အားလုံးအတွက် ညီမျှသောရွေးနှုတ်ဖိုး
“လူသားသည်သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။”—မဿဲ ၂၀:၂၈။
၁၊ ၂။ (က) ရွေးနှုတ်ဖိုးသည်လူသားတို့အတွက် ဘုရားရှင်၏အကြီးမြတ်ဆုံး ဆုကျေးဇူးဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) ရွေးနှုတ်ဖိုးကိုစူးစမ်းသုံးသပ်ခြင်းမှ မည်သည့်အကျိုးရရှိသနည်း။
ရွေးနှုတ်ဖိုးသည် လူသားတို့အတွက်ဘုရားရှင်၏အကြီးမြတ်ဆုံး ဆုလာဘ်ဖြစ်သည်။ “ရွေးနှုတ်တော်မူခြင်း” အားဖြင့်ကျွန်ုပ်တို့သည် “အပြစ်လွှတ်တော်မူခြင်း” ကိုခံစားနိုင်သည်။ (ဧဖက် ၁:၇) ယင်းသည်ကောင်းကင်၌ဖြစ်စေ သို့မဟုတ် မြေကြီးပရဒိသုပေါ်၌ဖြစ်စေ ထာဝရအသက်မျှော်လင့်ချက်၏အုတ်မြစ်ဖြစ်သည်။ (လုကာ ၂၃:၄၃။ ယောဟန် ၃:၁၆) ယင်းအတွက်ကြောင့်၊ ခရစ်ယာန်များသည်ယခုပင်ဘုရားရှင်ရှေ့၌ သန့်ရှင်းသောရပ်တည်မှုကို ရရှိမည်ဖြစ်သည်။—ဗျာဒိတ် ၇:၁၄၊ ၁၅။
၂ ထို့ကြောင့်ရွေးနှုတ်ဖိုးသည် မသဲမကွဲ သို့မဟုတ် စိတ်ကူးသက်သက်မဟုတ်ချေ။ ဘုရားရေးကျင့်စဉ်တွင်တရားဝင်အခြေခံထားသောကြောင့် ရွေးနှုတ်ဖိုးသည် တကယ့်စစ်မှန်သော၊ သိသာထင်ရှားသည့်အကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ ဤအယူ၏အချို့အပိုင်းကို “နားလည်ရန်ခက်ခဲ” ပေမည်။ (၂ ပေတရု ၃:၁၆) သို့သော်ရွေးနှုတ်ဖိုးကို အနီးကပ်သုံးသပ်ရကျိုးနပ်သည်ကို သင်တွေ့ရမည်။ အကြောင်းမှာ ယင်းသည်လူသားများအတွက် ဘုရားရှင်၏ထူးကဲသောမေတ္တာကို ရောင်ပြန်ဟပ်နေသောကြောင့်ဖြစ်သည်။ ရွေးနှုတ်ဖိုးကိုသဘောပေါက်ခြင်းသည် ဘုရားရှင်၏အဆုံးမရှိသော “ပညာနှင့်ဉာဏ်တော်” ၏သော့ချက်တစ်ခုဖြစ်သောအပိုင်းကို နားလည်ခြင်းဖြစ်သည်။—ရောမ ၅:၈။ ၁၁:၃၃။
ဖြေရှင်းရန်အရေးကိစ္စရပ်များ
၃။ ရွေးနှုတ်ဖိုးသည်မည်သို့လိုအပ်လာသနည်း။ ဘုရားရှင်သည်အဘယ်ကြောင့် လူသားတို့၏အပြစ်ကိုခွင့်လွှတ်လိုက်ရုံနှင့် မဖြစ်သနည်း။
၃ ပထမလူသားအာဒံ၏အပြစ်ကြောင့် သူ၏သားမြေးများအား ဖျားနာခြင်း၊ ရောဂါ၊ ဝမ်းနည်းခြင်းနှင့်နာကျင်ခြင်းဖြစ်သော အချည်းနှီးအမွေကိုပေးခဲ့သောကြောင့် ရွေးနှုတ်ဖိုးလိုအပ်လာခဲ့သည်။ (ရောမ ၈:၂၀) သူတို့၏ပင်ကိုယ်အမွေခံခဲ့သောမစုံလင်မှုကြောင့် အာဒံမှဆင်းသက်သူအားလုံးသည် သေထိုက်သော “အမျက်တော်ခံရသောသူ” ဖြစ်ကြသည်။ (ဧဖက် ၂:၃၊ တရားဟောရာ ၃၂:၅) ဘုရားရှင်သည် ဘောင်အတွင်းမနေသော လူသားများကို ဥပဒေမဲ့ငဲ့ညှာစိတ်ဖြင့် အလျှော့ပေး၊ ခွင့်လွှတ်လိုက်နိုင်မည်မဟုတ်ချေ။ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုယ်နှိုက်က “အပြစ်တရား၏အခကား သေခြင်းပေတည်း” ဟုဖော်ပြထားသည်။ (ရောမ ၆:၂၃) လူသားများ၏အပြစ်ပြည့်နေမှုကို ခွင့်ပြုလိုက်ခြင်းဖြင့် ဘုရားရှင်သည်မိမိကိုယ်နှိုက်၏ဖြောင့်မတ်သောစံချိန်များကိုလျစ်လျူရှုကာ တရားဝင်တရားမျှတခြင်းကို ပျက်ပြယ်စေရပေမည်။ (ယောဘ ၄၀:၈) သို့အစား၊ “တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် [ဘုရားသခင့်] ပလ္လင်တော်၏တည်ရာဖြစ်ပါ၏။” (ဆာလံ ၈၉:၁၄) ကိုယ်တော့်အနေနှင့်ဖြောင့်မတ်ခြင်းမှ သွေဖည်ခြင်းဟူသမျှသည် မတရားမှုကိုအားပေးခြင်းနှင့် စကြဝဠာအချုပ်အခြာအနေနှင့် ကိုယ်တော်၏နေရာကို ပျက်ပြားစေပေမည်။—ဒေသနာ ၈:၁၁ နှင့်နှိုင်းယှဉ်။
၄။ စာတန်၏ပုန်ကန်မှုက မည်သည့်အရေးကိစ္စကို ပေါ်ပေါက်စေခဲ့သနည်း။
၄ ဘုရားရှင်သည်စာတန်ထုတ်ခဲ့သော အခြားအရေးကိစ္စများကိုလည်း ဖြေရှင်းရဦးမည်ဖြစ်ပြီး၊ လူသားအကျပ်အတည်းထက် ပိုမိုကြီးကျယ်သော အရေးကိစ္စများဖြစ်သည်။ ယေဟောဝါရှင်ကို မုသာသုံးသူ၊ မိမိ၏သတ္တဝါများမှ အသိပညာနှင့်လွတ်လပ်ခြင်းကို နှုတ်ယူလိုက်သောရက်စက်သောအာဏာရှင်အဖြစ်စွပ်စွဲခြင်းဖြင့် စာတန်သည် ဘုရားရှင်၏နာမည်ကောင်းအပေါ် အမဲကွက်ထင်စေခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) ထို့ပြင်မြေကြီးကိုဖြောင့်မတ်သော လူသားများနှင့်ပြည့်စေရန် ဘုရားရှင်၏ရည်ရွယ်ချက်ကို ပျက်ပြားစေပုံရခြင်းဖြင့် စာတန်သည်ဘုရားရှင်အား ရှုံးနိမ့်သူအဖြစ်လုပ်ဆောင်ခြင်းဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈၊ ဟေရှာယ ၅၅:၁၀၊ ၁၁) ဘုရားရှင်၏သစ္စာရှိကျေးကျွန်များသည် ကိုယ်တော်ကိုတစ်ကိုယ်ကောင်းစိတ်ကြောင့်သာ အမှုထမ်းရွက်နေကြသည်ဟု စာတန်သည်စွပ်စွဲကာ သူတို့အားရဲတင်းစွာရှုတ်ချခဲ့သည်။ ဖိနှိပ်မှုအောက်ထားလိုက်လျှင် သူတို့တစ်ယောက်မျှ ဘုရားအပေါ်သစ္စာစောင့်တော့မည်မဟုတ်ဟု စာတန်ကဝါကြွားခဲ့သည်။—ယောဘ ၁:၉-၁၁။
၅။ ဘုရားရှင်သည်စာတန်၏စိန်ခေါ်ချက်ကို အဘယ်ကြောင့်လျစ်လျူရှု၍မဖြစ်သနည်း။
၅ ဤစိန်ခေါ်ချက်များကို ဥပေက္ခာပြု၍မရချေ။ ယင်းတို့ကိုမဖြေရှင်းဘဲထားလိုက်လျှင် ဘုရားအုပ်စိုးမှုအပေါ်ယုံကြည်စိတ်ချခြင်းနှင့်ထောက်ခံမှုသည် နောက်ဆုံးတွင်တိုက်ဖျက်ခံရပေမည်။ (သု ၁၄:၂၈) အကယ်၍တရားဥပဒေယိုယွင်းလျှင် စကြဝဠာတစ်ခုလုံးတွင် ဖရိုဖရဲဖြစ်ကုန်မည်မဟုတ်ပေလော။ သို့ဖြင့်ဘုရားရှင်သည် မိမိကိုယ်နှိုက်နှင့် ကိုယ်တော်၏ဖြောင့်မတ်သော နည်းလမ်းတော်များအား မိမိ၏အချုပ်အခြာကိုထင်ရှားပြရန် တာဝန်ရှိသည်။ ကိုယ်တော်အနေနှင့် မိမိ၏သစ္စာရှိကျေးကျွန်များ မိမိအပေါ်မချိုးဖျက်နိုင်သော သစ္စာစောင့်သိမှုတင်ပြရန်ခွင့်ပြုဖို့ တာဝန်ရှိသည်။ သို့ဖြစ်သောကြောင့် အပြစ်ရှိသောလူသားတို့၏ အခြေအနေကိုအခြားအရေးကြီးကိစ္စများထက် ဦးစားပေးဆောင်ရွက်ရပေမည်။ နောက်ပိုင်းတွင်ကိုယ်တော်ကဣသရေလများအား “ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့် သင်၏အပြစ်တို့ကိုဖြေမည်။”—ဟေရှာယ ၄၃:၂၅။
ရွေးနှုတ်ဖိုး—ဖုံးအုပ်ရာ
၆။ လူသားတို့အားဘုရားရှင်ကယ်တင်ပုံကို သမ္မာကျမ်းစာကဖော်ပြသော အသုံးအနှုန်းအချို့ကားအဘယ်နည်း။
၆ ဆာလံ ၉၂:၅တွင် “အိုထာဝရဘုရား [ယေဟောဝါ၊ NW ] စီရင်တော်မူသောအမှုတို့သည်ကြီးမား၍ အကြံအစည်တော်လည်း အလွန်နက်လှပါ၏” ဟုကျွန်ုပ်တို့ဖတ်ရ၏။ ထို့ကြောင့်ဘုရားရှင်သည် လူသားတို့အားလုပ်ဆောင်ပေးချက်ကို ကျွန်ုပ်တို့သဘောပေါက်ရန်လိုသည်။ (ဆာလံ ၃၆:၅၊ ၆ နှင့်နှိုင်းယှဉ်) ရွှင်လန်းစရာကား၊ သမ္မာကျမ်းစာသည် ဘုရားရှင်၏ကြီးမြတ်သောလုပ်ငန်းတော်များကို ကျွန်ုပ်တို့နားလည်ရန် အသုံးအနှုန်းများစွာသုံးခြင်း သို့မဟုတ် ရှုထောင့်အမျိုးမျိုးဖြင့်ပုံတင်ပြလေသည်။ သမ္မာကျမ်းစာကရွေးနှုတ်ဖိုးကို ဝယ်ယူခြင်း၊ ပြေငြိမ်းခြင်း၊ အမျက်ပြေခြင်း၊ ရွေးခြင်း၊ အပြစ်ဖြေရာ အသုံးအနှုန်းများသုံးထားသည်။ (ဆာလံ ၄၉:၈။ ဒံယေလ ၉:၂၄။ ဂလာတိ ၃:၁၃။ ကောလောသဲ ၁:၂၀။ ဟေဗြဲ ၂:၁၇။ NW ) သို့သော်ထိုအကြောင်းကို အကောင်းဆုံးဖော်ပြပေးသော အသုံးအနှုန်းသည် မဿဲ ၂၀:၂၇၊ ၂၈ တွင်ယေရှုကိုယ်နှိုက်အသုံးပြုသောအရာဖြစ်သည်။ “လူသားသည်သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်း [ဂရိ၊ ly΄tron] ငှာလည်းကောင်းကြွလာသည်။”
၇၊ ၈။ (က) ရွေးနှုတ်ဖိုးအတွက်ဂရိနှင့်ဟေဗြဲစကားလုံးများမှ ကျွန်ုပ်တို့ဘာနားလည်ရသနည်း။ (ခ) ရွေးနှုတ်ဖိုးသည်ညီမျှမှုနှင့်ဆက်နွယ်နေကြောင်း ရှင်းပြပါ။
၇ ရွေးနှုတ်ဖိုးကားအဘယ်နည်း။ ဂရိစကားလုံး လိုင်ထရွန် သည် “လွှတ်ရန်” ဟုအဓိပ္ပာယ်ရှိသည့် ကြိယာစကားလုံးမှလာသည်။ ယင်းစကားလုံးကို စစ်အကျဉ်းသားများကိုလွှတ်ရန် လဲလှယ်သည့်အနေနှင့်ပေးသောငွေကိုဖော်ပြရာတွင် အသုံးပြုသည်။ သို့သော်ဟေဗြဲကျမ်းစောင်များတွင် ရွေးနှုတ်ဖိုးစကားလုံး ကိုဖာ [ko΄pher] သည် “ဖုံးအုပ်” ရန် သို့မဟုတ် “ဖုံးဖိ” သည်ဟုအဓိပ္ပာယ်ရှိသော ကြိယာမှလာသည်။ ဥပမာ၊ ဘုရားရှင်သည်နောဧအားသင်္ဘောကို ကတ္တရာစေးဖြင့်ဖုံးအုပ် [ka·phar΄] ရန် မိန့်ကြားခဲ့သည်။ (ကမ္ဘာ ၆:၁၄၊ NW) ဤရှုထောင့်မှဆိုလျှင် ရွေးနှုတ်ရန် သို့မဟုတ် အပြစ်ဖြေရန်အဓိပ္ပာယ်သည် အပြစ်များကိုဖုံးအုပ်ရန်ဖြစ်သည်။—ဆာလံ ၆၅:၃။
၈ Theological Dictionary of the New Testament ကကိုဖာ သည် “ညီမျှခြင်းကိုအမြဲနားလည်စေသည်” သို့မဟုတ် တူညီခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ကြောင့်၊ ပဋိညာဉ်သေတ္တာအဖုံး (kap·po΄reth) ၏ပုံသဏ္ဌာန်သည် သေတ္တာကိုယ်နှိုက်နှင့်တူညီသည်။ အလားတူပင်၊ အပြစ်အတွက်ဖြေရာတွင် သို့မဟုတ် ရွေးနှုတ်ရာတွင် တရားမျှတတော်မူခြင်းက ‘အသက်အစားအသက်၊ မျက်စိအစားမျက်စိ၊ သွားအစားသွား၊ လက်အစားလက်၊ ခြေအစားခြေ’ တောင်းဆိုသည်။ (တရားဟောရာ ၁၉:၂၁) တင်းကျပ်သောအပြစ်ဒဏ်တွင် ညီမျှသောအစားထိုးပေးအပ်နိုင်လျှင် တရားမျှတသည့်အခါလည်းရှိသည်။ ပုံပမာဆိုရလျှင်၊ ထွက်မြောက်ရာ ၂၁:၂၈-၃၂ တွင်လူတစ်ယောက်ကိုသေစေသည်တိုင် ခွေ့သောနွားအကြောင်း ဆိုထားသည်။ ပိုင်ရှင်သည်နွားအခြေအနေကိုသိလျက်နှင့် လျောက်ပတ်သောကြိုတင်ကာကွယ်မှုမပြုလုပ်လျှင် အသေခံရသူ၏အသက်ကို သူ့ကိုယ်နှိုက်အသက်နှင့်ဖုံးအုပ် သို့မဟုတ် ပေးဆပ်ရမည်။ အကယ်၍၊ ပိုင်ရှင်သည်တစ်စိတ်တစ်ဒေသသာ တာဝန်ရှိလျှင်ကော။ သူ့အနေနှင့်သူ့အပြစ်ကိုဖုံးအုပ်ရန် ကိုဖာ လိုအပ်ပေမည်။ ခန့်အပ်ထားသောတရားသူကြီးများသည် ရွေးဖိုးငွေအဖြင့် သူ့အားရွေးနှုတ်ဖိုး သို့မဟုတ် ဒဏ်ကြေးစည်းကြပ်နိုင်သည်။
၉။ ရွေးဖိုးတန်ကြေးတွင် အတိအကျလိုအပ်ကြောင်း ဣသရေလများ၏သားဦးနှင့်စပ်လျဉ်း၍ အခြေအနေတစ်ရပ်က မည်သို့ဖော်ပြသနည်း။
၉ “ရွေးနှုတ်ခြင်း” နှင့်ဆက်နွယ်နေသော နောက်ထပ်ဟေဗြဲအသုံးအနှုန်းမှာ ပဒ [pa·dhah΄] ဖြစ်၍အခြေခံအားဖြင့် “ရွေး” ရန်ဟုဆိုလိုသည်။ တောလည်ရာ ၃:၃၉-၅၁ တွင်ရွေးရန်တန်ကြေးသည် မည်မျှအတိအကျရှိရမည်ကို ဖော်ပြသည်။ ဘီစီအီး ၁၅၁၃ ခုနှစ်ကပသခါတွင်ဣသရေလသားဦးများကိုသတ်ဖြတ်ခြင်းမှ ကယ်တင်ခဲ့သောကြောင့် ဘုရားရှင်သူတို့အားပိုင်ဆိုင်သည်။ သို့ဖြစ်သောကြောင့် ဣသရေလသားဦးတိုင်းကို ဗိမာန်တော်တွင်မိမိ၏အမှုထမ်းရွက်ရန် ကိုယ်တော်တောင်းဆိုနိုင်သည်။ သို့အစား၊ ဘုရားရှင်သည် “ရွေးရာတန်ဖိုး” (pa·dhah΄ မှယူသည့်နာမ် pidh·yohm΄ ) ကိုလက်ခံခဲ့ပြီး ဤသို့မိန့်ဆိုခဲ့သည်။ “ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကိုလည်းကောင်း (ငါ့အဖို့၊ NW ) ယူလော့။” သို့သော်အစားထိုးရာတွင် တိကျမှုရှိရမည်။ လေဝိနွယ်ကိုစာရင်းကောက်ရာတွင်ယောက်ျား ၂၂၀၀၀ ဦးရှိသည်။ ဆက်လက်၍ဣသရေလသားဦးများ စာရင်းကောက်ရာယောက်ျား ၂၂၂၇၃ ဦးရှိသည်။ လူတစ်ဦးစီအတွက် “ရွေးနှုတ်ဖိုးတန်ကြေး” ငါးကျပ်စီပေးမှသာလျှင် ပိုနေသောသားဦး ၂၇၃ ဦးကိုရွေးနိုင်ပြီး၊ ဗိမာန်တော်အမှုထမ်းဆောင်ခြင်းမှ လွတ်ကင်းနိုင်ခဲ့သည်။
ညီမျှသောရွေးနှုတ်ဖိုး
၁၀။ တိရစ္ဆာန်ပူဇော်သက္ကာများက လူသားတို့၏အပြစ်များကို အဘယ်ကြောင့်မဖုံးအုပ်နိုင်သနည်း။
၁၀ ဖော်ပြပါအကြောင်းက၊ ရွေးနှုတ်ဖိုးသည် ယင်းအစားထိုးသည့်အရာ သို့မဟုတ် ဖုံးအုပ်သည့်အရာနှင့် ညီမျှရမည်ဖြစ်ကြောင်းတင်ပြသည်။ အာဗေလမှစ၍ ယုံကြည်ခြင်းရှိသောသူများ ပေးဆက်ခဲ့သောတိရစ္ဆာန်ပူဇော်သက္ကာများသည် လူသားတို့၏အပြစ်များကို အမှန်တကယ်မဖုံးအုပ်နိုင်ချေ။ လူသားတို့သည်အသိဉာဏ်မဲ့သော တိရစ္ဆာန်များထက် ကြီးမြင့်သောကြောင့်ဖြစ်သည်။ (ဆာလံ ၈:၄-၈) ထို့ကြောင့်ပေါလုက “နွား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ” ဟုရေးသားနိုင်ခဲ့သည်။ ထိုသို့သောပူဇော်သက္ကာများသည် လာလတံ့သောရွေးနှုတ်ဖိုးကိုစောင့်မျှော်ရန် ပုံတင်ပြချက် သို့မဟုတ် ပုံဆောင်ရာ မျှသာလုပ်ဆောင်နိုင်သည်။—ဟေဗြဲ ၁၀:၁-၄။
၁၁၊ ၁၂။ (က) လူသားတို့၏အပြစ်ကိုဖုံးအုပ်ရန် လူသန်းထောင်ပေါင်းများစွာသည် အဘယ်ကြောင့်ပူဇော်သက္ကာအဖြစ် သေရန်မလိုအပ်သနည်း။ (ခ) မည်သူသာ “ညီမျှသောရွေးနှုတ်ဖိုး” အဖြစ်လုပ်ဆောင်နိုင်ပြီး ကိုယ်တော်၏သေခြင်းက ဘာကိုလုပ်ဆောင်ပေးသနည်း။
၁၁ ဤပုံဆောင်ထားခဲ့သောရွေးနှုတ်ဖိုးသည် အာဒံနှင့်အတိအကျညီမျှရမည်။ ဘုရားရှင်သည်တရားမျှတစွာအာဒံအပေါ် ချမှတ်ခဲ့သောသေဒဏ်သည် လူသားအနွယ်အားကျိန်ဒဏ်အောက် ရောက်စေသောကြောင့်ဖြစ်သည်။ “လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ရောက်သည်” ဟု ၁ ကောရိန္သု ၁၅:၂၂ ကဆိုထားသည်။ ထို့ကြောင့်လူသားသန်းထောင်ပေါင်းများစွာသည် အာဒံ၏သားမြေးတစ်ဦးစီနှင့်ညီမျှရန် ပူဇော်သက္ကာအဖြစ် သေရန်မလိုအပ်ချေ။ “အပြစ်တရားသည်တစ်ယောက်သောသူ [အာဒံ] အားဖြင့်ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့်သေခြင်းတရားဝင်သည်။” (ရောမ ၅:၁၂) “တစ်ယောက်သောသူအားဖြင့်. . . သေခြင်းသို့ရောက်ရကြ” သောကြောင့် လူသားများကိုရွေးခြင်းသည် “တစ်ယောက်သောသူအားဖြင့်” လည်းဖြစ်နိုင်သည်။—၁ ကောရိန္သု ၁၅:၂၁။
၁၂ ရွေးနှုတ်ဖိုးဖြစ်မည့်သူသည် အာဒံနှင့်ထပ်တူညီမျှသော—အသွေးနှင့်အသားတွင် စုံလင်သောလူသားဖြစ်ရမည်။ (ရောမ ၅:၁၄) ဝိညာဏသတ္တဝါ သို့မဟုတ် “ဘုရား-လူ” သည်တရားမျှတခြင်းချိန်ခွင်လျှာကို ညီမျှနိုင်စေမည်မဟုတ်ချေ။ အာဒံ၏သေခြင်းဒဏ်အောက်မရှိသော စုံလင်သောလူသားတစ်ဦးသာလျှင် အာဒံကဲ့သို့စုံလင်စွာညီမျှနေသော “ညီမျှသောရွေးနှုတ်ဖိုး” ကိုပေးနိုင်လေသည်။ (၁ တိမောသေ ၂:၆)a စိတ်ပါကိုယ်လျောက် မိမိ၏အသက်ကိုပူဇော်ခြင်းဖြင့်ဤ “နောက်ဆုံးဖြစ်သောအာဒံ” သည် “ရှေးဦးစွာသောလူအာဒံ” ၏အပြစ်၏အခကို ပေးနိုင်ခဲ့လေသည်။—၁ ကောရိန္သု ၁၅:၄၅။ ရောမ ၆:၂၃။
၁၃၊ ၁၄။ (က) အာဒံနှင့်ဧဝသည် ရွေးနှုတ်ဖိုးမှအကျိုးခံစားရသလော။ ရှင်းပြပါ။ (ခ) ရွေးနှုတ်ဖိုးသည်အာဒံ၏သားမြေးများအား မည်သို့အကျိုးပြုသနည်း။ ပုံဥပမာတင်ပြပါ။
၁၃ သို့သော်အာဒံကောဧဝပါ ရွေးနှုတ်ဖိုးမှအကျိုးမခံရချေ။ မောရှေပညတ်တွင် ဤမူပါဝင်သည်။ “လူသတ်၏အသက်ဖိုးငွေ (ရွေးဖိုး၊ NW) ကိုမခံယူရ။ သူသည်အသေသတ်ခြင်းကိုအမှန်ခံရမည်။” (တောလည်ရာ ၃၅:၃၁) အာဒံသည်လှည့်ဖြားခံရခြင်းမဟုတ်သောကြောင့် သူ၏အပြစ်သည်စိတ်ပါကိုယ်လျောက်၊ သိလျက်နှင့်လုပ်ခြင်းဖြစ်သည်။ (၁ တိမောသေ ၂:၁၄) သူ၏သားမြေးများကို သတ်ရာရောက်ခဲ့သည်။ အကြောင်းမှာသူတို့သည်ယခုသူ၏မစုံလင်မှုကို အမွေခံကာ သေခြင်း၏ကျိန်ဒဏ်အောက် ကျရောက်ခဲ့လေသည်။ အာဒံသေထိုက်သည်မှာရှင်းနေပါသည်။ အကြောင်းမှာ၊ စုံလင်သောလူတစ်ဦးအနေနှင့် သူသည်စိတ်ပါကိုယ်လျောက် ဘုရားဥပဒေကိုမနာခံရန် ရွေးချယ်ခဲ့သည်။ ယေဟောဝါရှင်သည်ရွေးနှုတ်ဖိုးကို အာဒံအတွက်အသုံးပြုခဲ့လျှင် ကိုယ်တော်၏ဖြောင့်မတ်သောမူများနှင့် ဆန့်ကျင်နေပေမည်။ သို့သော်အာဒံ၏အပြစ်အတွက် ပေးဆပ်လိုက်ခြင်းဖြင့် အာဒံ၏သားမြေးအပေါ်သက်ရောက်နေသော သေဒဏ်ကိုပယ်ဖျက်ပေးလေသည်။ (ရောမ ၅:၁၆) တရားဝင်သဘောအရ၊ အပြစ်၏အဖျက်တန်ခိုးသည် ယင်း၏ပင်ရင်းကိုယ်နှိုက်မှ ဖြတ်တောက်ခံရသည်။ ရွေးနှုတ်ဖိုးပေးသူသည် ‘လူအပေါင်းတို့အတွက်ကြောင့် သေခြင်းကိုမြည်းစမ်းကာ’ အာဒံ၏ကလေးများအားလုံးအတွက် အပြစ်ရလဒ်ကိုခံခဲ့လေသည်။—ဟေဗြဲ ၂:၉။ ၂ ကောရိန္သု ၅:၂၁။ ၁ ပေတရု ၂:၂၄။
၁၄ ဥပမာပြရသော်၊ အလုပ်သမားများစွာရှိသော စက်ရုံတစ်ခုကိုစဉ်းစားကြည့်ပါ။ မရိုးသားသောစက်ရုံမန်နေဂျာကြောင့် လုပ်ငန်းဒေဝါလီခံသွားသည်။ စက်ရုံပိတ်လိုက်ရသည်။ ယခုရာပေါင်းများစွာသည် အလုပ်လက်မဲ့ဖြစ်ကာ၊ အကုန်အကျပေးစရာငွေမရှိတော့။ သူတို့၏အိမ်ထောင်သည်များ၊ ကလေးများနှင့်ကြွေးရှင်များအားလုံးသည် ဤတစ်ယောက်၏ယိုယွင်းမှုကြောင့် ဒုက္ခရောက်ကုန်သည်။ သို့နှင့်၊ ကြွယ်ဝသောအကျိုးဆောင်သူတစ်ဦး ရောက်လာကာ ကုမ္ပဏီ၏အကြွေးများဆပ်လိုက်ပြီး၊ စက်ရုံကိုပြန်ဖွင့်လိုက်သည်။ ထိုကြွေးမြီကိုပယ်ဖျက်လိုက်ခြင်းဖြင့် အလုပ်သမားများ၊ သူတို့၏မိသားစုများနှင့်ကြွေးရှင်များကို စိတ်သက်သာမှုအပြည့်အဝဖြစ်စေခဲ့သည်။ သို့သော်၊ မူလမန်နေဂျာသည် ကြီးပွားတိုးတက်မှုအသစ်တွင် ခံစားရပါသလော။ မခံစားရပါ၊ သူထောင်ကျနေပြီး၊ သူ၏အလုပ်မှအစဉ်ပြုတ်သွားပေပြီ။ အလားတူပင်၊ အာဒံ၏ကြွေးမြီကိုပယ်ဖျက်လိုက်ခြင်းက သူ၏သန်းပေါင်းများစွာသော သားမြေးများအတွက် ကောင်းကျိုးဖြစ်စေခဲ့ပြီး၊ အာဒံအတွက်ကားမဟုတ်ချေ။
ရွေးနှုတ်ဖိုးကိုမည်သူပြင်ဆင်ပေးသနည်း
၁၅။ လူသားတို့အတွက်ရွေးနှုတ်ဖိုးကို မည်သူပြင်ဆင်ပေးနိုင်သနည်း။ အဘယ်ကြောင့်နည်း။
၁၅ ဆာလံဆရာကြီးကမြည်တမ်းခဲ့သည်။ “မိမိညီအစ်ကိုကိုအဘယ်သူမျှမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌မပေးနိုင်။ (သူတို့စိုးလ်၏ရွေးဖိုးသည် မြင့်မြတ်လွန်းသောကြောင့် အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ရသည်။)” The New English Bible ကရွေးနှုတ်ဖိုးတန်ကြေးသည် “သူ့စွမ်းအားနှင့်ပေးဆပ်ရန် ဘယ်တော့မျှမဖြစ်နိုင်ချေ” ဟုဆိုထားသည်။ (ဆာလံ ၄၉:၇၊ ၈) သို့ဖြစ်လျှင်၊ ရွေးနှုတ်ဖိုးကို မည်သူပြင်ဆင်ပေးမည်နည်း။ ယေဟောဝါဘုရားရှင်သာလျှင် “လောကအပြစ်ကိုဆောင်သွားသော. . . [စုံလင်သော] သိုးသငယ်” ကိုပြင်ဆင်ပေးနိုင်သည်။ (ယောဟန် ၁:၂၉) ဘုရားသခင်သည် လူသားကိုကယ်တင်ရန် ကောင်းကင်တမန်အချို့ကိုမစေလွှတ်ခဲ့ချေ။ ကိုယ်တော်သည်မိမိ၏တစ်ပါးတည်းသောသားတော် “ကိုယ်တော်အထူးနှစ်သက်သောသူ” ကိုစေလွှတ်လျက် အကြီးမြင့်ဆုံးပူဇော်သက္ကာကို ပြုလုပ်ခဲ့သည်။—သု၊ ၈:၃၀၊ NW။ ယောဟန် ၃:၁၆။
၁၆။ (က) ဘုရားသားတော်သည်စုံလင်သောလူသားအဖြစ် မည်သို့မွေးဖွားလာသနည်း။ (ခ) တရားဝင်သဘောအရ ယေရှုကိုမည်သို့ခေါ်နိုင်သနည်း။
၁၆ မြင့်မြတ်သောအစီအစဉ်တွင် ကိုယ်တော်၏စိတ်ပါကိုယ်လျောက်ပါဝင်ခြင်းဖြင့် ဘုရားရှင်၏သားတော်သည် မိမိ၏ကောင်းကင်အသရေကို “စွန့်” ခဲ့သည်။ (ဖိလိပ္ပိ ၂:၇) ယေဟောဝါဘုရားရှင်သည် ကိုယ်တော်၏သားဦးကောင်းကင်သားတော်၏ အသက်တန်ခိုးနှင့်ဥပဓိရုပ်ပုံစံကို မာရိအမည်ရှိသော ဂျူးအပျိုစင်၏သားအိမ်တွင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအခါသန့်ရှင်းသောဝိညာဉ်တော်သည် ‘သူမအပေါ်လွှမ်းမိုး’ ကာ၊ သူမသားအိမ်အတွင်းရှိ ကြီးထွားလာနေသော ကလေးသည် သန့်ရှင်းမည့်အကြောင်း၊ လုံးဝအပြစ်နှင့်ကင်းစင်မည့်အကြောင်း အာမခံလေသည်။ (လုကာ ၁:၃၅။ ၁ ပေတရု ၂:၂၂) လူသားအနေနှင့်သူ့အား ယေရှုဟုခေါ်ကြမည်။ သို့သော်၊ တရားဝင်သဘောအရ၊ ကိုယ်တော်သည်အာဒံနှင့်စုံလင်စွာညီမျှသောကြောင့် ‘ဒုတိယအာဒံ’ ဟုကိုယ်တော်အားခေါ်နိုင်ခဲ့သည်။ (၁ ကောရိန္သု ၁၅:၄၅၊ ၄၇) သို့ဖြစ်သောကြောင့်ယေရှုသည်မိမိကိုယ်ကိုပူဇော်ရာတွင် “အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်” အဖြစ်၊ အပြစ်သားများအတွက်ရွေးနှုတ်ဖိုး ဆက်သနိုင်ခဲ့သည်။—၁ ပေတရု ၁:၁၈၊ ၁၉။
၁၇။ (က) မည်သူ့အားရွေးဖိုးကိုပေးရသနည်း။ အဘယ်ကြောင့်နည်း။ (ခ) ဘုရားရှင်သည်ရွေးနှုတ်ဖိုးကို ပြင်ဆင်၍လက်ခံသူဖြစ်သောကြောင့် လဲလှယ်ခြင်းသည်အဘယ်ကြောင့်ဖြစ်မြောက်သနည်း။
၁၇ သို့သော်ထိုရွေးနှုတ်ဖိုးကို မည်သူ့ထံပေးရမည်နည်း။ ရာစုများစွာပင် ခရစ်ယာန်ဘောင်ဘာသာရေးပညာရှင်များက ယင်းကိုစာတန်မာရ်နတ်အားပေးသည်ဟု ငြင်းခုံကြသည်။ လူသားများသည်အပြစ်အောက် “ရောင်း” ခြင်းခံရသောကြောင့် စာတန်၏ချုပ်ကိုင်မှုအောက် ရောက်ရှိသွားခဲ့သည်မှာမှန်သည်။ (ရောမ ၇:၁၄၊ NW။ ၁ ယောဟန် ၅:၁၉) သို့သော်လည်း၊ ယေဟောဝါရှင်မဟုတ်ဘဲစာတန်သည် မှားယွင်းမှုအတွက် “အပြစ်ဒဏ်ခံ” ရမည်။ (၁ သက်သာလောနိတ် ၄:၆) ထို့ကြောင့်၊ ဆာလံ ၄၉:၇ တွင်အတိအလင်းဖော်ပြသည့်အတိုင်း ရွေးနှုတ်ဖိုးသည် “ဘုရားရှင်ထံ” ပေးဆပ်ရမည်။ ယေဟောဝါရှင်သည်ရွေးနှုတ်ဖိုးကိုပြင်ဆင်ပေးသူဖြစ်သည်။ သို့သော်ဘုရားရှင်၏သိုးသငယ်ကိုပူဇော်ပြီးနောက် ကိုယ်တော်၏ရွေးနှုတ်ဖိုးကို ဘုရားရှင်ထံပေးအပ်ရမည်။ (ကမ္ဘာဦး ၂၂:၇၊ ၈၊ ၁၁-၁၃။ ဟေဗြဲ ၁၁:၁၇ နှင့်နှိုင်းယှဉ်။) ယင်းသို့ပြုခြင်းဖြင့်၊ ငွေကိုအိတ်တစ်ခုမှယူ၍အခြားတစ်ခုသို့ထည့်လိုက်သကဲ့သို့၊ စဉ်းစားဉာဏ်မဲ့လဲလှယ်သော၊ အဓိပ္ပာယ်မဲ့ရွေးနှုတ်ဖိုးအဖြစ်မရောက်ရှိသွားချေ။ ရွေးနှုတ်ဖိုးတွင်တရားဝင်ကိစ္စများဆောက်ရွက်သကဲ့သို့ ရုပ်ပိုင်းဆိုင်ရာလဲလှယ်စရာများ ဤမျှမရှိချေ။ မိမိအနေနှင့်ကြီးစွာဆုံးရှုံးငြားလည်း ရွေးနှုတ်ဖိုးပေးရန်အပေါ်စွဲမြဲခြင်းဖြင့် ယေဟောဝါရှင်သည်ဖြောင့်မတ်သောမူများအပေါ် မိမိ၏မယိမ်းမယိုင်စွဲကိုင်ထားခြင်းကို ခိုင်မာစေသည်။—ယာကုပ် ၁:၁၇။
“အမှုပြီးပြီ”
၁၈၊ ၁၉။ ယေရှုသည်ဒုက္ခခံရန် အဘယ်ကြောင့်လိုအပ်သနည်း။
၁၈ စီအီး ၃၃ ခုနှစ်မိုးဦးရာသီတွင် ရွေးနှုတ်ဖိုးပေးရန်အချိန်ရောက်လာပေပြီ။ ယေရှုခရစ်ကိုမမှန်ကန်သောစွပ်စွဲချက်ဖြင့်ဖမ်းဆီးကာ၊ အပြစ်ရှိကြောင်းစီရင်ပြီး၊ ကွပ်မျက်ရာနှက်တိုင်၌ရိုက်သတ်ခဲ့ကြသည်။ အလွန်နာကျင်၍ရှုတ်ချမှုခံစားရခြင်းကြောင့် ကိုယ်တော်သည်ဘုရားရှင်ထံ “ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်း” နှင့်ဆုတောင်းလေသည်။ (ဟေဗြဲ ၅:၇) ယေရှုသည်ထိုကဲ့သို့ခံရန်လိုအပ်ပါသလော။ မှန်ပါသည်၊ အဆုံးတိုင်အောင် “သန့်ရှင်းစင်ကြယ်၍အညစ်အကြေးနှင့်ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့်မဆက်ဆံ” သောကြောင့် ယေရှုသည်ဘုရားရှင်ကျေးကျွန်များ၏ သမာဓိစောင့်သိမှုအရေးကိစ္စကို အပြီးသတ်ပုံတင်ပြ ဖြေရှင်းသွားခဲ့သည်။—ဟေဗြဲ ၇:၂၆။
၁၉ ခရစ်တော်၏ဒုက္ခခံစားခြင်းက လူသားများအတွက် ယဇ်ပုရောဟိတ်ကြီးအဖြစ်ထမ်းဆောင်ရန် ကိုယ်တော်၏ကဏ္ဍကိုလည်း ပြည့်ဝစုံလင်စေသည်။ သို့ဖြစ်သောကြောင့်၊ ကိုယ်တော်သည်အေးစက်စက်၊ အရာရှိရှိဆန်ဆန်သီးသန့်နေသူ မဟုတ်ချေ။ “ထိုသို့စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောကြောင့် စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကို မစခြင်းငှာတတ်နိုင်တော်မူ၏။” (ဟေဗြဲ ၂:၁၀၊ ၁၈၊ ၄:၁၅) အသက်ထွက်စဉ်ယေရှုသည် “အမှုပြီးပြီ” ဟုအောင်မြင်စွာဟစ်ကြွေးနိုင်ခဲ့သည်။ (ယောဟန် ၁၉:၃၀) ကိုယ်တော်သည်မိမိကိုယ်နှိုက်၏ သမာဓိစောင့်သိမှုကိုသက်သေထူရုံမကဘဲ လူသားကယ်တင်ခြင်းအတွက်အခြေခံကို ကိုယ်တော်သည်အောင်မြင်စွာချမှတ်နိုင်ခဲ့သည်။ ပိုအရေးကြီးသည်မှာ ယေဟောဝါရှင်၏အချုပ်အခြာထင်ရှားရေးပင်ဖြစ်သည်။
၂၀၊ ၂၁။ (က) ခရစ်တော်သည်သေခြင်းမှ အဘယ်ကြောင့်ထမြောက်ခံရသနည်း။ (ခ) အဘယ်ကြောင့်ယေရှုခရစ်သည် “နံဝိညာဉ်နှင့်အသက်ရှင်” ခဲ့သနည်း။
၂၀ သို့သော်ရွေးနှုတ်ဖိုးသည် မည်သို့သောအသွင်ဖြင့် အပြစ်သားများကို အမှန်တကယ်အကျိုးခံစားစေမည်နည်း။ ဘယ်သောအခါနည်း။ မည်သို့နည်း။ ယင်းတို့ကိုတိုက်ဆိုင်မှုအဖြစ်မထားခဲ့ချေ။ ခရစ်တော်သေဆုံးပြီးနောက်၊ သုံးရက်မြောက်နေ့တွင် ယေဟောဝါရှင်သည်ကိုယ်တော်အားသေခြင်းမှ ထမြောက်စေခဲ့သည်။ (တမန်တော် ၃:၁၅။ ၁၀:၄၀) ရာပေါင်းများစွာမျက်မြင်သက်သေရှိသော ဤအရေးကြီးသောလုပ်ရပ်အားဖြင့် ယေဟောဝါရှင်သည်မိမိသားတော်၏သစ္စာရှိလုပ်ဆောင်ချက်ကို ဆုချရုံမကဘဲ၊ ကိုယ်တော်၏ရွေးနှုတ်ခြင်းလုပ်ငန်းကို ပြီးဆုံးအောင်လုပ်ဆောင်ရန် အခွင့်အရေးပေးခဲ့သည်။—ရောမ ၁:၄။ ၁ ကောရိန္သု ၁၅:၃-၈။
၂၁ ယေရှု၏မြေကြီးရုပ်ကြွင်းကိုမဖော်ပြသောနည်းဖြင့် ပယ်ရှင်းလိုက်ပြီး၊ ကိုယ်တော်ကို “ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူ” ခဲ့သည်။ (၁ ပေတရု ၃:၁၈။ ဆာလံ ၁၆:၁၀။ တမန်တော် ၂:၂၇) နံဝိညာဉ်သားအနေနှင့်ထမြောက်ပြီးယေရှုသည် ယခုကောင်းကင်သို့အောင်မြင်စွာ ပြန်သွားနိုင်ခဲ့ပြီ။ ကောင်းကင်တွင်ထိုအချိန်သည် မည်မျှအထူးအားရရွှင်လန်းဖွယ်ဖြစ်မည်ပါတကား။ (ယောဘ ၃၈:၇ နှင့်နှိုင်းယှဉ်။) ယေရှုသည်သူ့အားကြိုဆိုပွဲကိုနွှဲရန်အတွက်သာ ပြန်သွားခြင်းမဟုတ်ချေ။ မိမိ၏ရွေးနှုတ်ဖိုးမှလူအမျိုးအနွယ်တစ်ခုလုံး အကျိုးခံစားခြင်းအပါအဝင် အခြားလုပ်ငန်းများကို ထမ်းဆောင်ရန်လာရောက်ခြင်းဖြစ်သည်။ (ယောဟန် ၅:၁၇၊ ၂၀၊ ၂၁၊ နှင့်နှိုင်းယှဉ်။) ယင်းကိုကိုယ်တော်မည်သို့ပြီးမြောက်စေသည်နှင့် လူသားများအတွက်မည်သို့ဆိုလိုသည်ကို နောက်ဆောင်းပါးတွင်ဆွေးနွေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ဤတွင်အသုံးပြုသော အဲန်တီလိုင်ထရွန် (an·ti΄ly·tron) သည်သမ္မာကျမ်းစာ၏ မည်သည့်နေရာတွင်မျှ မတွေ့ရချေ။ ယင်းသည်မာကု ၁၀:၄၅ တွင်ယေရှုအသုံးပြုခဲ့သော ရွေးနှုတ်ဖိုး (လိုင်ထရွန်) စကားလုံးနှင့်ဆက်နွယ်နေသည်။ သို့သော် The New International Dictionary of New Testament Theology ကအဲန်တီလိုင်ထရွန်သည် ‘လှဲလှယ်ခြင်းကိုခွဲခြားဖော်ညွှန်းသည်’ ဟုညွှန်ပြသည်။ New World Translation ကလျောက်ပတ်စွာပင် ယင်းကို “ညီမျှသောရွေးနှုတ်ဖိုး” ဟုပြန်ဆိုထားသည်။
ပြန်လည်သုံးသပ်ရန်မေးခွန်းများ
▫ လူသားတို့၏ကယ်တင်ခြင်းထက် မည်သည့်အရေးကိစ္စများက ပိုမို၍အရေးကြီးသနည်း။
▫ အပြစ်သားများကို “ရွေးနှုတ်” ခြင်းကဘာကိုဆိုလိုသနည်း။
▫ ယေရှုသည်မည်သူနှင့်ညီမျှရမည်နည်း။ အဘယ်ကြောင့်နည်း။
▫ ရွေးနှုတ်ဖိုးကိုမည်သူပြင်ဆင်ပေး၍မည်သူ့အားပေးဆက်ရသနည်း။
▫ ခရစ်တော်သည်နံဝိညာဉ်အဖြစ် သေခြင်းမှထမြောက်ရန် အဘယ်ကြောင့်လိုအပ်သနည်း။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
တိရစ္ဆာန်ပူဇော်သက္ကာများသည် လူသားအပြစ်များကိုဖုံးအုပ်ရန် မလုံလောက်ချေ။ ယင်းတို့သည် လာမည့်သာ၍ကြီးသောပူဇော်သက္ကာကို ပုံဆောင်သည်