အီဂျစ်အမှိုက်ပုံမှ ရတနာ
အမှိုက်ပုံမှ တန်ဖိုးရှိသောကျမ်းစာ,စာမူများရရှိရန် သင်မျှော်လင့်နိုင်သလော။ ကျန်ခဲ့သည့်ရာစုနှစ်အကုန်ပိုင်းက အီဂျစ်ပြည်သဲများကြားမှ ရရှိခဲ့သည်။ မည်သို့နည်း။
အီဂျစ်ပြည်တွင် ၁၇၇၈ ခုနှစ်မှ ၁၉ရာစုကုန်အထိ ကျူစာပေများစွာကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာမတိုင်မီအထိ စနစ်တကျရှာဖွေမှုများမှာ အနည်းငယ်သာရှိခဲ့သည်။ နောင်တွင် ရှေးစာပေတသီတတန်းကြီးကို အီဂျစ်ကျေးလက်ဒေသနေလူများက တွေ့ရှိလာသည်။ ထိုအခါ ဗြိတိသျှအကူအညီပေးသောအီဂျစ်ရှာဖွေလေ့လာရေးအဖွဲ့က အချိန်မနှောင်းမီ တူးဖော်ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရန်လိုအပ်ကြောင်း သဘောပေါက်လာကြသည်။ အောက်စ်ဖို့တက္ကသိုလ် စာပေပညာရှင်နှစ်ဦးဖြစ်သော ဘားနဒ်ပီဂရဲန်ဖဲလ်နှင့် အာသာအက်စ်ဟန့်တ်တို့ကိုရွေးချယ်ပြီး ဖိုင်ယွန်ပြည်နယ်တောင်ပိုင်း စိုက်ပျိုးရေးဒေသကို ရှာဖွေလေ့လာရန်စေလွှတ်လိုက်သည်။
ဘနေဇာဟုခေါ်သောအရပ်သည် ဂရဲန်ဖဲလ်အတွက် မျှော်လင့်ချက်အလားအလာရှိသောအရပ်ဖြစ်ပုံရသည်။ အကြောင်းမှာ ရှေးဂရိအမည် အော့က္ကစီရင်းန်ကပ်စ်ဟုခေါ်သောကြောင့်ဖြစ်သည်။ အီဂျစ်ပြည်ရှိခရစ်ယာန်ဒေသဖြစ်သော အော့က္ကစီရင်းန်ကပ်စ်သည် စီအီးလေးရာစုနှင့်ငါးရာစုအချိန်များအတွင်း အလွန်အရေးပါသောနေရာဖြစ်ခဲ့သည်။ အနီးတစ်ဝိုက်တွင် ရှေးကျသောရဟန်းကျောင်းများကို တွေ့ရှိရပြီး ဤတောမြို့ကလေး၏အပျက်အစီးများသည် ပြန့်ကျဲလျက်ရှိသည်။ ဂရဲန်ဖဲလ်က ရှေးခရစ်ယာန်စာပေအပိုင်းအစများကို တွေ့ရှိရန်မျှော်လင့်ခဲ့သည်။ သို့သော် သင်္ချိုင်းများနှင့်အိမ်ပျက်များကိုရှာဖွေသော်လည်း ဘာမျှမတွေ့ရှိခဲ့ပါ။ မြို့၏အမှိုက်ပုံများသာကျန်ခဲ့ပြီး အချို့ပေ ၃၀ အထိမြင့်တက်နေကြသည်။ ယင်းတို့တွင် ကျူစာပေများကိုတူးဖော်ရရှိရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ သို့သော် စူးစမ်းရှာဖွေသူများက ကြိုးစားကြည့်ရန်ဆုံးဖြတ်ကြသည်။
ရတနာသိုက်တစ်ခု
၁၈၉၇ ခုနှစ်ဇန်နဝါရီလတွင် စမ်းသပ်တူးဖော်မှုစတင်ရာ နာရီပိုင်းအတွင်း ကျူစာပေအစိတ်အပိုင်းများကိုတွေ့ရှိခဲ့သည်။ ယင်းတို့တွင် စာများ၊ အလုပ်စာချုပ်များ၊ ရုံးသုံးစာရွက်စာတမ်းများ ပါဝင်သည်။ ယင်းတို့ကို လေတိုက်၍ပါလာသောသဲများကဖုံးအုပ်နေပြီး ခြောက်သွေ့သောရာသီဥတုက ယင်းတို့ကို နှစ်ပေါင်း ၂,၀၀၀ နီးပါးထိန်းသိမ်းထားပေးသည်။
သုံးလကျော်ရုံမျှနှင့် အော့က္ကစီရင်းန်ကပ်စ်တွင် ကျူစာနှစ်တန်နီးပါးရှာဖွေတွေ့ရှိခဲ့သည်။ သေတ္တာပုံးကြီးနှစ်ဆယ့်ငါးလုံးအပြည့် သင်္ဘောဖြင့်တင်၍ အင်္ဂလန်သို့ပြန်သယ်ဆောင်သွားခဲ့သည်။ နောက်ဆယ်နှစ်တိုင်တိုင် ဆောင်းရာသီအချိန်ရောက်တိုင်း ထိုဇွဲရှိသောပညာရှင်နှစ်ဦးတို့သည် အီဂျစ်ပြည်သို့ပြန်လာပြီး တိုးတက်စုဆောင်းမှုများပြုလုပ်ကြသည်။
တစ်ခါသော် တက်ဘ်ကျူးနစ္စရှိသင်္ချိုင်းတစ်ခုကိုတူးဖော်စဉ် မပျက်စီးအောင်စီမံထားသော မိချောင်းရုပ်ကြွင်းများကို တူးဖော်ရရှိခဲ့ကြသည်။ အလုပ်သမားတစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် ယင်းမှတစ်ခုကို အပိုင်းပိုင်းဖြစ်အောင်ချေပစ်ရာ ယင်းတို့ကို ကျူစာချပ်များဖြင့်ထုတ်ထားသည်ကို အံ့သြစွာတွေ့ရှိခဲ့ရသည်။ အခြားမိချောင်းများကိုလည်း ရှာဖွေတွေ့ရှိရာ ထိုအတိုင်းပင်ပြုလုပ်ထားသည်ကိုတွေ့ရှိရသည်။ အချို့ကျူစာချပ်များသည် မိချောင်းများ၏လည်ချောင်းအတွင်း အလိပ်လိုက်သွတ်သွင်းထားသည်ကိုတွေ့ရသည်။ ရှေးကျသောအရေးအသားအပိုင်းအစများ ပေါ်ထွက်လာရာ ယင်းတို့တွင် ဘုရင့်အမိန့်တော်နှင့်သဘောတူစာချုပ်များ၊ ငွေကြေးစာရင်းအင်းများနှင့် ကိုယ်ရေးကိုယ်တာစာများပါဝင်သည်။
ဤအရာအားလုံး မည်သို့တန်ဖိုးရှိသနည်း။ ယင်းတို့အလွန်စိတ်ဝင်စားဖွယ်ကောင်းကြသည်။ အဘယ့်ကြောင့်ဆိုသော် အများစုမှာ သာမညလူများက ဂရိနေ့စဉ်သုံးစကားကွိုင်နေဖြင့် ရေးသားထားသောကြောင့်ဖြစ်သည်။ ထိုသူများအသုံးပြုထားသောဝေါဟာရများစွာကို “ဓမ္မသစ်” ခေါ် ခရစ်ယာန်ဂရိကျမ်းတွင်တွေ့ရှိရသဖြင့် ကျမ်းစာပါဝေါဟာရအသုံးအနှုန်းသည် အချို့ပညာရှင်များယူဆသကဲ့သို့ ကျမ်းစာခေတ်ရှိ အဆင့်မြင့်ဂရိစကားများဖြင့် ရေးသားထားရာများမဟုတ်ဘဲ လမ်းပေါ်ရှိလူများပြောနေခဲ့သည့် သာမန်စကားအသုံးအနှုန်းများသာဖြစ်သည်။ ထိုကြောင့် ဝေါဟာရသုံးပုံသုံးနည်းများကို နေ့စဉ်အသုံးအနှုန်းများဖြင့်နှိုင်းယှဉ်ကြည့်လိုက်လျှင် ခရစ်ယာန်ဂရိကျမ်းစာရှိဝေါဟာရတို့၏အဓိပ္ပာယ်ကို နားလည်သဘောပေါက်လာသည်။
သမ္မာကျမ်းစာ၏စာမူများ
သမ္မာကျမ်းစာ၏ စာမူအပိုင်းအစများကိုလည်းရှာဖွေတွေ့ရှိရာ ယင်းတို့ကိုအဆင်အပြင်မရှိဘဲ ညံ့ဖျင်းသောပစ္စည်းများပေါ်တွင် အကြမ်းရေးသားထားသည်ကိုကြည့်ခြင်းအားဖြင့် ယင်းတို့သည် သာမညလူတို့၏ကျမ်းစာဖြစ်ကြောင်းဖော်ပြသည်။ ရှာဖွေတွေ့ရှိသည့်ကျမ်းအချို့ကို ကျွန်ုပ်တို့စစ်ဆေးကြည့်ကြစို့။
ဟန့်တ်သည်မဿဲခရစ်ဝင်ကျမ်း၏ပထမအခန်းကြီးရှိ အခန်းငယ် ၁ မှ ၉၊ ၁၂ နှင့် ၁၄ မှ ၂၀ တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းတို့ကို စာလုံးကြီးဖြင့် သုံးရာစုနှစ်အတွင်းက ရေးသားထားခဲ့သည်။ ယင်းသည် အရပ်ရပ်မှစုဆောင်းရရှိသော ကျူစာပေမှတ်တမ်းတွင် P1 ဟူသော ပထမဆုံးသောကျူစာဖြစ်လာသည်။ ယခုအခါ တစ်ခုလုံးသော်လည်းကောင်း၊ အစိတ်အပိုင်းလိုက်သော်လည်းကောင်း ခရစ်ယာန်ဂရိကျမ်းစာ၏ စာမူတစ်ရာနီးပါးကို ရရှိထားပြီးဖြစ်သည်။ ဟန့်တ်ရှာဖွေတွေ့ရှိသည့်ကျမ်းပိုဒ်အနည်းငယ်သည် မည်သို့အသုံးဝင်မည်နည်း။ ယင်းကို စီအီးသုံးရာစုတွင်ရေးသားခဲ့ကြောင်း အရေးအသားကဖော်ပြသည်။ ယင်းကိုစစ်ဆေးကြည့်ရာ မကြာသေးမီက ဝက်စ်ကော့တ်နှင့်ဟော့တ်တို့ပြုစုသည့်ကျမ်းနှင့် ကိုက်ညီကြောင်း တွေ့ရှိရသည်။ P1သည် ယခုအခါ အမေရိကန်ပြည် ပင်စီလ်ဘေးနီးယားပြည်နယ် ဖီလဒဲလ်ဖီးယားမြို့ရှိတက္ကသိုလ်ပြတိုက်တွင် ရှိနေသည်။
ကိုဒက်ခ်စ် သို့မဟုတ် စာအုပ်ပုံစံကျူစာပေမှ ကျူစာတစ်ချပ်သည် ဘယ်ဘက်တွင် ယောဟန်အခန်းကြီး ၁ နှင့် ညာဘက်တွင် ယောဟန်အခန်းကြီး ၂၀ တို့၏အစိတ်အပိုင်းများပါရှိသည်။ ပျောက်နေသောအပိုင်းများကို ပြန်လည်ဆက်စပ်ရန်ကြိုးစားရာတွင် ခရစ်ဝင်ကျမ်းတစ်စောင်လုံးအတွက် မူရင်း ၂၅ ချပ်ရှိပြီး ရှေးကတည်းက အခန်းကြီး ၂၁ ပါဝင်ရမည်ဖြစ်ကြောင်း တွေ့ရှိရသည်။ စီအီးသုံးရာစုနေ့စွဲပါရှိပြီး P5 ဟုအမည်တပ်ကာ ယခုအင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဗြိတိသျှစာကြည့်တိုက်တွင်ရှိသည်။
ယင်းအရွယ်အစားအတိုင်းရှိသောအပိုင်းတစ်ခုတွင် ရောမ ၁:၁-၇ ပါရှိရာ စာပေပညာရှင်အချို့က ကျောင်းသားတစ်ယောက်၏လေ့ကျင့်ခန်းစာအုပ်ဖြစ်နိုင်သည်ဟုထင်ရလောက်အောင် အကြမ်းဖျင်းရေးထားသည်။ ယင်းကို P10 ဟုအမည်တပ်ပြီး စီအီးလေးရာစုနေ့စွဲပါရှိသည်။
အတော်များများရှာဖွေတွေ့ရှိသည့်အထဲတွင် ဟေဗြဲအသင်းတော်သို့ရေးသောစာ၏ သုံးပုံတစ်ပုံလည်းပါဝင်သည်။ ယင်းကို ရောမသမိုင်းဆရာလီဗီ၏ ရှေးစာပေအရေးအသားပါရှိသော စာလိပ်၏နောက်ကျောဘက်တွင် ကူးထားသည်။ အဘယ်ကြောင့်ယင်းသို့ ရှေ့နှင့်နောက်တွင် ခြားနားသောအကြောင်းအရာများဖြစ်နေရသနည်း။ အကြောင်းမှာ ထိုခေတ်တွင် စာရေးကိရိယာများ၏ရှားပါးမှုနှင့် တန်ဖိုးကြီးမားမှုတို့ကြောင့် ကျူစာအဟောင်းများကို အလဟသမဖြစ်စေရန်အတွက်ဖြစ်သည်။ ယခုယင်းကို P13 ဟုသတ်မှတ်ပြီး သုံးရာစုသို့မဟုတ် လေးရာစုနေ့စွဲပါရှိသည်။
ရောမအခန်းကြီး ၈ နှင့် ၉ တို့၏အစိတ်အပိုင်းများပါဝင်သော ကျူစာတစ်ချပ်ကို အလွန်သေးငယ်သည့်စာလုံးဖြင့်ရေးသားထားပြီး အမြင့်လေးလက်မခွဲ၊ အကျယ်နှစ်လက်မရှိသောစာအုပ်မှ ရရှိသည်။ ယင်းက စီအီးသုံးရာစုနှစ်အချိန်တွင် အိပ်ဆောင်အရွယ်ကျမ်းစာအုပ်ငယ်များ ရှိခဲ့ပုံရကြောင်းဖော်ပြသည်။ ယင်းအပိုင်းသည် P27 ဖြစ်လာပြီး ကိုဒက်ခ်စ်ဗာတီကန်နှင့် အကြမ်းအားဖြင့်တူညီသည်။
ဂရိ စပ်ထွားဂျင့် ကိုဒက်ခ်စ်မှ အချပ်လေးချပ်ပါရှိသောအပိုင်းတစ်ပိုင်းတွင် ကမ္ဘာဦးကျမ်းအခန်းကြီးခြောက်ခန်းမှ အပိုင်းအချို့ပါဝင်သည်။ ယင်း ကိုဒက်ခ်စ်သည်အရေးကြီးသည်။ အကြောင်းမှာ ယင်းသည်စီအီးဒုတိယသို့မဟုတ် တတိယရာစုနေ့စွဲပါရှိပြီး ဗာတီကန်ကိုဒက်ခ်စ်တွင်မပါရှိသော၊ ဆိုင်နိုင်းတိကပ်စ်ကိုဒက်ခ်စ်တွင်မစုံလင်သော အပိုင်းများသည် ယင်းတွင်ပါရှိသောကြောင့်ဖြစ်သည်။ ကျူစာ ၆၅၆ ဟုအမည်ပေးခံရပြီး ယင်းစာချပ်သည် ယခု အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့တက္ကသိုလ်ရှိ ဘော့ဒ်လီယံစာကြည့်တိုက်တွင်ရှိသည်။
ဤအစိတ်အပိုင်းများသည် ယခုကျွန်ုပ်တို့ရရှိထားသောရှေးစာမူများနှင့် ကြီးကြီးကျယ်ကျယ်မကွာခြားလှပါ။ ထို့ကြောင့် ကျမ်းစာစောင်များသည် ရှေးအီဂျစ်နိုင်ငံ၏ကျေးလက်ဒေသရှိ သာမန်လူများဖြန့်ဝေခဲ့ရာများဖြစ်ကြောင်း ယင်းအစိတ်အပိုင်းများက အတည်ပြုသည်။ ထို့အပြင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချစွာအားထားနိုင်ကြောင်းကိုလည်း အခိုင်အမာဖြစ်စေသည်။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ယောဟန်အခန်းကြီး ၁ ၏အပိုင်းအချို့ပါဝင်သော ဖိုင်ယွန်မှကျူစာ
[Credit Line]
By permission of the British Library
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
Pictorial Archive (Near Eastern History) Est.