပါသည်။ တစ်အုပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဘာသာစကားပေါင်း ၁၉၂၈ ဘာသာဖြင့်ပြန်ဆိုပြီးသည့်အပြင် သမိုင်းတွင် အကျယ်ပြန့်ဆုံးဖြန့်ချိနေသည့် စာအုပ်ဖြစ်ပေသည်။ ထိုမျှမက သမိုင်းအရဖြစ်စေ၊ သိပ္ပံပညာအရဖြစ်စေ မှန်ကန်ကြောင်းသက်သေအထောက်အထား အခိုင်အလုံရှိသည်။ သမ္မာကျမ်းစာပရောဖက်ပြုချက်များ အတိအကျပြည့်စုံခဲ့ကြောင်း ဘူမိဗေဒနှင့်သမိုင်းတို့က သက်သေခံထားသည်။ ၄င်းသည် နတ်ဝိဇ္ဇာအတတ်ပညာ၊ အဘိညာဉ်ဝါဒနှင့် မှော်အတတ်မှန်သမျှတို့နှင့်လည်း ကင်းရှင်းသည်။ ဤအချက်အားလုံးသည် ဘုရားသခင်မှုတ်သွင်းခြင်းခံရသည်ဟူသော သမ္မာကျမ်းစာအဆိုနှင့်ညီညွတ်ပေသည်။b—၂ တိမောသေ ၃:၁၆။
မှန်သောဘာသာ၏ “အသီးများ”
သို့ရာတွင် သမ္မာကျမ်းစာအတိုင်း လိုက်လျှောက်နေသည်ဟုဆိုသော ဘာသာများစွာရှိသည်မဟုတ်လော။ ခရစ်ယာန်အခေါ်ခံအများအပြားကြား၌ ခိုက်ရန်ဒေါသ၊ မုန်းတီးခြင်းနှင့်အရေခြုံခြင်းတို့ကို အထင်အရှားတွေ့နေရသည်မဟုတ်လော။ မှန်ပါသည်။ သို့သော် ၄င်းတို့သည် သမ္မာကျမ်းစာကိုလျစ်လျူရှုပစ်နိုင်သည့် အကြောင်းပြချက်မဟုတ်ပေ။ ယေရှုခရစ်ကိုယ်တော်တိုင်က ခရစ်ယာန်အမည်ခံအများထုသည် ဘုရားသခင့်စိတ်တော်နှင့်တွေ့မည်မဟုတ်ကြောင်း သိသာစေတော်မူခဲ့သည်။ (မဿဲ ၇:၁၃၊ ၁၄၊ ၂၁-၂၃ ရှု) သို့ဖြစ်လျှင် သမ္မာကျမ်းစာ၌ သွန်သင်ထားသည့် မှန်သောဘာသာကိုလိုက်စားနေသူတို့အား မည်သို့ခွဲခြားသိမြင်နိုင်မည်နည်း။ ယေရှုဤသို့ဖြေကြားထားတော်မူ၏။ “ထိုသူတို့၏အသီးကိုထောက်၍ သူတို့ကိုသိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကိုဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကိုဆွတ်တတ်သလော။ ထိုနည်းတူ ကောင်းသောအပင်ရှိသမျှသည် ကောင်းသောအသီးကိုသီးတတ်ကြ၏။ မကောင်းသောအပင်မူကား မကောင်းသောအသီးကိုသီးတတ်ကြ၏။ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏အသီးကိုထောက်သော် သူတို့ကိုသိရကြလိမ့်မည်။”—မဿဲ ၇:၁၆၊ ၁၇၊ ၂၀။
မှန်ပေသည်။ မှန်သောဘာသာသည် ကောင်းမှုအတွက် အစွမ်းထက်သောစွမ်းအားတစ်ရပ်ဖြစ်သင့်သည်။ ကိုးကွယ်သူတို့ဘောင်တွင် အကျိုးကျေးဇူးဖြစ်ထွန်းစေသင့်ပေသည်။ ဥပမာအနေနှင့် ဂျပန်အမျိုးသားအကီနိုရီကိုကြည့်ပါ။ သူ့စကားအရ သူသည် “အပြိုင်အဆိုင်စိတ်ဓာတ်တစ်မျိုး၏ပြယုဂ်ဖြစ်ခဲ့သည်။” သူသည် ထိပ်တန်းတက္ကသိုလ်တစ်ခုမှဘွဲ့ယူ၍ နာမည်ကြီးစီးပွားရေးလုပ်ငန်း၌ အလုပ်လုပ်မည်ဟူသောပန်းတိုင်ကို အောင်မြင်စွာဆွတ်ခူးနိုင်ခဲ့သည်။ မိမိဘဝ၌ ဘာသာတရားကိုနေရာပေးစရာမလိုဟု သူထင်ခဲ့သည်။ ‘ဘာသာဆိုတာ ဘဝမှာမှီခိုအားထားရာလိုအပ်နေတဲ့ ပျော့ညံ့အားနည်းသူတွေအတွက်သာဖြစ်တယ်’ ဟုသူထင်ခဲ့သည်။
အလုပ်ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် ဆိုးရွားသည့်ရောဂါတစ်မျိုးရလာသည့်အချိန်တိုင်အောင် အစစအရာရာ ချောချောမောမောရှိလာခဲ့သည်။ ထိုရောဂါမှာ သူ့လည်ပင်းလိမ်သွားပြီး မေးစေ့သည်ဘယ်ဘက်ပခုံးပေါ်ကပ်နေသည်။ အကီနိုရီ၏ကုမ္ပဏီမှ “မိတ်ဆွေ” အများသည် သူဒုက္ခရောက်ချိန်၌ သူ့အဖို့နှစ်သိမ့်အားပေးစရာမဖြစ်ခဲ့ကြပေ။ (သု၊ ၁၇:၁၇ နှင့်နှိုင်းယှဉ်) သို့နှင့် အရက်ကိုဖိသောက်ရာမှ အရက်သမားလုံးလုံးဖြစ်ခဲ့သည့်ပြင် ကိုယ့်ကိုယ်ကိုသတ်သေရန်ပင်ကြံစည်လာသည်။
သို့သော် အချိန်အတန်ကြာပြီးနောက် အကီနိုရီ၏ဇနီးသည် ယေဟောဝါသက်သေများနှင့် စတင်ကျမ်းစာသင်အံခဲ့သည်။ တစ်နေ့သောအခါ စကားပြောယင်းနှင့် သူမက ဂလာတိ ၆:၇ မှ “လူသည် စိုက်ပျိုးသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်” ဟူသောကျမ်းချက်အကြောင်းကို ခင်ပွန်းဖြစ်သူအားပြောပြလိုက်သည်။ ဤစကားများကြောင့် အကီနိုရီသည် စိတ်ပြောင်းလဲကာ ဇနီးဖြစ်သူနှင့် သင်အံမှုတွင်ပါဝင်လာရာ သင်ကြားသိရှိလာသမျှတို့က လူ့ဘဝအနှစ်သာရနှင့်ပတ်သက်သော သူ၏အမြင်ကို ပြောင်းလဲစေခဲ့သည်။ အကီနိုရီ၏ ရှေ့အလားအလာ ပို၍တောက်ပလာသည်နှင့်အမျှ စိတ်ဖိစီးမှုဒဏ်ကြောင့် ခံစားရသည့်ဝေဒနာမှာလည်း တစ်စတစ်စပျောက်ကွယ်သွားလေသည်။ ပညာရှိစကားတစ်ချက်၌ ဖေါ်ပြသည့်အအတိုင်း “ငြိမ်သက်သောနှလုံးသည် ကိုယ်ကာယအသက်ရှင်ရာအကြောင်း . . . ဖြစ်၏။” (သု၊ ၁၄:၃၀) မှန်သောဘာသာသည် ကောင်းမြတ်သောအသီးကိုသီးစေတတ်သည်မှာ မှန်ကန်လိုက်လေချင်း။
မှန်သောဘာသာသည် ကောင်းမှုအတွက်စွမ်းအားတစ်ရပ်ဖြစ်ကြောင်း တွေ့မြင်ခဲ့ရသောဂျပန်အမျိုးသားနောက်တစ်ဦးမှာ တိုရှီရိုဖြစ်သည်။ သူသည် ဘာသာရေးလိုက်စားလျှင် အကျိုးရှိကြောင်းယုံကြည်သော်လည်း ဘာမျှလုပ်ဆောင်ခဲ့ခြင်းမရှိချေ။ ကိုယ်ပိုင်အိမ်တစ်ဆောင်ရရှိရေးအတွက်သာ အာရုံစူးစိုက်ခဲ့သည်။ ထိုဆန္ဒပြည့်ဝသွားသော်လည်း မျှော်လင့်ခဲ့သည်အတိုင်း စိတ်ကျေနပ်ရောင့်ရဲမှုမရရှိခဲ့ပေ။ ထိုမျှမက အလုပ်ဌာန၌ကြည့်လိုက်သောအခါ မရိုးသားသောအကျင့်များ နေရာတကာ၌တွေ့ရသည့်အပြင် ထိုအကျင့်များကြောင့် ဖြစ်ပေါ်သည့်မကောင်းသောပုဂ္ဂိုလ်ရေးဆက်ဆံမှုများကိုလည်း တွေ့မြင်ရသည်။ ထိုအရာများကြောင့် တိုရှီရိုသည် အော့နှလုံးနာခဲ့ရသည်။
တစ်နေ့သ၌ ဇနီးဖြစ်သူက ယေဟောဝါသက်သေများ၏ ဒေသအသင်းတော်မှ အကြီးအကဲတစ်ဦးအား သူ့ထံအလည်လာရန် ဖိတ်ကြားသည်။ ထိုအကြီးအကဲသည် မိမိ၏လုပ်ဖေါ်ကိုင်ဖက်တို့နှင့်မတူကြောင်း တိုရှီရို ချက်ချင်းပင်ရိပ်စားမိသည်။ အဘယ်အကြောင်းကြောင့်နည်း။ ထိုအကြီးအကဲသည် သမ္မာကျမ်းစာမူများကို အသက်တာ၌ အမှန်ကျင့်သုံးခြင်းကြောင့်ဖြစ်သည်။ တိုရှီရိုသည် အလွန်နှစ်သက်သဘောကျသွားသဖြင့် ကျမ်းစာလေ့လာရန် ဖိတ်ခေါ်ခြင်းကိုလက်ခံပြီး သမ္မာကျမ်းစာ၏ဘာသာကို အသက်တာလမ်းစဉ်အဖြစ် စတင်ကျင့်သုံးလာခဲ့သည်။
ယေဟောဝါသက်သေများနှင့် ရင်းနှီးကျွမ်းဝင်ရန် သင့်အားလည်း ကျွန်ုပ်တို့ဖိတ်ကြားပါသည်။ သူတို့သည် ‘သမ္မာတရားနှင့်’ ကိုးကွယ်နေကြကြောင်း သူတို့၏ “အသီးများ” ကသက်သေခံနေပါသည်။ သမ္မာကျမ်းစာသွန်သင်ချက်များကို သူတို့ဘဝတွင် ဒုက္ခခံ၍လိုက်နာကျင့်သုံးကြသည်။ သူတို့သည် တစ်ဦးချင်းအနေနှင့် စုံလင်ခြင်းနှင့်အလှမ်းကွာဝေးနေသေးစေကာမူ အုပ်စုလိုက်အနေနှင့်မူကား မှန်သောဘာသာသည် အလွန်တန်ခိုးကြီးမားသောစွမ်းအားဖြစ်ကြောင်း သူတို့၏ဘဝက သက်သေထူလျက်နေသည်။
သူတို့အထဲမှ ထောင်ပေါင်းများစွာသောသူတို့သည် တစ်ချိန်ကသူတို့၏ဘဝလမ်းစဉ်၌ မပျော်ပိုက်ခဲ့ကြသူများဖြစ်ကြသည်။ သို့သော်လည်း သမ္မာကျမ်းစာ၏အခြေခံမူများကို လက်တွေ့ကျင့်သုံးကြခြင်းအားဖြင့် သူတို့အနက်မှအများသောသူတို့သည် သိသိသာသာပြောင်းလဲလာနိုင်ခဲ့သည်။ ‘ဝိညာဉ်တော်အသီး’ ဟူ၍ သမ္မာကျမ်းစာခေါ်ဝေါ်သည့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ့်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း စသောအရည်အချင်းများကို မွေးမြူခြင်းအားဖြင့် ပုဂ္ဂလိကပျော်ရွှင်မှု၏သော့ချက်ကို တွေ့ရှိခဲ့ကြသည်။—ဂလာတိ ၅:၂၂၊ ၂၃။
မှန်သောဘာသာလိုက်စားခြင်းမှရရှိသော ထာဝရအကျိုးကျေးဇူးများ
သို့သော် မှန်သောဘာသာဟူသည် ဥပဓိရုပ်ကိုပြောင်းလဲခြင်း၊ ပုဂ္ဂလိကပြဿနာများကို နည်းပါးစေခြင်းထက်မက စွမ်းဆောင်နိုင်ရပေမည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ နျူကလီးယားစစ်အန္တရာယ်နှင့် သယံဇာတပြုန်းတီးခြင်း စသောကမ္ဘာ့ပြဿနာများသည် ကျွန်ုပ်တို့၏ သာယာလှပသော ကမ္ဘာဂြိုဟ်ဟ်ကိုဖျက်ဆီးရန် ခြိမ်းခြောက်လျက်ရှိသည်။ စီးပွားရေးပြဿနာများကလည်း လူသန်းပေါင်းများစွာတို့၏ ပျော်ရွှင်မှုနှင့်ကောင်းစားရေးကို ဆိတ်သုန်းနေစေသည်။ ဤကမ္ဘာ့ပြဿနာများအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာမပေးနိုင်သည့်ဘာသာကို အလေးအနက်သဘောထားနိုင်လိမ့်မည်မဟုတ်ပေ။
သမ္မာကျမ်းစာနှင့်ဆိုင်သောဘာသာသည် ထိုသို့သောမျှော်လင့်ချက်မျိုးပေးထားသည်။ လူသားတို့အား ကောင်းကင်အစိုးရ သို့မဟုတ် “နိုင်ငံတော်” လက်အောက်ရှိဖြောင့်မတ်သောကမ္ဘာသစ်၌ နေရာချပေးမည်အကြောင်း ဘုရားသခင်ကတိထားတော်မူ၏။ (မဿဲ ၆:၉၊ ၁၀။ ၂ ပေတရု ၃:၁၃။ ဗျာဒိတ် ၂၁:၃၊ ၄) ၄င်းနိုင်ငံတော်မှာ လူသားတို့၏ဝေဒနာခပ်သိမ်းကို ပျောက်ကင်းစေမည့် ဆေးစွမ်းတစ်လက်ပင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ခံစားရမည့် ထိုအကျိုးကျေးဇူး၏တည်မြဲခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့အာမခံထားသည်။ “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏။” (၁ ယောဟန် ၂:၁၇။) သို့ရာတွင် မှန်သောဘာသာလိုက်စားခြင်းကို အလေးအနက်သဘောထားသူတို့သာလျှင် လာမည့်နိုင်ငံတော်မှ အကျိုးကျေးဇူးခံစားရမည်ဖြစ်သည်။ ထိုကြောင့် သမ္မာကျမ်းစာကို အလေးအနက်သဘောထား၍ စတင်လေ့လာပါရန် သင့်အားကျွန်ုပ်တို့တိုက်တွန်းပါသည်။c(ယောဟန် ၁၇:၃) သင့်ဘဝအတွင်းသို့ ဘုရားသခင့်နှုတ်ကပတ်တရားတော်အလင်းကို သင်စတင်ထွန်းလင်းခွင့်ပြုလာသည့်အခါ ဘုရားသခင်ကိုလိုအပ်နေသော သင့်ဆန္ဒတစ်စတစ်စပြည့်ဝလာသည်နှင့်အမျှ သင်ဝမ်းမြောက်ခြင်းကြီးစွာခံစားရတော့မည်။ မှန်ပါသည်။ မှန်သောဘာသာတရားကို သင်အလေးအနက်သဘောထားသောကြောင့် ထာဝရကောင်းချီးမင်္ဂလာသည် သင့်ပိုင်ရာဖြစ်လာပေလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ဥပမာအနေနှင့် ကမ္ဘာဦး ၂:၄။ ၅:၁။ ၆:၉ ကိုရှု။
b ထပ်ဆင့်သိလိုလျှင် ဤမဂ္ဂဇင်းထုတ်ဝေသူများထံမှရရှိနိုင်သော The Bible—God’s Word or Man’s စာအုပ်ကိုရှု။
c ယေဟောဝါသက်သေများက သင့်အားဝမ်းမြောက်စွာကူညီပေးမည်။ ဤမဂ္ဂဇင်းထုတ်ဝေသူများနှင့်ဖြစ်စေ၊ သင့်ဒေသ ယေဟောဝါသက်သေများ၏အသင်းတော်နှင့်ဖြစ်စေ ဆက်သွယ်ခြင်းဖြင့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကို စီစဉ်နိုင်သည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကို ဘာသာစကား ၁၉၀၀ ကျော်ဖြင့်ရနိုင်ခြင်းက ဘုရားသခင်မှုတ်သွင်းသည် ဟူသောအဆိုနှင့် ညီညွတ်သည်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာနှင့်ဆိုင်သည့် မှန်သောဘာသာက ကောင်းကင်အစိုးရလက်အောက်တွင် ကမ္ဘာချီငြိမ်းချမ်းသာယာသည့် အခြေအနေဖြစ်လာမည့် မျှော်လင့်ချက်ကို ကမ်းလှမ်းထားသည်