ဘုရားသခင့်ကရုဏာတော်ကို သင်အတုယူမည်လော
“ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်ကြလော့။”—ဧဖက် ၅:၁။
၁။ သူတစ်ထူးအားအတုယူခြင်းကို ကျွန်ုပ်တို့အားလုံး အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။
လူ အများသည် အကောင်းအတွက်သော်လည်းကောင်း၊ အဆိုးအတွက်သော်လည်းကောင်း သူတစ်ထူးကိုအတုယူတတ်ကြသည်။ ကျွန်ုပ်တို့အတုယူတတ်သည့် ကျွန်ုပ်တို့အပေါင်းအသင်းများသည် ကျွန်ုပ်တို့ကိုအတော်အတန်ထိမိနိုင်သည်။ သု၊ ၁၃:၂၀ ကိုမှုတ်သွင်းခံခြင်းဖြင့်ရေးသားသူ ဤသို့သတိပေးသည်။ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” ထိုကြောင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်က “မကောင်းသောနည်းကိုမလိုက်နှင့်။ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကိုကျင့်သောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏” ဟုအကြောင်းကောင်းရှိ၍ဆိုသည်။—၃ ယောဟန် ၁၁။
၂။ မည်သူ့ကို ကျွန်ုပ်တို့အတုယူသင့်သနည်း။ အဘယ်နည်းများဖြင့်နည်း။
၂ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့အတုယူနိုင်သော ပုံသက်သေကောင်းသည့် အမျိုးသားအမျိုးသမီးများစွာရှိသည်။ (၁ ကောရိန္သု ၄:၁၆။ ၁၁:၁။ ဖိလိပ္ပိ ၃:၁၇) သို့နှင့်ပင် ကျွန်ုပ်တို့အဓိကအတုယူရမည့်သူကား ဘုရားသခင်ဖြစ်သည်။ ဧဖက် ၄:၃၁–၅:၂ ၌ကျွန်ုပ်တို့ရှောင်ကြဉ်ရမည့် အသွင်အပြင်နှင့်အကျင့်များအကြောင်း သတိပြုစေပြီးနောက် “သနားစုံမက်ခြင်း၊ . . . အချင်းချင်းအပြစ်လွှတ်ခြင်း” ရှိကြလော့ဟု တမန်တော်ပေါလုတိုက်တွန်းသည်။ ယင်းက အဓိကဆုံးမစကားကိုပေးရန် အကြောင်းပေါ်စေသည်။ “ထိုသို့သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ သင်တို့သည် မေတ္တာတရား၌ကျင်လည်ကြလော့။”
၃၊ ၄။ ကိုယ်တော်တိုင်အကြောင်း ဘုရားသခင်အဘယ်သို့ဖေါ်ပြထားသနည်း။ ကိုယ်တော်သည် တရားမျှတသောဘုရားဖြစ်ခြင်းကို အဘယ်ကြောင့်သုံးသပ်သင့်သနည်း။
၃ ကျွန်ုပ်တို့အတုယူရကြမည့် ဘုရားသခင်၏အကျင့်နှင့်အရည်အချင်းများကားအဘယ်နည်း။ ကိုယ်တော်၏ဥပဓိရုပ်နှင့်စီရင်ပြုမူချက် အမျိုးမျိုးရှိကြောင်း မောရှေထံ ကိုယ်ကိုယ်ကိုဖေါ်ပြပုံ၌ တွေ့ရှိရ၏။ “ထာဝရဘုရား [ယေဟောဝါ၊ NW] ချစ်သနားခြင်း၊ မေတ္တာကရုဏာနှင့်ပြည့်စုံ၍စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကိုစောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း အချည်းနှီးသက်သက်ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသောဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။”—ထွက်မြောက်ရာ ၃၄:၆၊ ၇။
၄ ယေဟောဝါသည် “ဖြောင့်မတ်စွာစီရင်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ” သောဘုရားသခင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်၏ဥပဓိရုပ်ဆိုင်ရာ ဤအသွင်ကို အမှန်သိကျွမ်းပြီးအတုယူသင့်ပေသည်။ (ဆာလံ ၃၃:၅။ ၃၇:၂၈) ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်သည်သာမက လူသား၏တရားသူကြီးချုပ်နှင့် ပညတ်တရားရှင်ဖြစ်တော်မူသောကြောင့် လူတိုင်းအားတရားသဖြင့်ပြုတော်မူသည်။ (ဟေရှာယ ၃၃:၂၂) တရားခြင်းကို ကိုယ်တော်တောင်းဆိုပုံတွင် ဣသရေလလူမျိုး၌လည်းကောင်း၊ နောင်တွင် ခရစ်ယာန်အသင်းတော်၌လည်းကောင်း ယင်းကိုမည်သို့ဆောင်ရွက်အပ်ကြောင်း ရှင်းလင်းပြတ်သားစွာ တင်ပြထားသည်။
မြင့်မြတ်သောတရားမျှတမှုရှိခြင်း
၅၊ ၆။ ဣသရေလလူမျိုးနှင့် ဘုရားသခင်ဆက်ဆံရာတွင် တရားမျှတမှုကို မည်သို့တင်ပြတော်မူသနည်း။
၅ ဣသရေလလူမျိုးအား ကိုယ်တော်၏လူမျိုးအဖြစ် ရွေးချယ်တော်မူချိန်တွင် ‘ကိုယ်တော်၏စကားကို အမှန်နားထောင်၍ ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ရှောက်’ မည်လောဟုဘုရားသခင်မေးတော်မူခဲ့သည်။ သိနာတောင်ခြေ၌ စုဝေးနေကြစဉ် သူတို့က “ထာဝရဘုရား [ယေဟောဝါ၊ NW] မိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည်ပြုပါမည်” ဟုပြန်ပြောကြ၏။ (ထွက်မြောက်ရာ ၁၉:၃-၈) တကယ်လေးပင်သော ဝန်ခံချက်ဖြစ်ပါသည်တကား။ ကောင်းကင်တမန်များမှတစ်ဆင့် ဣသရေလလူမျိုးအား ပညတ်ချက် ၆၀၀ ခန့်ကိုဘုရားသခင်ပေးတော်မူသည်။ ကိုယ်တော်ထံအပ်နှံထားသောလူမျိုးအနေနှင့် ယင်းတို့ကိုလိုက်လျှောက်ရန်တာဝန် သူတို့၌ရှိကြသည်။ တစ်ဦးတစ်ယောက် ထိုသို့မပြုလျှင်ကော။ ဘုရားသခင့်ပဋိညာဉ်တော်ဆိုင်ရာပါရဂူတစ်ဦး ဤသို့ရှင်းပြသည်။ “ကောင်းကင်တမန်များအားဖြင့် ထားတော်မူသောဗျာဒိတ်တော်သည်တည်၍ ပြစ်မှားလွန်ကျူးခြင်းအမှုအမျိုးမျိုးတို့သည် ခံထိုက်သောအပြစ်ဒဏ်ကိုခံရသည်။”—ဟေဗြဲ ၂:၂။
၆ မှန်သည်၊ နာမခံသောဣသရေလသားတစ်ဦးသည် “ခံထိုက်သောအပြစ်ဒဏ်ကို [တရားမျှတခြင်းအားဖြင့်] ခံရမည်” ဖြစ်သည်။ မစုံလင်သောလူ့တရားမျှတမှုအရမဟုတ်၊ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ တရားမျှတမှုအတိုင်းအပြစ်ခံရပေမည်။ ပြစ်မှားလွန်ကျူးခြင်းအတွက် အပြစ်ဒဏ်အသီးသီးကို ဘုရားသခင်သတ်မှတ်ထားတော်မူသည်။ အကြီးလေးဆုံးအပြစ်ဒဏ်စီရင်ချက်မှာ “ပယ်ရှင်းခြင်း” သို့မဟုတ် အသတ်ခံရခြင်းဖြစ်သည်။ ကြီးလေးသောအပြစ်ကျူးလွန်မှုများဖြစ်သည့် ရုပ်တုကိုးကွယ်ခြင်း၊ မတရားမေထုန်ပြုခြင်း၊ သွေးရင်းစပ်ယှက်ခြင်း၊ တိရစ္ဆာန်နှင့်စပ်ယှက်ခြင်း၊ လိင်တူစပ်ယှက်ခြင်း၊ သားသမီးယဇ်ပူဇော်ခြင်း၊ လူအသက်သတ်ခြင်းနှင့်အသွေးကို အလွဲသုံးစားပြုခြင်းအတွက် ထိုသို့စီရင်ခံရ၏။ (ဝတ်ပြုရာ ၁၇:၁၄။ ၁၈:၆-၁၇၊ ၂၁-၂၉) ထို့ပြင် မြင့်မြတ်သော မည်သည့်ပညတ်ကိုမဆို တမင်တကာ၊ နောင်တမယူဘဲချိုးဖောက်သည့် မည်သည့်ဣသရေလလူမျိုးမဆိုသည် “ပယ်ဖြတ်” ခံရပေမည်။ (တောလည်ရာ ၄:၁၅၊ ၁၈။ ၁၅:၃၀၊ ၃၁) ဤကဲ့သို့သောတရားမျှတမှုမျိုးကိုဆောင်ရွက်သောအခါ ပြစ်မှားသူ၏မျိုးစဉ်မျိုးဆက်တို့ပင် အကျိုးဆက်ခံရစရာအကြောင်း ရှိနိုင်ပေသည်။
၇။ ဘုရားသခင်၏ရှေးလူမျိုးတော်အလယ် တရားမျှတစွာစီရင်ခြင်း၏အကျိုးဆက်အချို့ကား အဘယ်နည်း။
၇ ဤအပြစ်ဒဏ်စီရင်ချက်တို့က မြင့်မြတ်သောပညတ်တရားကိုကျူးလွန်ခြင်းသည် မည်မျှအပြစ်ကြီးလေးကြောင်း အလေးအနက်ထင်ရှားစေသည်။ ဥပမာ၊ သားတစ်ယောက်သည် သောက်ကြူးစားကြူးသူဖြစ်လာလျှင် ရင့်ကျက်သောတရားသူကြီးများရှေ့စီရင်ခံရပေသည်။ ထိုသူသည် တမင်တကာနောင်တမယူသောအပြစ်ကျူးလွန်သူဖြစ်ကြောင်း သူတို့တွေ့ရှိခဲ့သော် တရားမျှတစွာစီရင်ခြင်း၌ သူ၏မိဘများကိုယ်တိုင် ပါဝင်ရကြမည်ဖြစ်သည်။ (တရားဟောရာ ၂၁:၁၈-၂၁) ထိုသို့ပြုရန် မလွယ်ကူကြောင်း မိဘများဖြစ်သူ ကျွန်ုပ်တို့ကောင်းစွာနားလည်နိုင်သည်။ သို့သော် စစ်မှန်သောဝတ်ပြုမှုကိုထမ်းဆောင်သူများအလယ် ဆိုးသွမ်းမှုမပြန့်ပွားစေရန် ထိုသို့ပြုရန်လိုအပ်ကြောင်း ဘုရားသခင်သိတော်မူသည်။ (ယေဇကျေလ ၃၃:၁၇-၁၉) ယင်းသို့ပြုရန် “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ” သည့်အရှင်ကိုယ်တော်တိုင် စီစဉ်ထားတော်မူသည်။—တရားဟောရာ ၃၂:၄။
၈။ ခရစ်ယာန်အသင်းတော်နှင့်ဘုရားသခင်ဆက်ဆံရာတွင် တရားမျှတမှုမည်သို့ထင်ရှားသနည်း။
၈ နှစ်ရာစုများစွာကုန်လွန်သော် ဣသရေလလူမျိုးကို ဘုရားသခင်ပယ်တော်မူပြီး ခရစ်ယာန်အသင်းတော်ကို ရွေးချယ်တော်မူသည်။ သို့သော် ယေဟောဝါရှင်သည် ပြောင်းလဲတော်မမူ။ တရားမျှတမှုရှိရန် တာဝန်ယူထားဆဲဖြစ်တော်မူရာ ကိုယ်တော်အား “လောင်သောမီးဖြစ်တော်မူ၏” ဟုဖော်ပြနိုင်ပေသည်။ (ဟေဗြဲ ၁၂:၂၉။ လုကာ ၁၈:၇၊ ၈) ထိုကြောင့် အပြစ်ကျူးလွန်သူတို့အား နှင်ထုတ်ခြင်းအားဖြင့် အသင်းတော်တစ်ခုလုံး ဘုရားရေးရာကြောက်ရွံ့မှုရှိရန် ဆက်စီစဉ်ထားတော်မူသည်။ နောင်တမယူသော အပြစ်ကျူးလွန်သူ ဆက်ကပ်အပ်နှံပြီးသည့် ခရစ်ယာန်များသည် အသင်းတော်မှနှင်ထုတ်ခြင်းခံရကြမည်ဖြစ်သည်။
၉။ နှင်ထုတ်ခြင်းကားအဘယ်နည်း။ ယင်းကား အဘယ်အရာကိုဖြစ်စေသနည်း။
၉ နှင်ထုတ်ခြင်း၌ အဘယ်အရာပါဝင်သနည်း။ ပထမရာစုတွင် ပြဿနာတစ်ခုကိုကိုင်တွယ်ပုံမှ ရည်ရွယ်ချက်ရှိသင်ခန်းစာတစ်ခုတွေ့ရှိရသည်။ ကောရိန္သုအသင်းရှိခရစ်ယာန်တစ်ဦးသည် ဖခင်၏မယားနှင့်မတရားမေထုန်ပြုပြီး နောင်တလည်းမယူခဲ့ပေ။ ယင်းကြောင့် ထိုအသင်းတော်မှ သူ့အားနှင်ထုတ်ရမည်ဟု ပေါလုညွှန်ကြားခဲ့သည်။ “အနည်းငယ်သောတဆေးသည် မုန့်စိမ်းတစ်ပုံလုံးကို ဖောင်းကြွစေတတ်” သဖြင့် ဘုရားသခင့်လူမျိုး၏သန့်ရှင်းမှုကို ထိန်းသိမ်းကာကွယ်ပေးရန် ယင်းသို့ပြုဖို့လိုအပ်ပေသည်။ ထိုသူအားအသင်းမှနှင်ထုတ်လိုက်ခြင်းအားဖြင့် သူ၏ဆိုးပြစ်ကြောင့် ဘုရားသခင်နှင့်ကိုယ်တော့်လူမျိုး၏ဂုဏ်အသရေကို ဆက်ထိန်းသိမ်းနိုင်ပေမည်။ နှင်ထုတ်ခံရခြင်းပြစ်ဒဏ်စီရင်ချက်ကြောင့်လည်း သူ့အားအသိစိတ်ပြန်ဝင်လာစေပြီး သူ၌သော်လည်းကောင်း၊ အသင်းတော်၌သော်လည်းကောင်း ဘုရားသခင်ကိုထိုက်သင့်လျော်ကန်စွာ ကြောက်ရွံ့စိတ်ရှိစေနိုင်သည်။—၁ ကောရိန္သု ၅:၁-၁၃။ တရားဟောရာ ၁၇:၂၊ ၁၂၊ ၁၃ နှင့်နှိုင်းယှဉ်။
၁၀။ တစ်ဦးတစ်ယောက်နှင်ထုတ်ခံရလျှင် ဘုရားသခင်၏ကျေးကျွန်များ မည်သို့တုံ့ပြန်ရမည်နည်း။
၁၀ မြင့်မြတ်သောအမိန့်တော်ကား အပြစ်ပြုသူတစ်ဦးအားနှင်ထုတ်လိုက်လျှင် ခရစ်ယာန်များသည် “ထို . . . သူနှင့်မပေါင်းဖော်ရသည်သာမက ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှမပြု” ရန်ဖြစ်သည်။aဤနည်းဖြင့် သူနှင့်ပေါင်းသင်းမှုဖြတ်တောက်ရမည်။ ဘုရားသခင်၏ပညတ်တော်များကို တန်ဖိုးထားလေးစား၍ ထိုအတိုင်းလိုက်လျှောက်လိုသော သစ္စာရှိသူများနှင့်အပေါင်းအသင်းပြုခြင်းရပ်စဲရမည်။ သူတို့တွင်အချို့မှာ မိသားစုအဝင်မဟုတ်သော ဆွေမျိုးများပင်ဖြစ်မည်။ ဤမြင့်မြတ်သောညွှန်ကြားချက်ကိုလိုက်နာရန် ထိုဆွေမျိုးများအတွက် ခဲယဉ်းပေမည်။ မောရှေပညတ်တရားအောက်ရှိ ဟေဗြဲမိဘများသည် ဆိုးယုတ်သောသားကို သတ်ပစ်ရန်လွယ်ကူခဲ့မည်မဟုတ်သကဲ့သို့ပင်ဖြစ်ပေမည်။ သို့ဖြစ်စေကာမူ ဘုရားသခင်၏အမိန့်တော်သည် ရှင်းလင်းပြတ်သားပါသည်။ ထိုကြောင့် နှင်ထုတ်ခြင်းသည် တရားမျှတသည်ဟု စိတ်ချနိုင်ပါ၏။—၁ ကောရိန္သု ၅:၁၊ ၆-၈၊ ၁၁။ တိတု ၃:၁၀၊ ၁၁။ ၂ ယောဟန် ၉-၁၁။ ကင်းမျှော်စင် ၁၉၈၁ စက်တင်ဘာ ၁၅၊ စာမျက်နှာ ၁၈-၂၄၊ ၁၉၈၉ ဧပြီ ၁၅၊ စာမျက်နှာ ၂၀-၂၃ ကိုကြည့်ပါ။
၁၁။ နှင်ထုတ်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဘုရားသခင့်ဥပဓိရုပ်၏အသွင်အသီးသီး မည်သို့ထင်ရှားသနည်း။
၁၁ သို့သော် ကျွန်ုပ်တို့ဘုရားသခင်သည် တရားမျှတရုံသာမဟုတ်ပါ။ ကိုယ်တော်သည် “သနားသောသဘောနှင့်ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်းအပြစ်တို့ကို ဖြေလွှတ်” တော်မူကြောင်း သတိရပါ။ (တောလည်ရာ ၁၄:၁၈) နှင်ထုတ်ခံရသောသူသည် နောင်တယူကာ ဘုရားသခင့်ခွင့်လွှတ်ခြင်းကို ရှာကြံသူဖြစ်နိုင်ကြောင်း ကိုယ်တော်၏နှုတ်ကပါဌ်တော်ကတင်ပြပါသည်။ သို့ဖြစ်လျှင်ကော။ အတွေ့အကြုံရင့်ကျက်သောအကြီးအကဲများသည် ထိုသူနှင့်တွေ့ဆုံကာ သူသည် အသင်းမှနှင်ထုတ်ခံရသောအပြစ်ကို အမှန်နောင်တရသည့်သာဓကပြမပြ ဆုတောင်းခြင်းနှင့်တကွ အသေအချာစစ်ဆေးမေးမြန်းမည်။ (တမန်တော် ၂၆:၂၀ နှင့်နှိုင်းယှဉ်။) နောင်တရသည်ဆိုလျှင် ၂ ကောရိန္သု ၂:၆-၁၁ ၌ပါကောရိန္သုမြို့ရှိသူ၏အဖြစ်အပျက်ကဲ့သို့ အသင်းတော်တွင်း သူ့အားပြန်လက်ခံနိုင်ပါမည်။ သို့သော် နှင်ထုတ်ခံရသူအချို့သည် ဘုရားသခင့်အသင်းတော်မှ နှစ်ချီ၍ဝေးလံနေခဲ့ရာ သူတို့အား ပြန်လမ်းတွေ့ရှိရန် တစ်မျိုးတစ်မည် ကူညီပေးနိုင်ပါသလော။
ကရုဏာနှင့်ဟန်ချက်ညီသော တရားမျှတခြင်း
၁၂၊ ၁၃။ ဘုရားကိုအတုယူရာတွင် ကိုယ်တော်၏တရားမျှတမှုကို ရောင်ပြန်ဟပ်ခြင်းထက်မက အဘယ်ကြောင့်ဖြစ်သင့်သနည်း။
၁၂ အထက်တွင် ထွက်မြောက်ရာ ၃၄:၆၊ ၇ ၌တင်ပြထားသည့် ဘုရားသခင်၏အရည်အချင်းများ၏အသွင်တစ်ခုကိုသာ အဓိကဆွေးနွေးခဲ့သည်။ သို့ရာတွင် ထိုအခန်းငယ်များက ဘုရားသခင်၏တရားမျှတခြင်းထက်မက အကြမ်းဖျင်းဖေါ်ပြထားသည်။ ကိုယ်တော်ကိုအတုယူလိုသူများကလည်း တရားမျှတမှုရှိခြင်းကိုသာ အာရုံပြုကြမည်မဟုတ်ပါ။ အသင်သည် ရှောလမုန်ဆောက်လုပ်ခဲ့သောဗိမာန်တော်၏ပုံစံကိုပုံဖေါ်နေမည်ဆိုလျှင် တိုင်လုံးတစ်လုံးကိုသာ သင်လေ့လာသုံးသပ်မည်လော။ (၃ ဓမ္မရာဇဝင် ၇:၁၅-၂၂) ထိုသို့ပြုလိမ့်မည်မဟုတ်။ အကြောင်းမှာ၊ ထိုသို့ပြုက ဗိမာန်တော်၏သဘောတရားနှင့်လုပ်ငန်းကဏ္ဍအကြောင်း ညီမျှသောအမြင်ရရှိလိမ့်မည်မဟုတ်။ ထိုနည်းတူ ဘုရားသခင်ကိုအတုယူလိုလျှင် ကိုယ်တော်၏အခြားစီရင်နည်းများနှင့် အရည်အချင်းများကိုလည်း အတုယူရမည်။ ဥပမာ၊ “ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်တော်မူထသော၊ . . . ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်” တော်မူခြင်းအရည်အချင်းတို့ဖြစ်သည်။
၁၃ ဣသရေလလူမျိုးနှင့် ကိုယ်တော်ဆက်ဆံပုံမှ ကျွန်ုပ်တို့တွေ့ရှိသည်အတိုင်း မေတ္တာကရုဏာနှင့်အပြစ်လွှတ်ခြင်းသဘောသည် ဘုရားသခင်၏အခြေခံအရည်အချင်းများဖြစ်သည်။ ထပ်ခါတလဲပြစ်မှားခြင်းအတွက် တရားမျှတသောဘုရားသခင်သည် သူတို့အား ဒဏ်မစီရင်ဘဲနေတော်မမူ။ တစ်ကြိမ်တည်းတွင် မေတ္တာကရုဏာနှင့်ခွင့်လွှတ်ခြင်းကို များစွာတင်ပြတော်မူသည်။ “ဓလေ့တော်တို့ကို မောရှေ၌လည်းကောင်း၊ စီရင်တော်မူသောအမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌လည်းကောင်း ပြတော်မူပြီ။ ထာဝရဘုရား [ယေဟောဝါ၊ NW] သည်သနားတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကိုအမြဲထားတော်မူသည်မဟုတ်။” (ဆာလံ ၁၀၃:၇-၉၊ ၁၀၆:၄၃-၄၆) နှစ်ပေါင်းရာချီ ကိုယ်တော်၏စီရင်ချက်များကို ပြန်၍ကြည့်ရှုရာ ထိုစကားများမှန်ကန်ကြောင်း သက်သေထင်ရှားသည်။—ဆာလံ ၈၆:၁၅။ ၁၄၅:၈၊ ၉။ မိက္ခာ ၇:၁၈၊ ၁၉။
၁၄။ ဘုရားသခင်၏ကရုဏာတော်ကို ကိုယ်တော်အတုယူကြောင်း ယေရှုမည်သို့တင်ပြသနည်း။
၁၄ ယေရှုခရစ်သည် “ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်” သဖြင့် ထပ်တူမေတ္တာကရုဏာနှင့်ခွင့်လွှတ်လွယ်စိတ် ကိုယ်တော်၌လည်းရှိလိမ့်မည်ဟု မျှော်လင့်နိုင်သည်။ (ဟေဗြဲ ၁:၃) သူတစ်ပါးနှင့်ဆက်ဆံရာတွင် ကိုယ်တော်၏အပြုအမူတို့က ထိုသို့ဖြစ်ကြောင်းထင်ရှားသည်။ (မဿဲ ၂၀:၃၀-၃၄) လုကာအခန်းကြီး ၁၅ တွင်ကျွန်ုပ်တို့ဖတ်ရှုရသည်အတိုင်း ကိုယ်တော်သည် စကားဖြင့်ပင် ကရုဏာတရားကိုအလေးအနက်တင်ပြခဲ့သည်။ ထို၌ပါသောဥပမာသုံးခုကား ယေဟောဝါရှင်ကို ယေရှုအတုယူကြောင်း သက်သေထူသည်။ ယင်းတို့ကလည်း ကျွန်ုပ်တို့အတွက် အရေးကြီးသင်ခန်းစာများပေးသည်။
ဆုံးရှုံးခဲ့ရာများအတွက် စိုးရိမ်စိတ်
၁၅၊ ၁၆။ လုကာ ၁၅ ပါဥပမာများကို ယေရှုပေးရန် အဘယ်အကြောင်းပေါ်လာသနည်း။
၁၅ ထိုဥပမာများကား အပြစ်သားများကို ဘုရားသခင်ကရုဏာသက်ဝင်ကြောင်း သက်သေထူသည်။ ကျွန်ုပ်တို့အတုယူစရာ ညီညွတ်မျှတသောပုံစံကိုဖေါ်ပြပေးသည်။ ထိုဥပမာများ၏အနေအထားကို သုံးသပ်ကြည့်ပါ။ “အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် [ယေရှုကို] နားထောင်ခြင်းငှာ အထံတော်သို့ချဉ်းကပ်သည်ဖြစ်၍ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူ စားပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။”—လုကာ ၁၅:၁၊ ၂။
၁၆ ပတ်သက်ခဲ့သူအပေါင်းမှာ ဂျူးများဖြစ်ကြသည်။ တရားဥပဒေလိုက်နာခြင်းဘက် ဖြောင့်မတ်ဟန်ဖြင့် မောရှေပညတ္တိကျမ်းကို အသေးအဖွဲမှအစ ဂရုစိုက်လိုက်နာသည်ဟုဆိုကာ ဖါရိရှဲနှင့်ဇဒ္ဒုကဲတို့ဂုဏ်ယူကြသည်။ သို့သော် ဘုရားသခင်က ဤကဲ့သို့သောကိုယ်ရည်သွေးဖြောင့်မတ်ခြင်းမျိုး သဘောတူညီတော်မမူ။ (လုကာ ၁၆:၁၅) တင်ပြထားသော အခွန်ခံများမှာ ရောမနိုင်ငံအတွက် အခွန်ကောက်ပေးကြသောဂျူးများဖြစ်ပုံရှိသည်။ ထိုသူအများတို့သည် ဂျူးအချင်းချင်းထံမှ အလွန်အမင်းအကောက်ခံလေ့ရှိသဖြင့် အခွန်ခံများကိုမုန်းတီးကြသည်။ (လုကာ ၁၉:၂၊ ၈) ဤသူတို့အား ပြည့်တန်ဆာများပင်ပါဝင်သည့် သီလယိုယွင်း “ဆိုးသောသူများ” နှင့်တစ်တန်းတစ်စားတည်းထားခဲ့သည်။ (လုကာ ၅:၂၇-၃၂။ မဿဲ ၂၁:၃၂) သို့သော် အပြစ်တင်နေကြသောဘာသာရေးခေါင်းဆောင်များအား ယေရှုဤသို့မေးမြန်းခဲ့သည်။
၁၇။ လုကာ ၁၅ ပါယေရှု၏ပထမပုံဥပမာကား အဘယ်နည်း။
၁၇ “သိုးတစ်ကောင်ပျောက်လျှင် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကို မတွေ့မီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။ တွေ့ပြီးလျှင် ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာတင်ထမ်း၍ မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍ ‘ပျောက်သောသိုးကိုငါတွေ့ပြီ။ ငါနှင့်အတူဝမ်းမြောက်ကြလော့’ ဟုဆိုတတ်သည်မဟုတ်လော။ ထိုနည်းတူ ဖြောင့်မတ်၍နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက် နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်းရှိကြသည်။” ဤသရုပ်ဖေါ်မှုကို ဘာသာရေးခေါင်းဆောင်များ နားလည်နိုင်ကြ၏။ အကြောင်းမှာ သိုးနှင့်သိုးထိန်းတို့သည် မြင်တွေ့နေကြဖြစ်သည်။ စိုးရိမ်စိတ်ကြောင့် သိုးထိန်းသည် သိုး ၉၉ ကောင်ကိုကျက်စားနေကြအရပ်၌ ထားရစ်ကာ ပျောက်ဆုံးသည့်သိုးတစ်ကောင်ကိုလိုက်လံရှာလေသည်။ မတွေ့မချင်းရှာ၍တွေ့ရှိသောအခါ ကြောက်လန့်နေသောသိုးကို ပခုံးပေါ်ထမ်း၍ သိုးအုပ်သို့ပြန်သယ်ဆောင်လာသည်။—လုကာ ၁၅:၄-၇။
၁၈။ လုကာ ၁၅ ပါယေရှု၏ဒုတိယပုံဥပမာတွင် ပေါ်လွင်စေသည့်အတိုင်း ဝမ်းမြောက်စရာ အဘယ်အကြောင်းပေါ်လာသနည်း။
၁၈ ဒုတိယပုံဥပမာတစ်ခုကို ယေရှုထပ်ဆင့်တင်ပြသည်။ “တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင် ဆီမီးကိုထွန်း၍မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍စေ့စေ့မရှာဘဲနေမည်လော။ တွေ့ပြီးလျှင်အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍ ‘ပျောက်သောငွေကိုငါတွေ့ပြီ။ ငါနှင့်အတူဝမ်းမြောက်ကြလော့’ ဟုဆိုတတ်သည်မဟုတ်လော။ ထိုနည်းတူ ငါဆိုသည်ကား ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်။” (လုကာ ၁၅:၈-၁၀) ငွေတစ်ပြားသည် အလုပ်သမားတစ်ဦး၏ တစ်နေ့တာအခနီးပါးနှင့်ညီမျှသည်။ အမျိုးသမီး၏ငွေပြားသည် မိဘဘိုးဘွားထံမှရရှိသော အဖိုးတန်ပစ္စည်းဖြစ်ပေမည်။ သို့မဟုတ် ဆွဲကြိုးတစ်ကုံးမှငွေပြားတစ်ပြားဖြစ်နိုင်သည်။ ၄င်းပျောက်ဆုံးသွားသောအခါ ကြိုးစားပမ်းစားရှာဖွေခဲ့ရာ တွေ့သည်နှင့် သူ၏သူငယ်ချင်းများနှင့်အတူ ဝမ်းမြောက်ကြလေသည်။ ယင်းက ဘုရားသခင်အကြောင်းသိရှိရာတစ်ခု တင်ပြပေးသည်။
ကောင်းကင်၌ဝမ်းမြောက်ခြင်း —အဘယ်အရာအတွက်နည်း
၁၉၊ ၂၀။ လုကာ ၁၅ ပါ ယေရှု၏ပထမပုံဥပမာနှစ်ခုသည် မည်သူတို့အကြောင်းဖြစ်သနည်း။ အဘယ်အဓိကအချက်ကို ပေါ်လွင်စေသနည်း။
၁၉ သိုးများအတွက် အသက်ကိုပင်ပေးသည့် “ကောင်းသောသိုးထိန်း” သည် မိမိကိုယ်တော်တိုင်ဖြစ်ကြောင်း လွန်ခဲ့သောလအနည်းငယ်ကတင်ပြခဲ့သောယေရှုအား ပြစ်တင်ရှုတ်ချခဲ့ခြင်းကြောင့် ဤပုံဥပမာနှစ်ခုကိုပေးခဲ့ရခြင်းဖြစ်သည်။ (ယောဟန် ၁၀:၁၁-၁၅) သို့ရှိစေကာမူ ထိုပုံဥပမာများသည် ယေရှုနှင့်အဓိကသက်ဆိုင်သည်မဟုတ်။ ကျမ်းတတ်များနှင့်ဖါရိရှဲများ သင်ယူရန်လိုနေသည်ကား ဘုရားသခင်၏သဘောထားနှင့်နည်းလမ်းတော်များပင်ဖြစ်ပေသည်။ သို့ဖြစ်သောကြောင့် နောင်တရသောအပြစ်သားတစ်ဦးအတွက် ကောင်းကင်၌ဝမ်းမြောက်ခြင်းရှိသည်ဟု ယေရှုပြောဆိုရခြင်းဖြစ်သည်။ ထိုဘာသာရေးသမားများက ယေဟောဝါအမှုတော်ကိုထမ်းပါသည်ဟုဆိုကြသော်လည်း ကိုယ်တော်ကို သူတို့အတုမယူကြချေ။ သို့သော် ယေရှု၏ကရုဏာပါသောလုပ်ရပ်များကား ခမည်းတော်၏အလိုတော်ကို ကိုယ်စားပြုပါသည်။—လုကာ ၁၈:၁၀-၁၄။ ယောဟန် ၈:၂၈၊ ၂၉၊ ၁၂:၄၇-၅၀၊ ၁၄:၇-၁၁။
၂၀ တစ်ရာလျှင် တစ်ကောင်သည် ဝမ်းမြောက်စရာအကြောင်းဖြစ်လျှင် တစ်ဆယ်လျှင်တစ်ခုသည် သာ၍ဝမ်းသာစရာဖြစ်ပေမည်။ ယနေ့ပင်လျှင် ငွေတစ်ပြားကိုပြန်တွေ့သည့်အတွက် ဝမ်းမြောက်ကြသောအမျိုးသမီးများ၏စိတ်လှုပ်ရှားမှုတို့ကို ကျွန်ုပ်တို့ခံစားနိုင်ကြသည်။ “ဘုရားသခင်၏ကောင်းကင်တမန်တို့သည်” ယေဟောဝါနှင့်အတူ “နောင်တရသောလူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြ” သည့်အတွက် ဤတွင်လည်း သင်ခန်းစာသည် ကောင်းကင်၌ဗဟိုပြုသည်။ “နောင်တရသော” ဟူသည့်စကားကိုလည်း သတိပြုပါ။ ဤဥပမာများသည် အမှန်ဆိုလျှင် နောင်တရသောအပြစ်သားများအကြောင်းဖြစ်သည်။ ဤသူတို့နောင်တရသည့်အတွက် ဝမ်းမြောက်ခြင်းသည် လျောက်ပတ်ကြောင်း ပုံဥပမာနှစ်ခုစလုံးက အလေးအနက်ပေါ်လွင်စေသည်။
၂၁။ လုကာ ၁၅ ပါယေရှု၏ပုံဥပမာများမှ အဘယ်သင်ခန်းစာရသင့်သနည်း။
၂၁ ပညတ်တရားကို အပေါ်ယံလိုက်လျှောက်ခြင်းနှင့် ကိုယ်ကိုယ်ကိုဟုတ်လှပြီဟုထင်နေကြသော လမ်းလွဲနေသည့် ဤဘာသာရေးခေါင်းဆောင်များ လျစ်လျူရှုထားကြသည်ကား ဘုရားသခင်သည် “ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ . . . အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်” တော်မူသည့်အချက်ဖြစ်သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) ဘုရားသခင်၏နည်းလမ်းတော်နှင့်ဥပဓိရုပ်၏ ဤအသွင်ကို သူတို့အတုယူခဲ့ကြမည်ဆိုလျှင် နောင်တရသောအပြစ်သားများအား ယေရှုကရုဏာပြခြင်းကို သူတို့သဘောပေါက်နားလည်နိုင်ကြမည်။ ကျွန်ုပ်တို့ကော။ ဤသင်ခန်းစာကိုနှလုံးမှတ်ကျုံးပြီး ကျင့်သုံးနေပါသလော။ ယေရှု၏တတိယပုံဥပမာကို သတိပြုပါ။
နောင်တတရားနှင့်ကရုဏာ တင်ပြချက်
၂၂။ လုကာ ၁၅ ပါယေရှု၏တတိယပုံဥပမာကို အတိုကောက်တင်ပြပါ။
၂၂ ယင်းကို မိုက်သောသားပုံဥပမာဟု ခေါ်လေ့ရှိသည်။ သို့ဖြစ်စေကာမူ ယင်းကိုဖတ်ကြည့်သည့်အခါ ဖခင်၏မေတ္တာပုံဥပမာဟု အချို့အဘယ်ကြောင့်သဘောထားသည်ကို တွေ့ရှိပေမည်။ ဖခင်ထံမှ မိမိအမွေကိုရသော အိမ်ထောင်တစ်ခုရှိသားငယ်အကြောင်းဖြစ်သည်။ (တရားဟောရာ ၂၁:၇ နှင့်နှိုင်းယှဉ်) ဤသားသည် ဝေးလံသောပြည်သို့ထွက်ခွာသွားပြီး ကာမဂုဏ်လွန်ကျူးခြင်း၌ အကုန်အစင်သုံးဖြုန်းပြီးနောက် ဝက်ကျောင်းရသည့်ဘဝ၊ ဝက်စာကိုဆာလောင်ရသည်အထိ ဖြစ်ခဲ့ရသည်။ နောက်ဆုံး အသိတရားရပြီး အဖအိမ်တွင် အငှားပင်လုပ်ရစေကာမူ အိမ်ပြန်ဖို့စိတ်ဆုံးဖြတ်လေသည်။ မိမိအိမ်အနီးသို့ရောက်လေသော် ဖခင်ကသူ့အားဆီးကြိုဆိုပြီး ပွဲခံပေးလေသည်။ အိမ်တွင်နေ၍ အလုပ်လုပ်ကိုင်ပေးသောသားကြီးမူကား ဖခင်ပြသောမေတ္တာကရုဏာကြောင့် မကျေမနပ်ဖြစ်သည်။ သို့သော် သေနေသောသားသည် ယခုပြန်ရှင်လာသဖြင့် ဝမ်းမြောက်သင့်ကြောင်း ဖခင်ရှင်းပြသည်။—လုကာ ၁၅:၁၁-၃၂။
၂၃။ သားမိုက်ပုံဥပမာမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရသင့်သနည်း။
၂၃ သားငယ်ပမာအပြစ်သားများနှင့်ခြားနားသည့် သားကြီးကို မိမိတို့နှင့်ခိုင်းနှိုင်းသည်ဟု ကျမ်းတတ်နှင့်ဖါရိရှဲအချို့ သဘောပေါက်ကြပေမည်။ သို့သော် ပုံဥပမာ၏အဓိကအချက်ကို သူတို့နားလည်ကြပါသလော။ ကျွန်ုပ်တို့ကော။ ယင်းကား ကျွန်ုပ်တို့၏ကရုဏာရှင် ကောင်းကင်ခမည်းတော်၏ ထူးခြားသောအရည်အချင်းတစ်ခုဖြစ်သည့် အပြစ်သား၏နှလုံးကြေကွဲသောနောင်တနှင့်ပြောင်းလဲမှုကြောင့် ခွင့်လွှတ်လိုသောသဘောကို ပေါ်လွင်စေသည်။ နောင်တရသောအပြစ်သားများ ကယ်ဆယ်ခံရသည့်အတွက် ကြားနာသူများ ဝမ်းမြောက်စွာတုံ့ပြန်ရန် ထိုဥပမာကလှုံ့ဆော်ပေးသင့်သည်။ အကြောင်းခြင်းရာတို့ကို ထိုသို့ပင်ဘုရားသခင်ကြည့်မြင်၍စီရင်တော်မူသည်။ ကိုယ်တော်ကိုအတုယူသူများလည်း ထပ်တူပင်ပြုကြ၏။—ဟေရှာယ ၁:၁၆၊ ၁၇၊ ၅၅:၆၊ ၇။
၂၄၊ ၂၅။ ဘုရားသခင်၏အဘယ်နည်းလမ်းများကို ကျွန်ုပ်တို့အတုယူရန် ရှာကြံနေသင့်သနည်း။
၂၄ ဘုရားသခင်၏နည်းလမ်းတော်အားလုံး၌ တရားမျှတမှုထင်ရှားနေရာ ယေဟောဝါကိုအတုယူလိုသူများလည်း တရားမျှတမှုကိုတန်ဖိုးထားပြီး မီအောင်လိုက်ရမည်ဖြစ်သည်။ သဘောတရားအတိုင်းသာ၊ သို့မဟုတ် ကျပ်တည်းသောတရားမျှတမှုဖြင့်သာ ကျွန်ုပ်တို့၏ဘုရားသခင်သည် တိုက်တွန်းခံရသည်မဟုတ်။ ကိုယ်တော်၏ကရုဏာနှင့်ချစ်ခြင်းမေတ္တာသည် ကြီးမားတော်မူသည်။ ၄င်းတို့ကို စစ်မှန်သောနောင်တရသူတို့အား ကိုယ်တော်တင်ပြရန် အသင့်ရှိတော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့ခွင့်လွှတ်ခြင်းကို ဘုရားသခင်အားအတုယူခြင်းနှင့် ပေါလုကွင်းဆက်ထားခြင်းကား လျောက်ပတ်ပေသည်။ “ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။ ထိုသို့ သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ . . . သင်တို့သည် မေတ္တာတရား၌ကျင်လည်ကြလော့။”—ဧဖက် ၄:၃၂–၅:၂။
၂၅ ယေဟောဝါ၏တရားမျှတမှု၊ ကိုယ်တော်၏ကရုဏာနှင့်ခွင့်လွှတ်လိုသောသဘောကိုပါ ခရစ်ယာန်စစ်များအတုယူရန် ကြိုးစားခဲ့သည်ကား ကြာမြင့်ပေပြီ။ ကိုယ်တော်နှင့်ပိုအကျွမ်းဝင်လေ ကိုယ်တော်၏ ဤအရည်အချင်းများကို ကျွန်ုပ်တို့အတုယူရန် ပိုလွယ်ကူလာလေဖြစ်သည်။ သို့သော် အပြစ်ကျူးလွန်ခဲ့သည့်အတွက် ထိုက်တန်သောပဲ့ပြင်မှုခံရသူအား ထိုအရည်အချင်းကို ကျွန်ုပ်တို့မည်သို့တင်ပြမည်နည်း။ ကြည့်ကြဦးစို့။
[အောက်ခြေမှတ်ချက်များ]
a “ပေါင်းသင်းမှုဖြတ်တောက်ခြင်းမည်သည် တစ်ချိန်ကနာမည်ကောင်းရှိအသင်းဝင်တစ်ဦးအား အသင်းသားအခွင့်အရေးများကို တမင်တကာရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ ခရစ်ယာန်ခေတ်တွင် ပေါင်းသင်းမှုဖြတ်တောက်ခြင်းသည် ဘာသာရေးအဖွဲ့တစ်ခုအနေနှင့် အပြစ်ကျူးလွန်သူများအား ဘာသာရေးအခမ်းအနား၌ပါဝင်ခြင်း၊ အသင်းတော်လိုက်ဝတ်ပြုမှု၌ပါဝင်ခြင်း၊ မည်သည့်ပေါင်းသင်းဆက်ဆံမှုတို့၌မျှ ပါဝင်ခွင့်မပြုခြင်းကိုဆိုလိုပါသည်။”—The International Standard Bible Encyclopedia.
သင်အဘယ်အရာတတ်မြောက်ခဲ့ပြီနည်း
▫ ဣသရေလအသင်းတော်နှင့် ခရစ်ယာန်အသင်းတော်တွင် ဘုရားသခင်၏တရားမျှတမှု မည်သို့ထင်ရှားသနည်း။
▫ ဘုရားသခင်၏တရားမျှတမှုအပြင် ကိုယ်တော်၏ကရုဏာကို ကျွန်ုပ်တို့အဘယ်ကြောင့်အတုယူသင့်သနည်း။
▫ လုကာအခန်းကြီး ၁၅ ပါပုံဥပမာသုံးခုကို ပေးခဲ့ရသည်အကြောင်းကားအဘယ်နည်း။ ၄င်းတို့သည် ကျွန်ုပ်တို့အား အဘယ်သင်ခန်းစာပေးသင့်သနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
သိနာတောင်ရှေ့အဲရာဟု (er-Raha) ကွင်းပြင် (လက်ဝဲဘက်နောက်ခံကား)
[Credit Line]
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 9]
Garo Nalbandian
[Picture Credit Line on page 12]
Garo Nalbandian