ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ဘုရားသခင်တောင်းဆိုရာအားလုံးကို ယေရှုပြီးမြောက်စေ
ဗိုလ်ချုပ်ဘုရင်ယေရှုခရစ်သည် စာတန်နှင့်သူ၏မဖြောင့်မတ်သောလောကကို သုတ်သင်ရှင်းလင်းပြီးနောက် ရွှင်လန်းအားရစရာ အဘယ်အကြောင်းရှိသနည်း။ ယေရှု၏ငြိမ်သက်သောအနှစ်တစ်ထောင်စိုးစံချိန် စတင်လေပြီတကား။
ယေရှုနှင့်ကိုယ်တော်၏တွဲဖက်ဘုရင်များ၏ညွှန်ကြားမှုအရ အာမဂေဒုန်ကပ်ကျော်သူများသည် ထိုဖြောင့်မတ်သောစစ်ပွဲ၏ အပျက်အစီးများကို ရှင်းလင်းကြလိမ့်မည်။ မြေကြီးပေါ်ကပ်ကျော်သူများသည် အခိုက်အတန့်သားဖွားကြရန်အကြောင်းလည်းရှိသည်။ သူတို့၏သားသမီးများလည်း ကျက်သရေဖြာသောဥယျာဉ်ပန်းခြံအဖြစ်သို့ ကမ္ဘာမြေကြီးကိုပြုစုပျိုးထောင်ရေးတွင် ပျော်မွေ့ခွင့်ရရှိကြမည်။
အချိန်တန်သော် ဤလှပတင့်တယ်သောပရဒိသု၌ပျော်မွေ့နိုင်ကြရန် သင်္ချိုင်းများရှိမရေမတွက်နိုင်သော သန်းပေါင်းများစွာတို့ကို ယေရှုပြန်ထလာစေမည်။ ကိုယ်တော်တိုင်၏အာမခံချက်ဖြစ်သည့် “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတံ့” ဟူသောစကားများ ပြည့်စုံစေမည်။
ယေရှုထမြောက်စေသောသူများတွင် နှက်တိုင်ပေါ်ကိုယ်တော်အသတ်ခံရချိန်က အတူသေဆုံးခဲ့သော ယခင်လူဆိုးလည်းပါဝင်လိမ့်မည်။ “သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု ယနေ့ငါအမှန်ဆိုသည်” ဟူ၍ယေရှုသူ့အားကတိပြုခဲ့သည်ကို သတိရပါ။ ထိုသူအား ယေရှုနှင့်အတူ ကောင်းကင်တွင်အုပ်ချုပ်ရန် ခေါ်ဆောင်မည်မဟုတ်ပါ။ ယေရှုသည် လူသားဘဝကိုပြန်ယူကာ သူနှင့်အတူကမ္ဘာ့ပရဒိသုတွင် နေထိုင်မည်လည်းမဟုတ်ချေ။ ထိုသို့ဖြစ်မည့်အစား ကိုယ်တော်သည် သူ့အားပရဒိသုသို့အသက်ပြန်ရှင်စေပြီး သူ၏ကာယရေး၊ ဝိညာဉ်ရေးကို နောက်စာမျက်နှာတွင်ဖေါ်ပြထားသည့်အတိုင်း ဖြည့်စွက်ပေးခြင်းသဘောမျိုးဖြင့် ယခင်လူဆိုးနှင့်အတူ ကိုယ်တော်အတူရှိပေမည်။
စဉ်းစားကြည့်ပါ။ ယေရှု၏မေတ္တာပါဂရုစိုက်မှုအောက် လူ့အိမ်ထောင်စုတစ်စုလုံးဖြစ်သည့် အာမဂေဒုန်ကပ်ကျော်သူများ၊ သူတို့၏သားသမီးများနှင့် ကိုယ်တော်၏စကားကိုနားထောင်သော လူသန်းပေါင်းများစွာတို့သည် စုံလင်သောလူသားများအဖြစ်သို့ ကြီးပြင်းလာကြပေမည်။ တော်ဝင်သားတော်ယေရှုခရစ်အားဖြင့် ယေဟောဝါသည် လူသားနှင့်အတူ ဝိညာဏသဘောအရကျိန်းဝပ်တော်မူမည်။ ကောင်းကင်မှယောဟန်ကြားခဲ့သောအသံပြောသည်အတိုင်းပင် “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်းမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။” ကမ္ဘာပေါ်ရှိ မည်သူမျှဝေဒနာခံရတော့မည်မဟုတ်။ ဖျားနာရတော့မည်မဟုတ်ချေ။
ပထမလူမောင်နှံစုံ အာဒံနှင့်ဧဝအား များပြားစွာမွေးဖွား၍ မြေကြီးကိုနိုင်နင်းလော့ဟု ဘုရားသခင်မိန့်တော်မူခဲ့ချိန်ရှိ မူလအစကကိုယ်တော်ရည်ရွယ်တော်မူသည့်အခြေအနေအတိုင်း ယေရှု၏အနှစ်တစ်ထောင်စိုးမိုးချိန်အဆုံးတွင် ပြန်ရှိနေမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် စုံလင်ဖြောင့်မတ်သောလူသားများပြည့်နေမည်ဖြစ်သည်။ ဤသို့ဖြစ်ပျက်လာခြင်းကား ယေရှု၏ရွေးဖိုးပူဇော်သက္ကာအကျိုးကို လူတိုင်းခံစားရခြင်းကြောင့်တည်း။ အာဒံ၏အပြစ်ကြောင့် သေရခြင်းအဖြစ် ရှိတော့မည်မဟုတ်ပါ။
ဤနည်းဖြင့် ယေဟောဝါတောင်းဆိုလေသမျှကို ယေရှုဖြည့်စွက်ပြီးမြောက်စေမည်။ သို့ဖြစ်၍ ထိုအနှစ်တစ်ထောင်ကာလကုန်ဆုံးသောအခါ နိုင်ငံတော်နှင့်တကွ စုံလင်ပြီးသားလူ့အိမ်ထောင်စုကို ခမည်းတော်ထံ ယေရှုပြန်အပ်နှင်းတော်မူမည်။ ထိုအခါ မလှုပ်မရှားနိုင်သည့်အသေကဲ့သို့သောအဖြစ်၊ တွင်းနက်အထဲမှ စာတန်နှင့်သူ၏နတ်ဆိုးများကို ဘုရားသခင်လွှတ်ပေးတော်မူမည်။ အဘယ်ရည်ရွယ်ချက်အတွက် ဖြစ်သနည်း။
ဤသို့ဖြစ်သည်။ အနှစ်တစ်ထောင်အကုန်တွင် ပရဒိသု၌နေထိုင်သူအများစုမှာ ယုံကြည်ခြင်းစမ်းသပ်မခံရသေးသော ရှင်ပြန်ထမြောက်ခဲ့သူများဖြစ်ကြပေမည်။ ဤသူတို့မသေမီက ဘုရားသခင်၏ကတိတော်များကို တစ်ခါမျှမသိခဲ့ရာ ယင်းတို့ကိုယုံကြည်ကြောင်း သက်သေမထူနိုင်ခဲ့ကြချေ။ ရှင်ပြန်ထမြောက်လာ၍သမ္မာတရားပညာရရှိပြီး ဆန့်ကျင်မှုလုံးဝမရှိသည့်အခြေအနေမျိုးတွင် ဘုရားသခင်အမှုတော်ကိုထမ်းဆောင်ရန် သူတို့အတွက်လွယ်ကူပေသည်။ သို့သော် ဘုရားသခင်ကိုဝတ်ပြုရာမှ သူတို့အားစာတန်တားဆီးခွင့်သာရရှိမည်ဆိုလျှင် ဤသူတို့သည် စမ်းသပ်မှုအောက်တွင် သစ္စာတည်ကြည်နိုင်ကြမည်လော။ ဤမေးခွန်း၏အဖြေပေါ်လာနိုင်ရန် စာတန်အားလွှတ်ရခြင်းဖြစ်သည်။
ယေရှု၏အနှစ်တစ်ထောင်စိုးမိုးချိန်ပြီးနောက် မရေမတွက်နိုင်သောသူတို့အား ဘုရားသခင့်ဝတ်ပြုရေးမှ စာတန်သွေဖည်သွားစေနိုင်မည်အကြောင်း ယောဟန်အားပေးခဲ့သောဗျာဒိတ်တော်က တင်ပြပါသည်။ သို့သော် နောက်ဆုံးစမ်းသပ်ခြင်းခံရပြီးသော် စာတန်၊ သူ၏နတ်ဆိုးများနှင့် သူလှည့်ဖြားနိုင်ခဲ့သူအားလုံး ထာဝစဉ်ဖျက်ဆီးခြင်းခံရမည်ဖြစ်သည်။ တစ်ဖက်ကကြည့်လျှင် စမ်းသပ်မှုကိုအပြည့်အဝခံပြီး သစ္စာရှိသူများသည် ကောင်းကင်ခမည်းတော်၏ကောင်းချီးမင်္ဂလာများကို နိစ္စထာဝရခံစားရကြမည်ဖြစ်သည်။
ယေဟောဝါ၏ဘုန်းထင်ရှားသောရည်ရွယ်တော်မူချက်အောင်မြင်ရေးတွင် ယေရှုသည်အရေးကြီးကဏ္ဍ၌ပါဝင်ခဲ့ပြီဖြစ်၍ ဆက်၍လည်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထင်ရှားပါသည်။ ဘုရားသခင်၏ကြီးမြတ်တော်မူသော ကောင်းကင်ဘုရင်အဖြစ် ကိုယ်တော်ဆောင်ရွက်လေသမျှ၏အကျိုးကျေးဇူးများ၌ပျော်မွေ့နိုင်သည့် ထူးမြတ်လှသောအနာဂတ်ပါတကား။ သို့ဖြစ်၍ပင် လူသားအဖြစ်ကိုယ်တော်ရှိစဉ် ပြုတော်မူသမျှကို ကျွန်ုပ်တို့မမေ့ပျောက်နိုင်ကြပါ။
ယေရှုသည် မိမိစိတ်စေတနာဖြင့် မြေကြီးပေါ်ဆင်းလာပြီး ခမည်းတော်အကြောင်းသွန်သင်ပေးတော်မူခဲ့သည်။ ထိုထက်မက ဘုရားသခင်၏တန်ဖိုးဖြတ်မရအရည်အသွေးများကို ကိုယ်တော်ဖေါ်ပြတော်မူခဲ့သည်။ ကိုယ်တော်၏မြင့်မြတ်လှသောရဲစွမ်းသတ္တိနှင့်ယောက်ျားပီသခြင်း၊ ယှဉ်ပြိုင်ဘက်မရှိဉာဏ်ပညာ၊ ဆရာသမားတစ်ဦးအဖြစ် ကိုယ်တော်၏ထူးခြားသောအရည်အချင်း၊ ကြောက်ရွံ့ခြင်းကင်းမဲ့သော ကိုယ်တော်၏ဦးစီးမှု၊ ကြင်နာစွာဖြင့် ကိုယ်ချင်းစာနာမှုပြခဲ့ခြင်းတို့ကို သုံးသပ်သည့်အခါ စိတ်နှလုံးလှုပ်ရှားထိမိလိမ့်မည်။ အသက်ရနည်းတစ်ခုတည်းဖြစ်သော ရွေးဖိုးကိုကိုယ်တော်ဆက်သချိန်တွင် ခံစားတော်မူခဲ့သည့် မဖေါ်ပြနိုင်လောက်အောင်ပြင်းထန်သောဝေဒနာကိုသတိရသည့်အခါ ကိုယ်တော်ကိုကျေးဇူးတင်လေးစားမှု မကုန်မခမ်းနိုင်ပေ။
ယေရှု၏ဘဝအကြောင်းလေ့လာရာတွင် အမှန်တကယ်ထူးမြတ်သောလူသားတစ်ဦးကို သိကျွမ်းခဲ့ရပေပြီ။ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းသည် သိသာထင်ရှားလှ၍ ဩဇာလွှမ်းမိုးနိုင်လှသည်တကား။ ယင်းကြောင့် ရောမမြို့ဝန်ပုန္တိပိလတ်၏ “ဤယောက်ျားကိုကြည့်ကြလော့” ဟူသောစကားများကို ပဲ့တင်သံထပ်ကြရန် တိုက်တွန်းခံရကြသည်။
ကိုယ်တော်၏ရွေးဖိုးပူဇော်သက္ကာအစီအစဉ်ကိုလက်ခံခြင်းအားဖြင့် အာဒံမှအမွေရရှိခဲ့သော အပြစ်နှင့်သေခြင်းဝန်ပိုးသည် ကျွန်ုပ်တို့အပေါ်မှထုတ်ပစ်နိုင်ပေသည်။ ဤနည်းဖြင့် ယေရှုသည် ကျွန်ုပ်တို့၏ “ထာဝရအဘ” ဖြစ်လာနိုင်သည်။ ထာဝရအသက်ရလိုသူအားလုံးသည် ဘုရားသခင်အကြောင်းသာမက ကိုယ်တော်၏သားတော်ယေရှုခရစ်အကြောင်းကိုလည်း သိကျွမ်းရကြမည်။ ဤအသက်ပေးအသိပညာရရှိခြင်းငှာ ယေရှု၏ဘဝနှင့်ဓမ္မအမှုဆိုင်ရာ အခန်းဆက်ဆောင်းပါးများကို သင်လေ့လာဖတ်ရှုခြင်းကား များစွာအကူအညီဖြစ်ခဲ့မည်ဟူ၍ ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ၁ ယောဟန် ၂:၁၇။ ၁:၇။ ယောဟန် ၅:၂၈၊ ၂၉၊ ၃:၁၆၊ ၁၇:၃၊ ၁၉:၅။ လုကာ ၂၃:၄၃။ ကမ္ဘာဦး ၁:၂၈။ ၁ ကောရိန္သု ၁၅:၂၄–၂၈။ ဗျာဒိတ် ၂၀:၁–၃၊ ၆–၁၀၊ ၂၁:၃၊ ၄။ ဟေရှာယ ၉:၆။
◆ အာမဂေဒုန်ကပ်ကျော်သူများနှင့်သူတို့သားသမီးများ၏ ရွှင်လန်းဖွယ်အခွင့်အရေးကားအဘယ်နည်း။
◆ အာမဂေဒုန်ကပ်ကျော်သူများနှင့်သူတို့သားသမီးများအပြင် ပရဒိသုတွင် မည်သူများပျော်မွေ့နိုင်မည်နည်း။ အဘယ်သဘောမျိုးဖြင့် သူတို့နှင့်ယေရှုအတူရှိမည်နည်း။
◆ အနှစ်တစ်ထောင်ကုန်ဆုံးချိန်တွင် အဘယ်အခြေအနေရှိမည်နည်း။ ထိုအခါ ယေရှုဘာလုပ်မည်နည်း။
◆ စာတန်ကိုတွင်းနက်ထဲမှ အဘယ်ကြောင့်လွှတ်မည်နည်း။ သူနှင့်သူ၏နောက်လိုက်အားလုံး နောက်ဆုံးဘာဖြစ်မည်နည်း။
◆ ယေရှုသည် ကျွန်ုပ်တို့၏ “ထာဝရအဘ” မည်သို့ဖြစ်လာနိုင်မည်နည်း။