သင့်အတွက်ဓမ္မအမှုလော
ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ဘဝအသက်တာပျော်ရွှင်ရေးအတွက် မြေကြီးကိုလိုလေသေးမရှိပြုလုပ်ပေးခြင်းဖြင့် ကိုယ်တော်၏ရက်ရောမှုကိုပြသလေသည်။ ကိုယ်တော်၏ရက်ရောမှုသည် အာဒံနှင့်ဧဝပုန်ကန်ပြီးနောက်ပင်ရှိနေသေးသည်။ ဘေးသင့်နေသောအပြစ်မှ ယုံကြည်သူလူသားများအား ကယ်တင်ရန်သားတော်ကိုစေလွှတ်ခြင်းဖြင့် ကိုယ်တော်ဖော်ပြသည့်ထူးကဲသောမေတ္တာရှိနိုင်ပါဦးမည်လော။—မဿဲ ၅:၄၅။ ယောဟန် ၃:၁၆။
ဤကဲ့သို့သောမေတ္တာကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်နိုင်သနည်း။ ယေရှုပြောသကဲ့သို့ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်ကိုနှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ရမည်။ ၄င်းကကျွန်ုပ်တို့သည် ကိုယ်တော်အားဝတ်ပြုရန်၊ သစ္စာရှိရန်၊ မိမိတို့၏အသက်တာကို ကိုယ်တော်၏အလိုတော်နှင့်အညီ အသက်ရှင်ရန်ဖော်ညွှန်းသည်။—မာကု ၁၂:၃၀။ ၁ ပေတရု ၄:၂။
သို့သော်ဘုရားအလိုတော်ဆောင်ခြင်းတွင် မည်သည့်အရာပါဝင်ပတ်သက်သနည်း။ ကိုယ်တော်အတွက် ကျွန်ုပ်တို့ပါဝင်အမှုဆောင်ပေးနိုင်သည့် ဓမ္မအမှုတော်ဆောင်လုပ်ငန်းရှိပါသလော။
ဓမ္မအမှုဆောင်များလိုအပ်
အသင်းများသည် ဘုရားသခင်အားမည်သို့ ကိုးကွယ်၊ အမှုဆောင်ရမည်နှင့်ပတ်သက်၍ လူတို့အားရှုပ်ထွေးစေ၏။ သို့သော် သမ္မာကျမ်းစာက မှန်သောဘာသာတစ်ခုတည်းရှိကြောင်း၊ “သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗိတ္တိဇံတစ်ပါး၊ ခပ်သိမ်းသောငါတို့၏အဘဖြစ်သောဘုရားသခင်တစ်ဆူတည်းရှိကြောင်း” တင်ပြလေသည်။ ယေရှုကလည်း “ကိုးကွယ်သောသူမှန်သမျှသည် ခမည်းတော်ကိုနာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း ကိုးကွယ်ရမည်” ဟုမိန့်တော်မူ၏။ ထို့ကြောင့်သူတို့အား “သင်တို့သည်စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သမတ်တည်းရှိ” ရမည်ဟုသွန်သင်ခံရသည်။—ဧဖက် ၄:၃-၆။ ယောဟန် ၄:၂၃။ ၁ ကောရိန္သု ၁:၁၀။
ဘုရားသခင်၏အုပ်ချုပ်ပုံနည်းလမ်းကို စောဒကတက်ခြင်းဖြင့် စာတန်သည်ယေဟောဝါ၏အချုပ်အခြာအာဏာပိုင်သမှုကို စိန်ခေါ်ခဲ့သောအခါ ဧဒင်တွင်ဘာသာမှန်နှင့်စပ်လျဉ်း၍ ရှုပ်ထွေးစပြုခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆။ ၁၃) ယခုတွင်စာတန်သည် “လင်းသောကောင်းကင်တမန်ယောင်ဆောင်တတ်သော” ဘာသာရေးဓမ္မအမှုဆောင်များ၏ ဆင်တူရိုးမှားသွန်သင်ချက်အားဖြင့် ဆန့်ကျင်စေလျက်ရှိသည်။ ထို့ကြောင့် သမ္မာကျမ်းစာက “ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်ကိုမယုံကြနှင့်။ . . . မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ” ဟုမိန့်တော်မူ၏။—၂ ကောရိန္သု ၁၁:၁၄။ ၁ ယောဟန် ၄:၁။
ဝမ်းမြောက်စရာကား ဘုရားသခင်သည် အုပ်ချုပ်မှုအရေးကိစ္စကိုဖြေရှင်းရန်စီစဉ်ထားသည်။ လူသားတို့အားရွေးရန်သားတော်အားစေလွှတ်ခဲ့ကာ၊ ယခုကိုယ်တော်သည် သားတော်အားကောင်းကင်ဘုရားသခင့်နိုင်ငံတော်တွင် ဘုရင်အဖြစ်တင်မြှောက်၍ စာတန်နှင့်သူ၏အပေါင်းအပါများကို ဖျက်ဆီးရန်အခွင့်အာဏာအပ်နှင်းထားသည်။ နာခံသောလူသားများ ထာဝရကောင်းချီးခံစားလျက်၊ မြေကြီးပေါ်တွင် ကိုယ်တော်၏အလိုတော်အမှန်ပြည့်စုံလာစေမည်။
ဤအမှန်တရားများကို စာတန်သည် ဖုံးကွယ်ထားလေသည်။ (၂ ကောရိန္သု ၄:၄) ထိုကြောင့်သမ္မာတရားကို သက်သေခံရန်နှင့်စာတန်၏မုသားစကားများကို ဖော်ထုတ်ရန် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဓမ္မအမှုဆောင်များအဖြစ် ဆောင်ရွက်ရန်လိုအပ်သည်။ ဤလုပ်ငန်းတွင် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အားအတင်းအဓမ္မမလုပ်ဆောင်စေပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့အားယေရှုကဲ့သို့ ကိုယ်တော်နှင့်ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုလုပ်ပေးသည်များကို လေးမြတ်လျက် မိမိတို့ကိုယ်ကိုဆက်သရန် ကိုယ်တော်လိုလားတော်မူ၏။—ဆာလံ ၁၁၀:၃။ ဟေဗြဲ ၁၂:၁-၃။
ခရစ်ယာန်ဓမ္မအမှု
ယေရှုသည် “မြို့ရွာအစဉ်အတိုင်းဒေသစာရီလှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။” (လုကာ ၈:၁) ကိုယ်တော်သည် တပည့်တော်များကို သူကဲ့သို့ဓမ္မအမှုဆောင်များဖြစ်ရန်လေ့ကျင့်ပြီး သူတို့အားဟောပြောရန်စေလွှတ်ခဲ့သည်။ (မဿဲ ၁၀:၁-၁၄၊ ၂၇) နောက်ပိုင်းတွင်ကိုယ်တော်သည် သူတို့အားကမ္ဘာကုန်သည့်တိုင် ဆက်လက်ဓမ္မအမှုဆောင်ရန်တာဝန်ပေးအပ်ခဲ့သည်။—မဿဲ ၂၈:၁၉၊ ၂၀။ တမန်တော် ၁:၈။
ဤတာဝန်သည် စစ်မှန်သောခရစ်ယာန်များအပေါ်တည်ရှိနေပြီး၊ ဟောပြောရန်အတွက် ဘုရားသခင်ဝိညာဉ်တော်သည် သူတို့အားလှုံ့ဆော်သည်။ စီအီး ၃၃၊ ပင်တေ ကုတ္တေပွဲနေ့၌ဖြစ်ပျက်သကဲ့သို့ သတင်းကောင်းကိုလက်ခံသူအားလုံးသည် မိမိတို့၏ယုံကြည်ခြင်းကို လူသူရှေ့ကြေညာခြင်းတာဝန်ကိုယူကြလေသည်။—တမန်တော် ၂:၁-၄၊ ၁၆-၂၁။ ရောမ ၁၀:၉၊ ၁၃-၁၉။
သို့သော်လူအများသည် မိမိတို့ကိုယ်ကိုဓမ္မအမှုဆောင်များအဖြစ်မရှုမြင်နိုင်ကြချေ။ ယေဟောဝါသက်သေခံတစ်ဦးဖြစ်သော ပီတာက “ဂျာမနီရှိလူအများသည် ဘာသာရေးနှင့်ပတ်သက်၍ပြောဆိုခြင်းသည် သိက္ခာကျသည်ဟုယူဆလေ့ရှိသည်။ ‘ဒီအလုပ်ဟာဘာသာရေးခေါင်းဆောင်များရဲ့အလုပ်’ ဟုသူတို့ဆိုကြသည်။” နှစ်ပေါင်းများစွာသာသနာပြုတစ်ဦးဖြစ်သောတိုနီက အင်္ဂလန်ရှိလူတို့သည် “ယေဟောဝါသက်သေခံတွေဟာ လူကောင်းတွေဖြစ်ကြပြီး၊ သူတို့ပြောတဲ့အရာတွေဟာ ကောင်းတယ်လို့ကျွန်တော်ထင်မြင်တယ်။ ဒါပေမယ့် တစ်အိမ်ပြီးတစ်အိမ်သူတို့ဟောသလို ကျွန်တော်တို့မလုပ်နိုင်ဘူး” ဟုဆိုကြောင်းပြော၏။ ဘင်နှင့်ကျမ်းစာလေ့လာနေသောနိုင်ဂျီးရီးယားလူတစ်ဦးကလည်း “ကျွန်တော်ဟာလူသူရှေ့တစ်အိမ်ပြီးတစ်အိမ်ဟောပြောနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားတို့အသင်းတော်မှာရှိတဲ့ဒီလိုလုပ်နိုင်သူတွေကို ကျွန်တော်ငွေနဲ့ထောက်ပံ့ပေးမယ်” ဟုပြောလေသည်။ မှန်သည်၊ လူအများသည် ယုံကြည်ခြင်းမဲ့ပြီး၊ ခရစ်ယာန်ဓမ္မအမှုဆောင်ရန် ယုံကြည်စိတ်ချမှုလိုအပ်သည်။
သို့သော်လည်း လူသူရှေ့ဟောပြောခြင်းသည် အသက်အရွယ်မရွေး၊ ယောက်ျား၊ မိန်းမမရွေး ခရစ်ယာန်အသင်းတော်အားလုံးရှိသူတို့၏တာဝန်ဖြစ်သည်။ ၄င်းသည် ‘ဦးဆောင်သူ’ အသက်ကြီးသူဓမ္မအမှုထမ်းများ၏တာဝန်သာမဟုတ်ဘဲ ခရစ်ယာန်အားလုံး၏တာဝန်ဖြစ်သည်။ အားလုံးအား “နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်၌အစဉ်ပူဇော်ကြကုန်အံ့။ . . . သင်တို့ကိုအုပ်သောသူတို့၏စကားကိုနားထောင်၍ နှိမ့်ချလျက်နေကြလော့” ဟုတိုက်တွန်းထားလေသည်။—ဟေဗြဲ ၁၃:၁၅၊ ၁၇။
ယေရှုက ကိုယ်တော်၏တောင်ပေါ်ဒေသနာကို နားထောင်နေသောလူထုအားရည်ညွှန်းလျက် “‘သခင်၊ သခင်’ ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်” ဟုမိန့်တော်မူ၏။ အခြားတစ်ကြိမ်၌ ခမည်းတော်အလိုတော်ဆောင်ခြင်းတွင် မယုံကြည်သူများကို ဟောပြောခြင်းပါဝင်ကြောင်းတင်ပြလေသည်။ ကိုယ်တော်၏တပည့်တော်များက ကိုယ်တော်အစာစားရန်အတွက် ရှမာရိလူအချို့ကို ဟောပြောနေခြင်းမှ ရပ်နားရန်ပြောသောအခါ ကိုယ်တော်က “ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏” ဟုမိန့်တော်မူ၏။—မဿဲ ၇:၂၁။ ယောဟန် ၄:၂၇-၃၈။
ယင်းသည်သင့်ဘဝတာလုပ်ငန်းဖြစ်သင့်သလော
လူတို့သည်အများအားဖြင့် အစားအသောက်၊ ဥစ္စာပစ္စည်းများရှာဖွေရန်ပို၍ နှစ်သက်ကြသည်။ သို့သော် စောစောပိုင်းတောင်ပေါ်ဒေသနာတွင် ယေရှုသည် ကိုယ်တော်အားနားထောင်နေသူများကို ထိုကဲ့သို့စိုးရိမ်ပူပန်လျက်ရှာဖွေမနေရန် အကြံဉာဏ်ပေးတော်မူ၏။ “ကောင်းကင်ဘုံ၌ဘဏ္ဍာကိုဆည်းပူးကြလော့။ . . . [ဘုရားသခင်၏] နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးရှာကြလော့။”—မဿဲ ၆:၂၀၊ ၃၃။
နိုင်ငံတော်ကိုရှေ့ဦးရှာခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ဓမ္မအမှုကို အခြားအရာများမလွှမ်းမိုးစေခြင်းဖြစ်သည်။ သို့သော်ထိုသို့ပြုသည်ဆိုရာ၌ အခြားအရာခပ်သိမ်းကိုဥပေက္ခာပြုရန်မဆိုလိုချေ။ ဥပမာ၊ သမ္မာကျမ်းစာက ကျွန်ုပ်တို့သည်မိသားစုတာဝန်ကို လျစ်လျူမရှုရန်တိုက်တွန်းထားသည်။ အခြားသူများနည်းတူ ယင်းတာဝန်ကို ကျွန်ုပ်တို့ထမ်းရွက်သည်။ ဤအရာများကိုလျစ်လျူရှုခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်းနှင့်ဆန့်ကျင်၏။ (၁ တိမောသေ ၅:၈) သို့သော်လည်း ကျွန်ုပ်တို့သည် အခြားတာဝန်များကို မျှတစွာလုပ်ဆောင်စဉ်ဓမ္မအမှုတွင်တတ်နိုင်သလောက်လုပ်ဆောင်သင့်သည်။
ယေရှုက “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်းနိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။” (မဿဲ ၂၄:၁၄) ဤပရောဖက်ပြုချက်သည် ယနေ့တွင်ပြည့်စုံလျက်ရှိ၏။ ၁၉၁၄ ခုနှစ်မှစ၍ သတင်းကောင်းမှာဘုရားသခင်၏နိုင်ငံတော်သည် စာတန်နှင့်သူ၏လောကတစ်ဖက်၌ ယေဟောဝါ၏အချုပ်အခြာအတွက် လုပ်ဆောင်ရန်အခွင့်အာဏာလွှဲအပ်ခံခဲ့ရခြင်းဖြစ်သည်။ (ဗျာဒိတ် ၁၁:၁၅-၁၈) ဤဆက်နွယ်နေသည့်အရာများကို ကျွန်ုပ်တို့လေးလေးနက်နက်စဉ်းစားသင့်သည်။ အဆုံးသည်လာလိမ့်မည်။ ယင်းမတိုင်မီ ကျွန်ုပ်တို့သည်ဟောပြောခြင်းလုပ်ငန်းကိုလုပ်ရမည်။ သေရေးရှင်ရေးကိစ္စဖြစ်သည်။ အများကယ်တင်ခြင်းရရန် ကျွန်ုပ်တို့ကူညီနိုင်သည်။
ပိုမိုပြည့်ဝသောဓမ္မအမှုသို့တက်လှမ်းပါလေ
များစွာသောယေဟောဝါသက်သေခံများသည် တစ်လလျှင်ဆယ်နာရီ သို့မဟုတ် ယင်းထက်ပိုမို၍အသုံးပြုကာ လူများကိုသတင်းကောင်းဝေငှကြသည်။ ထောင်ပေါင်းများစွာတို့သည် အရန်ရှေ့ဆောင်များအဖြစ် တစ်ရက်ကိုနှစ်နာရီ သို့မဟုတ် ယင်းထက်ပိုမို၍အသုံးပြုကြသည်။ အချို့သည် မှန်မှန် သို့မဟုတ် အထူးရှေ့ဆောင်များအဖြစ်ဆက်တိုက်ဆောင်ရွက်ကြသည်။ သူတို့သည် ဤလုပ်ငန်း၏အရေးကြီးလှပုံကို သဘောပေါက်ပြီး၊ ပျော်ရွှင်မှုမဲ့သောဤကမ္ဘာအဆုံးမရောက်မီ တတ်နိုင်သမျှပြည့်ပြည့်ဝဝပါဝင်လိုကြသည်။
သင်သည်လှုပ်ရှားတက်ကြွသောသက်သေခံတစ်ဦးဖြစ်ပြီးနေပြီလော။ သို့ဖြစ်လျှင် ဤလုပ်ငန်းတွင်ပြည့်ပြည့်ဝဝပါဝင်ရန်တက်လှမ်းပါ။ ဟောပြောခြင်း၊ သွန်သင်ခြင်း၌ သင်၏စွမ်းရည်ကိုတိုးတက်စေပြီး၊ ဓမ္မအမှုကိုပိုမိုပြီးမြောက်အောင်ကြိုးစားဆောင်ရွက်ပါ။ ရှေ့ဆောင်တစ်ဦးအဖြစ် သင်၏အခြေအနေပေးလျှင်လုပ်ဆောင်ပါ။ သင့်အခြေအနေက အမှန်တကယ်ခွင့်မပြုလျှင် ဤလုပ်ငန်းတွင်တက်လှမ်းနိုင်သူတို့ကို အားပေးပါ။
သင်သည် ယေဟောဝါအားအပ်နှံထားသောသက်သေခံမဟုတ်လျှင် ယင်းဓမ္မအမှုသည် သင့်အတွက်မဟုတ်ဟုမပြောပါနှင့်။ ပီတာအမည်ရှိစက်မှုအင်ဂျင်နီယာအမျိုးသားတစ်ဦးသည် သူတစ်ပါးအားသတင်းကောင်းဟောပြောသောသူ၏ဇနီးသည်ကို ပြင်းထန်စွာဆန့်ကျင်ခဲ့သည်။ သူက “ကျွန်တော်ဇနီးတစ်အိမ်ပြီးတစ်အိမ်လိုက်တရားဟောနေတာကို ကျွန်တော်ဘယ်လိုလုပ်ပြီးခွင့်ပြုနိုင်ပါ့မလဲ” ဟုပြောခဲ့သည်။ ဘုရားနှုတ်ကပါဌ်တော်သမ္မာတရားနှင့်စပ်လျဉ်း၍ သူမ၏အခိုင်အမာယုံကြည်စိတ်ချပုံကို နှစ်ပေါင်းများစွာသုံးသပ်ပြီးနောက် သူကိုယ်တိုင် သမ္မာကျမ်းစာကိုလေ့လာရန်ဆုံးဖြတ်ခဲ့သည်။ ယခုသူ၏ဇနီးသည်ကဲ့သို့ သူကိုယ်တိုင်အပ်နှံနှစ်ခြင်းခံပြီးသောဓမ္မအမှုဆောင်တစ်ဦးဖြစ်နေပြီ။
ထိုကြောင့်သင့်ကိုယ်ကို ယေဟောဝါဘုရားသခင်အမှုထမ်းဆောင်ရခြင်းအခွင့်အရေးမှမတားဆီးပါနှင့်။ ကျွန်ုပ်တို့သည် သင့်ကိုသမ္မာကျမ်းစာလေ့လာရန်၊ သူတို့၏စည်းဝေးများတွင် စစ်မှန်သောခရစ်ယာန်များနှင့်ပေါင်းသင်းရန် တိုက်တွန်းပါသည်။ ဤအရာများသည် သင့်ဘဝအသက်တာကို ဘုရားသခင့်ဖြောင့်မတ်ရာများနှင့်ညီညွတ်စေရန် ကူညီပေးပြီး၊ ကိုယ်တော်၏ရည်ရွယ်ချက်များ၌ ယုံကြည်ခြင်းခိုင်ခန့်စေရန်တည်ဆောက်ပေးမည်။ ဤအရာများ၌တိုးတက်ရန် သင်ပြုမူလျှင် သင်လည်းဘုရားသခင်ဓမ္မအမှုဆောင်တစ်ဦးအဖြစ် အရည်အချင်းပြည့်မီပါလိမ့်မည်။ ထိုအခါသင်သည်လည်း ယေရှု၏ဤမိန့်မှာချက်တွင် ပါဝင်ရန်အခွင့်အရေးရပါလိမ့်မည်။ “သင်တို့သွား၍လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် . . . ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော။”—မဿဲ ၂၈:၁၉၊ ၂၀။
မှန်သည်၊ သင်ပါဝင်နိုင်သောဓမ္မအမှုရှိ၍ ယင်းကိုသင်လုပ်ဆောင်ရန်အရေးကြီးတကာ့၊ အရေးကြီးဆုံးဖြစ်သည်။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]
မိသားစုကိုပြုစုစောင့်ရှောက်ရသောသူနာပြုတစ်ဦးဤသို့ပြော၏။ “ကျွန်ုပ်သည်အလုပ်လုပ်သောဆေးရုံသို့နေ့စဉ် တစ်နာရီကျော်ကျော်သွားရ၏။ ထိုကြောင့်ကျွန်ုပ်သည်ဘယ်သောအခါမှ အရန်ရှေ့ဆောင်လုပ်နိုင်မည်မဟုတ်ဟုထင်ခဲ့သည်။ သို့သော် ကျွန်ုပ်သည်နေ့စဉ်နံနက်အလုပ်မသွားမီ၊ အလုပ်နားချိန်၊ အလုပ်အားရက်များတွင် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်နိုင်ရန် ကျွန်ုပ်၏အလုပ်များကို သေသေခြာခြာစနစ်တကျစီမံလေသည်။ လကုန်ရက်တွင်ကျွန်ုပ်သည် ဟောပြောခြင်းလုပ်ငန်းတွင်နာရီပေါင်း ၁၁၇ သုံးနိုင်ခဲ့သည့်အတွက် မည်မျှပျော်ရွှင်မည်ကို သင်စဉ်းစားကြည့်န်ုင်ပါသည်။ မဂ္ဂဇင်းပေါင်း ၂၆၃ စောင်၊ နှစ်စဉ်ကြေး ၂၂ ခုဝေငှပြီး၊ ကျမ်းစာသင်အံမှု ၃ ခုစတင်နိုင်ခဲ့လေသည်။”
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]
မိုက်ကယ်၌ငယ်ရွယ်သောသားသမီးခုနစ်ယောက်ရှိသည်။ နိုင်ဂျီးရီးယားကောလိပ်၌အလုပ်တာဝန်ထမ်းဆောင်သည်။ သူသည်ခရစ်ယာန်အသင်းတော်၌လည်း အကြီးအကဲတစ်ဦးဖြစ်လေသည်။ ထောင်ပေါင်းများစွာသောသက်သေခံများ၏အမြင် သူ၌ရှိသည်။
“ဓမ္မအမှုကိုကျွန်တော်၏အသက်မွေးလုပ်ငန်းကဲ့သို့ရှုမြင်၍ပေါလု၏စကားကိုအမြဲသတိရသည်။ ‘ငါသည်စိုက်ပျိုးသောသူ၊ အာပေါလုသည်ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။’ ကျွန်တော့်ဇနီးနှင့်ကျွန်တော်သည် သတင်းကောင်းကို တစ်အိမ်ပြီးတစ်အိမ် တိုတောင်းသောဆွေးနွေးခြင်းဖြင့် ‘စိုက်ပျိုး’ ကြသည်။ ကျမ်းစာမှသွန်သင်ပေးရန်စိတ်ဝင်စားသူများထံပြန်သွားခြင်းဖြင့် ကျွန်တော်တို့သည် ‘ရေလောင်း’ ကာယေရှုပြောသကဲ့သို့ပြုခဲ့ကြသည်။ ပတ်စဉ်အိမ်တွင်းကျမ်းစာသင်အံမှုသည် လူဒုနှင့်ဒေးအား၊ တစ်ခါတစ်ရံမိသားစုအားလုံးအား သမ္မာတရားအသိပညာကိုသိရှိလာစေရန်ကူညီပေးခဲ့သည်။”