ယေဟောဝါ၏စားပွဲ၌ ထိုင်ရခြင်းသည် မည်မျှရွှင်လန်းဖွယ်ပါတကား
အဲန်စ်ဗာယာ (Ernst Wauer) ပြောပြသည်
ယနေ့တွင် ယေဟောဝါသက်သေများ၏ အစည်းအဝေးကို တက်ရောက်ရခြင်း၊ ကျမ်းစာလေ့လာရခြင်းနှင့် ဘုရားနိုင်ငံတော်သတင်းကောင်း ဟောပြောရခြင်းသည် ကျွန်တော့်အတွက် အတော်အတန်လွယ်ကူပါသည်။ သို့သော်၊ ထိုကဲ့သို့ဤဂျာမနီတွင် အမြဲလွယ်ကူခဲ့သည်မဟုတ်ချေ။ ၁၉၃၃ မှ ၁၉၄၅ ခုနှစ်ဖြစ်သောအဒေါ့ဟစ်တလာအချိန်က ထိုကဲ့သို့သောခရစ်ယာန်လုပ်ရပ်များတွင် ပါဝင်ခြင်းသည် မိမိ၏အသက်စွန့်စားခြင်းပါဝင်သည်။
ဟစ်တလာအာဏာမရမီတစ်နှစ်၊ ကျွန်တော့်အသက် ၃၀ ရှိစဉ်၊ ကျွန်တော်သည်ယေဟောဝါသက်သေများနှင့် ဦးဆုံးဒရက်စ်ဒင်မြို့၌ တွေ့ဆုံခဲ့သည်။ ၁၉၃၅ ခု၊ ဇန္နဝါရီလတွင် ယေဟောဝါထံကျွန်တော်ဆက်ကပ်ခဲ့ပြီး နှစ်ခြင်းခံလိုသောဆန္ဒကို တင်ပြခဲ့သည်။ ကျွန်တော်တို့၏လုပ်ငန်းသည် ၁၉၃၃ ခုနှစ်ကတည်းက ပိတ်ပင်ခံရသောကြောင့် ကျွန်တော့်အား “ခင်ဗျားရဲ့ဆုံးဖြတ်ချက်က ဘာအဓိပ္ပာယ်သက်ရောက်နေတယ်ဆိုတာ သဘောပေါက်ရဲ့လား။ ခင်ဗျားဟာခင်ဗျားရဲ့မိသားစု၊ ကျန်းမာရေး၊ အလုပ်၊ လွတ်လပ်မှုနဲ့ ခင်ဗျားရဲ့အသက်ကိုယ်နှိုက်ကို စွန့်စားနေစေတယ်” ဟုမေးခဲ့သည်။
“ကျွန်တော်အကုန်အကျကို တွက်ချက်ပြီးပါပြီ။ ကျွန်တော်ဟာ ဘုရားအလိုတော်ကိုထမ်းဆောင်ပြီး အဲ့ဒါအတွက်အသေခံဖို့ အသင့်ရှိပါတယ်” ဟု ပြန်ဖြေခဲ့သည်။
ကျွန်တော်နှစ်ခြင်းမခံမီကပင်၊ တစ်အိမ်တက်ဆင်း စ၍ဟောပြောခဲ့ပြီးဖြစ်သည်။ တံခါးဝတစ်ခုတွင်၊ ကျွန်တော်သည် ယူနီဖောင်းဝတ်ထားသော အက်စ်အက်စ် (ဟစ်တလာ၏အင်္ကျီနက်များ/လက်ရွေးစဉ်တပ်) လူငယ်ခေါင်းဆောင်ကို တွေ့ဆုံခဲ့ရပြီး၊ သူက “ဒါကိုပိတ်ပင်ထားတယ်ဆိုတာ မသိဘူးလား။ ငါရဲကိုခေါ်လိုက်မယ်။”
“ခေါ်လိုက်ပါ။ ကျွန်တော်ဟာကျမ်းစာအကြောင်းသာ ပြောနေတာပါ။ အဲ့ဒါကိုတားမြစ်ထားတဲ့ဥပဒေမရှိပါဘူး” ဟုကျွန်တော်တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။ ထိုမှနောက်တစ်အိမ်သို့ဆက်သွားရာ ဖော်ရွေသောလူကြီးတစ်ယောက်က ကျွန်တော့်အားအထဲသို့ဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ကျွန်တော်ဘာမျှမဖြစ်ခဲ့ချေ။
မကြာမီကျွန်တော့်အား သက်သေခံငါးဦးမှ ခုနစ်ဦးအထိရှိ ပတ်စဉ်တွေ့ဆုံသောသင်တန်းအုပ်စုကို ကြည့်ရှုရန်တာဝန်ပေးခဲ့သည်။ ကျွန်ုပ်တို့သည်အနီးအနားနိုင်ငံများမှ ဂျာမနီတွင်းသို့ သွင်းယူလာသော ကင်းမျှော်စင် များကိုလေ့လာကြသည်။ ထို့ကြောင့်၊ ပိတ်ပင်ထားသော်ငြားလည်း ဝိညာဉ်ရေးအရ ခွန်အားရှိရန် ကျွန်ုပ်တို့သည်ယေဟောဝါ၏ “စားပွဲ” ၌မှန်မှန်ထိုင်ခဲ့ကြသည်။—၁ ကောရိန္သု ၁၀:၂၁။
စုံစမ်းခြင်းများကို ခံရပ်ခြင်း
၁၉၃၆ တွင်ကင်းမျှော်စင်အသင်း၏ဥက္ကဌ ဂျေအက်ဖ်ရပ်သဖော့ဒ်သည် ဆွစ်ဇာလန်၊ လူစင်နီရှိစည်းဝေးကြီးသို့ တက်ရောက်လျက် ဂျာမနီရှိသီအိုကရက်တစ်ကြီးကြပ်မှု တာဝန်ယူနေသော ညီအစ်ကိုများကို ဖိတ်ခေါ်ခဲ့သည်။ သို့သော်ညီအစ်ကိုအများ၏ နိုင်ငံကူးလက်မှတ်များသည် သိမ်းယူခံရခြင်းနှင့် ညီအစ်ကိုအများသည် ရဲများ၏အနီးကပ် စောင့်ကြည့်ခံရမှုကြောင့် အနည်းငယ်သာတက်ရောက်နိုင်ခဲ့သည်။ ဒရက်စ်ဒင်တွင် ဦးစီးနေသောညီအစ်ကိုက ကျွန်တော်အား လူစင်နီတွင် သူ့ကိုယ်စားသွားခိုင်းလေသည်။
“ဒါပေမယ့်ကျွန်တော်ဟာ သွားဖို့သိပ်ငယ်ပြီး အတွေ့အကြုံလည်းနည်းသေးတယ်မဟုတ်လား” ဟု မေးခဲ့သည်။
“လိုတာက,သစ္စာရှိခြင်းပဲ” ဟုသူက အားပေးသည်။ “အဲ့ဒါအဓိကအချက်ပဲ။”
လူစင်နီမှပြန်လာ၍မကြာမီ၊ ကျွန်တော်အဖမ်းခံရပြီး ဇနီးဖြစ်သူအီဗာနှင့် ကလေးနှစ်ဦးထံမှ ရုတ်တရက်ခွဲခွာခဲ့ရသည်။ ဒရက်စ်ဒင်ရှိ ရဲဌာနချုပ်သို့ခေါ်သွားစဉ်လမ်းတွင် ကျွန်တော်သည် ကျွန်တော့်အားလမ်းညွှန်ရန် ကျမ်းပိုဒ်ကို သတိရရန်အထူးကြိုးပမ်းသည်။ သု၊ ၃:၅၊ ၆ ကိုသတိရလာသည်။ “[ယေဟောဝါ] ကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ [ယေဟောဝါ] ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင်သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” ဤကျမ်းပိုဒ်ကိုသတိရခြင်းဖြင့် ပွဲဦးထွက်စစ်ဆေးမှုအတွက် ကျွန်တော့်အားခွန်အားရှိစေသည်။ ယင်းနောက်ကျွန်တော့်အား ကျဉ်းကျပ်သောအခန်းထဲတွင် ချုပ်နှောင်ခဲ့သည်။ ကျွန်တော်သည်အစွန့်ပစ်ခံအဖြစ် စိတ်ဓာတ်ကျလျက် တစ်ခဏခံစားရသည်။ သို့သော်စိတ်ထက်သန်စွာ ယေဟောဝါထံဆုတောင်းခြင်းက ကျွန်တော့်အားငြိမ်သက်ခြင်းဖြင့်ပြည့်စေသည်။
တရားရုံးကကျွန်တော့်အားထောင် ၂၇ လချခဲ့သည်။ ကျွန်တော့်အားဘော့ဇင်ထောင်တွင် သံဝေဂရရန် တစ်ဦးတည်းတစ်နှစ်လုံး အကျဉ်းချထားခဲ့သည်။ တစ်ခါကအငြိမ်းစားတရားရေးအရာရှိတစ်ဦးသည် အခြားသူတစ်ဦးအစားရောက်လာကာ ကျွန်တော်၏ထောင်တံခါးကိုဖွင့်လျက် စာနာစွာဖြင့် “ခင်ဗျားဘာမှဖတ်ဖို့ အခွင့်မရတာကျွန်တော်သိပါတယ်။ ဒါပေမယ့်ခင်ဗျားခံစားနေရတာကို မေ့ပျောက်ဖို့ တစ်ခုခုတော့လိုမှာပဲ” ဟုဆိုသည်။ ထိုသို့ပြောရင်းမသိမသာဖြင့် မိသားစုမဂ္ဂဇင်းများကို ပေးကာ “ဒီညအဲ့ဒါတွေ ကျွန်တော်ပြန်လာယူမယ်” ဟုဆိုသည်။
အမှန်တွင် ‘ကျွန်တော်မေ့ပျောက်ရန်’ ဘာမျှမလိုအပ်ချေ။ တစ်ဦးတည်းအကျဉ်းကျခံရစဉ် ကျွန်တော်မှတ်မိသလောက် ကျမ်းချက်များကိုပြန်စဉ်းစားပြီး ဟောပြောချက်များပြင်ဆင်ကာ ကျယ်လောင်စွာဖြင့်ဟောပြောခဲ့သည်။ သို့သော်လည်းကျွန်တော်သည် မဂ္ဂဇင်းများတွင် ကျမ်းချက်များပါမပါ လှန်လှောကြည့်လိုက်ရာ များစွာတွေ့ခဲ့ရသည်။ တစ်ခုမှာ ဖိလိပ္ပိ ၁:၆ ဖြစ်ပြီး “သင်တို့တွင်ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်. . . ပြီးစီးလျက်ပြုတော်မူမည်ဟု ငါသဘောကျ၏” ဟုတစ်စိတ်တစ်ပိုင်းဆိုထားသည်။ ဤအားပေးမှုအတွက် ယေဟောဝါကိုကျွန်တော်ကျေးဇူးတင်ခဲ့သည်။
နောက်ပိုင်းတွင် ကျွန်တော့်အားအလုပ်ကြမ်းစခန်းသို့ ပြောင်းလိုက်သည်။ သို့နှင့်၊ ၁၉၃၉ ခုနှစ်၊ နွေဦးတွင် ကျွန်တော်၏ထောင်ဒဏ်ကုန်ဆုံးခါနီးတွင် စခန်းမှူးသည်လာ၍ ကျွန်တော့်သဘောထား ပြောင်းမပြောင်းမေးလာသည်။ ကျွန်တော့်အဖြေကား “ကျွန်တော်ဟာ ကိုယ့်ယုံကြည်ချက်အတိုင်း သစ္စာစောင့်ဖို့ ရည်ရွယ်ထားတယ်” ဟူ၍ဖြစ်သည်။ သူကကျွန်တော့်အား ဆတ်ခ်စင်ဟောင်ဇင် ချွေးတပ်စခန်းသို့ ပြောင်းရွှေ့ခံရမည်ဖြစ်ကြောင်း အကြောင်းကြားသည်။
ထိုတွင်ကျွန်တော်၏ ကိုယ်ပိုင်ပစ္စည်းအားလုံးကို ပေးအပ်ရ၍၊ ရေချိုးပေးကာ၊ ခန္ဓာအမွှေးအားလုံးကို ရိတ်ပေးပြီးနောက် ထောင်အဝတ်များပေးသည်။ ထိုနောက်ကျွန်တော့်အား အက်စ်အက်စ်များက “နှစ်ခြင်း” ဟုခေါ်သည့်အစီအစဉ်ဖြစ်သော ရေပန်းအောက်တွင် အဝတ်အပြည့်အစုံနှင့်တစ်ဖန် ရပ်ရပြန်သည်။ ထို့နောက်ကျွန်တော့်အား လုံးဝစိုရွှဲလျက် ညနေစောင်းသည်အထိ အပြင်ဘက်တွင်အတင်းရပ်စေခဲ့သည်။
စခန်းတွင်ယေဟောဝါသက်သေများသည် အက်စ်အက်စ်များ၏ အထူးရက်စက်မှုကို ခံရသည်။ ချိန်ခါများစွာပင်၊ ကျွန်တော်တို့သည် စစ်ရေးပြကွင်းတွင် အဆုံးမရှိဟုထင်ရလောက်အောင် ရပ်နေရသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့အထဲမှတစ်ဦးက “တကယ့်ကိုထမင်းကောင်းကောင်းလေး တစ်ပွဲစားလိုက်ရရင် မကောင်းဘူးလား” ဟုညည်းသည်။ နောက်တစ်ယောက်က “မင်းစိတ်ကို အဲ့ဒီလိုအရာတွေအပေါ်မှာ မထားနဲ့။ ယေဟောဝါနာမနဲ့ ကိုယ်တော်ရဲ့နိုင်ငံတော် အတွက်ရပ်တည်ရတာ ဘယ်လောက်ဂုဏ်ရှိတယ်ဆိုတာကိုပဲ စဉ်းစားပါ” ဟုပြန်ပြောလေသည်။ နောက်တစ်ယောက်က “ယေဟောဝါတို့ကို ခွန်အားပေးမှာပါ” ဟုထပ်ဆင့်လိုက်သည်။ ဤသို့ဖြင့်ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် အားပေးခဲ့ကြသည်။ တစ်ခါတစ်ရံခင်မင်စွာ ခေါင်းညိမ့်ပြရုံနှင့် “ကျွန်တော်သစ္စာရှိချင်တယ်၊ မင်းလည်းထို့အတူပြုလုပ်ပါ” ဟုပြောဆိုလိုက်သကဲ့သို့ဖြစ်သည်။
စခန်းတွင်ဝိညာဏအစာ
အချို့သည် ညီအစ်ကိုများအား ဝိညာဉ်ရေးအရ ကျွေးမွေးရန် ဦးဆောင်ပြီး၊ သူတို့ကိုထောက်ကူရန် ကျွန်တော့်အားရွေးချယ်ခဲ့သည်။ ကျွန်တော်တို့တွင်ထူထဲသော လူသာကျမ်းစာ တစ်အုပ်သာရှိသည်။ ယင်းကိုပိုင်ဆိုင်ထားခြင်းကိုလည်း တားမြစ်ထားသည်။ ထို့ကြောင့်ဤကျောက်မျက်ကို ဖွက်ထားပြီး၊ အုပ်စုတစ်ခုတွင် သတ်မှတ်ထားသူတစ်ဦးသာ ယင်းကိုအချိန်အနည်းငယ်ကိုင်တွယ်နိုင်ခွင့်ရှိလေသည်။ ကျွန်တော့်အလှည့်ရောက်သောအခါ၊ ကျွန်တော်သည် ကုတင်အောက်သို့ဝပ်တွားကာ အိတ်ဆောင်လက်နှိပ်မီးဖြင့် ၁၅ မိနစ်ခန့်ဖတ်လေသည်။ ကျွန်တော်တို့အုပ်စုရှိညီအစ်ကိုများနှင့် ကျွန်တော်ပြန်၍ဆွေးနွေးနိုင်မည့် ကျမ်းပိုဒ်များကို အလွတ်ကျက်ထားခဲ့သည်။ သို့နှင့်၊ ဝိညာဏအစာဝေမျှခြင်းကို အတော်အတန်အထိ ဖွဲ့စည်းနိုင်ခဲ့လေသည်။
ညီအစ်ကိုများအားလုံးကို ထပ်ဆင့်ဝိညာဏအစာအတွက် ယေဟောဝါထံဆုတောင်းရန် အားပေးခဲ့ရာ ကိုယ်တော်သည်ကျွန်တော်တို့၏ တောင်းလျှောက်သံကို နားညောင်းခဲ့သည်။ ၁၉၃၉/၄၀ ခုနှစ်ဆောင်းရာသီတွင်၊ ထောင်ကျစလူသစ်ညီအစ်ကိုတစ်ဦးသည် သူ၏သစ်သားခြေထောက်တုထဲတွင် ကင်းမျှော်စင် စာစောင်အသစ်အချို့ကိုဝှက်၍ စခန်းအတွင်းသို့ သွင်းနိုင်ခဲ့လေသည်။ ယင်းသည်အံ့ဖွယ်တန်ခိုးဖြစ်သည်။ အကြောင်းမှာအားလုံးကို စေ့စေ့စပ်စပ်ရှာဖွေသောကြောင့်ဖြစ်သည်။
လုံခြုံမှုအတွက်၊ ဤမဂ္ဂဇင်းများကို ရွေးချယ်ထားသောညီအစ်ကိုများအား တစ်ခါလျှင်တစ်ရက်သာရယူနိုင်သည်။ တစ်ခါက၊ မော်တော်ကားရုံဆောက်နေစဉ် ညီအစ်ကိုတစ်ဦးသည် အပြင်ဘက်တွင် စောင့်ကြပ်နေစဉ် ကျွန်တော်သည် ကတုတ်ကျင်းထဲဝပ်တွားကာ ဖတ်ရှုလေသည်။ တစ်ခါက “ချုပ်လုပ်ချိန်” (ညနေပိုင်းတွင် မိမိတို့၏တန်းလျားတွင်ထိုင်၍ လက်အိတ်နှင့်အခြားအရာများကိုပြုပြင်ချုပ်လုပ်ကြသည်) တွင်ညီအစ်ကိုများသည် တစ်ဘက်တစ်ချက်သို့အစောင့်များအဖြစ် ထိုင်နေကြစဉ်ကျွန်တော်သည် ကင်းမျှော်စင်ကိုပေါင်ပေါ်တင်ထားသည်။ အက်စ်အက်စ်အစောင့်တစ်ဦးရောက်လာသောအခါ ကင်းမျှော်စင်ကိုမြန်မြန်ပင် ဝှက်လိုက်ရသည်။ မိသွားပါက သေဒဏ်ပါတကား။
ဆောင်းပါးတွင်းရှိ ခွန်အားရဖွယ်အကြောင်းများကို မှတ်မိရန် ယေဟောဝါသည် ကျွန်ုပ်တို့အားအံ့ဖွယ်ကူညီပေးသည်။ လုံးဝမောဟိုက်ခြင်းက အများအားဖြင့် ကျွန်တော့်အားညတွင် အိပ်မောကျစေခဲ့သည်။ သို့သော်ကျွန်တော် ကင်းမျှော်စင်ဖတ်ပြီးနောက် ညများတွင် ကျွန်တော်သည်ချိန်ခါများစွာ နိုးလာပြီး အကြောင်းအရာများကို အတော်ရှင်းလင်းစွာသတိရလာသည်။ အခြားအုပ်စုများတွင်ရှိ ခန့်အပ်ထားသောညီအစ်ကိုများသည်လည်း အလားတူကြုံတွေ့ရသည်။ သို့ဖြင့်ကျွန်ုပ်တို့သည် ဝိညာဏအစာကို ဝေမျှနိုင်ရန် ယေဟောဝါသည် ကျွန်ုပ်တို့၏အမှတ်သညာကို ထက်စေခဲ့သည်။ ယင်းကိုကျွန်ုပ်တို့သည် ညီအစ်ကိုတစ်ဦးချင်းအား ချဉ်းကပ်၍အားပေးခြင်းဖြင့် ပြုလုပ်ခဲ့သည်။
သေသည့်တိုင်အောင်သစ္စာစောင့်ခြင်း
၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့တွင်၊ ကျွန်ုပ်တို့၏အလုပ်ကြမ်းစခန်းခွဲသည် သာမန်ထက်စော၍ စခန်းသို့ပြန်ခဲ့ရသည်။ အဘယ်ဖြစ်ရပ်ကြောင့်နည်း။ ကျွန်ုပ်တို့၏ညီအစ်ကိုငယ်တစ်ဦးဖြစ်သူ ဩဂုတ်စ်ဒစ်မင်သည် လူပုံအလယ်တွင်ပစ်သတ်ခံရမည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ပြုခြင်းဖြင့် သက်သေခံအများအား သူတို့၏ယုံကြည်ခြင်းကိုစွန့်ရန် ဖြစ်စေမည်ဟု နာဇီများယုံကြည်ခဲ့ကြသည်။ ပစ်သတ်ပြီးနောက်၊ အခြားထောင်သားအားလုံးကို လွှတ်လိုက်သည်။ သို့သော်ကျွန်ုပ်တို့ယေဟောဝါသက်သေများကိုမူကား လုံးဝမလှုပ်ရှားနိုင်တော့သည်အထိ စစ်ရေးပြကွင်းတွင် ရှေ့တိုးနောက်ဆုတ်နှင့်နောက်မှမောင်းနှင်၍၊ ခြေထောက်နှင့်ကန်လျက် တုတ်များနှင့်ရိုက်ကြသည်။ ကျွန်ုပ်တို့အားမိမိတို့ယုံကြည်ခြင်းကို စွန့်ပယ်သည့်ကြေညာချက်ကို လက်မှတ်ရေးထိုးခိုင်းသည်။ ထိုသို့မပြုလျှင်၊ ကျွန်ုပ်တို့လည်း ပစ်သတ်ခံရမည်ဖြစ်သည်။
နောက်တစ်နေ့ရောက်သည့်တိုင် မည်သူမျှလက်မှတ်မထိုးကြ။ သို့အစား၊ လက်မှတ်ထိုးထားသော ရောက်ခါစထောင်သားသစ်တစ်ဦးသည် ယခုမိမိ၏လက်မှတ်ထိုးထားခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ သူသည်စခန်းမှ သစ္စာဖောက်အဖြစ် ထွက်သွားရမည့်အစား မိမိ၏ညီအစ်ကိုများနှင့် သေရန်လိုလားခဲ့သည်။ နောက်ပိုင်းလများတွင်၊ ကျွန်ုပ်တို့အားအလုပ်ကြမ်း၊ ဆက်တိုက်နိုင်လိုမင်းထက်ပြုခြင်းနှင့် အစားအစာမပေးခြင်းတို့ဖြင့် ဒဏ်ခတ်ခံရသည်။ ၁၉၃၉/၄၀ ခုနှစ်၊ ပြင်းထန်သောဆောင်းရာသီအတွင်း ကျွန်ုပ်တို့၏ညီအစ်ကို တစ်ရာကျော်သေဆုံးခဲ့ရသည်။ သူတို့သည် ယေဟောဝါနှင့်ကိုယ်တော်၏နိုင်ငံတော်အပေါ် သူတို့၏သစ္စာစောင့်သိမှုကို အဆုံးတိုင်အောင် စောင့်ထိန်းခဲ့သည်။
သို့သော်ယေဟောဝါသည် မိမိ၏သစ္စာစောင့်သိသူများအား မမေ့လျော့ခဲ့ချေ။ ညီအစ်ကိုအများအား စခန်းသစ်ဖွင့်သည်နေရာများတွင် ပြန်၍နေရာချထားခံရကာ ထိုတွင်သူတို့သည်ပိုမို၍အစားအစာများရရှိခဲ့ကြသည်။ ထို့ပြင်နိုင်ထက်စီးနင်းပြုခြင်းများ လျော့နည်းလာလေသည်။ ၁၉၄၀ ခုနှစ်နွေဦးတွင်ကျွန်တော့်အား နူအန်ဂမာချွေးတပ်စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။
နူအန်ဂမာတွင် ဝိညာဏပြင်ဆင်ပေးချက်
ကျွန်တော်ရောက်သောအခါ ကျွန်ုပ်တို့သည်သက်သေခံ ၂၀ ရှိသောအုပ်စုဖြစ်ပြီး၊ သမ္မာကျမ်းစာ (ဝါ) အခြားစာပေများမရှိကြချေ။ နူအန်ဂမာတွင်ရှိသော ညီအစ်ကိုများကို ခိုင်ခန့်စေရန် ဆတ်ခ်စင်ဟောင်ဇင်တွင် ကျွန်တော်သိရှိခဲ့ရသည်များကို အသုံးပြုနိုင်ရန် ကူညီပေးဖို့ ယေဟောဝါထံကျွန်တော်ဆုတောင်းခဲ့သည်။ ပထမခြေလှမ်းအဖြစ်၊ ကျမ်းပိုဒ်များကိုကျွန်တော်ပြန်စဉ်းစားပြီး ယင်းတို့ကိုနေ့စဉ်ကျမ်းချက်များအဖြစ် ရွေးချယ်လေသည်။ ယင်းနောက်ဆတ်ခ်စင်ဟောင်ဇင်တွင် ကျွန်တော်သိရှိခဲ့ရသော ကင်းမျှော်စင်ထဲမှအကြောင်းများကို စည်းဝေးများတွင်ပြန်ရှင်းပြဖို့ ပြင်ဆင်ရသည်။ ညီအစ်ကိုအသစ်များ ရောက်လာသောအခါ သူတို့သည်မကြာသေးမီက ရောက်လာသောကင်းမျှော်စင် ထဲမှကြားသိခဲ့ရသည်များကို သတင်းပို့ကြသည်။
၁၉၄၃ ခုနှစ်သို့ရောက်သောအခါ နူအန်ဂမာ ရှိယေဟောဝါသက်သေများသည် ၇၀ အထိဖြစ်လာလေသည်။ ယေဟောဝါသက်သေများသည် လေကြောင်းတိုက်ခိုက်မှုပြီးနောက် သန့်ရှင်းရေးလုပ်ငန်းကဲ့သို့သော အလုပ်များကို စခန်းပြင်ပ၌လုပ်ကိုင်စေရန် လိုလားလာကြသည်။ ရလဒ်အဖြစ်၊ ကျွန်ုပ်တို့သည်သမ္မာကျမ်းစာများ၊ ကင်းမျှော်စင်စာစောင်များ၊ အခြားအသင်းမစာစောင်များနှင့် ဘရိုရှာစာစောင်များကို စခန်းအတွင်းသို့ လျှို့ဝှက်စွာသွင်းနိုင်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် နှစ်ပတ်လည်အောက်မေ့ရာပွဲတော်အတွက် စပျစ်ရည်နီနှင့် တဆေးမဲ့မုန့်အပါအဝင် နောက်ထပ်စာပေများပါဝင်သည့် ပါဆယ်ထုပ်များကို စာတိုက်အားဖြင့်လည်းရရှိခဲ့ကြသည်။ ယေဟောဝါသည် ဤပါဆယ်ထုပ်များကို စစ်ဆေးသူများအား မျက်စိကန်းစေခဲ့သည်မှာ ထင်ရှားလေသည်။
ကျွန်ုပ်တို့သည် သီးခြားတန်းလျားများတွင် ကွဲပြန့်နေကြသောကြောင့် ကင်းမျှော်စင် သင်တန်းခုနစ်ခုဖွဲ့စည်းခဲ့ပြီး အုပ်စုတစ်ခုစီတွင် သင်တန်းမှူးနှင့်အရန်တစ်ဦးထားပေးလေသည်။ ကင်းမျှော်စင် မိတ္တူများကို ကျွန်တော်ယာယီအလုပ်လုပ်သော စခန်းမှူးရုံးခန်းထဲတွင် လျှို့ဝှက်စွာပြုလုပ်ရသည်။ ထို့ကြောင့်၊ အုပ်စုတစ်ခုစီသည် သူတို့၏ပတ်စဉ်သင်တန်းအတွက် အနည်းဆုံးစာစောင်အပြည့်အစုံတစ်ခု ရရှိလေသည်။ စည်းဝေးတစ်ခုမှ ဖျက်သိမ်းခြင်းမရှိခဲ့ချေ။ ထို့ပြင်၊ နံနက်တိုင်းစစ်ရေးပြကွင်းတွင် အုပ်စုများသည် ကင်းမျှော်စင် မှကောက်နှုတ်ထားသော မှတ်ချက်အပါအဝင် နေ့စဉ်ကျမ်းချက်တစ်စောင်ကိုရရှိကြသည်။
တစ်ခါက အက်စ်အက်စ်တို့သည် အားလပ်ခွင့်ရကြရာ ကျွန်ုပ်တို့သည်နေ့ဝက်စည်းဝေးပွဲကြီး ကျင်းပနိုင်ခဲ့ကြပြီး၊ စခန်းထဲတွင်မည်သို့ ဟောပြောမည်ကို ဆွေးနွေးနိုင်ခဲ့ကြသည်။ ကျွန်ုပ်တို့သည်စခန်းကို ရပ်ကွက်များအဖြစ် ခွဲခြမ်းလိုက်ပြီး၊ ထောင်သားများထံဘုရား “နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်း” ရောက်ရှိရန် စနစ်တကျကြိုးပမ်းခဲ့ကြသည်။ (မဿဲ ၂၄:၁၄) ထောင်သားများသည် နိုင်ငံတကာမှဖြစ်သောကြောင့် စကားအမျိုးမျိုးဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းနှင့် ဘုရားနိုင်ငံတော်အကြောင်း ရှင်းပြထားသည့် စကားအမျိုးမျိုးဖြင့် သက်သေခံကပ်ပြားများကို ပြုလုပ်ခဲ့ကြသည်။ ကျွန်ုပ်တို့သည်ဇွဲရှိရှိဖြင့် ဟောပြောလွန်းသောကြောင့် နိုင်ငံရေးအကျဉ်းသားများက “ဘယ်ပဲသွားသွား ယေဟောဝါအကြောင်း ပြောနေတာပဲ ကြားရတယ်” ဟုညည်းလေသည်။ ကျွန်ုပ်တို့၏လုပ်ငန်း လယ်ကွင်းမှတ်တမ်းသည် ဆွစ်ဇာလန်၊ ဘန်းရှိဌာနခွဲသို့ပင် ရောက်ရှိလေသည်။
၁၉၄၄ ခုနှစ်တွင်ချွေးတပ်စခန်းအားလုံးကို ဂက်စ်တာပိုများမစစ်ဆေးမီအထိ အခြေအနေများ အားလုံးကောင်းခဲ့လေသည်။ နူအန်ဂမာတွင်ရှိ ကျွန်ုပ်တို့၏စာအုပ်များသိုထားရာနေရာကို သူတို့မတွေ့ရှိကြ။ သို့သော်ကားလ်ရှတ်စာနှင့်ကျွန်တော်၌ အရာအချို့တွေ့ရှိခဲ့ကြသည်။ သုံးရက်တိုင်တိုင် ကျွန်ုပ်တို့အားစစ်ဆေး၍ ရိုက်နှက်ခဲ့ကြသည်။ လုပ်ရိုးလုပ်စဉ် ပြီးသွားသောအခါ ကျွန်ုပ်တို့နှစ်ဦးစလုံးသည် ဒဏ်ရာများနှင့်ပြည့်နေခဲ့သည်။ သို့သော်လည်း၊ ယေဟောဝါ၏အကူအညီဖြင့် ကျွန်ုပ်တို့အသက်ဆက်ရှင်ခဲ့သည်။
ဝိညာဏကောင်းချီးများ အလျှံပယ်
ကျွန်တော်သည် ၁၉၄၅ ခု၊ မေလတွင် မဟာမိတ်တပ်များအားဖြင့် လွတ်မြောက်ခဲ့သည်။ လွတ်မြောက်ပြီးသည့်နောက်တစ်နေ့တွင် ကျွန်တော်သည် ညီအစ်ကိုများနှင့်စိတ်ဝင်စားသူ အုပ်စုငယ်တစ်ခုဖြင့် စတင်လမ်းလျှောက်ကြသည်။ ကျွန်ုပ်တို့ပထမဆုံး ရောက်ရှိလာသောရွာ၌ ကျွန်ုပ်တို့သည်မောပန်းလျက်၊ ထိုင်ကြကာ ရေသောက်ခဲ့ကြသည်။ လန်းဆန်းလာသောကြောင့် ကျွန်တော်သည် လက်မောင်းကြားတွင် ကျမ်းစာအုပ်ညှပ်ခါ တစ်အိမ်မှတစ်အိမ်သို့ သွားခဲ့သည်။ ကျွန်ုပ်တို့ယေဟောဝါသက်သေများသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကြောင့် ချွေးတပ်စခန်းတွင်ကျရောက်ခဲ့ရသည်ကို မိန်းမငယ်တစ်ဦးသည် ကြားသိရသောအခါ အလွန်စိတ်ထိခိုက်မိသည်။ သူမသည်သူမ၏မီးဖိုချောင်ထဲသို့ဝင်သွားပြီး ကျွန်ုပ်တို့၏အုပ်စုအတွက် လတ်ဆတ်သောနွားနို့နှင့် အသားညှပ်ပေါင်မုန့်များဖြင့် ပြန်လာခဲ့လေသည်။
ထို့နောက်၊ ကျွန်ုပ်တို့၏စခန်းဝတ်စုံများကို ဝတ်ဆင်ထားလျက်ပင် ထိုတစ်ရွာလုံးကို ဘုရားနိုင်ငံတော်သတင်း ကြေညာခဲ့လေသည်။ နောက်ရွာသားတစ်ဦးက ကျွန်ုပ်တို့အတွက် ရက်ရောစွာပင် အစားအစာများခင်းကျင်းပေးခဲ့သည်။ ကိုယ်တော်သည်ကျွန်ုပ်တို့ နှစ်ပေါင်းများစွာ လစ်ဟင်းနေသော အရာများကိုကျွေးမွေးခဲ့သည်။ မည်မျှသွားရေကျစရာပါတကား။ သို့ပင်ငြားလည်း၊ ကျွန်ုပ်တို့သည် အစာများကို အငမ်းမရမဝါးမြိုခဲ့ကြချေ။ ကျွန်ုပ်တို့သည်ဆုတောင်းလျက် တည်ငြိမ်စွာဖြင့်၊ သိမ်သိမ်မွေ့မွေ့ စားသောက်ခဲ့ကြသည်။ ယင်းကကြည့်ရှုနေသူများအား အံ့အားသင့်စေလှသောကြောင့် စားသောက်ပြီးနောက် စည်းဝေးကျင်းပသောအခါ သူတို့သည်ကျမ်းစာဟောပြောချက်ကို နားထောင်ခဲ့ကြသည်။ အမျိုးသမီးတစ်ဦးသည် သတင်းတော်ကိုလက်ခံကာ ယနေ့ကျွန်ုပ်တို့၏ ဝိညာဏညီအစ်မတစ်ဦးဖြစ်၍နေပေပြီ။
ကျွန်ုပ်တို့ဆက်လက်ချီတက်သွားကြကာ ယေဟောဝါ၏စောင့်ရှောက်မှုကို အံ့ဖွယ်နည်းများဖြင့် တွေ့ကြုံခဲ့ရသည်။ ယေဟောဝါအဖွဲ့အစည်းမှ ထုတ်ဝေသောဝိညာဏအစာ အားလုံးကို ယခုလွတ်လပ်စွာ ဆက်လက်ခံစားလျက် အခြားသူများနှင့် ဝေမျှရခြင်းသည် မည်မျှကြီးမြတ်သော အခွင့်အရေးကြီးပါတကား။ နောက်ပိုင်းနှစ်များတွင် ယေဟောဝါ၌ကျွန်ုပ်တို့၏ အကြွင်းမဲ့ကိုးစားမှုသည် ထပ်တလဲလဲ ဆုချခံခဲ့ရသည်။
၁၉၄၅ မှ ၁၉၅၀ ခုနှစ်အထိ ကျွန်တော်သည်မက်ဒဘတ်ဗေသလတွင်လည်းကောင်း၊ ၁၉၅၅ ခုနှစ်အထိ ဘာလင်ရှိ ကင်းမျှော်စင်အသင်းရုံး၌လည်းကောင်း အမှုဆောင်ရသောအခွင့်အရေးကို ရရှိခဲ့လေသည်။ ထို့နောက်၊ ကျွန်တော်သည် ၁၉၆၃၊ ခုနှစ်တွင်ကျွန်တော်၏ဇနီးဟေးလ်ဒါသည် ကလေးရတော့မည်ဟုသိရသည်အထိ တိုက်နယ်ကြီးကြပ်ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ (ကျွန်တော်၏ပထမဇနီးအီဗာသည် ကျွန်တော်ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့၍ ၁၉၅၈ တွင်ကျွန်တော်ပြန်လက်ထပ်ခဲ့သည်။)
ပထမအိမ်ထောင်မှ ကျွန်တော်၏ကလေးများကော။ အကြောင်းမလှသည်ကား၊ ကျွန်တော်၏သားသည် သမ္မာတရားတွင် စိတ်ဝင်စားမှုမပြခဲ့ချေ။ သို့သော်ကျွန်တော်၏သမီးဂစ်စလာသည် စိတ်ဝင်စားကာ ၁၉၅၃ တွင်ဂိလဒ်သာသနာပြုကျောင်း တက်ရောက်ခဲ့သည်။ သူမသည်ယခုသူမ၏ခင်ပွန်းနှင့်အတူ ဂျာမနီရှိအစည်းအဝေးကြီးခန်းမ တည်ဆောက်ရာနေရာတစ်ခုတွင် အမှုဆောင်လျက်ရှိသည်။ ယေဟောဝါ၏အကူအညီဖြင့် ကျွန်တော်သည် ၁၉၆၃ ခုနှစ်ကတည်းက မှန်မှန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်နိုင်ခဲ့ပြီး ပထမတွင် ဖရန့်ဖတ်နှင့်နောက်တွင် တူဘင်ဂင်၌ လိုအပ်သည့်နေရာများတွင် အမှုဆောင်ခဲ့သည်။
ယနေ့အထိ ကျွန်တော်သည်ကိုယ်တော်၏ ယုံကြည်သူအိမ်သားများအတွက် ယေဟောဝါအဖွဲ့အစည်းမှ ပြင်ဆင်ပေးမှုအားလုံးကို ဆက်လက်ခံစားရလျက်ရှိသည်။ (၁တိမောသေ ၃:၁၅) ယခုအချိန်တွင် ဝိညာဏအစာရရှိရန် အလွန်လွယ်ကူလှသည်။ သို့သော်ကျွန်ုပ်တို့သည် ယင်းကိုအစဉ်လေးမြတ်ပါသလော။ ယေဟောဝါ၌ကိုးစားသူ၊ သစ္စာစောင့်သိသူနှင့် ကိုယ်တော်၏စားပွဲ၌ စားသောက်သူများအပေါ် ကိုယ်တော်သည်ကြွယ်ဝလှစွာသော ကောင်းချီးများသိုထားသည်ကို ကျွန်တော်ယုံကြည်စိတ်ချသည်။