ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၄/၁ စာ. ၂၃-၂၆
  • ဧလိယကဲ့သို့သောယုံကြည်ခြင်း သင်၌ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧလိယကဲ့သို့သောယုံကြည်ခြင်း သင်၌ရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျက်ပြားသော ဆယ်နွယ်နိုင်ငံ
  • ဧလိယသည် မိုးခေါင်စေဟုကြွေးကြော်
  • ညွှန်ကြားမှုခံယူခြင်းဖြင့် ယုံကြည်ခြင်းတင်ပြ
  • အစာရေစာနှင့်အသက်ရှင်ခွင့်ကို ယေဟောဝါပေး
  • “ငါ၏ဘုရားသခင်သည် ယေဟောဝါဖြစ်၏”
  • သူသည် စောင့်ကြည့်၍ စောင့်မျှော်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘုရားသခင်ဆီကနေ နှစ်သိမ့်မှုရရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သူ စောင့်ကြည့်ပြီး စောင့်မျှော်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ဘုရားသခင်ဆီကနေ သူ နှစ်သိမ့်မှုရခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၄/၁ စာ. ၂၃-၂၆

ဧလိယကဲ့သို့သောယုံကြည်ခြင်း သင်၌ရှိသလော

ယနေ့လူ့အဖွဲ့အစည်းသည် ယုံကြည်ခြင်းကိုဖျက်ဆီးသည်။ ပညာတတ်များက ဘုရားရှိသည်ကို မထီမဲ့မြင်ပြုသည်။ ဘာသာရေးအရေခြုံများက ဘုရားတရားကို ပြောင်လှောင်စရာဖြစ်စေသည်။ လောကီသားတို့ကလည်း ဘုရားကို သာ၍သာ၍ အရေးမထားတော့ချေ။ ဤသဘောထားများသည် ထိတ်လန့် ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဥပေက္ခာပြုသည့်သဘောပင်ရှိစေကာမူ ရလဒ်ကတစ်မျိုးတည်းသာဖြစ်သည်။ သူ၏ယုံကြည်ခြင်း တိုက်စားပျက်စီးခံရ၏။ ယင်းကြောင့်ယုံကြည်ခြင်းကင်းမဲ့မှုကို တမန်တော်ပေါလုက လွယ်ကူစွာ “နှောင့်ယှက်တတ်သောဒုစရိုက်” ဟုခေါ်ဆိုရခြင်းဖြစ်သည်။​—ဟေဗြဲ ၁၂:၁။

ယင်းကြောင့်လည်း ယုံကြည်ခြင်းခိုင်မြဲသူတို့ကို ဂရုပြုရန် ပေါလုညွှန်ကြားခဲ့ရခြင်းဖြစ်မည်။ (ဟေဗြဲ အခန်း ၁၁) ဤပုံသက်သေများသည် ကျွန်ုပ်တို့အားတိုက်တွန်းနှိုးဆော်မှုဖြစ်စေပြီး၊ ယုံကြည်ခြင်းရှိရန် အထောက်အကူပြုနိုင်သည်။ ဥပမာ၊ ပရောဖက်ဧလိယကို ဂရုပြုကြစို့။ သူ၏ပရောဖက်ပြုလုပ်ငန်း၏ အစပိုင်းကိုသာ သုံးသပ်ကြည့်စို့။ အာဟပ်မင်းကြီးနှင့်မိဖုရားယေဇဗေလခေတ်တွင် သူအသက်ရှင်ခဲ့သည်။ ထိုအချိန်ကား ယခုခေတ်ကဲ့သို့ပင် စစ်မှန်သောဘုရားကိုကိုးကွယ်မှု ဆုတ်ယုတ်လျော့နည်းနေသည့် အခါသမယဖြစ်သည်။

ပျက်ပြားသော ဆယ်နွယ်နိုင်ငံ

တကယ့်စုံတွဲပါတကား။ အာဟပ်မင်းကြီးသည် ဣသရေလဆယ်နွယ်နိုင်ငံ၏ သတ္တမမြောက်ဘုရင်ဖြစ်သည်။ သူ၏အလျင်ကျသူခြောက်ဦးတို့သည် ဆိုးသွမ်းကြသည်မှန်၏။ သို့သော်အာဟပ်မှာမူ သူတို့ထက် ပိုဆိုးရွားပါသေးသည်။ ညစ်ညူးသောနွားကိုးကွယ်မှုကို ပြည်တွင်း၌ တရားလွန်ကိုးကွယ်ရုံမက တိုင်းတစ်ပါးမှမင်းသမီး ယေဇဗေလကိုထိမ်းမြားခြင်းအားဖြင့် ဗာလ၏ဝတ်ပြုရေးကို တစ်နိုင်ငံလုံးတွင် ယခင်ကထက် ပိုအမြစ်စွဲလွှမ်းမိုးစေသည်။​—၃ ဓမ္မရာဇဝင် ၁၆:​၃၀-၃၃။

ယေဇဗေလသည် ငယ်စဉ်ကတည်းက ဗာလဝတ်ပြုရေး၌နစ်မွန်းနေသူဖြစ်သည်။ သူမ၏ဖခင် (ဗာလဇနီး) အာရှတရက်၏ယဇ်ပုရောဟိတ် ဧသဗာလသည် ဣသရေလနိုင်ငံ၏မြောက်ဘက်ရှိ ဇိဒုန်နိုင်ငံတွင်မင်းပြုနိုင်ရန် လူများစွာကိုသတ်ဖြတ်ခဲ့သည်။ ဣသရေလနိုင်ငံတွင် ဗာလဝတ်ပြုရေးတည်ထောင်ခြင်းငှာ စိတ်ဓာတ်ပျော့ညံ့သောလင်သားအား ယေဇဗေလသြဇာလွှမ်းခဲ့သည်။ သို့နှင့်များမကြာမီပင် ထိုမှောက်မှားသောပရောဖက် ၄၅၀ နှင့် ဘုရားမအရှယ်ရယ်၏ပရောဖက် ၄၀၀ ရှိလာကြကာ ဘုရင့်စားပွဲ၌အစာစားကြသည်။ စစ်မှန်သောဘုရားယေဟောဝါမျက်မှောက်တော်တွင် သူတို့၏ဝတ်ပြုရေးသည် စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်သည်းတကား။ မျိုးပွားအထိမ်းအမှတ်ထုံးစံများ၊ ဗိမာန်ပြည့်တန်ဆာများ၊ ကလေးငယ်များကို ယဇ်ပူဇော်ခြင်းအစရှိသည်တို့ကား ဤရွံရှာဖွယ်ဘာသာရပ်၏ ထူးခြားသောလက္ခဏာများဖြစ်သည်။ အာဟပ်၏ခွင့်ပြုချက်ဖြင့် တစ်နိုင်ငံလုံးတွင် ပိတ်ပင်မှုမရှိ ပျံ့နှံ့နေပါသည်။

ဣသရေလလူမျိုး သန်းပေါင်းများစွာတို့သည် ကမ္ဘာနှင့်ယင်း၏ရေသံသရာကိုဖန်ဆင်းတော်မူရှင် ယေဟောဝါကို မေ့လျော့နေကြ၏။ ဗာလသာလျှင် ခြောက်သွေ့သောရာသီအကုန်တွင် မိုးရွာစေသည်ဟု သူတို့ယူမှတ်ကြလေတော့သည်။ နှစ်စဉ်နှစ်တိုင်း မျိုးပွားစေ၍ မိုးရာသီဘုရားဟုယူမှတ်ကြသော ‘ဤတိမ်တိုက်စီးနင်းသူ’ သည်ခြောက်သွေ့သောနွေရာသီကို အဆုံးသတ်ပေးရန် မျှော်ကိုးကြသည်။ နှစ်တိုင်းပင်လျှင် မိုးရွာလာသည့်အခါတိုင်း ဗာလသာချီးကျူးခံရသည်။

ဧလိယသည် မိုးခေါင်စေဟုကြွေးကြော်

မိုးခေါင်သည့်နွေကာလအကုန်၊ အသက်ပေးမိုးဥတုကို စတင်ရွာစေရန် ဗာလအားမျှော်ကိုးနေစဉ် ဧလိယပေါ်လာခြင်းဖြစ်နိုင်သည်။aကျမ်းစာမှတ်တမ်းတွင် မိုးခြိမ်းသံပမာ သူ ဗြုန်းစားကြီးပေါ်လာပါသည်။ သူ၏နောက်ခံအကြောင်း၊ သူ၏ဘိုးဘေးများအကြောင်း မသိရသလောက်ပင်ဖြစ်သည်။ သို့သော်မိုးချုန်းခြင်းနှင့်မတူ သူသည်မိုးသက်မုန်တိုင်း၏နိမိတ်ပြေးမဟုတ်ခဲ့ချေ။ အာဟပ်အားသူ ဤသို့ကြေညာသည်။ “ငါခစားလျက်နေသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အသက်ရှင်တော်မူသည်အတိုင်း ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရ။”​—၃ ဓမ္မရာဇဝင် ၁၇:၁၊ သမ။

တောငွေ့တောင်နံ့ရှိသားရေခါးပန်းစည်းသော ဤသူကိုစိတ်ကူးယဉ်ကြည့်ပါ။ ဂိလဒ်တောင်တန်းဒေသသားဖြစ်ပြီး သိုးထိန်းသူများအလယ် ကြီးပြင်းလာသူဖြစ်မည်။ တန်ခိုးကြီးသောအာဟပ်ဘုရင်ရှေ့၊ သူ၏နာမည်ကျော်ကြားသောဆင်စွယ်နန်းတော်တွင်း၊ ယင်း၏ကြီးကျယ်ခမ်းနားသောအဆင်အယင်ရှေ့ရပ်နေပေမည်။ ယေဟောဝါကိုကိုးကွယ်ရန် မေ့ပျောက်နေကြသော ဤစည်ကားသည့် ရဲတိုက်ပမာရှိ ရှမာရိမြို့တော်အတွင်းတွင် အာဟပ်၏ဘုရားဗာလသည် တန်ခိုးကင်းမဲ့၍အမှန်မရှိချေဟု ပြောဆိုနေသည်။ ဤနှစ်အတွင်းသာမက လာလတ္တံ့သောနှစ်များတစ်လျှောက် မိုးမရွာ၊ နှင်းမကျရဟု ဧလိယကြေညာလိုက်သည်။

ဤကဲ့သို့သောယုံကြည်ခြင်းကို သူအဘယ်ကရရှိသနည်း။ ဤမာနထောင်လွှား၊ ဖောက်ပြန်သောမင်းကြီးရှေ့တွင် သူရှက်ကြောက်ထိတ်လန့်ခြင်းမရှိသလော။ ရှိကောင်းရှိပေမည်။ နောင်နှစ်ပေါင်းတစ်ထောင်အကြာတွင် ယေရှု၏မိတူဘကွဲညီယာကုပ်က ဧလိယသည် “ငါတို့ကဲ့သို့သောလောကဓံတရား၌ကျင်လည်သောသူဖြစ်” သည်ဟုဆိုပါသည်။ (ယာကုပ် ၅:၁၇) သို့သော် “ငါခစားလျက်နေသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အသက်ရှင်တော်မူသည်အတိုင်း” ဟူသည့်ဧလိယ၏စကားများကို သတိပြုပါ။ ယေဟောဝါ၏ကျေးကျွန်တစ်ဦးအဖြစ် မိမိသည် အာဟပ်၏ပလ္လင်ထက် သာ၍မြင့်မားသော စကြဝဠာပိုင်သရှင်၏ပလ္လင်ရှေ့ မိမိအခစားဝင်နေကြောင်း ဧလိယသတိရစွဲမှတ်နေပါသည်။ မိမိသည် ထိုနန်းပလ္လင်၏ကိုယ်စားလှယ်တော်၊ စေတမန်ဖြစ်သည်။ ဤအမြင်မျိုးဖြင့် ယေဟောဝါ၏ကောင်းချီးကိုဆုံးရှုံးသူ လူသားသာဖြစ်သောဘုရင်အာဟပ်ကို သူကြောက်ရွံ့နေစရာအကြောင်းမရှိပါ။

ဧလိယအတွက် ယေဟောဝါသည် တကယ်ဖြစ်နေခြင်းကား မတော်တဆမှုမဟုတ်ပါ။ လူမျိုးတော်နှင့် ဘုရားသခင်ဆက်ဆံခဲ့သောမှတ်တမ်းကို ထိုပရောဖက်အမှန်လေ့လာထားခဲ့ပေမည်။ ထိုဘုရားများကို ကိုးကွယ်မည်ဆိုလျှင် မိုးခေါင်၍ငတ်မွတ်စေမည်ဟု ဂျူးတို့အား ယေဟောဝါသတိပေးထားပါသည်။ (တရားဟောရာ ၁၁:​၁၆၊ ၁၇) ယေဟောဝါရှင်သည် စကားတည်တော်မူသည်ကို စိတ်ချစွာဖြင့် “မိုးမရွာမည်အကြောင်း” ဧလိယဆုတောင်းနိုင်ခဲ့သည်။​—ယာကုပ် ၅:၁၇။

ညွှန်ကြားမှုခံယူခြင်းဖြင့် ယုံကြည်ခြင်းတင်ပြ

သို့သော်လတ်တလောအချိန်တွင် ဧလိယ၏ကြွေးကြော်ချက်ကြောင့် အသက်အန္တရာယ်ရှိနေသည်။ ဤအချိန်တွင် သူ၏ယုံကြည်ခြင်းကိုတင်ပြရန် အကြောင်းပေါ်လာသည်။ အသက်ဆက်ရှင်နိုင်ရန် ယေဟောဝါ၏ညွှန်ကြားချက်ကို သစ္စာရှိရှိလိုက်နာရတော့မည်။ “သင်သည် ဤအရပ်မှထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယောဒန်မြစ်တစ်ဖက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။ ထိုချောင်းရေကိုသောက်ရမည်။ ကျီးအတို့သည် သင့်ကိုကျွေးမွေးမည်အကြောင်း ငါမှာထားပြီ။”​—၃ ဓမ္မရာဇဝင် ၁၇:​၃၊ ၄။

ဧလိယချက်ချင်းနားထောင်သည်။ ပြည်တွင်းမိုးခေါင်ရေရှား၊ ငတ်မွတ်ဘေးကို လွတ်မြောက်လိုလျှင် ယေဟောဝါပြင်ဆင်တော်မူသည့် အစာရေစာကို သူစားသုံးနေရတော့မည်။ ယင်းကား လွယ်ကူမည်မဟုတ်။ သူပုန်းရှောင်နေရလိမ့်မည်။ လနှင့်ချီ၍ လူသူနှင့်ခွဲခွာနေရပေမည်။ ထိုကာလအတွင်း မောရှေပညတ်အရ မသန့်ရှင်းဟုသတ်မှတ်ထားသည့် အပုပ်ကောင်များကိုစားသည့်ကျီးအတို့ သယ်ဆောင်လာသောအစာကို သူစားသုံးရာတွင် ပညတ်တရားအရ နည်းမှန်လမ်းကျသတ်ထားပြီးသော လတ်ဆတ်သည့်စားစရာဖြစ်ပေလိမ့်မည်ဟု ယေဟောဝါကို အားထား၍စားသုံးရလိမ့်မည်။ ဤအံ့ဖွယ်နည်းဖြင့် ကြာရှည်စားသုံးနေရခြင်းသည် အချို့သောကျမ်းဋီကာဆရာများအတွက် မဖြစ်နိုင်လွန်းသဖြင့် ဤနေရာတွင် မူရင်းစကားလုံး “ကျီးအများ” ဟုလုံးဝမဖြစ်နိုင်ဘဲ “အာရပ်များ” ဖြစ်လိမ့်မည်ဟု အကြံပြုသည်။ သို့သော် ကျီးအတို့သည် လျှို့ဝှက်နည်းအကောင်းဆုံးဖြစ်သည်။ ဤယုတ်ညံ့၍မသန့်ရှင်းသောငှက်များသည် တောတောင်အရပ်သို့ စားကြွင်းစားကျန်များသယ်ဆောင်သွားစဉ် အမှန်မှာ ဝန်းကျင်နိုင်ငံရှိရှိသမျှတွင် အာဟပ်နှင့်ယေဇဗေလတို့ လိုက်လံရှာဖွေနေသူ ဧလိယကိုကျွေးမွေးပြုစုနေသည်ဟု လုံးဝထင်ကြမည်မဟုတ်ပါ။​—၃ ဓမ္မရာဇဝင် ၁၈:​၃၊ ၄၊ ၁၀။

ဆက်မိုးခေါင်စဉ် ခေရိတ်ချောင်းရေခန်းခြောက်မည်ကို ဧလိယစိုးရိမ်မိမည်။ မိုးခေါင်သည့်အခါ ဣသရေလနိုင်ငံရှိ ချောင်းအများသည် ခန်းခြောက်လေ့ရှိသည်။ “အတန်ကြာသော်” ဤချောင်းလည်းခန်းလေသည်။ ချောင်းရေသည် တဖြည်းဖြည်း တစ်စက်တစ်စက်သာစီးကျလာပြီး အိုင်ထဲတွင် ရေနည်းသည်ထက်နည်းလာသည့်အခါ ဧလိယ မည်သို့ခံစားရလိမ့်မည်ကို စဉ်းစားယူနိုင်ပါသည်။ ရေကုန်လျှင် မည်သို့ ဖြစ်မည်နည်းဟု သူစိုးရိမ်မိမည်။ မည်သို့ဆိုစေ၊ ထိုနေရာတွင် ဧလိယဆက်နေသည်။ ချောင်းရေလုံးဝခန်းခြောက်သည့်အခါ၌သာ သူ့အား ယေဟောဝါအခြားညွှန်ကြားချက်များပေးသည်။ ဇရတ္တမြို့သို့သွားရန် ပရောဖက်အားမှာကြားသည်။ ထိုတွင် မုဆိုးမတစ်ယောက်က သူ့အားကျွေးမွေးလိမ့်မည်ဖြစ်သည်။​—၃ ဓမ္မရာဇဝင် ၁၇:​၇-၉။

ဇရတ္တမြို့ပါတကား။ ထိုမြို့သည် ယေဇဗေလ၏ချက်မြုပ်ဖြစ်ပြီး သူမ၏ဖခင်မင်းပြုခဲ့သော ဇိဒုန်မြို့ကြီးနှင့်ဆိုင်၏။ လုံခြုံပါမည်လော။ ဤသို့ဧလိယတွေးတောခဲ့မည်။ သို့သော် “ဧလိယသည် ထ၍ . . . သွား၏။”​—၃ ဓမ္မရာဇဝင် ၁၇:၁၀။

အစာရေစာနှင့်အသက်ရှင်ခွင့်ကို ယေဟောဝါပေး

သူနာခံမှုရှိသဖြင့် အကျိုးရရှိခဲ့သည်။ ကြိုတင်ဟောသည်အတိုင်းပင် မုဆိုးမနှင့်တွေ့ဆုံ၍ မိမိ၏ပြည်သားတို့တွင်မရှိသောယုံကြည်ခြင်းကို သူမ၌တွေ့ မြင်ခဲ့သည်။ ဤချို့တဲ့သောမုဆိုးမ၌ မိမိနှင့်သားငယ်စားရန်တစ်နပ်စာအတွက် မုန့်ညက်နှင့်ဆီသာကျန်ရှိတော့သည်။ သို့ ဖြစ်စေကာမူ ဤမျှချို့တဲ့နေသော်လည်း ယေဟောဝါသည် သူမ၏မုန့်ညက်အိုးနှင့်ဆီဘူး၌ စားစရာမကုန်ခန်းရဟူသော ကတိကိုယုံကြည်စွာဖြင့် ဧလိယအတွက် မုန့်အရင်ဖုတ်ကျွေးရန် စေတနာစိတ်ရှိခဲ့သည်။ မိမိခေတ်ရှိ သစ္စာမဲ့သောဣသရေလလူမျိုးကို ရှုတ်ချချိန်တွင် ဤမုဆိုးမ၏သစ္စာရှိသောပုံသက်သေကို ယေရှုခရစ်သတိရစေခဲ့ခြင်းသည် အံ့သြစရာမဟုတ်ပါ။​—၃ ဓမ္မရာဇဝင် ၁၇:​၁၃-၁၆။ လုကာ ၄:​၂၅၊ ၂၆။

ဤအံ့ဖွယ်ရာဖြစ်ခဲ့ငြား မုဆိုးမနှင့်ဧလိယ၏ယုံကြည်ခြင်းသည် ပြင်းထန်စွာအစမ်းအသပ် ခံရတော့မည်ဖြစ်သည်။ သူမ၏သားငယ်သည် ရုတ်တရက်သေဆုံးလေသည်။ ထိုအခါ “စစ်မှန်သောဘုရား၏လူ” ဧလိယကြောင့် ဤကြေကွဲဖွယ်ဆုံးရှုံးမှုဖြစ်ရသည်ဟု ဝမ်းနည်းကြီးစွာဖြင့် မုဆိုးမယူမှတ်လေသည်။ ပြုခဲ့ဖူးသော မိမိ၏အပြစ်ကြောင့် ဒဏ်ခံနေရခြင်းလောဟု သူမထင်မိသည်။ သို့သော်သူမ၏အသက်မဲ့သောသားငယ်ကို ပွေ့ ပြီးအထက်အခန်းသို့ ဧလိယခေါ်ဆောင်သွားသည်။ အစာရေစာကျွေးမွေးပေးရုံမက ယေဟောဝါတတ်နိုင်တော်မူကြောင်း သူသိထားသည်။ ယေဟောဝါရှင်ကား အသက်၏မူလအစပင်ဖြစ်သတည်း။ သို့နှင့် သူငယ်အသက်ပြန်ရရှိရန် စိတ်အားထက်သန်စွာဖြင့် ထပ်ခါတလဲ ဧလိယဆုတောင်းလေသည်။

ရှင်ပြန်ထမြောက်ခြင်းကို ဤမျှယုံကြည်သူတို့တွင် ဧလိယသည် အဦးဆုံးသောသူမဟုတ်ပါ။ သို့သော် ကျမ်းစာမှတ်တမ်းတွင် ရှင်ပြန်ထမြောက်စေရန် သူသည် အဦးဆုံးအသုံးပြုခံရသူဖြစ်သည်။ သူငယ်သည် “အသက်ရှင်ပြန်၏။” ရိုးရှင်းသော “သင်၏သား အသက်ရှင်ပြီ” ဟူသည့်စကားများဖြင့် သားကိုသူမထံ ဧလိယပေးအပ်ချိန်တွင် မိခင်၏ရွှင်လန်းခြင်းသည် အလွန်အားရစရာဖြစ်ခဲ့ပေမည်။ မျက်ရည်ပေါက်ပေါက်ကျလျက် “ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏လူဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏စကားတော် ဟုတ်မှန်ကြောင်းကိုလည်းကောင်း ကျွန်မသိပါသည်” ဟုသူမပြောဆိုမည်အမှန်။​—၃ ဓမ္မရာဇဝင် ၁၇:​၁၇-၂၄။

“ငါ၏ဘုရားသခင်သည် ယေဟောဝါဖြစ်၏”

ဧလိယအမည်မှာ “ငါ၏ဘုရားသခင်သည် ယေဟောဝါဖြစ်၏” ဟုဖြစ်ရခြင်းကား အလွန်ထိမိ၍ သင့်တော်လှပေသည်။ မိုးခေါင်ရေရှား၊ ငတ်မွတ်ခေါင်းပါးချိန်တွင် အစာရေစာကို ယေဟောဝါပေးတော်မူခဲ့သည်။ သီလရေးကစဉ့်ကလျားဖြစ်နေချိန်တွင် ယေဟောဝါကောင်းစွာလမ်းပြညွှန်ကြားတော်မူသည်။ လူသေဆုံးသည့်အခါတွင် အသက်ပြန်ရှင်စေရန် သူ့အားယေဟောဝါအသုံးပြုတော်မူခဲ့သည်။ ပြုစုပြင်ဆင်ပေးခြင်းငှာ ကိုယ်တော်ကိုအားထားခြင်း၊ လမ်းပြညွှန်ကြားမှုကို လိုက်နာခြင်း၊ နာမတော်ထင်ရှားရေးအတွက် ကိုယ်တော်ကို ကိုးစားခြင်းအားဖြင့် ဘုရားသခင်ကိုယုံကြည်စိတ်ချမှုတင်ပြရန် ဧလိယအခွင့်အရေးရတိုင်း ယေဟောဝါကို ယုံကြည်ရန်အကြောင်း ပိုများလာရခြင်းနှင့် ဆုကျေးဇူးပြုခံရပုံရှိသည်။ ခဲယဉ်း၍ ထိတ်လန့်ဖွယ်တာဝန်များကို ယေဟောဝါဘုရားသခင်ထံမှ ဆက်ခံယူချိန်တွင် ဤပုံစံအတိုင်းဖြစ်နေပါသည်။ အမှန်သော်ကား၊ သူ့ရှေ့တွင် အလွန်ထူးခြားသောအံ့ဖွယ်ရာများအချို့ကို သူပြုရဦးမည်ဖြစ်သည်။​—၃ ဓမ္မရာဇဝင် အခန်းကြီး ၁၈ ကိုရှု။

ယနေ့ယေဟောဝါကျေးကျွန်များအတွက် ထပ်တူပင်ဖြစ်နေပါသည်။ အံ့ဖွယ်နည်းဖြင့် ကျွေးမွေးပြုစုခံရခွင့်၊ သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်းပြုပေးရန် အသုံးခံရခွင့် ရချင်မှရမည်။ ဤသို့သောအံ့ဖွယ်ရာများဖြစ်ပျက်သည့်ကာလ မဟုတ်တော့ပါ။ သို့ရာတွင် ဧလိယခေတ်ကတည်းက ယေဟောဝါရှင်သည် မပြောင်းမလဲပါ။​—၁ ကောရိန္သု ၁၃:၈။ ယာကုပ် ၁:၁၇။

ကျွန်ုပ်တို့ပင် စိုးရွံ့စရာတာဝန်ခန့်အပ်မှုအချို့ကို ရကောင်းရမည်။ ဘုရားပေးသတင်းတရားကြေညာရန် ခက်ခဲ၍ထိတ်လန့်ဖွယ်ဖြစ်သော ရပ်ကွက်များ၌ခန့်အပ်ခံရပေမည်။ ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် ကြုံတွေ့ကောင်းကြုံတွေ့မည်။ အစာငတ်ရသည့်အဖြစ်မျိုး ကြုံကြိုက်နိုင်သည်။ သို့သော်ယေဟောဝါသည် ယနေ့ထိတိုင်အောင် မိမိ၏ကျေးကျွန်များကိုလမ်းပြ၍ ကာကွယ်ပေးတော်မူကြောင်း သစ္စာရှိသူများ နှင့် ကိုယ်တော်၏အဖွဲ့အစည်းအား ကြိမ်ဖန်များစွာ သက်သေထူခဲ့ပေသည်။ ပေးသမျှတာဝန်ကို ထမ်းဆောင်နိုင်ရန်ခွန်အားကို ကိုယ်တော်ယနေ့ထိတိုင် ပေးအပ်တော်မူ၏။ ဤဒုက္ခများပြားသည့်လောကတွင် ကြုံရသမျှစုံစမ်းခြင်းများကို ခံရပ်နိုင်ရန် မစကူညီပေးလျက်ရှိသေးသည်။​—ဆာလံ ၅၅:၂၂။

[အောက်ခြေမှတ်ချက်]

a “သုံးနှစ်နှင့်ခြောက်လ” တိုင်အောင် မိုးမရွာခဲ့ဟု ယေရှုနှင့်ယာကုပ်ပါ ပြောသည်။ သို့နှင့်ပင် မိုးခေါင်ခြင်းကို ရပ်တံ့ပေးခြင်းငှာ ဧလိယသည် အာဟပ်မင်းရှေ့ မိုးခေါင်မည်ဟု သူကြေညာခဲ့သည့်နေ့မှစတင်၍ရေတွက်သော် “သုံးနှစ်စေ့သောအခါ” ရောက်ခဲ့သည်ဟုဆိုထားသည်။ သို့ ဖြစ်၍မိုးခေါင်၍ခြောက်သွေ့သောရာသီအကုန်တွင် အာဟပ်ရှေ့သူဦးဆုံးရောက်ခဲ့ပေမည်။​—လုကာ ၄:၂၅။ ယာကုပ် ၅:၁၇။ ၃ ဓမ္မရာဇဝင်၊ ၁၈:၁။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဧလိယနည်းတူ ကျေးကျွန်များ၏လိုအပ်ရာများကို ယေဟောဝါဖြည့်စွက်ပေးတော်မူမည်ဟု ယုံကြည်ပါသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ