သမ္မာကျမ်းစာတော်—အမှန်ပင်သန့်ရှင်းသလော
ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို သန့်ရှင်းသည်ဟူ၍ယူဆသူ ယနေ့မည်မျှရှိသနည်း။ မယုံသင်္ကာမှုများသည့် ဤခေတ်သမယတွင် ကျမ်းစာသည် ခေတ်မမီ၊ ဤအချိန်နှင့်မသက်ဆိုင်၊ အမှန်သန့်ရှင်းမှန်ကန်သည်ဟူ၍ပင် သံသယရှိကြ၏။ ခရစ်ယာန်ဘောင်ဘာသာရေးခေါင်းဆောင်အချို့ပင် သမ္မာကျမ်းစာ၌ ရှေးအစဉ်အလာစကားနှင့်ဒဏ္ဍာရီများပြည့်နှက်နေသည်ဟု သွန်သင်ကြသည်။ ‘သမိုင်းကို ကျမ်းစာအရအနက်ဖွင့်ဆိုခြင်းသည် အသိဉာဏ်ရှိသူအတွက် လက်ခံနိုင်ဖွယ်ရှိမရှိ’ သူတို့ဒွိဟဖြစ်ကြသည်။—The Interpreter’s Dictionary of the Bible, အတွဲ ၂၊ စာမျက်နှာ ၆၁၁။
သမ္မာကျမ်းစာကို ဘုရားသခင်၏နှုတ်ကပါဌ်တော်အဖြစ် ခေါ်ဆိုခြင်းသည်သင့်တော် မသင့်တော်သံသယရှိစေရန် ကျော်ကြားထင်ရှားသောပညာရှင်များ အဆိုသွင်းနေကြသည်။ တစ်ဦးက “ဘုရားနှုတ်ကပါဌ်တော်ပါစကားကိုလုံးအသုံးပြုလိုပါက သမ္မာကျမ်းစာကို ဣသရေလနှုတ်ကပါဌ်၊ သို့မဟုတ် နာမည်ကြီးသောရှေးခရစ်ယာန်အချို့၏နှုတ်ကပါဌ်ဟု ခေါ်ဝေါ်သင့်သည်” ဟူ၍ဆိုသည်။ (The Bible in the Modern World, by James Barr) သင်မည်သို့ထင်မှတ်သနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြစ်ပါသလော။ ယင်းသည် အမှန်သန့်ရှင်းပါသလော။
သမ္မာကျမ်းစာကို မည်သူရေးသားသနည်း
သမ္မာကျမ်းစာ၏ပထမစာစောင်၊ ကမ္ဘာဦးကျမ်းကို ရှေးနှစ်ပေါင်း ၃၅၀၀ ခန့်ကအသက်ရှင်ခဲ့သောဟေဗြဲအမျိုးသား မောရှေရေးသားသည်ဟူ၍ အစဉ်အလာစကားကဆိုသည်။ သမ္မာကျမ်းစာအရ ဘဝပုံစံအသီးသီးရှိ လူ ၄၀ ခန့်ကျန်အခြားကျမ်းစောင်များကိုရေးသားခဲ့ရာ သမ္မာကျမ်းစာ၏ကျမ်းစောင် ၆၆ စောင်ဖြစ်လာလေသည်။ သို့ရာတွင် ဤသူများက မိမိတို့ကိုယ်ကို သမ္မာကျမ်းစာ၏ကလောင်ရှင်အဖြစ် မယူမှတ်ကြပါ။ ကျမ်းရေးသူတစ်ဦးက “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်သည်” ဟုဆိုသည်။ (၂ တိမောသေ ၃:၁၆) အခြားတစ်ဦးက သမ္မာကျမ်းစာကိုရေးသားသူများအကြောင်း ဤသို့ဆိုသည်။ “သူတို့သည် [ဘုရားသခင်၏] သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။”—၂ ပေတရု ၁:၂၁။
ယင်းကြောင့် ကျမ်းရေးသူတို့အား ဘုရားသခင်၏ညွှန်ကြားမှုခံရသော မှင်တံကိုင်သူ၊ အတွင်းရေးမှူးများအနေအထားတွင်ရှိစေသည်။ သမ္မာကျမ်းစာအရဆိုလျှင် ဘုရားသခင့်ထံတော်မှရရှိသောအကြောင်းအချက်အလက်များကို ကျမ်းရေးသူသည် ကိုယ်ပိုင်စကားဖြင့် ရေးသားတင်ပြရန် အများအားဖြင့်အခွင့်အရေးရထားပေသည်။ (ဟဗက္ကုတ် ၂:၂) ဤအကြောင်းကြောင့်လည်း သမ္မာကျမ်းစာတစ်လျှောက် ရေးသားပုံရေးသားနည်းအမျိုးမျိုးကို တွေ့ရှိရသည်။ သို့သော် ရေးသားချက်များကိုမူ ဘုရားသခင်အမြဲညွှန်ကြားတော်မူသည်။
ဤကျမ်းရေးသူတို့က ဘုရားသခင်၏မှုတ်သွင်းခြင်းအားဖြင့် ရေးသားပါသည်ဟုဆိုရုံဖြင့် သမ္မာကျမ်းစာသည် လူသားအတွက် ဖန်ဆင်းရှင်၏မြင့်မြတ်သောသတင်းလွှာဟူ၍ သက်သေမထူနိုင်သည်ကားမှန်၏။ မည်သို့ပင်ဆိုစေကာမူ အမြင့်မြတ်ဆုံးသောဘုရားသခင်သည် သမ္မာကျမ်းစာ၏ကလောင်ရှင်ဖြစ်မဖြစ် ကျမ်းစာကို အသေအချာ၊ သမာသမတ်သောသဘောမျိုးဖြင့် စစ်ဆေးသုံးသပ်ကြည့်သင့်သည်။ မြင့်မြတ်သောအာဘော်ရှင်၏လက်ရာတော်ဖြစ်ကြောင်း သမ္မာကျမ်းစာကိုယ်နှိုက်ကသက်သေထူသည်။ သမ္မာကျမ်းစာသည် သန့်ရှင်းပါသည်ဟု စိတ်ချယုံကြည်စွာပြောနိုင်ပါမည်လော။