ကျန်းမာမှုနှင့်ပျော်ရွှင်ခြင်း—သင်မည်သို့တွေ့ရှိနိုင်မည်နည်း
ကျန်းမာမှုနှင့်ပျော်ရွှင်ခြင်း အနီးကပ်ဆက်စပ်နေခြင်းကို လူတို့ကြာမြင့်စွာကပင် အသိအမှတ်ပြုခဲ့ပြီး၊ “ဆေးဖခင်” အဖြစ်ယူမှတ်ခဲ့သော ဟစ်ပိုကရေးတီးစ်က၊ “ပညာရှိတစ်ဦးသည် ကျန်းမာရေးကို လူ့ကောင်းချီးတွင် အကြီးမားဆုံးကောင်းချီးဟု ယူမှတ်သင့်သည်” ဟုဆိုခဲ့သည်။ ဂျာမန်အတွေးအခေါ်ပညာရှင် အာသာရှိုပင်ဟောင်ရာက “လူ့ပျော်ရွှင်မှု၏ရန်သူနှစ်ဦးကား နာကျင်ခြင်းနှင့်ငြီးငွေ့ခြင်း” ဖြစ်သည်။
Anatomy of an Illness as Perceived by the Patient စာအုပ်၌နော်မင်ကာစင်က သူ၏အသက်အတွက် ခြိမ်းခြောက်နေသော ဖျားနာမှုတို့ကိုတိုက်ဖျက်ရန် ရယ်မောခြင်းကိုအသုံးပြုပုံ အတွေ့အကြုံကိုဖော်ပြထားသည်။ သူပြန်လည်ကောင်းလာခြင်းသည် တစ်စိတ်တစ်ဒေသအားဖြင့် ဟာသရုပ်ရှင်များကြည့်စဉ် နှလုံးထဲမှရယ်မောခြင်းကြောင့်ဖြစ်ကြောင်း သူယုံကြည်သည်။ နာမည်ရဆရာဝန်များသည် ကိုယ်ခန္ဓာရယ်မောသောအခါ ထုတ်လွှတ်သည့် အင်ဒေါပင်ဓာတုဗေဒတစ်မျိုး၏ ဖြစ်နိုင်ဖွယ်ကောင်းကျိုးကို စတင်စူးစမ်းလျက်ရှိသည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် မှုတ်သွင်းခံဉာဏ်ပညာကို အထူးသတိပြုနိုင်သည်။ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။”—သု၊ ၁၇:၂၂။
သို့တိုင်၊ အများနှင့်ဆန့်ကျင်လျက် သုတေသီများက ကျန်းမာရေးကောင်းရှိခြင်းသည် ပျော်ရွှင်မှုအတွက် အာမခံချက်မဟုတ်ကြောင်း တွေ့ခဲ့ကြသည်။ အကြောင်းမှာ၊ ကျန်းမာရေးကောင်းသူ အတော်များများသည် မပျော်ရွှင်သောကြောင့်ဖြစ်သည်။ ဂျော်နသန်ဖရီးဒ်မင် ဦးစီး၍သုတေသနပြုခဲ့သောလူ ၁၀၀,၀၀၀ ကျော်အပေါ်မေးခွန်းနှင့် မေးမြန်းခန်းများမှ တွေ့ရှိရချက်မှာ မိမိတို့၏ဘဝတွင် ပျော်ရွှင်မှုမဲ့နေသောလူ ၅၀ ရာနှုန်းကျော်သည် အခြေခံအားဖြင့်ကျန်းမာနေသူများဖြစ်သည်။
ကျန်းမာရေးနှင့်ပျော်ရွှင်မှု—အကျဉ်းအားဖြင့်
သို့ဖြစ်လျှင်၊ ရှောင်တိမ်းနေသော ကျန်းမာရေးနှင့်ပျော်ရွှင်မှုကို ဘယ်နေရာတွင်ရှာဖွေရမည်နည်း။ စိတ်ဝင်စားဖွယ် အမြော်အမြင်ရှိသောစကားကို ရာစုများစွာက ကွန်ဖြူးရှပ်စ်ကဆိုခဲ့သည်။ “ကောင်းသောအစိုးရသည် ယင်းလက်အောက်ရှိသူများအား ပျော်ရွှင်အောင်ပြုလုပ်နိုင်ကာ၊ ဝေးလံသောနေရာရှိသူများကို ဆွဲဆောင်နိုင်လျှင် အောင်မြင်သည်။” ကျွန်ုပ်တို့ခေတ်ပိုင်းရှိ နိုင်ငံခေါင်းဆောင် သောမတ်စ်ဂျက်ဖာစင်က အစိုးရ၏တစ်ခုတည်းသော ရည်ရွယ်ချက်သည် “ယင်းလက်အောက်ရှိလူများကို အတတ်နိုင်ဆုံးအကြီးမားဆုံး ပျော်ရွှင်မှုကို ရရှိစေရန်ဖြစ်သည်” ဟုကြေညာခဲ့သည်။
အမှန်တွင်အနီးကပ်လေ့လာခြင်းဖြင့် ကျန်းမာရေးနှင့်ပျော်ရွှင်မှုအတွက် လူသားများရှာဖွေနေခြင်း၏ အဆုံးစွန်အဖြေသည်—အစိုးရတည်းဟူသော အရာတစ်ခုပေါ်၌သာမူတည်ကြောင်း ဖော်ပြသည်။
နှစ်ကာလတစ်လျှောက်တွင်လူသားများသည် သူတို့၏ပျော်ရွှင်မှုအတွက် အစိုးရထံသာ ရှုမျှော်ခဲ့ကြသည်။ ဥပမာ၊ အမေရိကန်၏လွတ်လပ်ရေးကြေညာစာတန်းတွင် ဤထင်ရှားသောစကားများ ပါဝင်သည်။ “လူတိုင်းသည် တန်းတူဖန်ဆင်းခံရသည်။ သူတို့၏ဖန်ဆင်းရှင်က သူတို့၌မကွဲပြားသော အခွင့်အရေးများ ပေးအပ်ထားပြီး၊ ယင်းတို့တွင်အသက်၊ လွတ်လပ်မှုနှင့် ပျော်ရွှင်မှုကိုရှာခြင်း ပါဝင်သည်ဟု ကျွန်ုပ်တို့ခံယူသည်။” အစိုးရသည် ပြည်သူများအား ပျော်ရွှင်မှုရှာပိုင်ခွင့်သာပေးနိုင်ကြောင်း ကတိပြုသည်ကို အထူးသတိပြုပါ။ ကျန်းမာရေးနှင့်စပ်လျဉ်း၍ အစိုးရအများသည် သူတို့ပြည်သားများ၏ ကျန်းမာရေးကိုတိုးတက်စေရန် ချီးမွမ်းဖွယ်တိုးမြှင့်နိုင်ခဲ့သည်။ သို့တိုင်၊ အများစုအတွက် ယေဘုယျကျန်းမာရေးကောင်းမှာမူ ရှောင်တိမ်းနေဆဲပင်ဖြစ်သည်။
ထိုထက်ပို၍ကမ်းလှမ်းသော အစိုးရနှင့်စပ်လျဉ်း၍ကော မည်သို့ဆိုမည်နည်း။ ပျော်ရွှင်မှုရှာခြင်းသာမဟုတ်ဘဲ ပျော်ရွှင်မှုကိုယ်နှိုက်ကိုကတိပြုလျှင်ကော မည်သို့နည်း။ ယင်းသည်ကောင်းသောကျန်းမာရေး အာမခံကိုမဟုတ်ဘဲ ကောင်းသောကျန်းမာရေးကိုယ်နှိုက်ကို ကတိပြုလျှင်ကောမည်သို့နည်း။ ထိုတွင်လူသားတို့ရှာဖွေနေသော ကျန်းမာရေးနှင့်ပျော်ရွှင်မှု၏ သော့ချက်အရင်းအမြစ်ရှိသည့်အတွက် သင်ဝမ်းမမြောက်ဘဲနေမည်လော။
လူအများကယင်းသည် သဘာဝမကျသောစိတ်ကူးယဉ်ဟု ယူဆပေမည်။ သို့သော်လည်း ထိုသို့သောအစိုးရကို အမှန်ပင်ကြိုဟောပြောထားပြီး၊ အသေးစိတ်ဖော်ပြထားသည်။ စိတ်ချရသောဖော်ပြချက်ကို သန့်ရှင်းသောသမ္မာကျမ်းစာတွင်တွေ့ရပြီး၊ ယင်းအစိုးရသည် ဘုရားရှင်၏မေရှိယနိုင်ငံဖြစ်သည်။
နိုင်ငံတော် (ဝါ) ဘုရားသခင့်အစိုးရ
သမ္မာကျမ်းစာက “ဘုရားနိုင်ငံတော်” အကြောင်းမကြာခဏပြောသည်။ ယင်းကားအဘယ်အရာနည်း။ Webster’s New World Dictionary of the American Language အဘိဓာန်က၊ “နိုင်ငံတော်” ကို “ဘုရင် သို့မဟုတ် ဘုရင်မဦးဆောင်သောအစိုးရ” ဟုဖော်ပြသည်။ ရိုးရိုးလေးပြောရလျှင် ဘုရားနိုင်ငံတော်သည် ဘုရားရှင်၏ဘိသိက်ခံသားတော်နှင့်ဘုရင် ယေရှုဦးဆောင်သော တော်ဝင်အုပ်ချုပ်ရေးဖြစ်သည့် အစိုးရတစ်ခုဖြစ်သည်။ ဤအစိုးရသည် ဘုရားသခင့်ရည်ရွယ်ချက်တွင် မည်မျှအရေးပါ,ပါသနည်း။ ယေရှု၏စကားများက ဖြေကြားပါစေ။ “နိုင်ငံတော်ကို. . . ရှေ့ဦးစွာရှာကြလော့၊ . . . နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ . . . ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို . . . ငါဟောပြောရမည်။ . . . ထိုသို့အလို့ငှာ ငါ့ကိုစေလွှတ်လျက်ရှိသည်။ . . . ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကိုအနိုင်အထက်ဝင်ကြ၏။”—မဿဲ ၆:၃၃။ ၂၄:၁၄။ လုကာ ၄:၄၃။ ၁၆:၁၆။
“နိုင်ငံတော်” စကားလုံးကို ယေရှု၏ဘဝဖြစ်ရပ်ခရစ်ဝင်ကျမ်းများတွင် အကြိမ်ပေါင်း ၁၀၀ မကအသုံးပြုထားခဲ့ပြီး၊ ကျန်းမာမှု၊ ပျော်ရွှင်ခြင်းနှင့်ဆက်နွယ်၍ အထူးအသုံးပြုသောအခါများလည်း ရှိလေသည်။ မဿဲ ၉:၃၅ ကိုသတိပြုပါ။ “ယေရှုသည်တရားဇရပ်တို့၌ ဆုံးမသြဝါဒပေးလျက် နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောလျက် လူများခံရသော အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက် မြို့ရွာရှိသမျှတို့ကို ဒေသစာရီလှည့်လည်တော်မူ၏။” ယေရှုသည်ရောဂါငြိမ်းစေခြင်းကို နိုင်ငံတော်အကြောင်းကိုယ်တော်၏သွန်သင်ခြင်းနှင့်ဆက်နွယ်ခဲ့သော်လည်း ရောဂါကုသပေးခြင်းသည် မိမိ၏ဟောပြောသွန်သင်ခြင်းတွင် ဒုတိယဖြစ်သည်ကို ကျွန်ုပ်တို့သတိပြုသင့်သည်။ ကိုယ်တော်ကို “ကုသပေးသူ” အဖြစ်မဟုတ်ဘဲ “ဆရာ” အဖြစ်သိရှိကြသည်။ (မဿဲ ၂၆:၁၈။ မာကု ၁၄:၁၄။ ယောဟန် ၁:၃၈) ကိုယ်တော်သည် လူများကိုကုသပေးခြင်း သို့မဟုတ် ဖျားနာသူများကိုစောင့်ရှောက်ခြင်းအပေါ် အဓိကအာရုံမစိုက်ခဲ့ချေ။ ကိုယ်တော်၏အဓိကစိတ်ဝင်စားနေမှုသည် အစဉ်ပင်နိုင်ငံတော်ဖြစ်သည်။ လူများ၏ဖျားနာမှုကို စောင့်ရှောက်ခြင်းဖြင့် ကိုယ်တော်သည်မိမိ၏ သနားစိတ်ကိုပြသခဲ့ပြီး၊ ဘုရားရှင်၏နောက်ခံအားပေးမှုရှိနေကြောင်း တင်ပြခဲ့သည်။
ယေရှု၏ကုသပေးခြင်းသည် ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးတစ်ဝန်းလုံးကို အပြည့်အဝကြိုးကိုင်သောအခါ ကိုယ်တော်ဆောင်ရွက်ပေးမည့် လူသားတို့၏ကျန်းမာရေးကို ပြန်လည်ထူထောင်ပေးခြင်း၏ရှေ့ပြေးဖြစ်သည်။ ယင်းကို ဗျာဒိတ် ၂၂:၁၊ ၂ တွင်ဖော်ပြထားသော ရူပါရုံအားဖြင့် ပိုမိုခိုင်မာစေသည်။ “ကျောက်သလင်းကဲ့သို့ကြည်လင်၍ ဘုရားသခင်နှင့်သိုးသငယ်၏ပလ္လင်တော်ထဲကထွက်သော အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည်ငါ့အားပြလေ၏။ မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဘက်၌လည်းကောင်း အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ့်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ဖြစ်၏။”
သို့သော်ကျွန်ုပ်တို့သည်ယင်းကို မည်သည့်နေရာတွင် ခံစားနိုင်မည်နည်း။ မြေကြီးပေါ်တွင် ထိုမျှလောက်ထူးမြတ်သောကုသမှု ဖြစ်ပေါ်လာရန် ကောင်းလွန်းလှသည်ဟုထင်ရပေမည်။ သို့သော်၊ ဆုတောင်းရာတွင် သင်ကိုယ်နှိုက်ပြောဆိုမိမည်ဖြစ်သော ယေရှု၏စကားများကို ပြန်လည်သတိရပါ။ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။”—မဿဲ ၆:၁၀။
ထိုကြောင့်၊ ဘုရားသခင့်မေရှိယနိုင်ငံတော်အောက်တွင် အနာဂတ်ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် ကျွန်ုပ်တို့၏စစ်မှန်သော၊ စိတ်ချရသော မျှော်လင့်ချက်တည်ရှိလေသည်။ သို့သော်မေးခွန်းတစ်ခုရှိနေသည်။
ကျွန်ုပ်တို့သည်ကျန်းမာခြင်းနှင့် ပျော်ရွှင်မှုကို လောလောဆယ်ခံစားနိုင်မည်လော
လောလောဆယ်ပင်၊ ကျမ်းစာမူများကို ကျွန်ုပ်တို့လိုက်လျှောက်နေခြင်းက ကျွန်ုပ်တို့အားပိုမိုပျော်ရွှင်ခြင်းနှင့်အတူ ပိုမို၍ကျန်းမာမှုကို ခံစားနိုင်စေသည်။ ဤဂျာနယ်တွင် မကြာခဏညွှန်ပြခဲ့သည့်အတိုင်း မိမိတို့၏နေ့စဉ်အသက်တာတွင် ကျမ်းစာကိုလက်တွေ့ကျင့်သုံးသူများသည် လိင်အကျင့်ပျက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သောက်ကြူးခြင်းနှင့် မူးယစ်ဆေးအလွဲသုံးခြင်းမှဖြစ်ပေါ်လာသော ကျန်းမာရေးပြဿနာများမှ ကာကွယ်ပေးလေ့ရှိသည်။ သူတို့သည် ပိုမိုငြိမ်းချမ်းသောအသက်တာ၏ အကျိုးကိုလည်းခံစားရပြီး၊ ဆွေမျိုးများ၊ အခြားသူများနှင့်လည်း ပိုမိုကောင်းသောဆက်ဆံရေးရှိကြလေသည်။
ကျန်းမာရေးကောင်းရှိခြင်းသည် တည်မြဲသောပျော်ရွှင်မှုကိုရရှိစေမည်ဟုမဆိုလိုကြောင်း ကျွန်ုပ်တို့မြင်တွေ့ခဲ့ရပြီ။ ပျော်ရွှင်မှုကိုပိုမိုခံစားနိုင်ရန် သင်ဘာပြုလုပ်ရမည်နည်း။
စောစောပိုင်းတွင်ဖော်ပြခဲ့သောသုတေသနတွင်၊ ဂျော်နသန်ဖရီးဒ်မင်က ထိုမေးခွန်းကိုအကျယ်တဝင့်သုံးသပ်ခဲ့သည်။ သူက “အချစ်နှင့်လိင်” “လူငယ်နှင့်ဇရာအို” “ဝင်ငွေနှင့်ပညာရေး” “မြို့နှင့်ကျေးလက်” စသည့်အကြောင်းများကိုပင် သုံးသပ်ခဲ့သည်။ ယင်းအကြောင်းများသည် လူတစ်ဦး၏အခြေခံ ပျော်ရွှင်မှုအပေါ် အနည်းငယ်သာအကျိုးသက်ရောက်မှုရှိပုံကို သူတွေ့ရှိခဲ့ရကြောင်း သင်သိလျှင်စိတ်ဝင်စားမိပေမည်။ ဥပမာ၊ ရုပ်ပစ္စည်းများစွာရှိလျက်နှင့် မပျော်သောသူများ၏ဖြစ်ရပ်များကို ထောက်ပြလျက်သူက “ဝင်ငွေကော၊ ပညာရေးကောပျော်ရွှင်မှုအတွက် အဓိကအပိုင်းကပါဝင်ပုံမရဘူးဆိုတာ ကျွန်ုပ်တို့အံ့သြစွာနဲ့ တွေ့ခဲ့ရပြီ” ဟုကောက်ချက်ချခဲ့သည်။
သူ၏ကောက်ချက်သည် သမ္မာကျမ်းစာကိုရေးသားသူ ပညာရှိတမန်တော်ပေါလု၏စကားများကို ပဲ့တင်ထပ်လျက်ရှိသည်။ “ငါသည်တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ်ရှိအံ့သောငှာ သင်မိပြီ။” (ဖိလိပ္ပိ ၄:၁၁) ယေရှု၏စကားများကိုလည်းသတိရပါလေ။ “လောဘလွန်ကြူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်။”—လုကာ ၁၂:၁၅။
အမှန်ပင်၊ ပရော်ဖက်ဆာဖရီးဒ်မင်က ဤသို့တွေ့ရှိခဲ့ရသည်။ “မကြာခဏပဲ၊ အရာရာဖူလုံနေပုံရတဲ့ ပျော်ရွှင်မှုမရှိတဲ့သူတွေရဲ့ ပြောဆိုချက်ကိုကျွန်ုပ်တို့ကြည့်တဲ့အခါ၊ သူတို့ရဲ့ဘဝဟာ အဓိပ္ပာယ်နဲ့လမ်းညွှန်မှုကင်းမဲ့နေကြောင်း သူတို့ပြောဆိုနေတာကို ကြားရတယ်။” “ကျွန်တော်ဒီအကြောင်းကို သိပ်မပြောလိုပေမဲ့ ဝိညာဏရေးရာဟာ ဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး၊ လူတစ်ဦးရဲ့ခံစားချက်ကို အကောင်းအတွက် လွှမ်းမိုးတယ်။ အဲ့ဒါအတော်ကင်းမဲ့နေရင်တော့ တခြားအရာတွေအားလုံးကို အဆိပ်သင့် သို့မဟုတ် အဓိပ္ပာယ်မဲ့ဖြစ်စေတယ်” ဟုသူကထပ်ဆင့်လိုက်သည်။
ကျွန်ုပ်တို့အချိန်တွင် ထိုရှုမြင်ချက်မှန်ကန်ပုံ အထောက်အထားများကို တွေ့မြင်ရသည်။ သင့်ပတ်လည်ကိုကြည့်လိုက်ပါ။ ချို့တဲ့သူ၊ ကြွယ်ဝသူ လူသားအားလုံးနီးပါးသည် ပျော်ရွှင်မှုနောက်လိုက်နေသော်လည်း များစွာမခံစားရကြောင်း သင်မတွေ့ပေလော။ မှန်ပါသည်၊ အချို့သည်လက်လျော့လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ သို့သော်လည်းအတော်များများသည် သူတို့ဘဝကို ဒလှိမ့်တုံးအပေါ်ပမာလိုက်နေပြီး သူတို့လိုက်ဖမ်းနေသည့်အရာကိုလည်း တစ်ခါမျှမမိကြချေ။ မိမိတို့၏အိမ်နီးနားခြင်းများက ပျော်ရွှင်မှုရရန်အတွက် လင်မယားခွဲနေချိန်တွင် အချို့သည်ပျော်ရွှင်မှုရရန် အိမ်ထောင်ပြုကြသည်။ အချို့သည်မိမိတို့ကိုယ်ကို အလုပ်တွင်နွမ်းလျစေပြီး၊ အချို့မူ အကုန်အကျများသော ခရီးရှည်အပန်းဖြေမှုအတွက် အလုပ်မှရပ်နားလိုက်ကြသည်။ အားလုံးသည် ရှောင်တိမ်းနေသည့်အရာဖြစ်သည့် ကျန်းမာရေးနှင့်ပျော်ရွှင်မှုကို ရှာနေကြခြင်းဖြစ်လေသည်။ သူတို့တွေ့ရှိပါသလော။ သင်ကောတွေ့ပြီလော။
သင့်ကျန်းမာရေး၊ သင့်ပျော်ရွှင်မှု
အမှန်တရားမှာ၊ သင်သည်ယခုပင် အတော်အတန်ကျန်းမာရေးနှင့်ပျော်ရွှင်မှုကို ခံစားနိုင်လေသည်။ မည်သို့နည်း။
သမ္မာကျမ်းစာ၏လက်တွေ့ကျ သွန်သင်ချက်ကိုကျင့်သုံးခြင်းဖြင့် သင်၏ကျန်းမာရေးကိုမျှတစွာစောင့်ရှောက်ခြင်းသည် အမှန်ပင်ပညာရှိရာရောက်သည်။ ယုတ္တိတန်ရန်လည်း ယင်းကကူညီပေးမည်။ ဖျားနာမှုသည် ကျွန်ုပ်တို့၏မစုံလင်သောကိုယ်ခန္ဓာ၌သက်ရောက်နိုင်ကြောင်း အသိအမှတ်ပြုခြင်းပါဝင်ပြီး၊ ဖျားနာသည့်အခါ ကြေကွဲမှုမဖြစ်တော့ချေ။ ယင်းကလာလတံ့သောကမ္ဘာသစ်တွင် စုံလင်သောကျန်းမာရေးကတိတော်ကို ကျွန်ုပ်တို့စူးစိုက်စဉ်၊ အပြုသဘောအမြင်ရှိရန် ထပ်ဆင့်ကြိုးပမ်းမှုလိုအပ်ပေမည်။
သင်သည်ယခုပျော်ရွှင်မှုအတော်အတန် ခံစားနေရ၊ မနေရသိရှိရန် သင့်ကိုယ်ကိုဤမေးခွန်းများမေးပါလေ။ ၁။ ငါသည်ငါ့ဘဝကို အမှန်ပင်ထိန်းချုပ်ထားနိုင်သလော။ ၂။ ငါသည်အခြေခံအားဖြင့် ငါ့ကိုယ်နှိုက်၊ ငါ့ပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းပါသလော။ ၃။ ငါသည်ငါ့အသက်တာစွမ်းဆောင်မှုများကို သမ္မာကျမ်းအလင်းရောင်အောက် ချိန်ထိုးကြည့်လိုက်သောအခါ ယေဘုယျအားဖြင့် သဘောကျပါသလော။ ၄။ ငါ့မိသားစုနှင့်ငါသည် ဘုရားအမှုတော်ကို ထမ်းဆောင်နိုင်သည့်အတွက် ပျော်ရွှင်ပါသလော။
အဓိကအနေနှင့်၊ ကျွန်ုပ်တို့အပေါ်မူတည်သည်။ ကျွန်ုပ်တို့အများစုသည် အခြေခံအားဖြင့် ကျန်းမာမည်ဖြစ်၍ ပျော်ရွှင်ခြင်းကိုလည်း ရွေးချယ်ပိုင်ခွင့်ရှိသည်။ သို့သော်ကျွန်ုပ်တို့သည် ဝိညာဏပန်းတိုင်များရှိရမည်ဖြစ်ပြီး၊ ယင်းတို့ကိုရရန် လုပ်ဆောင်ရမည်။ ယေရှု၏စကားများကို သတိရပါ။ ‘အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏။’ (မဿဲ ၆:၂၁) မေရှိယနိုင်ငံတော်၏ စုံလင်သောအုပ်ချုပ်မှုအောက်တွင် ပိုမိုကောင်းမွန်သော ကျန်းမာရေးနှင့်ပျော်ရွှင်မှုကို စောင့်မျှော်နိုင်သည့် သမ္မာကျမ်းအခြေခံသော အကြောင်းရင်းကျွန်ုပ်တို့၌ရှိလေသည်။ ထိုအချိန်တွင် လုံးဝကျန်းမာမှုနှင့်ပျော်ရွှင်ခြင်းသည် ကျွန်ုပ်တို့ပိုင်ဆိုင်ရာဖြစ်မည်။