ဘုရားသခင်ကိုကိုးကွယ်လော့
တိ ရစ္ဆာန်များနှင့်မတူဘဲ ကျွန်ုပ်တို့လူသားများသည် ကိုးကွယ်လိုသည့်ဂုဏ်အင်္ဂါရှိကြသည်။ ယင်းသည် ကျွန်ုပ်တို့၏မွေးရာပါအင်္ဂါရပ်ဖြစ်သည်။ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်သည့်အစွမ်းသတ္တိ၊ အမှားနှင့်အမှန်သို့ပို့ဆောင်ပေးနိုင်သည့် ဩတ္တပ္ပစိတ်လည်းရှိကြသည်။ ကျွန်ုပ်တို့အားလုံး ထိုသြတ္တပ္ပစိတ်လမ်းညွှန်သည့်အတိုင်း နည်းအမျိုးမျိုးလိုက်လျှောက်ကြပြီး၊ ထိုသို့အားဖြင့် ဘုရားတစ်ဆူ သို့မဟုတ် ဘုရားများကိုဆည်းကပ်ကိုးကွယ်ကြသည်။
လွန်ခဲ့သည့်နှစ်ရာစုအနည်းငယ်ခန့်က ကမ္ဘာ့ပညာရှင်အချို့သည် အနန္တတန်ခိုးနှင့်ပြည့်စုံသောဖန်ဆင်းရှင်တည်ရှိခြင်းနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ ၁၈၈၄ ခုနှစ်ရောက်သောအခါ ကားလ်မတ်ခ်စ်က ဘာသာတရားသည် “လူသားတို့အတွက်ဘိန်း” ဖြစ်သည်ဟုကြေညာခဲ့သည်။ နောက်ပိုင်းတွင် ချားလ်စ်ဒါဝင်ကဆင့်ကဲဖြစ်စဉ်သီအိုရီကိုမွေးထုတ်ခဲ့သည်။ ထိုနောက် ဗော်ရှီဗစ်တော်လှန်ရေးအချိန်ရောက်လာသည်။ အနောက်ဥရောပတစ်ခွင်တွင် ဘုရားမဲ့ဝါဒသည် တရားဝင်နိုင်ငံတော်မူဝါဒဖြစ်လာခဲ့ပြီး ဘာသာတရားသည် ၁၉၁၇ ခုနှစ်လူမျိုးဆက်နှင့်အတူတိမ်မြုပ်သွားလိမ့်မည်ဟု အဆိုရှိခဲ့ကြသည်။ သို့သော် ထိုဘုရားမဲ့ဝါဒီများသည် လူတွင်ပါရှိသည့်ဂုဏ်အင်္ဂါရပ်ကို မပြောင်းလဲနိုင်ခဲ့ပါ။ ယင်းအချက်မှန်ကန်ကြောင်း ယနေ့ဥရောပတစ်ခွင်တွင် ဘာသာတရားများပြန်လည်ရှင်သန်နေခြင်းက သက်သေထူသည်။
သို့ရာတွင် သမ္မာကျမ်းစာပြောသည့်အတိုင်း “‘ဘုရားများ’ ‘အရှင်များ’ ဟုဆိုသည့်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ‘ဘုရား’ ဟူ၍ခေါ်ဝေါ်သမုတ်သောသူအများရှိ” ကြ၏။ (၁ ကောရိန္သု ၈:၅) နှစ်ကာလများတစ်လျှောက် လူတို့သည်ဘုရားပေါင်းမြောက်မြားစွာကို ကိုးကွယ်လာခဲ့ကြသည်။ သန္ဓေအောင်စေသည့်ဘုရား၊ အချစ်ဘုရား၊ စစ်ဘုရား၊ အရက်နှင့်ပျော်ပါးမြူးထူးမှုဘုရား ဟူ၍ရှိခဲ့ကြသည်။ ရုပ်ဝါဒလိုက်စားမှု ထောင်ချောက်ထဲမိနေသူတို့ကို ကျမ်းစာက ဖိလိပ္ပိ ၃:၁၉ တွင် “သူတို့၏ဘုရားမူကား မိမိတို့၏ဝမ်းပေတည်း” ဟုဖော်ပြထားသည်။
ဝတ်ပြုကိုးကွယ်မှုပုံစံအားလုံးသည် တောင်ထိပ်တစ်ခုသို့တက်သောလမ်းများကဲ့သို့ တစ်နေရာတည်းကိုပို့ဆောင်သလော။ သို့မဟုတ် ဘာသာတရားအများ၏ နားလည်ရခက်သောလမ်းများသည် ချောက်ကမ်းပါးတွင်ဆုံးသောလမ်းများကဲ့သို့ ဘေးအန္တရာယ်ကိုပို့ဆောင်သလော။ တော်သင့်သောဝတ်ပြုကိုးကွယ်နည်းများစွာရှိသလော၊ တစ်ခုတည်းသာရှိသလော။ ချီးမွမ်းခံထိုက်သောဘုရားများစွာရှိသလော၊ သို့မဟုတ် ကျွန်ုပ်တို့အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုခံထိုက်သည့် အနန္တတန်ခိုးရှင်ဘုရား တစ်ဆူတည်းသာရှိသလော။
ဘုရားများပေါ်ထွန်းခြင်း
အထက်ပါမေးခွန်းများကို ကျွန်ုပ်တို့သေချာစွာစစ်ဆေးသုံးသပ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာတရားအာဏာပိုင်ဖြစ်သည့် ရှေးအကျဆုံးအရေးအသားဖြစ်သောသမ္မာကျမ်းစာက ဘုရားတစ်ဆူသည် ကျွန်ုပ်တို့၏ကနဦးဘိုးဘေးများကို ဒုက္ခရောက်စေမည့်လမ်းစဉ်သို့သွေးဆောင်ဖြားယောင်းခဲ့ကြောင်း ဖော်ပြထားသည်။ ထိုလှည့်ဖြားမှု၏ဘေးဒုက္ခအကျိုးကို ယနေ့ကျွန်ုပ်တို့ခံစားနေကြရသည်။ (ကမ္ဘာဦး ၃:၁-၁၃၊ ၁၆-၁၉။ ဆာလံ ၅၁:၅) “ဘုရားသခင့်သားတော်” ယေရှုက ထိုပုန်ကန်သည့်ဘုရားအား “ဤလောကကိုအစိုးရသောမင်း” ဟုခေါ်ထားသည်။ ယေရှု၏တမန်တော်တစ်ပါးက သူ့ကို “ဤလောကကိုအစိုးရသောဘုရား” ဟုခေါ်ထားသည်။ (ယောဟန် ၁:၃၄။ ၁၂:၃၁။ ၁၆:၁၁။ ၂ ကောရိန္သု ၄:၄) ဗျာဒိတ်အခန်းကြီး ၁၂အငယ် ၉ တွင် “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီး” ဟုဖော်ပြထားသည်။ စာတန်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။
စာတန်သည် အကြီးဆုံးလှည့်ဖြားသူဖြစ်သည်။ (၁ တိမောသေ ၂:၁၄) ဘိုးဘွားတို့၏ဝိညာဉ်များ စသည်တို့ဖြင့် လူသားတို့၏မွေးရာပါကိုးကွယ်လိုသည့်ဆန္ဒကို သူနှိုးဆွပေးသည်။ တန်ခိုးကြီးအာဏာရှင်များ၊ ရုပ်ရှင်နှင့်အားကစားတွင် ကျော်ကြားသူများကို ကိုးကွယ်ခြင်းကိုပင် သူထောက်ခံသည်။ (တမန်တော် ၁၂:၂၁–၂၃) “(ကျွန်ုပ်တို့) တွင် အဘယ်သူနှင့်မျှဝေးတော်မမူသော ဘုရားမှန်” ကိုသာ ဂရုတစိုက်ရှာဖွေကိုးကွယ်ရန် စိတ်ပိုင်းဖြတ်ရမည်။—တမန်တော် ၁၇:၂၇။
မည်သူသည် ကျွန်ုပ်တို့ကိုးကွယ်သင့်လောက်အောင် ထူးခြားသောဘုရားဖြစ်သနည်း။ နှစ်ပေါင်း ၃,၀၀၀ လောက်က ကျမ်းရေးသူဆာလံဆရာက “အမြင့်ဆုံးသောဘုရား . . . အနန္တတန်ခိုးရှင် . . . ငါကိုးစားသောဘုရားသခင်” ဟုဖော်ပြခဲ့ပြီး “ယေဟောဝါ” ဟူသောထင်ရှားကျော်ကြားသည့်နာမဖြင့် ကိုယ်တော်အားခေါ်ခဲ့သည်။ (ဆာလံ ၉၁:၁၊ ၂) ယင်းမတိုင်မီက ကိုယ်တော်နှင့်ပတ်သက်၍ မောရှေပြောသည်မှာ “ငါတို့ဘုရားယေဟောဝါသည် တစ်ပါးတည်းသောယေဟောဝါဖြစ်တော်မူ၏” ဟူ၍ဖြစ်သည်။ (တရားဟောရာ ၆:၄၊ ကဘ ) ဘုရားသခင်ကိုယ်တော်တိုင်ပြောသည့်စကားကို ဟေရှာယဤသို့ကိုးကားဖော်ပြသည်။ “ငါသည် ထာဝရဘုရား [ယေဟောဝါ၊ကဘ ] ဖြစ်သည်။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသောသူအားလည်းကောင်း၊ ငါ့အသရေကို [အခြားအရာ] အားလည်းကောင်းငါမပေး။”—ဟေရှာယ ၄၂:၈။
မိမိနာမတော်အား စာတန်က ထိပါးကဲ့ရဲ့ရှုတ်ချမှုကိုရှင်းလင်းပစ်ရန် ယေဟောဝါရည်ရွယ်တော်မူသည်။ ယေဟောဝါဘုရားသခင်သည် မိမိ၏လူမျိုးတော်ဣသရေလကို အီဂျစ်တို့၏ဖိနှိပ်မှုအောက်မှ မိမိပရောဖက်မောရှေအားဖြင့်ကယ်နှုတ်ခဲ့သည့် ဘီစီအီး ၁၅၁၃ ခုနှစ်က ယင်းကို ကိုယ်တော်မည်သို့ပြုတော်မူမည့်အကြောင်း ထင်ရှားပြခဲ့သည်။ ထိုအချိန်က ဘုရားသခင်သည် မိမိနာမဖြစ်သောယေဟောဝါကို ဤစကားများဖြင့်ဆက်စပ်ခဲ့သည်။ “ငါဖြစ်စေမည့်အရာကို ငါဖြစ်စေမည်။” (ထွက်မြောက်ရာ ၃:၁၄–၁၅၊ ကဘ ) အီဂျစ်ဘုရင်ဖာရောအားလက်တုံ့မပြန်မီ ထိုမင်းဆိုးအား ကိုယ်တော်ဤသို့ပြောသည်။ “အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း သင့်ကိုငါချီးမြှောက်ခဲ့ပြီ။”—ထွက်မြောက်ရာ ၉:၁၆။
ယနေ့အခြေအနေကား ထပ်တူဖြစ်သည်။ ဤလောကဘုရားစာတန်သည် ရှေးဖာရောမင်းကဲ့သို့ပင် ယေဟောဝါဘုရားသခင်ကို ကဲ့ရဲ့ရှုတ်ချပြီး ဖြောင့်မတ်ခြင်းနှင့်သမ္မာတရား မြတ်နိုးသူလူသားများအား ပရိယာယ်ကြွယ်ဝစွာဖြင့် ဝိညာဏစစ်ပွဲဆင်နွှဲနေသည်။ (ဧဖက် ၆:၁၁၊ ၁၂၊ ၁၈) တစ်ဖန် စာတန်၏ဆန့်ကျင်မှုကြားမှပင် မိမိနာမတော်ထင်ရှားရန် ဘုရားသခင်ရည်ရွယ်ထားပြီးဖြစ်သည်။ သို့သော် ယေဟောဝါသည် စာတန်နှင့်သူ့အလုပ်အားလုံးကို ဖျက်ဆီးပစ်ခြင်းအားဖြင့်တန်ခိုးတော်မပြမီ မိမိအားဝတ်ပြုသူတို့ကို ကမ္ဘာအရပ်ရပ်သို့စေလွှတ်၍ မိမိနာမတော်ကိုကြွေးကြော်စေသည်။ ဤသို့ကိုယ်တော့်နာမတော်ကိုသက်သေခံခြင်းသည် စစ်မှန်သောဝတ်ပြုရေးတွင် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်သည်။
ထိုဝတ်ပြုသူများသည် မိမိ၏သက်သေများ၊ ယေဟောဝါသက်သေများ၊ “ကိုယ့်အဖို့ငါဖန်ဆင်းသောထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်” ဟုဘုရားသခင်ကိုယ်တော်တိုင်မိန့်တော်မူသည်မှာ သင့်တော်လှသည်။ (ဟေရှာယ ၄၃:၁၀–၁၂၊ ၂၁) ယေဟောဝါ၏ဂုဏ်ကျေးဇူးတော်ကို သူတို့မည်သို့ပြသကြမည်နည်း။ ဤကမ္ဘာပေါ်တွင် နာခံမှုရှိလူသားများအား သားတော်ယေရှုခရစ်အုပ်ချုပ်မည့်ယေဟောဝါနိုင်ငံတော်က ထာဝရကောင်းချီးများဖြစ်ထွန်းစေမည့်သတင်းကောင်းကို လူအများရှေ့ နှင့် တစ်အိမ်မှတစ်အိမ် လိုက်လံဟောပြောသွန်သင်ပေးခြင်းအားဖြင့်ဖြစ်သည်။ သူတို့သည် ပထမရာစုခရစ်ယာန်စစ်များကဲ့သို့ပင် ဘုရားသခင်ကို စဉ်ဆက်မပြတ်ဝတ်ပြုကိုးကွယ်ကြသည်။ (တမန်တော် ၅:၄၂။ ၂၀:၂၀၊ ၂၁) ယင်းမှ သူတို့ဘုရားသခင်ကောင်းချီးခံစားရပါသလော။ နောက်ဆောင်းပါးကဖြေပါလိမ့်မည်။