ကိုယ်ကိုချုပ်တည်းခြင်းအသီးကို ပြုစုပျိုးထောင်ခြင်း
“ဝိညာဉ်တော့်ဆိုင်ရာအသီးမူကား ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကရုဏာပြခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာတည်ခြင်း၊ သိမ်မွေ့ခြင်း၊ ကိုယ်ကိုချုပ်တည်းခြင်းများတည်း။ ထိုသို့သောပါရမီနှင့်ဆန့်ကျင်သောတရားမရှိ။—ဂလာတိ ၅:၂၂၊ ၂၃၊ သမ ။
၁။ ကိုယ်ကိုယ်ချုပ်တည်းခြင်းနှင့်ပတ်သက်၍ မည်သူတို့သည် ကျွန်ုပ်တို့အတွက်အကောင်းဆုံးစံနမူနာများထားခဲ့ကြသနည်း။ အဘယ်ကျမ်းချက်များအရသိရသနည်း။
ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်တို့သည် ကျွန်ုပ်တို့အတွက် ကိုယ်ကိုချုပ်တည်းခြင်းနှင့်ဆိုင်သော အကောင်းဆုံးစံနမူပေးတော်မူ၏။ ဧဒင်ဥယျာဉ်၌ လူသားများနာမခံသည့်အချိန်မှစ၍ ယေဟောဝါသည် ဤအရည်အချင်းကိုအဆက်မပြတ်တင်ပြတော်မူခဲ့၏။ (ဟေရှာယ ၄၂:၁၂ နှိုင်းယှဉ်) ဟေဗြဲကျမ်းပိုင်း၌ကိုယ်တော်သည် “အမျက်ထွက်နှေး” တော်မူကြောင်းကိုးကြိမ်တိတိဖတ်ရသည်။ (ထွက်မြောက်ရာ ၃၄:၆၊ ကဘ) အမျက်ထွက်နှေးဖို့ ကိုယ်ကိုချုပ်တည်းခြင်းရှိမှဖြစ်နိုင်သည်။ ဘုရားသခင့်သားတော်သည်လည်း အမှန်ပင် ကိုယ်ကိုအထူးချုပ်တည်းတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “ကဲ့ရဲ့ခံရသောအခါပြန်၍မကဲ့ရဲ့” ပဲနေတော်မူ၏။ (၁ ပေတရု ၂:၂၃) သို့သော်ယေရှုအနေဖြင့် အထောက်အကူအဖြစ်ကောင်းကင်ခမည်းတော်ထံ “ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက” တောင်းမည်ဆိုလျှင်တောင်းနိုင်တော်မူသည်။—မဿဲ ၂၆:၅၃။
၂။ မစုံလင်သောလူသားများ ကိုယ်ကိုချုပ်တည်းခြင်းနှင့်ပတ်သက်၍အဘယ်ကောင်းမြတ်သော ကျမ်းစာစံနမူနာများရှိသနည်း။
၂ သမ္မာကျမ်းစာတွင် မစုံလင်သောလူသားများ ကိုယ်ကိုချုပ်တည်းခြင်းတင်ပြခဲ့သည့် စံနမူနာကောင်းအချို့လည်းရှိသည်။ ဥပမာအားဖြင့် ဘိုးဘေးယာကုပ်၏သားဖြစ်သူယောသပ်၏ဘဝတွင် ထူးခြားသောအဖြစ်အပျက်တစ်ရပ်ဖြစ်ပွားစဉ်အတွင်း၌ ဤအရည်အချင်းကိုသူပြသခဲ့သည်။ ယောသပ်အနေဖြင့် ပေါတိဖာ၏မယားဖြားယောင်းသွေးဆောင်ခံရစဉ်၌ ကိုယ်ကိုမည်မျှချုပ်တည်းခဲ့ရသည်တကား၊ (ကမ္ဘာဦး ၃၉:၇-၉) ဟေဗြဲလူငယ်လေးဦး၏စံနမူနာကောင်းလည်းရှိသည်။ သူတို့သည် မောရှပညတ်ကန့်သတ်ချက်များကြောင့် ဗာဗုလုန်ရှင်ဘုရင်၏ပွဲတော်မှစားကောင်းသောက်ဖွယ်များကို မစားပဲငြင်းပယ်ခြင်းအားဖြင့် ကိုယ်ကိုချုပ်တည်းခြင်းပြသခဲ့ကြသည်။—ဒံယေလ ၁:၈-၁၇။
၃။ အဘယ်အထောက်အထားအရ အဘယ်လူအုပ်စုသည် ကောင်းမြတ်သောအပြုအမူကြောင့်ထင်ရှားသနည်း။
၃ ကိုယ်ကိုချုပ်တည်းခြင်းနှင့်ပတ်သက်၍ ခေတ်သစ်စံနမူနာများအဖြစ် ယေဟောဝါသက်သေတစ်ရပ်လုံးကို ကျွန်ုပ်တို့ပြနိုင်သည်။ သူတို့သည် “ကမ္ဘာပေါ်တွင်အကောင်းဆုံးပြုမူနေထိုင်သည့်အုပ်စုတစ်စု” ဖြစ်သည်ဟူ၍ New Catholic Encyclopedia စွယ်စုံကျမ်း၏ချီးကျူးခြင်းနှင့်ထိုက်တန်ပေသည်။ ဖိလစ်ပိုင်တက္ကသိုလ်မှသင်ပြသူတစ်ဦးက “ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာမှ သင်ကြားသိရှိသည့်အတိုင်းတိတိကျကျလိုက်နာကျင့်ဆောင်ကြသည်” ဟူ၍ထုတ်ဖော်ပြောကြားခဲ့သည်။ ၁၉၈၉ ခုနှစ်ဝါဆောမြို့တွင် ကျင်းပသည့်သက်သေခံတို့၏စည်းဝေးပွဲကြီးနှင့်ပတ်သက်၍ ပိုလန်သတင်းထောက်တစ်ဦးက အောက်ပါအတိုင်းရေးသားခဲ့သည်။ “လူ ၅၅,၀၀၀ တို့သည် သုံးရက်တိုင်တိုင်စီးကရက်တစ်လိပ်မျှမသောက်ပဲနေကြသည်။ . . . လူ့ဓမ္မတာထက်သာလွန်သောစည်းကမ်းသေဝပ်မှုကြောင့် ကျွန်ုပ်အနေဖြင့်အံ့သြချီးမွမ်းခြင်း၊ လေးစားခြင်းနှင့်အတူ လွန်စွာအထင်ကြီးမိသည်။”
ဘုရားသခင်ကိုခန့်ညားခြင်းနှင့်အဆိုးကိုမုန်းခြင်း
၄။ ကိုယ်ကိုချုပ်တည်းခြင်းကိစ္စတွင် အကြီးမားဆုံးအထောက်အကူပြုသည့်အရာတစ်ခုကားအဘယ်နည်း။
၄ ကိုယ်ကိုချုပ်တည်းခြင်းကို ပြုစုပျိုးထောင်ရာတွင် အထောက်အကူပြုသည့်အကြီးမားဆုံးအကူအညီများအနက်တစ်ခုမှာ ဘုရားသခင်ကိုကြောက်ရွံ့ခန့်ညားခြင်း၊ ကျွန်ုပ်တို့၏မေတ္တာရှင်ကောင်းကင်ခမည်းတော်စိတ်တော်ငြိုငြင်မှာကို အထူးစိုးရွံ့ခြင်းပင်ဖြစ်သည်။ ဘုရားသခင်ကိုရိုသေကြောက်ရွံ့ခန့်ညားခြင်းအကြောင်းကို သမ္မာကျမ်းစာတွင်အကြိမ်ပေါင်းများစွာဖော်ပြထားသည်ကိုထောက်ရှုခြင်းအားဖြင့် ယင်းသည်ကျွန်ုပ်တို့အတွက်မည်မျှအရေးကြီးသည်ကို တွေ့မြင်နိုင်သည်။ သားဖြစ်သူဣဇာက်အား အာဗြဟံပူဇော်မည့်ဆဲဆဲအချိန်တွင် ဘုရားသခင်ဤသို့မိန့်တော်မူ၏။ “ထိုသူငယ်ကိုမထိမခိုက်နှင့်၊ အလျင်းမပြုနှင့်၊ သင်၏သား၊ သင်၌တစ်ယောက်တည်းသောသားကိုပင်မနှမြောသည်ဖြစ်၍၊ ဘုရားသခင်ကိုကြောက်ရွံ့သည်ဟုယခုငါသိ၏။” (ကမ္ဘာဦး ၂၂:၁၂၊ သမ္မ) ထိုအခိုက်အတန့်တွင် စိတ်လှုပ်ရှားမှုဖိအားအပြင်းအထန်သက်ရောက်ခဲ့မည်ဖြစ်သဖြင့် အာဗြဟံအနေဖြင့်ချစ်မဝသောသားဣဇာက်ကို သတ်ရန်ဓားကိုမြှောက်လိုက်သည်အထိ ဘုရားသခင့်အမိန့်တော်ကိုလိုက်နာနိုင်ရေးအတွက် ကိုယ်ကိုအကြီးအကျယ်ချုပ်တည်းခဲ့ရမည်မှာမလွဲပေ။ မှန်ပါသည်၊ ဘုရားသခင်ကိုခန့်ညားခြင်းက ကျွန်ုပ်တို့ကိုယ်ကိုချုပ်တည်းနိုင်အောင်ကူညီပေးပါလိမ့်မည်။
၅။ ကိုယ်ကိုချုပ်တည်းခြင်းကိစ္စတွင် အဆိုးကိုမုန်းခြင်းသည်မည်သည့်ကဏ္ဍမှပါဝင်သနည်း။
၅ ယေဟောဝါကိုခန့်ညားခြင်းနှင့် အနီးကပ်ဆက်နွယ်နေသည့်အရာမှာအဆိုးကိုမုန်းခြင်းဖြစ်သည်။ သု၊ ၈:၁၃ ၌ “ထာဝရဘုရား [ယေဟောဝါ၊ကဘ] ကိုကြောက်ရွံ့သောသဘောကား ဒုစရိုက်ကိုမုန်းသောသဘောတည်း” ဟူ၍ကျွန်ုပ်တို့ဖတ်ရသည်။ တစ်နည်းအားဖြင့် အဆိုးကိုမုန်းခြင်းသည်လည်း ကိုယ်ကိုချုပ်တည်းနိုင်အောင်ကူညီပေးသည်။ အဆိုးကိုမုန်းရန်၊ အဆိုးကိုစက်ဆုပ်ရွံ့ရှာရန် ကျွန်ုပ်တို့အားသမ္မာကျမ်းစာက အထပ်ထပ်မှာကြားထား၏။ (ဆာလံ ၉၇:၁၀။ အာမုတ် ၅:၁၄၊ ၁၅။ ရောမ ၁၂:၉) မကောင်းသောအရာသည် များသောအားဖြင့် ပျော်ရွှင်သာယာမှုပေးသောအရာ၊ ဆွဲဆောင်မှုရှိသောအရာ၊ စွဲမက်လိုချင်စရာဖြစ်တတ်သဖြင့် ကျွန်ုပ်တို့ကိုယ်ကိုခိုင်ခံ့မြဲမြံစေရေးအတွက် မကောင်းသောအရာကိုမုန်းရမည်ဖြစ်သည်။ ဤသို့အဆိုးကိုမုန်းခြင်းသည် ကိုယ်ကိုချုပ်တည်းရန်ဆုံးဖြတ်ထားသည့် ကျွန်ုပ်တို့၏သန္နိဌာန်ကို ခိုင်မြဲစေသည့်အပြင် ကျွန်ုပ်တို့အတွက်အကာအကွယ်လည်းဖြစ်ပေသည်။
ကိုယ်ကိုချုပ်တည်းခြင်း ဉာဏ်အမြော်အမြင်ရှိသောလမ်းစဉ်
၆။ ကိုယ်ကိုချုပ်တည်းခြင်းအားဖြင့် ကျွန်ုပ်တို့၏အတ္တဆန်သောသဘောများကို ထိန်းချုပ်ခြင်းသည် အဘယ်ကြောင့်ဉာဏ်အမြော်အမြင်ရှိသောလမ်းစဉ်ဖြစ်သနည်း။
၆ ကိုယ်ကိုချုပ်တည်းရာတွင် အထူးအထောက်အကူပြုသည့်အရာနောက်တစ်ခုမှာ ဤအရည်အချင်းကိုတင်ပြခြင်းနှင့်ဆိုင်သောဉာဏ်အမြော်အမြင်ကို နားလည်သဘောပေါက်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် ကိုယ်ကိုချုပ်တည်းကြရန် ကျွန်ုပ်တို့အား ယေဟောဝါမှာကြားထားသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈ နှိုင်းယှဉ်) ကိုယ်တော့်နှုတ်ကပါဌ်တော်တွင် ကိုယ်ကိုချုပ်တည်းခြင်းအားဖြင့် ကျွန်ုပ်တို့၏အတ္တဆန်သည့်သဘောကိုထိန်းချုပ်ခြင်းသည် မည်မျှဉာဏ်အမြော်အမြင်ရှိရာရောက်ကြောင်းပြဆိုသည့် ဆုံးမသြဝါဒစကားများစွာပါရှိသည်။ မပြောင်းလဲနိုင်သောဘုရားသခင့်ပညတ်ဥပဒေများကို ကျွန်ုပ်တို့တိမ်းရှောင်၍မရနိုင်ပါ။ ကိုယ်တော့်နှုတ်ကပါဌ်တော်ကဤသို့ဆို၏။ “လူသည်မိမိမျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့်ပုပ်ပျက်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။” (ဂလာတိ ၆:၇၊ ၈) ထင်ရှားသည့်ဥပမာတစ်ခုမှာ အစားအသောက်ပင်ဖြစ်သည်။ အဖျားအနာများစွာမှာ အစားအသောက်လွန်ကြူးခြင်းကြောင့်ဖြစ်သည်။ ဤသို့အတ္တအလိုလိုက်ခြင်းမှန်သမျှသည် ကိုယ်သိက္ခာကိုယ်လေးစားခြင်းကိုပျက်ပြားစေသည်။ ထိုထက်မကအတ္တအလိုလိုက်သောသူသည်။ သူတစ်ပါးနှင့်ဆက်ဆံရေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်သည်။ အဆိုးဆုံးမှာကိုယ်ကိုချုပ်တည်းခြင်းမရှိလျှင် ကောင်းကင်ခမည်းတော်နှင့် ဆက်ဆံရေးကိုပါပျက်ပြားစေနိုင်သည်။
၇။ အဘယ်ကျမ်းချက်များကိုထောက်ရှု၍ သု၊ ကျမ်း၏အဓိကခေါင်းစဉ်ကားအဘယ်နည်း။
၇ ထို့ကြောင့်အတ္တဆန်ခြင်းသည် ကိုယ့်အကျိုးကိုယ်ဖျက်ဆီးခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ကိုယ်ကိုအစဉ်မပြတ်သတိပေးနေသင့်သည်။ ကိုယ့်ကိုယ်ကိုထိန်းသိမ်းခြင်းကို အလေးအနက်ဖော်ပြသောသု၊ ကျမ်း၏ထင်ရှားပေါ်လွင်သောခေါင်းစဉ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ခြင်းသည်အကျိုးမပေးဘဲ၊ ကိုယ်ကိုချုပ်တည်းမှသာလျှင် ဉာဏ်အမြော်အမြင်ရှိကြောင်းဖြစ်သည်။ (သု၊ ၁၄:၂၉။ ၁၆:၃၂) ကိုယ့်ကိုယ်ကိုထိန်းသိမ်းခြင်းဆိုရာ၌လည်း မကောင်းမှုဒုစရိုက်ကိုရှောင်ခြင်းသက်သက်သာမဟုတ်ကြောင်းကိုပါ မှတ်သားထားဖို့လိုသည်။ ကောင်းရာမှန်ရာကိုလုပ်ရန်အတွက်လည်း ကိုယ့်ကိုယ်ကိုထိန်းသိမ်းခြင်း သို့မဟုတ် ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုသည်။ ဤသို့ပြုလုပ်ခြင်းသည် ဖောက်ပြန်ယိုယွင်းသည့်လူ့သဘောလူ့မနောနှင့်ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေသောကြောင့် လွယ်ချင်မှလွယ်မည်ဖြစ်သည်။
၈။ အဘယ်တွေ့ကြုံမှုက ကိုယ်ကိုချုပ်တည်းခြင်းဆိုင်ရာ ဉာဏ်အမြော်အမြင်ကိုထင်ရှားပေါ်လွင်စေသနည်း။
၈ ကိုယ်ကိုချုပ်တည်းခြင်းနှင့်ဆိုင်သောဉာဏ်အမြော်အမြင်ကို ထင်ရှားစေသည့်သာဓကတစ်ရပ်မှာ ယေဟောဝါသက်သေတစ်ယောက်၏ကိုယ်တွေ့ဖြစ်ရပ်ပင်ဖြစ်သည်။ သူသည်ဘဏ်တစ်ခု၌တန်းစီနေစဉ် သူ့ကိုလူတစ်ယောက်ကတွန်း၍ကျော်တက်သွားသည်။ သက်သေခံဖြစ်သူသည် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း စိတ်ကိုချုပ်တည်းထားလိုက်သည်။ ထိုနေ့ချင်း၌ပင် အင်ဂျင်နီယာတစ်ယောက်သည် နိုင်ငံတော်ခန်းမပုံစံအချို့အတွက်လက်မှတ်ထိုးစရာလိုသည်ကို သူသိလိုက်ရသည်။ ထိုအင်ဂျင်နီယာကားမည်ဖြစ်သူသနည်း။ ဘဏ်တွင်သူ့ကိုတွန်း၍ကျော်တက်သွားသူပင်ဖြစ်သည်။ ထိုအင်ဂျင်နီယာသည် အလွန်ခင်မင်ဖော်ရွေရုံမျှမက သက်သေခံများထံမှပုံမှန်ကျသင့်ငွေ၏ဆယ်ပုံတစ်ပုံလျှော့၍ယူသူလည်းဖြစ်သည်။ သက်သေခံဖြစ်သူသည် ထိုနေ့စောစောပိုင်းတွင် ဒေါသမထွက်ပဲကိုယ်ကိုချုပ်တည်းခဲ့သဖြင့် မည်မျှပျော်ရွှင်ခဲ့သည်တကား။
၉။ ဓမ္မအမှုတော်တွင်ဆဲရေးတိုင်းတွာခြင်း ကြုံရသည့်အခါ မည်သည့်လမ်းစဉ်သည် ဉာဏ်အမြော်အမြင်ရှိသောလမ်းစဉ်ဖြစ်သနည်း။
၉ ကျွန်ုပ်တို့တစ်အိမ်တက်ဆင်းသွား၍ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောသည့်အခါ၌ဖြစ်စေ၊ လမ်းဆုံလမ်းထောင့်တွင်ရပ်လျက်လမ်းသွားလမ်းလာများအား ကျွန်ုပ်တို့၏သတင်းတရားကို စိတ်ဝင်စားလာအောင်ကြိုးစားကြသည့်အခါ၌ဖြစ်စေ ဆဲရေးတိုင်းတွာမှုများကို ကြိမ်ဖန်များစွာကြုံတွေ့ရကြသည်။ ဉာဏ်အမြော်အမြင်ရှိသောလမ်းစဉ်ကားအဘယ်နည်း။ သု၊ ၁၅:၁ (သမ္မ) တွင်ဤသို့အကြံဉာဏ်ကောင်းပေးထားသည်။ “ဖြည်းညင်းစွာပြန်ပြောခြင်းသည် ဒေါသကိုငြိမ်းစေတတ်၏။” တစ်နည်းအားဖြင့် ကိုယ်ကိုချုပ်တည်းရန်လိုသည်။ ဤအကြံဉာဏ်မှန်ကန်ကြောင်း ယေဟောဝါသက်သေများကသာတွေ့ရှိသည်မဟုတ်ပဲ အခြားသူများကလည်းတွေ့ရှိကြသည်။ ကိုယ်ကိုချုပ်တည်းခြင်းသည် ရောဂါပျောက်ကင်းစေနိုင်သည့်အစွမ်းအာနိသင်ရှိကြောင်းဆေးပညာရှင်များ တိုး၍တိုး၍နားလည်သဘောပေါက်လာကြသည်။
ကိုယ်ကျိုးမဖက်သောမေတ္တာကကူညီပေး
၁၀၊ ၁၁။ ကိုယ်ကိုချုပ်တည်းရာတွင် မေတ္တာသည်အဘယ်ကြောင့်အထောက်အကူအစစ်ဖြစ်သနည်း။
၁၀ ၁ကောရိန္သု ၁၃:၄-၈ မှမေတ္တာနှင့်ပတ်သက်သောပေါလု၏ရေးသားဖော်ပြချက်က မေတ္တာ၏တန်ခိုးသည် ကိုယ်ကိုချုပ်တည်းနိုင်အောင်အကူအညီပေးနိုင်ကြောင်းဖွင့်ပြထားသည်။ “မေတ္တာသည်စိတ်ရှည်တတ်၏။” စိတ်ရှည်ဖို့ရန် ကိုယ်ကိုချုပ်တည်းဖို့လိုသည်။ “မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။” မေတ္တာ၏အရည်အသွေးက ကျွန်ုပ်တို့၏အကြံအစည်နှင့်စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန်၊ ဂုဏ်ပြိုင်ခြင်းသဘော၊ ဝါကြွားခြင်းသဘောနှင့်မာန်မာနသဘောတို့ကို ချွန်းအုပ်နိုင်ရန်ကူညီပေးသည်။ မေတ္တာသည် ကျွန်ုပ်တို့အား ထိုသို့သောသဘောမျိုးနှင့်ဆန့်ကျင်လျက်ယေရှုကဲ့သို့မောက်မာခြင်းကင်း၍ စိတ်နှိမ့်ချမှုရှိစေသည်။—မဿဲ ၁၁:၂၈-၃၀။
၁၁ မေတ္တာသည် “မလျောက်ပတ်စွာမကျင့်တတ်” ဟူ၍ပေါလုဆက်လက်ဆိုသည်။ အခါခပ်သိမ်းလျောက်ပတ်စွာပြုမူကျင့်ကြံနိုင်ရန် ကိုယ်ကိုချုပ်တည်းခြင်းရှိရပေမည်။ မေတ္တာ၏အရည်အသွေးက ကျွန်ုပ်တို့အားလောဘကြီးခြင်း၊ ‘ကိုယ်အကျိုးကိုသာရှာခြင်း’ မရှိအောင်တားဆီးပေးသည်။ မေတ္တာသည် “ဒေါသအမျက်မထွက်တတ်။” သူတစ်ပါးပြောဆိုလုပ်ကိုင်ပုံကြောင့်ဒေါသအမျက်ထွက်ရန် အလွန်လွယ်ကူလှပေသည်။ သို့သော်လည်းမေတ္တာသည် ကျွန်ုပ်တို့ကိုယ်ကိုချုပ်တည်းနိုင်အောင်၊ နောင်မှနောင်တရစရာဖြစ်မည့်အရာများကိုမပြောမိ၊ မလုပ်မိအောင်ကူညီပေးလိမ့်မည်။ မေတ္တာသည် ‘သူတစ်ပါး၏အပြစ်ကိုမှတ်၍မထားတတ်။’ အငြိုးထားခြင်း၊ နာကြည်းစိတ်မွေးမြူခြင်းတို့မှာ လူ့သဘာဝစရိုက်ပင်ဖြစ်သည်။ သို့ရာတွင်မေတ္တာသည် ထိုသို့သောသဘောသဘာဝများကို ကျွန်ုပ်တို့၏စိတ်ထဲမှ ဖျောက်ဖျက်နိုင်အောင်ကူညီပေးပါလိမ့်မည်။ မေတ္တာသည် “မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်။” ညစ်ညမ်းသောစာပေများ၊ ညစ်ညမ်းသောတီဗွီဇာတ်လမ်းများကဲ့သို့ မတရားသည့်အမှု၌ဝမ်းမြောက်ခြင်းမရှိရန် ကိုယ်ကိုချုပ်တည်းဖို့လိုသည်။ မေတ္တာသည် “ခပ်သိမ်းသောအရာကိုခံတတ်” သည့်ပြင် “ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။” ခပ်သိမ်းသောအရာကို သည်းခံနိုင်အောင်၊ စုံစမ်းခြင်း သို့မဟုတ် ဝန်လေးပင်ပန်းသည့်အရာကိုကြံ့ကြံ့ခံနိုင်အောင် ကိုယ်ကိုချုပ်တည်းဖို့လိုအပ်သည်။ ၄င်းပြင်ထိုအရာများကြောင့် စိတ်ပျက်အားလျော့ခြင်း၊ ကလဲ့စားချေခြင်း၊ ယေဟောဝါအားဝတ်ပြုရာမှ ရပ်ပစ်ခြင်းမရှိအောင်လည်း ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုသည်။
၁၂။ ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ် ကျွန်ုပ်တို့အတွက်လုပ်ဆောင်ပေးခဲ့ရာများကို တန်ဖိုးထားလေးစားကြောင်းပြသနိုင်သည့် နည်းတစ်နည်းမှာအဘယ်နည်း။
၁၂ ကောင်းကင်ခမည်းတော်ကို ကျွန်ုပ်တို့အမှန်ချစ်၍ ကိုယ်တော်အံ့ဖွယ်ဂုဏ်ရည်တော်များနှင့် ကျွန်ုပ်တို့အဖို့လုပ်ဆောင်ပေးရာများအတွက် တန်ဖိုးထားလေးမြတ်မည်ဆိုပါက အခါခပ်သိမ်းကိုယ်ကိုချုပ်တည်းခြင်းအားဖြင့် ကိုယ်တော့်စိတ်တော်နှင့်တွေ့အောင်ကြိုးစားလိုကြပေမည်။ ထိုနည်းတူ ကျွန်ုပ်တို့၏အရှင်သခင်ယေရှုခရစ်ကို အမှန်ချစ်၍ကျွန်ုပ်တို့အဖို့လုပ်ဆောင်ပေးရာများအတွက် တန်ဖိုးထားလေးမြတ်မည်ဆိုလျှင်လည်းကျွန်ုပ်တို့သည် ‘ကိုယ်ညှဉ်းဆဲရာနှက်တိုင်ကိုထမ်းလျက်ငါနောက်သို့အစဉ်မပြတ်လိုက်စေ’ ဟူသောကိုယ်တော့်အမိန့်တော်ကို လိုက်နာကြပေမည်။ (မာကု ၈:၃၄) ထိုသို့ပြုနိုင်အောင် ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့အမှန်ပင်လိုအပ်သည်။ ခရစ်ယာန်ညီအစ်ကိုညီအစ်မများကို ချစ်လျှင်လည်းတစ်ကိုယ်ကောင်းဆန်သောလုပ်ရပ်များကိုလုပ်ခြင်းအားဖြင့် သူတို့ကိုထိခိုက်နစ်နာအောင်မလုပ်မိရန်တားဆီးပေးလိမ့်မည်။
ယုံကြည်ခြင်းနှင့်နှိမ့်ချခြင်း၊ အကူအညီပေးသောအရာများ
၁၃။ ကျွန်ုပ်တို့ကိုယ်ကိုချုပ်တည်းနိုင်အောင်ယုံကြည်ခြင်းသည် အဘယ်ကြောင့်အကူအညီပေးနိုင်သနည်း။
၁၃ ကိုယ်ကိုချုပ်တည်းရာတွင် ကြီးစွာအထောက်အကူပြုသည့်အရာနောက်တစ်ခုမှာ ဘုရားသခင်နှင့်ကိုယ်တော့်ကတိတော်များကိုယုံကြည်ခြင်းဖြစ်သည်။ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား ယေဟောဝါကို ကိုးစား၍အရာရာကိုဖြောင့်စင်းတည့်မတ်အောင်ပြုလုပ်ရန် ကိုယ်တော်လျာထားသည့်အချိန်ကို စောင့်ဆိုင်းနိုင်အောင်အထောက်အကူပြုပေမည်။ တမန်တော်ပေါလုကရောမ ၁၂:၁၉ ၌ “ချစ်သူတို့ . . . ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ . . . ကျမ်းစာလာသည်ကား ‘ငါသည်အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်’ ဟုထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏” ဟူ၍ပြောရာ၌ ဤအချက်ကိုပင်ဆိုလိုခြင်းဖြစ်သည်။ ဤကိစ္စတွင်နှိမ့်ချခြင်းသည်လည်း အထောက်အကူပြုနိုင်သည်။ ကျွန်ုပ်တို့စိတ်နှိမ့်ချမှုရှိမည်ဆိုပါက စိတ်အထင်နှင့်ထိခိုက်နစ်နာသည်ဖြစ်စေ၊ တကယ့်ထိခိုက်နစ်နာသည်ဖြစ်စေ ကျွန်ုပ်တို့ချက်ချင်းဗွေယူမည်မဟုတ်ပေ။ မဆင်မခြင်အလျင်စလို ကိုယ့်တရားကိုယ်စီရင်မည်လည်းမဟုတ်ပဲ ကိုယ်ကိုချုပ်တည်းကာယေဟောဝါကို အသာတကြည်နှင့်စောင့်ဆိုင်းနေမည်ဖြစ်သည်။—ဆာလံ ၃၇:၁၊ ၈၊ နှိုင်းယှဉ်။
၁၄။ ကိုယ်ကိုချုပ်တည်းခြင်း လုံးဝမရှိသူများပင် ကိုယ်ကိုချုပ်တည်းနိုင်အောင်ကြိုးစားနိုင်ကြောင်းအဘယ်တွေ့ကြုံမှုကတင်ပြသနည်း။
၁၄ စိတ်သဘောခက်ထန်ကြမ်းတမ်းသည့် လူတစ်ယောက်နှင့်ပတ်သက်သောတွေ့ကြုံမှုတစ်ခုမှ ကိုယ်ကိုချုပ်တည်းနိုင်အောင် သင်ယူလေ့ကျင့်နိုင်သည်ဟူသည့်အချက်ကို ကျွန်ုပ်တို့ကောင်းစွာသဘောပေါက်နိုင်သည်။ သူနှင့်သူ့ဖခင်ကြောင့်ဖြစ်ပွားသည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုသို့ ရဲများရောက်လာသည့်အခါ သူသည်အခြားရဲများက သူ့ကိုမဖမ်းချုပ်နိုင်မီရဲသုံးယောက်ကိုအလဲထိုးလိုက်နိုင်သည့်အထိ ဒေါသခက်ထန်သူဖြစ်သည်။ သို့သော်လည်းများမကြာမီ သူသည်ယေဟောဝါသက်သေများနှင့်ဆက်သွယ်မိပြီး ဘုရားသခင့်ဝိညာဉ်တော်အသီးတစ်လုံးဖြစ်သောကိုယ်ကိုချုပ်တည်းခြင်းကို သင်ယူခဲ့လေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) အနှစ် ၃၀ ကြာပြီးနောက်ယနေ့တိုင်အောင် ယေဟောဝါကိုသစ္စာရှိစွာဝတ်ပြုလျက်ပင်ရှိသည်။
မိသားစုအသိုင်းအဝိုင်းအတွင်းကိုယ်ကိုချုပ်တည်းခြင်း
၁၅၊ ၁၆။ (က) ခင်ပွန်းသည်တစ်ဦး ကိုယ်ကိုချုပ်တည်းနိုင်အောင်အဘယ်အရာက ကူညီပေးမည်နည်း။ (ခ) အဘယ်တွေ့ကြုံမှုကို ကြည့်ခြင်းဖြင့်မည်သည့်အခြေအနေမျိုးတွင် ကိုယ်ကိုချုပ်တည်းခြင်းအထူးလိုအပ်သနည်း။ (ဂ) ဇနီးသည်တစ်ဦးသည် အဘယ်ကြောင့်ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုသနည်း။
၁၅ မိသားစုအသိုင်းအဝိုင်းအတွင်း ကိုယ်ကိုချုပ်တည်းရန်အမှန်ပင်လိုအပ်ပေသည်။ ခင်ပွန်းသည်အနေဖြင့် ကိုယ်ကိုချစ်သကဲ့သို့ မိမိဇနီးကိုချစ်နိုင်ရန် သူ၏အကြံအစည်၊ အပြောအဆိုနှင့်အပြုအမူများကို စောင့်စည်းထိန်းချုပ်ဖို့လိုအပ်ပေသည်။ (ဧဖက် ၅:၂၈၊ ၂၉) မှန်ပါသည်၊ ခင်ပွန်းသည်များအနေဖြင့် ၁ ပေတရု ၃:၇ မှတမန်တော်ပေတရု၏အမှာစကားကိုလိုက်နာနိုင်ရန် ကိုယ်ကိုချုပ်တည်းခြင်းရှိရမည်။ “ယောက်ျားတို့၊ . . . သတိပညာနှင့်လျော်ညီစွာကိုယ်ခင်ပွန်းနှင့်အတူနေ၍၊ အားနည်းသောသူကို ပြုသင့်သည်အတိုင်းသူ့ကိုစောင့်မပြုစုကြလော့။” အထူးသဖြင့်ဇနီးသည်,သည်ယုံကြည်သူမဟုတ်ပါက ယုံကြည်သူခင်ပွန်းသည်အနေဖြင့်ကိုယ်ကိုချုပ်တည်းရန်လိုအပ်သည်။
၁၆ ဥပမာပြရလျှင် အလွန်စိတ်သဘောဆိုးသော မယုံကြည်သည့်ဇနီးသည်နှင့် ပေါင်းနေရသော အကြီးအကဲတစ်ဦးရှိခဲ့သည်။ သို့သော်လည်း သူသည်ကိုယ်ကိုချုပ်တည်းခဲ့သဖြင့် သူ့အတွက်များစွာကောင်းကျိုးပြုခဲ့သောကြောင့် သူ့ကိုကုသသည့်ဆရာဝန်ကပင် “ဂျွန်၊ ခင်ဗျားဟာ ပင်ကိုသဘာဝအားဖြင့် အင်မတန့်အင်မတန်သည်းခံနိုင်တဲ့လူဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ်ခင်ဗျားမှာ တန်ခိုးကြီးတဲ့ဘာသာရှိရင်ရှိမယ်” ဟူ၍ပြောရသည့်အထိပင်ဖြစ်သည်။ ကျွန်ုပ်တို့၌တန်ခိုးကြီးသောဘာသာအမှန်ပင်ရှိသည်၊ အကြောင်းမှာ ကျွန်ုပ်တို့ကိုယ်ကိုချုပ်တည်းနိုင်အောင် “ဘုရားသခင်သည်ကြောက်တတ်သောစိတ်သဘောကိုငါတို့အားပေးတော်မူသည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ သမာသတိရှိသောစိတ်သဘောကိုပေးတော်မူ၏။” (၂ တိမောသေ ၁:၇၊ သမ္မ) ၄င်းပြင်၊ ဇနီးသည်တစ်ဦးအနေဖြင့် ကျိုးနွံနာခံမှုရှိရန် ကိုယ်ကိုချုပ်တည်းရန်လိုသည်။ အထူးသဖြင့် ခင်ပွန်းဖြစ်သူသည် မယုံကြည်သောသူဖြစ်ပါကပို၍ပင် ချုပ်တည်းရပေမည်။—၁ ပေတရု ၃:၁-၄။
၁၇။ မိဘနှင့်သားသမီးဆက်ဆံရေးတွင် ကိုယ်ကိုချုပ်တည်းခြင်းရှိရန်အဘယ်ကြောင့်အရေးကြီးသနည်း။
၁၇ မိဘနှင့်သားသမီးဆက်ဆံရေး၌လည်း ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုအပ်သည်။ ကိုယ်ကိုချုပ်တည်းတတ်သော သားသမီးများဖြစ်လာအောင်မိဘတို့အနေဖြင့် လက်ဦးဆရာအဖြစ်ပုံသက်သေကောင်းပြရပေမည်။ သားသမီးများကို တစ်နည်းမဟုတ်တစ်နည်းဖြင့်ဆုံးမရန်လိုအပ်လာသည့်အခါ၌လည်း အေးဆေးတည်ငြိမ်စွာနှင့်မေတ္တာဖြင့်အစဉ်ဆုံးမသင့်သည်။ ဤသို့ပြုနိုင်ရန် ကိုယ်ကိုချုပ်တည်းခြင်းအမှန်ပင်လိုအပ်ပေသည်။ (ဧဖက် ၆:၄။ ကောလောသဲ ၃:၂၁) တစ်ဖန် သားသမီးများအနေဖြင့် မိဘကိုအမှန်ချစ်ကြောင်းပြသရန် နာခံမှုရှိရပေမည်။ နာခံမှုရှိရန်ကိုယ်ကိုချုပ်တည်းခြင်း မုချလိုအပ်ပြန်သည်။—ဧဖက် ၆:၁-၃။ ၁ယောဟန် ၅:၃၊ နှိုင်းယှဉ်။
ဘုရားပေးအကူအညီကိုသုံးစွဲခြင်း
၁၈-၂၀။ ကျွန်ုပ်တို့အားကိုယ်ကိုချုပ်တည်းနိုင်အောင်ကူညီပေးမည့် အရည်အချင်းများကိုမွေးမြူပြုစုရေးအတွက် အဘယ်ဝိညာဏပြင်ဆင်ပေးချက်သုံးခုမှ အကျိုးကျေးဇူးရယူအပ်သနည်း။
၁၈ ဘုရားသခင်ကိုခန့်ညားခြင်း၊ ကိုယ်ကျိုးမဖက်သောမေတ္တာ၊ ယုံကြည်ခြင်း၊ အဆိုးကိုမုန်းခြင်းနှင့် ကိုယ်ကိုချုပ်တည်းခြင်းတို့၌ တိုးတက်ကြီးပွားရေးအတွက် ကျွန်ုပ်တို့သည်ယေဟောဝါဘုရားသခင်ပြင်ဆင်ပေးတော်မူသည့် အကူအညီရှိသမျှတို့မှ အကျိုးရယူရန်လိုသည်။ ကိုယ်ကိုချုပ်တည်းနိုင်အောင် အကူအညီပေးနိုင်သောဝိညာဏပြင်ဆင်ချက်သုံးခုကို သုံးသပ်ကြည့်ကြပါစို့။ ဦးဆုံးအနေနှင့်တန်ဖိုးမဖြတ်နိုင်သောဆုတောင်းခြင်းအခွင့်အရေးရှိသည်။ ကျွန်ုပ်တို့အနေဖြင့် ဆုမတောင်းနိုင်လောက်အောင်အလုပ်များနေလိုကြမည်မဟုတ်ပေ။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် “မခြားမလပ်ဆုတောင်းပတ္ထနာပြု” ရန်၊ “ဆုတောင်းပတ္ထနာပြုခြင်းအမှုကိုအမြဲပြု” ရန်ဆန္ဒရှိအပ်ပေသည်။ (၁ သက်သာလောနိတ် ၅:၁၇။ ရောမ ၁၂:၁၂) ကိုယ်ကိုချုပ်တည်းခြင်းကို မွေးမြူရေးအတွက်ဆုတောင်းကြပါစို့။ သို့သော်ကိုယ်ကိုချုပ်တည်းရန် ပျက်ကွက်မိသည့်အခါများ၌ အပြစ်လွှတ်ခြင်းအတွက် ကောင်းကင်ခမည်းတော်ထံကြေကွဲစွာဖြင့်အသနားခံတောင်းပန်ကြပါစို့။
၁၉ ကိုယ်ကိုချုပ်တည်းရာတွင် အထောက်အကူပေးသည့် ဒုတိယနယ်ပယ်မှာ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်တကွ ကျမ်းချက်များကိုနားလည်၍ အသုံးပြုတတ်အောင်အကူအညီပေးသည့်စာပေများကိုဆည်းပူးရာမှ ရရှိသောအကူအညီကိုရယူခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ဘုရားဝတ်ဆိုင်ရာဤအပိုင်းကို အလွယ်တကူပင်လျစ်လျူရှုမိတတ်ကြသည်။ သမ္မာကျမ်းစာနှင့် “သစ္စာနှင့်သတိပညာရှိသောကျေးကျွန်” ပြင်ဆင်ပေးရာများထက်ပို၍အရေးကြီးသောဖတ်စရာမရှိကြောင်း၊ ထို့ကြောင့်ယင်းတို့ကိုဦးစားပေးအပ်ကြောင်း မိမိကိုယ်ကိုမပြတ်သတိပေးနေရန် ကိုယ်ကိုချုပ်တည်းရပေမည်။ (မဿဲ ၂၄:၄၅-၄၇) လူ့ဘဝဆိုသည်မှာ နေ့စဉ်အသက်တာတွင် အရာရာကိုလုပ်ချင်တိုင်းလုပ်၍မရဘဲ အချိန်ပေး၍လုပ်နိုင်သောအရာကိုရွေးချယ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဏအမျိုးသား၊ အမျိုးသမီးများအစစ်အမှန်ဖြစ်ကြသလော။ ကျွန်ုပ်တို့သည်မိမိတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို အရေးပေးမည်ဆိုလျှင် ရုပ်မြင်သံကြားစက်ကိုပိတ်၍ စည်းဝေးများအတွက်ပြင်ဆင်ရန် သို့မဟုတ် စာတိုက်မှလောလောဆယ်ရောက်လာသည့် ကင်းမျှော်စင် ကိုဖတ်ရန်အတွက် လိုအပ်သည့်ကိုယ်ကိုချုပ်တည်းခြင်းသဘောကိုတင်ပြကြပေမည်။
၂၀ တတိယအနေနှင့်၊ အသင်းတော်စည်းဝေးများနှင့် သာ၍ကြီးသောအစည်းအဝေးများနှင့်စည်းဝေးပွဲကြီးများကို မှန်မှန်ကန်ကန်သဘောထားခြင်းဖြစ်သည်။ ထိုစည်းဝေးအားလုံးသည် ကျွန်ုပ်တို့အတွက်မတက်မဖြစ်သောစည်းဝေးများဖြစ်သလော။ ပါဝင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ပြင်ဆင်၍အခွင့်အရေးရသည်နှင့်ပါဝင်သလော။ စည်းဝေးများကို မှန်မှန်ကန်ကန်သဘောထားလျှင်ထားသလောက် မည်သည့်အခြေအနေမျိုး၌မဆို ကိုယ်ကိုချုပ်တည်းမည်ဟူသောကျွန်ုပ်တို့၏သန္နိဌာန်သည်လည်း ထိုအတိုင်းအတာအထိခိုင်ခံ့မြဲမြံလိမ့်မည်။
၂၁။ ကိုယ်ကိုချုပ်တည်းခြင်းတည်းဟူသောဝိညာဉ်အသီးကို ပြုစုပျိုးထောင်ခြင်းအတွက် ကျွန်ုပ်တို့ရရှိခံစားနိုင်သည့် ဆုကျေးဇူးအချို့ကားအဘယ်နည်း။
၂၁ အခါခပ်သိမ်းကိုယ်ကိုချုပ်တည်းရန် ကြိုးပမ်းအားထုတ်ခြင်းမှ အဘယ်ကျေးဇူးများကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။ တစ်ချက်အနေနှင့် ကျွန်ုပ်တို့သည်တစ်ကိုယ်ကောင်းဆန်ခြင်း၏ခါးသီးသောအသီးအပွင့်များကို မည်သည့်အခါမျှရိတ်သိမ်းရမည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ကိုယ့်သိက္ခာကိုယ်လေးစားခြင်းစိတ်နှင့် ကြည်လင်သောသြတ္တပ္ပစိတ်ရှိကြမည်။ ဒုက္ခများစွာမှလည်း ကိုယ်ကိုကင်းဝေးစေမည့်အပြင် အသက်ရှင်ခြင်းသို့ပို့ဆောင်သောလမ်းပေါ်တွင် ဆက်လက်တည်မြဲလျက်နေမည်။ ၄င်းပြင်သူတစ်ပါး၏ကောင်းကျိုးကို သယ်ပိုးနိုင်သည့်အကောင်းဆုံးအခွင့်အလမ်းလည်းရှိလာမည်။ အရေးအကြီးဆုံးမှာ သု၊ ၂၇:၁၁ ကိုနာခံလိုက်လျှောက်ရာရောက်မည်။ “ငါ့သားပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်ငါ့စိတ်ကိုရွှင်လန်းစေလော့။” ကျွန်ုပ်တို့၏ မေတ္တာရှင်ကောင်းကင်ခမည်းတော်ယေဟောဝါ၏နှလုံးတော်ကို ရွှင်ပြုံးစေနိုင်သောအခွင့်အရေးမှာ ကျွန်ုပ်တို့ရရှိနိုင်သည့်အကြီးဆုံးဆုကျေးဇူးပင်ဖြစ်သတည်း။
သင်သတိရသလော
▫ ဘုရားသခင်ကိုခန့်ညားခြင်းသည် ကျွန်ုပ်တို့အားကိုယ်ကိုချုပ်တည်းနိုင်အောင်မည်သို့ကူညီပေးသနည်း။
▫ မေတ္တာသည် ကျွန်ုပ်တို့ကိုယ်ကိုချုပ်တည်းနိုင်အောင်အဘယ်ကြောင့်အထောက်အကူပြုသနည်း။
▫ ကိုယ်ကိုချုပ်တည်းခြင်းသည် မိသားစုဆက်ဆံရေးတွင်မည်သို့အထောက်အကူပြုသနည်း။
▫ ကိုယ်ကိုချုပ်တည်းခြင်းကို ပြုစုပျိုးထောင်လိုပါက အဘယ်ပြင်ဆင်ပေးချက်များကို ကောင်းစွာအသုံးပြုရမည်နည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယောသပ်သည်သွေးဆောင်ခံရသောအခါ ကိုယ်ကိုချုပ်တည်းခဲ့သည်