ပုံဥမာများ—နှလုံးကိုထိမိရန်သော့ချက်
ဒါဝိဒ်သည် အသက်ရှင်ရေးအတွက် ပြေးလွှားခဲ့ရသည်။ သူ၏ရန်သူသည် ဣသရေလ၏ဘိသိက်ခံဘုရင်ရှောလုဖြစ်သည်။ သို့သော်ရှောလုသည် ဒါဝိဒ်အပေါ်မုန်းတီးမှုပြည့်နေပြီး၊ မနာလိုမှုဖြင့် တောက်လောင်ခဲ့သည်။ ဘုရင်သည်သူ၏သတ်ဖြတ်ရေးရှာပုံတော်တွင်တပ်သား ၃,၀၀၀ ခေါ်ဆောင်လာခဲ့သည်။ အရေအတွက်အားဖြင့်နည်းပါးလှသော ဒါဝိဒ်နှင့်သူ၏လူများသည် ကန္တာရရှိဂူအတွင်းကျကျ၌ ပုန်းအောင်းနေခဲ့ကြသည်။
ဒါဝိဒ်နှင့်သူ၏လူများသည် အမှောင်ထုထဲတွင် ပြွတ်သိပ်နေစဉ် အခြေအနေသည် အံ့ဖွယ်ပြောင်းလဲခဲ့သည်။ ဘုရင်ရှောလုသည် အိပ်စက်ရန်ဤဂူထဲသို့ ဝင်ခဲ့သည်။ ဒါဝိဒ်သည်တိတ်ဆိတ်စွာနှင့် သူ၏ဘာမျှမတတ်နိုင်သောရန်သူထံသို့ လက်တွင်လက်နက်ပါလျက် ချဉ်းကပ်လာခဲ့သည်။ သို့သော်သူသည် ဘုရင်ကိုမသတ်သောကြောင့် ဒါဝိဒ်လူများအံ့အားသင့်ခဲ့ရသည်။ သူသည်ရှောလု၏ အင်္ကျီကိုသာလှီးဖြတ်လေသည်။ ယင်းသို့ပြုမိသည်ကိုပင်ဝမ်းနည်း၍ “[ယေဟောဝါ] ပေးတော်မူသောဘိသိက်ကိုခံသောငါ့အရှင်သည် [ယေဟောဝါ] အခွင့်နှင့်ဘိသိက်ခံသူဖြစ်သောကြောင့် ထိုအရှင်ကိုထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို [ယေဟောဝါ] ဆီးတားတော်မူပါစေသော” ဟုဆိုလေ၏။—၁ ဓမ္မရာဇဝင် ၂၄:၁-၆။
သမ္မာကျမ်းစာမှတ်တမ်းက ဘုရားပေးသောအခွင့်အာဏာကိုလေးစားရန် လေးနက်သောသင်ခန်းစာ ပေးလေသည်။ ယင်းသည်နှလုံးသို့တိုင်အောင်ရောက်ပြီး၊ တိုက်ရိုက်ပြောသောသွန်သင်ချက်ထက်ပင် ပိုမိုထိရောက်ကောင်းထိရောက်မည်။ ယင်းသည်ကျွန်ုပ်တို့အား သွန်သင်ဖို့ရန်အတွက် ဘုရားနှုတ်ကပါဌ်တော်တွင်ရှိ မှတ်တမ်းများ၏ အာနိသင်တန်ခိုးဖြစ်သည်။—ရောမ ၁၅:၄။
ယေဟောဝါသက်သေများသည် သတင်းကောင်းကြေညာသောအခါ၊ အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပသောအခါ၊ ကျမ်းစာဆိုင်ရာဟောပြောချက်များပေးသောအခါ သို့မဟုတ် အလွတ်သဘောသက်သေခံသောအခါ အချက်များကိုတင်ပြရုံထက်မကပိုမိုပြုလုပ်နိုင်ရန် ကြိုးပမ်းကြသည်။ သူတို့သည်တွေ့ကြုံမှုများပြောပြလျက် ပုံဥပမာများသုံးကာ နှလုံးကိုထိမိရန်ကြိုးစားကြသည်။ သူတို့၏ သီအိုကရက်တစ် အမှုဆောင်ကျောင်း လမ်းညွှန်စာအုပ် က “ဥပမာများသည် စိတ်ဝင်စားမှုနှင့်အရေးကြီးသောအချက်များကို ပေါ်လွင်စေသည်။ ကောင်းစွာရွေးချယ်ထားသော ပုံဥပမာများသည် အတွေးအခေါ်ကိုလှုံ့ဆော်ပေးသည့် . . . ပုံဥပမာသည် စိတ်စွန်းကွက်မှုနှင့်ငဲ့ကွက်ခြင်းကိုပင် ပယ်ရှားနိုင်သောအခါလည်းရှိလေသည်။”a—စာမျက်နှာ ၁၅၈။
ဝါရင်ဒူဘွိုက်စ်ကသူ၏စာအုပ် Essentials of Public Speaking တွင် “စာရေးသူ သို့မဟုတ် ပြောဆိုသူသည် သူ၏သဘောထားကို လူသားတို့၏အပြုအမူ သို့မဟုတ် စကားလုံးဖြင့်ဖော်ထုတ်လိုက်လျှင် အငြီးငွေ့ဆုံးအကြောင်းအရာပင် အသက်ဝင်လာပြီး၊ အရောင်ထွက်လာသည်” ဟုမှတ်ချက်ချထားသည်။ သို့ဖြင့်စိတ်လှုပ်ရှားဖွယ်ဖြစ်ပြီး၊ အသက်ပေးသောသတင်းတော်၌ ထပ်ဆင့်အသက်ဝင်စေကာ အရောင်တင်လိုက်ခြင်းဖြင့် နှလုံးကိုထိမိရန် ခရစ်ယာန်အမှုဆောင်များအား အမှန်ပင်ကူညီပေးပါလိမ့်မည်။
သွန်သင်ပေးသောပုံဥပမာများ
မည်သို့သောပုံဥပမာသည် အကောင်းဆုံးလုပ်ဆောင်ပေးသနည်း။ အများအားဖြင့်နားထောင်သူများ လွယ်လင့်တကူအဓိပ္ပာယ်ဆက်စပ်နိုင်မည့် အရာတစ်ခုခုပေါ်တွင် အခြေခံသည့်အရာဖြစ်သည်။ ယေရှုခရစ်သည် ယင်းနှင့်စပ်လျဉ်း၍ ကောင်းမွန်သောဥပမာပြခဲ့၏။ တောင်ပေါ်ဒေသနာ၌ယေရှုက ဆား၊ မီးခွက်များနှင့်ငှက်များစသည့် အများသိရှိရာများကို မိန့်ကြားခဲ့သည်။ (မဿဲ ၅:၁–၇:၂၉) ဥပမာ၊ လူတိုင်းသည်သံလွင်ဆီဖြင့် တောက်လောင်သော၊ တစ်ခါတစ်ရံမီးတိုင်ပေါ်တွင်ထားရှိသော မီးခွက်များနှင့် အကျွမ်းတဝင်ရှိကြသည်။ ထို့ကြောင့်၊ ကိုယ်တော်က “ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့အလင်းကိုလင်းစေကြလော့” ဟုမိန့်ဆိုရာ၌ မိမိတို့သည်ဝိညာဏအလင်းဆောင်သူများဖြစ်သင့်ကြောင်း ယေရှု၏တပည့်များ သတိပြုမိကြမည်။ (မဿဲ ၅:၁၅၊ ၁၆) အကြောင်းအရာတစ်ခုနှင့်အံဝင်သော၊ မရှုပ်ထွေးသော ပုံဥပမာများသည် ခရစ်ယာန်အမှုဆောင်များကို သဘောတရားနှင့်ကျမ်းသွန်သင်ချက်များကို ရှင်းလင်းစေပေမည်။
ယေရှု၏တန်ခိုးအပါဆုံးဥပမာအများသည် လူများအပေါ်အာရုံစိုက်ခြင်း ဖြစ်နိုင်သည်။ လုကာအခန်းကြီး ၁၅ နှင့် ၁၆ တွင်မှတ်တမ်းတင်ထားသည်များကို သုံးသပ်ပါ။ ကျမ်းပြုဆရာများနှင့်ဖာရိရှဲများသည် အပြစ်သားများနှင့်အခွန်ခံများကို လက်ခံသည့်အတွက်ယေရှုကို အပြစ်တင်ခဲ့ကြသည်။ ပြန်လည်၍ကိုယ်တော်သည် လူများနှင့်စပ်လျဉ်းသောထိမိသည့် ပုံပြင်များမိန့်ဆိုခဲ့သည်။ ကိုယ်တော်သည်မိမိ၏ပျောက်သောသိုးကို ပြန်လည်တွေ့ရှိသောသိုးထိန်း၊ ပျောက်သောပိုက်ဆံတစ်ပြားပြန်လည်တွေ့သောမိန်းမတစ်ဦး၊ အိမ်ပြန်လာသောဖြုန်းတီးသောသားနှင့် မဖြောင့်မတ်သောဘဏ္ဍာစိုးအကြောင်းမိန့်ဆိုခဲ့သည်။
ယုတ္တိတန်သောပုံဥပမာများနှင့် ဖြစ်ရပ်မှန်ဘဝတွေ့ကြုံမှုများသည် ခရစ်ယာန်အမှုဆောင်တစ်ဦးအတွက် အလွန်အသုံးဝင်နိုင်သည်။ ဥပမာ၊ နှစ်ပေါင်း ၆၀ လုံးလုံးလူထုတရားဟောသူအဖြစ် ကျယ်ပြန့်စွာခရီးသွားခဲ့သော အလက်ဇန္ဒားအိတ်ချ်မက်မီလန်သည် လူသေများနှင့်စပ်လျဉ်းသော သမ္မာတရားကို မည်သို့ရှင်းပြပုံအား သတိပြုပါ။ ဝိညာဉ်ဘယ်တော့မျှမသေဟုယုံကြည်သော သူ၏ဖခင်မသေမီလေးတွင် မက်မီလန်သည်သူနှင့်ဤသို့ပြောဆိုခဲ့သည်။
“ကျွန်တော့်ဖခင်သည် ကျွန်တော့်အားဤသို့ တိုက်ရိုက်မေးခွန်းမေးခဲ့သည်။ ‘သားနိုင်ငံတော်ဟာ မြေကြီးကိုစုံလင်အောင် စလုပ်မဲ့အချိန်ကို အဖေဟာသင်္ချိုင်းထဲမှာ စောင့်မျှော်ရင်းတစ်ယောက်တည်းပျင်းနေမလား။’”
“ယင်းမေးခွန်းကိုလူငယ်တစ်ဦးသည် တစ်ခါမျှမစဉ်းစားမိခဲ့လျှင် လူကြီးတစ်ဦးကျေနပ်လောက်အောင် လွယ်လွယ်ကူကူနှင့် ဖြေဆိုနိုင်မည်မဟုတ်ချေ။”
“ကျွန်တော်ကပြန်လည်ပြီးသူ့အား ‘အဖေပြီးခဲ့တဲ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား’ဟုမေးခဲ့သည်။”
“အဖေက ‘ဟုတ်တယ်ငါ့သား၊ ဆရာဝန်ဟာအဖေ့ကို အိပ်ဆေးတစ်မျိုးပေးပြီးနောက် ကောင်းကောင်းအိပ်ပျော်ခဲ့တယ်’ လို့ဖြေဆိုခဲ့တယ်။”
“အဖေအိပ်ပျော်နေတဲ့အချိန်မှာ ငြီးငွေ့နေသလား။”
“ဘယ်ငြီးငွေ့နေပါ့မလဲ။ တစ်ချိန်လုံးတောင် အိပ်နေချင်လိုက်တာ၊ အဲ့ဒါမှအဖေဟာ ဝေဒနာခံစားရမှာမဟုတ်ဘူး။”
သို့နှင့်အေအိတ်ချ်မက်မီလန်သည်ယောဘ ၁၄:၁၃-၁၅ နှင့် ၃:၁၇-၁၉ ကိုသူ၏ဖခင်အားဖတ်ပြကာ ဤသို့ဆိုခဲ့သည်။ “အဖေတွေ့လား၊ လူသေတွေဟာ သေခြင်းမှာအိပ်ပျော်နေပြီး၊ အဲ့ဒီအခြေအနေမှာ ဘာကိုမှမသိဘူး။ ဒီလိုဆိုရင် သူတို့ဘယ်လိုလုပ်ငြီးငွေ့မှာလဲ။”
မည်မျှထိရောက်သော သွန်သင်ချက်ပါတကား။ သင်သည်ယေဟောဝါသက်သေတစ်ဦးဖြစ်သော် စိတ်နှင့်နှလုံးကိုဆွဲဆောင်ရန် ကျမ်းပိုဒ်များနှင့်ပုံဥပမာများကို အသင်လည်းအသုံးပြုနိုင်သည်။
ပုံဥမာများရှာဖွေခြင်း
သို့သော်ထိရောက်သောပုံဥပမာများ သို့မဟုတ် ဘဝဖြစ်ရပ်မှန်တွေ့ကြုံမှုများကို အဘယ်တွင်သင်တွေ့ရှိနိုင်သနည်း။ အများကိုသင်၏ကိုယ်ပိုင်အတွေ့အကြုံ ရတနာများထဲမှ ထုတ်ယူနိုင်သည်။ ဥပမာ၊ ယုံကြည်ခြင်း၏ကောင်းချီးများ၊ ဆုတောင်းခြင်း၏တန်ခိုး သို့မဟုတ် အမှုဆောင်ခြင်း၏ပျော်ရွှင်မှုကိုသင်တင်ပြရန် လိုအပ်ပါသလော။ သင်သည်ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်တစ်ဦးဖြစ်လျှင် သင်ကိုယ်နှိုက်ဘဝတွင် ဖြစ်ပျက်မှုအမျိုးမျိုးကို တင်ပြနိုင်ပေမည်။ အသင်းတော်စည်းဝေးတစ်ခုတွင် တက်ရောက်စဉ် သို့မဟုတ် ခရစ်ယာန်ချင်းတစ်ဦးနှင့်စကားပြောစဉ် တွေ့ကြုံမှုကောင်းများသင် ကြားရပေမည်။ သို့မဟုတ် Yearbook of Jehovah’s Witnesses တွင်အားရဖွယ်တွေ့ကြုံမှုများ သင်ဖတ်ရပေမည်။ အမှန်တွင် Publications Index သည်ကမ္ဘာတစ်ဝန်းရှိပုံနှိပ်ထားသော တွေ့ကြုံမှုများကို ဖော်ပြထားသည်။
တွေ့ကြုံမှုတစ်ခုကိုသင်သည် မည်သို့ထိရောက်စွာ ပြောပြမည်နည်း။ တစ်ခုမှာ၊ စောင့်မျှော်စရာများကို ဖန်တီးခြင်းဖြင့် သင့်ကိုနားထောင်နေသူများ၏အာရုံစိုက်မှုကို ရရှိနိုင်သည်။ သင်သည်တွေ့ကြုံမှုတစ်ခုကို ဤသို့ပြောခြင်းဖြင့် နိဒါန်းပျိုးနိုင်သည်။ “ယေဟောဝါဟာ မိမိကိုကိုးစားသူတွေအပေါ် ဘယ်လိုကောင်းချီးပေးတယ်ဆိုတာ ရှေ့ဆောင်တစ်ဦး ကိုယ်တိုင်ကိုယ်ကျခံစားခဲ့ရတယ်။” ချက်ချင်းပင် သင့်အားနားထောင်နေသူများက အချိန်ပြည့်နိုင်ငံတော်ဟောပြောသူသည် မည်သည့်ကောင်းချီးများခံစားရသည်ကို စဉ်းစားမည်။ သူတို့အားပြောပြပါလေ။
တွေ့ကြုံမှုကိုသင့်စကားဖြင့် ကြိုးစားဖော်ပြပါ။ အသေးစိတ်တင်ပြပါ။ သို့ပြုခြင်းဖြင့်၊ ပိုမိုလေးနက်စေသည်။ သက်ဆိုင်သောအခြေအနေကို ပီပြင်အောင်ခြယ်သခြင်းဖြင့် သင့်အားနားထောင်နေသူများကိုသင်သည် ပိုမိုလွယ်ကူစွာ လှုံ့ဆော်နိုင်မည်။ သို့သော်တင်ပြရာ၌ မလွန်ကျွံခြင်းဖြင့် တွေ့ကြုံမှုကိုသင်တင်ပြရခြင်း၏ အကြောင်းရင်းကို နားမလည်ဘဲဖြစ်မသွားရန် ဂရုစိုက်ပါ။ ထို့ပြင်၊ ချဲ့ပြောခြင်းကိုလည်းရှောင်ပါ။ အဘယ်ကြောင့်ဆိုသော်၊ အကြောင်းတစ်ခုကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေသော်လည်း ယင်းသည်သင့်အပေါ်ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်။ အလားတူအကြောင်းကြောင့်တစ်ဆင့်စကား သို့မဟုတ် မသေချာသောတွေ့ကြုံမှုများတင်ပြခြင်းကိုရှောင်ပါ။
သမ္မာကျမ်းစာကို အသက်ဝင်စေခြင်း
ပိုညာအပေးဆုံးတွေ့ကြုံမှုများကို သမ္မာကျမ်းစာကိုယ်နှိုက်တွင်တွေ့ရသည်။ ဥပမာ၊ သင်သည်၊ ကျမ်းစာကျောင်းသားတစ်ဦး သို့မဟုတ် ပရိသတ်အား ကလေးများသည်ယေဟောဝါဘုရားဘက်ရပ်တည်နိုင်ကြောင်း သင်ပြလိုသည်ဆိုပါစို့။ သင်သည်ယေဟောဝါ၏ပရောဖက်ဧလိရှဲအကြောင်း နေမန်၏ဇနီးအားပြောပြသော အမည်မဖော်ပြသည့် မိန်းကလေး၏မှတ်တမ်းကိုအသုံးပြုရန် သင်ဆုံးဖြတ်ပေမည်။ ဦးစွာ၊ ၄ ဓမ္မရာဇဝင် ၅:၁-၅ တွင်ပါသောမှတ်တမ်းကိုဖတ်ပါ။ ထို့နောက်သင်ဤသို့မေးမည်။ “မှောက်မှားသောဝတ်ပြုရေးနယ်ပယ်တွင် ဘုရားရှင်ထံသစ္စာစောင့်ထိန်းရန် ဤမိန်းကလေးအတွက် မည်မျှခက်ခဲမည်ဟုသင်ထင်သနည်း။ ယေဟောဝါနှင့်ကိုယ်တော်၏ပရောဖက်အကြောင်း စိတ်ချစွာပြောနိုင်ရန် သူ့အနေနှင့်ခွန်အားမလိုပေလော။”
ကြိုတင်၍ရှာဖွေထားခြင်းဖြင့် မှတ်တမ်းကိုအသက်ဝင်စေရန် သင့်အားထောက်ကူပါလိမ့်မည်။ ကင်းမျှော်စင်စာပေများ၏ အညွှန်းမာတိကာ အချို့တွင် နေမန်၊ ရှုရိနှင့်ဧလိရှဲအောက်တွင် အထောက်အကူပြုသောအကြောင်းများ သင်တွေ့ရှိနိုင်ပေမည်။ အချို့ကျမ်းစာများတွင် ကျမ်းပြိုင်များကသင့်အား ၄ ဓမ္မရာဇဝင်မှတ်တမ်းမှတစ်ဆင့် ဆာလံ ၁၄၈:၁၂၊ ၁၃ သို့ပို့ဆောင်ပေးမည်။ ထိုတွင်ကျွန်ုပ်တို့ဖတ်ရသည်။ “လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့ [ယေဟောဝါ] ကိုချီးမွမ်းကြလော့။ နာမတော်တစ်ပါးတည်းသာလျှင်မြတ်၍ ဘုန်းတော်သည်မြေကြီးနှင့်ကောင်းကင်အပေါ်ထက်၌ရှိသောကြောင့် [ယေဟောဝါ] ၏နာမတော်ကိုချီးမွမ်းကြစေ။” လူငယ်များအတွက် နှုက်ကပါဌ်တော်အားရဲရင့်စွာဟောပြောရန် မည်မျှအားပေးမှုပါတကား။—တမန်တော် ၄:၂၉-၃၁။
သင်သည်ခရစ်ယာန်အမှုဆောင်တစ်ဦးဖြစ်လျှင် ဤကိစ္စရပ်တွင် ‘ကိုယ်ဆုံးမသြဝါဒကို . . . သတိပြု’ ပါလေ။ သမ္မာတရားကိုပြောရုံမပြောပါနှင့်။—ပုံတင်ပြပါ။ သမ္မာကျမ်းမှတ်တမ်းများကို ကွင်းကွင်းကွက်ကွက်ဖြစ်စေကာ အဓိပ္ပာယ်ရှိပါစေ။ လျော်ကန်သောတွေ့ကြုံမှုများနှင့် ဥပမာများကိုအသုံးပြုပါ။ ယင်းသည်နှလုံးကိုထိမိသော နည်းလမ်းများဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ယေရှုကဲ့သို့ မျက်မှောက်ခေတ်ခရစ်ယာန်အမှုဆောင်များသည် သူတို့၏သတင်းကြေညာရာ၌ နှလုံးများကိုထိမိရန် ကွင်းကွင်းကွက်ကွက်ပုံဥပမာများ အသုံးပြုနိုင်သည်။