ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၅/၁ စာ. ၁၉-၂၃
  • “နောက်ဆုံးကာလ” တွင်နိုးကြားလျက်နေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နောက်ဆုံးကာလ” တွင်နိုးကြားလျက်နေခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာရုံပျံ့လွင့်ခြင်းကို တိုက်လှန်
  • စွဲစွဲမြဲမြဲဆုတောင်းပါ
  • ဘုရားသခင့်အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး ယင်း၏လုပ်ငန်းကို လုပ်ကိုင်နေ
  • ကိုယ်ကိုယ်ကိုစစ်ဆေး
  • ပြည့်စုံနေသောပရောဖက်ပြုချက်တို့ကို ဆင်ခြင်သုံးသပ်လေ
  • ယုံကြည်သူများဖြစ်လာချိန်ထက် ကယ်တင်ခြင်းနီးပြီ
  • “စောင့်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယေဟောဝါ၏နေ့အတွက် ကိုယ်တိုင်အသင့်ရှိနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “နိုးနိုးကြားကြားရှိကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • အနှောင့်အယှက်များကိုရှောင်ကာ—အစဉ်နိုးကြားနေသလော
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၅/၁ စာ. ၁၉-၂၃

“နောက်ဆုံးကာလ” တွင်နိုးကြားလျက်နေခြင်း

“အချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။”—မာကု ၁၃:၃၃။

၁။ ဤ “ဆုံးခန်းချိန်” တွင်စိတ်တက်ကြွစရာအဖြစ်အပျက်များ ဖြစ်သည့်အခါ မည်သို့တုံ့ပြန်သင့်သနည်း။

“နောက်ဆုံးကာလ” တွင် စိတ်အားတက်ကြွစရာအဖြစ်အပျက်များ ဖြစ်ပျက်လာစဉ် ခရစ်ယာန်များ မည်သို့တုံ့ ပြန်သင့်သနည်း။ (ဒံယေလ ၁၂:၄) သူတို့ဇဝေဇဝါဖြစ်စရာမလိုပါ။ ဤ ၂၀ ရာစုတွင် ပြည့်စုံနေသည့် အဖြစ်အပျက်များစွာပါဝင်သည့် ပုပ္ပနိမိတ်ဆိုင်ရာပရောဖက်ပြုချက်ကို ယေရှုခရစ်မိန့်တော်မူခဲ့သည်။ ၁၉၁၄ခုနှစ် ကတည်းက ဤကာလကိုထူးခြားစေသည့် အဖြစ်အပျက်များကို ကိုယ်တော်ကြိုတင်ဟောပြောထားသည်။ “နောက်ဆုံးကာလ” နှင့်ဆိုင်သောဒံယေလ၏ပရောဖက်ပြုချက်ကို သိထားသဖြင့် မိမိ၏ပရောဖက်ပြုချက်ကြီးကို ယေရှုဟောပြောပြီးနောက် တပည့်တော်များအား နိုးကြားစွာ “စောင့်နေကြရန်” တိုက်တွန်းတော်မူသည်။—လုကာ ၂၁:၃၆။

၂။ ဝိညာဉ်ရေးအရ နိုးကြားစွာနေရန် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။

၂ အဘယ်ကြောင့်နိုးကြားစွာရှိသင့်သနည်း။ လူ့သမိုင်းတွင် စိုးရိမ်စရာအကောင်းဆုံးအချိန်ဖြစ်သောကြောင့်တည်း။ ဤအချိန်အခါတွင် ခရစ်ယာန်များ ဝိညာဉ်ရေးအရငိုက်မြည်းနေမည်ဆိုလျှင် အလွန်အန္တရာယ်ရှိသည်။ ကျွန်ုပ်တို့အလွန်ပင်ကျေနပ်နေလျှင် သို့မဟုတ် လောကီစိုးရိမ်ခြင်းတို့နှင့် နှလုံးပူပန်နေမည်ဆိုလျှင် အန္တရာယ်ရှိလိမ့်မည်။ လုကာ ၂၁:၃၄၊ ၃၅ တွင်ယေရှုခရစ် ဤသို့သတိပေးသည်။ “သင်တို့သည် ကိုယ်ကိုယ်ကိုသတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မည်။”

၃၊ ၄။ (က) ဘုရားသခင်၏အမျက်တော်ထွက်ရာနေ့သည် လူတို့အပေါ် ‘ထောင်ချောက်ပမာ’ အမှတ်တမဲ့ကျရောက်မည်ဟုဆိုရာတွင် ယေရှုဘာကိုဆိုလိုသနည်း။ (ခ) ဘုရားသခင်သည် ထောင်ချောက်ကိုမထောင်သည့်အတွက် ထိုနေ့ရက်သည် လူတို့ကို အဘယ်နည်းဖြင့် အမှတ်တမဲ့ဖမ်းမိမည်နည်း။

၃ ယေဟောဝါ၏နေ့ရက်သည် ‘ထောင်ချောက်ကဲ့သို့ အမှတ်တမဲ့အုပ်မိ’ မည့် အကြောင်းရှိ၍ ယေရှုသတိပေးထားပါသည်။ ထောင်ချောက်ကို ငှက်များ၊ နို့တိုက်သတ္တဝါများဖမ်းဆီးရန် အသုံးပြုလေ့ရှိပြီး ကျော့ကွင်းပါလေ့ရှိသည်။ ကျော့ကွင်း၌ မောင်းခလုတ်ရှိသည်။ ယင်းအတွင်းရောက်သွားသူသည် ခလုတ်ကိုထိမိပြီး ထောင်ချောက်ကိုပိတ်သွားစေရာ သားကောင်ဖမ်းမိခံရလေသည်။ ယင်းတို့သည် ရုတ်တရက်ဖြစ်ပျက်သွားတတ်ပါသည်။ ဤနည်းအတိုင်းပင် ဝိညာဉ်ရေးဘက်မလှုပ်မရှားရှိသူများသည် ဘုရားသခင် “အမျက်ဒေါသထွက်သောကာလ” ၌အံ့သြမိန်းမောစွာဖြင့် ဖမ်းမိခံရလိမ့်မည်ဟုယေရှုဆိုသည်။—သု၊ ၁၁:၄။

၄ လူတို့အားဖမ်းမိရန်ထောင်ချောက်ဆင်သူသည် ယေဟောဝါဘုရားသခင်ဖြစ်သလော။ မဟုတ်ပါ။ လူတို့ကိုဖျက်ဆီးခြင်းငှာ အမှတ်တမဲ့ချောင်းမြောင်းနေတော်မမူ။ လူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို ဦးစားမထားကြသဖြင့် ထိုနေ့ရက်သည် ယေဘုယျအားဖြင့်လူတို့အားဖမ်းဆီးလိမ့်မည်ဖြစ်သည်။ ဝေယျာဝစ္စတို့နှင့်အလုပ်များနေရာ မိမိတို့ဝန်းကျင်ရှိအဖြစ်အပျက်တို့၏အဓိပ္ပာယ်ကို လျစ်လျူရှုလျက်နေကြ၏။ ယင်းက ဘုရားသခင့်အစီအစဉ်ကို ပြောင်းလဲလိမ့်မည်မဟုတ်ပါ။ တရားစီရင်ရန်အချိန်ကို ဘုရားသခင့်သတ်မှတ်ထားတော်မူပြီဖြစ်၍ ထိုအချိန်ကို လူသားတို့အား ကိုယ်တော်ကရုဏာရှိစွာဖြင့် အသိပေးထားတော်မူပြီ။—မာကု ၁၃:၁၀။

၅၊ ၆။ (က) လာလတ္တံ့သောတရားစီရင်ခြင်းကြောင့် လူသတ္တဝါများအတွက် ဖန်ဆင်းရှင်သည် အဘယ်မေတ္တာပါပြင်ဆင်ချက် ပြုလုပ်ပေးထားသနည်း။ သို့သော်အဘယ်ယေဘုယျအကျိုးရှိမည်နည်း။ (ခ) နိုးကြားနေနိုင်ရန် အဘယ်အရာကိုသုံးသပ်မည်နည်း။

၅ ဤသို့ကြိုတင်သတိပေးထားခြင်းကား ပုံဆောင်ရာခြေတင်ခုံရှိ လူသတ္တဝါတို့၏အကျိုးကိုလိုလားသည့် ကြီးမြတ်တော်မူသောဖန်ဆင်းရှင်၏ မေတ္တာပါပြင်ဆင်ချက်ပင်ဖြစ်သည်။ (ဟေရှာယ ၆၆:၁) ကိုယ်တော်၏ခြေတင်ရာဖြစ်သည်ဟုဆိုထားသည့် ဤကမ္ဘာပေါ်နေထိုင်သူတို့ကို ကိုယ်တော်မြတ်နိုး၏။ ထိုကြောင့်မြေကြီးဆိုင်ရာသံအမတ်များနှင့်စေတမန်များအားဖြင့် လာလတ္တံ့သောအဖြစ်အပျက်များအကြောင်း ကိုယ်တော်ကြိုတင်သတိပေးတော်မူ၏။ (၂ ကောရိန္သု ၅:၂၀) ဤသို့သတိပေးထားလျက်ပင် လူ့အိမ်ထောင်စုသည် ထောင်ချောက်အတွင်း အမှတ်တမဲ့ဝင်မိဘိသကဲ့သို့ ထိုအဖြစ်အပျက်များ ဖြစ်ပျက်ရကြမည်။ အဘယ်ကြောင့်နည်း။ လူအများသည် ဝိညာဉ်ရေးအရအိပ်ပျော်နေကြသောကြောင့်ဖြစ်သည်။ (၁ သက်သာလောနိတ် ၅:၆) သတိပေးချက်ကိုသတိမူသူ လူနည်းစုသာရှိ၍ ဤသူတို့သာ ဘုရားသခင့်ကမ္ဘာသစ်အထဲ ကပ်ကျော်ကြလိမ့်မည်—မဿဲ ၇:၁၃၊ ၁၄။

၆ ကယ်တင်ခြင်းရမည့်သူတို့အဝင်ဖြစ်ခြင်းငှာ ဤအစီအစဉ်၏ဆုံးခန်းချိန်တွင် မည်သို့နိုးကြားစွာနေနိုင်ကြမည်နည်း။ လိုအပ်သောအကူအညီကို ယေဟောဝါပေးသနားတော်မူသည်။ ကျွန်ုပ်တို့ပြုလုပ်နိုင်သည့်အရာ ခုနစ်ခုကိုသတိပြုကြစို့။

အာရုံပျံ့လွင့်ခြင်းကို တိုက်လှန်

၇။ အာရုံပျံ့လွင့်ခြင်းအကြောင်း ယေရှုမည်သို့သတိပေးသနည်း။

၇ ဦးဆုံး အာရုံပျံ့လွင့်ခြင်းကို တိုက်လှန် ကြရမည်။ မဿဲ ၂၄:၄၂၊ ၄၄ တွင်ယေရှုက “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။” ဤတွင်ယေရှုအသုံးပြုထားသည့်စကားအရ ဤခဲယဉ်းသောကာလတွင် အာရုံပျံ့လွင့်စရာအကြောင်း များမည်ဖြစ်ကြောင်း၊ ယင်းသည်လည်း ပျက်စီးခြင်းသို့ပို့ဆောင်မည်ဖြစ်ကြောင်း သိနားလည်စေသည်။ နောဧခေတ်တွင် လူတို့အလုပ်များနေစရာလုပ်ငန်းများစွာရှိခဲ့သည်။ ယင်းကြောင့် အာရုံပျံ့လွင့်သူများသည် အဖြစ်အပျက်တို့ကို “သတိမေ့” နေကြရာ ရေလွှမ်းမိုးဘေးက သူတို့အား သုတ်သင်ရှင်းလင်းခဲ့သည်။ ထိုကြောင့်ယေရှုက “ထိုနည်းတူ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်” ဟုသတိပေးခဲ့သည်။ —မဿဲ ၂၄:၃၇-၃၉။

၈၊ ၉။ (က) အသက်ရှင်ရေးအတွက် သာမန်ကိစ္စများသည် အန္တရာယ်ရှိစွာ မည်သို့အာရုံပျံ့လွင့်စေနိုင်သနည်း။ (ခ) ပေါလုနှင့်ယေရှုတို့သည် ကျွန်ုပ်တို့အားအဘယ်သတိပေးချက်များကို ပေးခဲ့သနည်း။

၈ လုကာ ၂၁:၃၄၊ ၃၅ ပါကိုယ်တော်၏သတိပေးချက်တွင် စားသောက်ခြင်း၊ အသက်မွေးဝမ်းကြောင်းအတွက် စိုးရိမ်ခြင်းတို့ဖြစ်သည့် သာမန်ကိစ္စများကိုယေရှုဆွေးနွေးတင်ပြကြောင်း သတိပြုပါ။ ယင်းတို့သည် သခင်ယေရှု၏တပည့်များအပါအဝင် လူသားအပေါင်းနှင့်ဆိုင်သောကိစ္စဝိစ္စများဖြစ်သည်။ (မာကု ၆:၃၁ နှိုင်းယှဉ်။) ယင်းအမှုများကိုယ်နှိုက်သည် အကျိုးပြုသည်မှန်သော်လည်း သတိမထားလျှင် ကျွန်ုပ်တို့အား အာရုံပျံ့လွင့်စေနိုင်သည်၊ အလုပ်များလွန်းစေ၍ များစွာအန္တရာယ်ရှိသော ဝိညာဏငိုက်မြည်းခြင်း ဖြစ်ပေါ်စေနိုင်သည်။

၉ ထိုကြောင့်အရေးအကြီးဆုံးဖြစ်သည့် ဘုရားသခင့်အလိုတော်နှင့်တွေ့ခြင်းကို လျစ်လျူရှုမထားကြနှင့်။ သာမန်ကိစ္စများ၌ အလုပ်ရှုပ်ထွေးနေမည့်အစား ယင်းတို့ကို အသက်ရှင်နိုင်ရေးအတွက် လိုအပ်သလောက်သာ အကန့်အသတ်ထား အသုံးပြုကြစို့လေ။ (ဖိလိပ္ပိ ၃:၈) ဘုရားသခင့်နိုင်ငံတော်မှုရေးကိစ္စများအတွက် အချိန်မပေးနိုင်လောက်အောင်မဖြစ်သင့်ပါ။ ရောမ ၁၄:၁၇ ပြောသည်အတိုင်း “ဘုရားသခင်၏နိုင်ငံတော်သည် အစားအသောက်၌မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏။” ယေရှုပြောခဲ့သောစကာများကိုလည်း သတိရပါ။ “ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။” (မဿဲ ၆:၃၃) ထပ်ဆင့်၍ လုကာ ၉:၆၂ တွင်ယေရှုဤသို့မိန့်မှာသည်။ “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်၍ကြည့်သောသူမည်သည်ကား ဘုရားသခင်နိုင်ငံတော်နှင့် မထိုက်မတန်။”

၁၀။ ပန်းတိုင်ကို စိုက်စိုက်မတ်မတ်ရှေ့ရှုမနေလျှင် အဘယ်အန္တရာယ်ရှိသနည်း။

၁၀ ပုံဆောင်စကားအားဖြင့် စ၍လယ်ထွန်လျှင် ဖြောင့်တန်းနေရမည်။ နောက်သို့ပြန်ကြည့်သော လယ်ထွန်သူ၏ထယ်ကြောင်းသည် ဖြောင့်တန်းနိုင်မည်မဟုတ်ပါ။ အာရုံပျံ့လွင့်ခံရပြီး လွယ်ကူစွာလမ်းလွဲသွားနိုင်၏။ သို့မဟုတ် အတားအဆီးတစ်ခုဖြင့် ရပ်တန့်သွားနိုင်သည်။ နောက်သို့ပြန်ကြည့်ခဲ့၍ ကယ်တင်ခြင်းမခံခဲ့ရသော လောတ၏မိန်းမနှင့် မတူကြနှင့်။ ပန်းတိုင်ကိုစိုက်စိုက်မတ်မတ် ကြည့်နေရန်လိုသည်။ ယင်းသို့ပြုနိုင်ရန် အာရုံပျံ့လွင့်ခြင်းကို ကျွန်ုပ်တို့တိုက်လှန်ကြရမည်။—ကမ္ဘာဦး ၁၉:၁၇၊ ၂၆။ လုကာ ၁၇:၃၂။

စွဲစွဲမြဲမြဲဆုတောင်းပါ

၁၁။ အာရုံလွင့်ခြင်းအကြောင်းသတိပေးပြီးနောက် ယေရှုအဘယ်အရာကို အလေးအနက်တင်ပြသနည်း။

၁၁ သို့ရာတွင်နိုးကြားနေရန် ထိုထက်မကပြုရဦးမည်။ နောက်ထပ်အရေးကြီးသည်ကား စွဲစွဲမြဲမြဲဆုတောင်းခြင်း ဖြစ်သည်။ အသက်ရှင်ရေးအတွက် သာမန်ကိစ္စဝိစ္စများနှင့် အလုပ်များမနေရန် သတိပေးပြီးနောက် ဤသြဝါဒကို ယေရှုပေးခဲ့သည်။ “ထိုကြောင့်သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကိုခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက် စောင့်နေကြလော့။”—လုကာ ၂၁:၃၆။

၁၂။ အဘယ်ဆုတောင်းခြင်းမျိုးလိုသနည်း။ အဘယ်ရလဒ်ဖြစ်ထွန်းမည်နည်း။

၁၂ ထိုကြောင့်ကျွန်ုပ်တို့မှာ အန္တရာယ်ရှိနေကြောင်း၊ နိုးကြားရန်လိုနေကြောင်းကို အသိအမှတ်ပြုကာ အစဉ်အမြဲဆုပတ္ထနာပြုနေရကြမည်။ ထိုကြောင့် စွဲမြဲစွာအသနားခံ၍ ဘုရားသခင်ထံ ဆုတောင်းလျက်ချဉ်းကပ်ကြစို့။ ရောမ ၁၂:၁၂ တွင်ပေါလုက “ဆုပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့” ဟုဆိုသည်။ ဧဖက် ၆:၁၈ တွင်လည်း ဤသို့ဖတ်ရ၏။ “ကာလအစဉ် စိတ်နှလုံးပါလျက်ဆုတောင်းပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ဆုတောင်းခြင်းငှာ အားမလျော့ဘဲလျက် . . . ဆုတောင်းလျက်စောင့်ရှောက်ကြလော့။” ယင်းသို့ပြုခြင်းက အရေးမကြီးလှသည့် အခါအားလျော်စွာကိစ္စကဲ့သို့ယူမှတ်ကာ ဆုတောင်းခြင်းမျိုးမဟုတ်ပါ။ ကျွန်ုပ်တို့ဆက်အသက်ရှင်နိုင်ရေးအတွက် အန္တရာယ်ရှိနေ၏။ ထိုကြောင့် ဘုရားသခင့်အကူအညီကိုတောင်းဆိုရန် အလွန်အရေးကြီးပါသည်။ (ဟေဗြဲ ၅:၇ နှိုင်းယှဉ်။) ဤနည်းဖြင့် ယေဟောဝါဘက်တွင် ကျွန်ုပ်တို့ဆက်ရပ်တည်နေနိုင်မည်။ “အစဉ်ဆုတောင်းလျက်” နေမှသာ ထိုသို့ပြုနိုင်ပါလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့နိုးနိုးကြားကြားရှိနေရန် ယေဟောဝါကူညီပေးတော်မူမည်။ ထိုကြောင့် စွဲစွဲမြဲမြဲဆုတောင်းနေရန် အလွန်အရေးကြီးလှသည်တကား။

ဘုရားသခင့်အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး ယင်း၏လုပ်ငန်းကို လုပ်ကိုင်နေ

၁၃။ နိုးကြားနေရန် အဘယ်ကဲ့သို့သောပေါင်းသင်းမှု လိုအပ်သနည်း။

၁၃ ဤလောကအပေါ်ကျရောက်မည့်အရာခပ်သိမ်းမှ ကျွန်ုပ်တို့လွတ်မြောက်လိုသည်။ လူသား၏မျက်နှာသာရ၍ ကိုယ်တော်ဘက် ရပ်တည်လိုကြသည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ပြုရမည့် တတိယအလုပ်တစ်ခုရှိသေးသည်။ ယေဟောဝါ၏သီအိုကရက်တစ်အဖွဲ့အစည်းနှင့် မပြတ်အစဉ်ပူးပေါင်းနေပါ။ ထိုအဖွဲ့အစည်းနှင့် အပြည့်အဝပေါင်းသင်းပြီး ယင်း၏လုပ်ငန်းတာများ၌ ပါဝင်နေရန်လိုသည်။ ဤနည်းဖြင့် စောင့်မျှော်လျက်နေသောခရစ်ယာန်များအဖြစ် မိမိတို့ကိုယ်ကို မှတ်သားတင်ပြနိုင်ကြမည်။

၁၄၊ ၁၅။ (က) အဘယ်လုပ်ငန်းမျိုးတွင် အလုပ်များနေခြင်းအားဖြင့် နိုးကြားနေနိုင်မည်နည်း။ (ခ) ဟောပြောခြင်းလုပ်ငန်းပြီးပြီဟု မည်သူဆုံးဖြတ်မည်နည်း။ ယင်းကို မည်သို့သဘောထားသင့်သနည်း။ (ဂ) ကြီးစွာသောဒုက္ခပြီးနောက် ပြုလုပ်ခဲ့သည့် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို ပြန်စဉ်းစားသည့်အခါ အဘယ်အရာကို တွေ့ရှိမည်နည်း။

၁၄ ယင်းတို့နှင့်ဆက်စပ်နေသည့် စတုတ္ထအရာတစ်ခုလည်း ကျွန်ုပ်တို့အား နိုးကြားစေလိမ့်မည်။ ဤအစီအစဉ်စနစ်၏ ဆိုက်လုနီးသောဆုံးခန်းအကြောင်း သတိပေးသူများအဝင် ဖြစ်ကြရမည်။ ဤအစီအစဉ်စနစ်ဟောင်း၏ ပျက်သုဉ်းဆုံးရှုံးချိန်သည် အနန္တတန်ခိုးရှင်ဘုရားသခင်ရည်ရွယ်ထားတော်မူသည်အထိ ‘ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်း’ ကိုမဟောပြီးမချင်း ရောက်လိမ့်မည်မဟုတ်ပါ။ (မဿဲ ၂၄:၁၄) ဟောပြောခြင်းလုပ်ငန်းပြီးပြီဟု ဆုံးဖြတ်မည့်သူကား ယေဟောဝါသက်သေများမဟုတ်ပါ။ ထိုအခွင့်အရေးကို ယေဟောဝါသာ ပိုင်သတော်မူ၏။ (မာကု ၁၃:၃၂၊ ၃၃) သို့သော် ကျွန်ုပ်တို့သည် အတတ်နိုင်ဆုံးကြိုးစား၍ လူသားတို့အတွက် အကောင်းမြတ်ဆုံးအုပ်ချုပ်ရေးဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဟောပြောရန်လိုအပ်သမျှကာလပတ်လုံး ဟောပြောနေရန် စိတ်ဆုံးဖြတ်ထားပြီ။ ဤလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်နေစဉ်၌ “ကြီးစွာသောဒုက္ခ” ဆိုက်ရောက်လာမည်ဖြစ်သည်။ (မဿဲ ၂၄:၂၁) အနာဂတ်ကာလတစ်လျှောက်လုံး ကပ်ကျော်သူများသည် ခရစ်တော်ယေရှုအား စစ်မှန်သောပရောဖက်တစ်ပါးအဖြစ် လှိုက်လှဲစွာထောက်ခံပြောဆိုနိုင်ကြလိမ့်မည်။ (ဗျာဒိတ် ၁၉:၁၁) ဟောပြောခြင်းလုပ်ငန်း၌ပါဝင်ခဲ့သူများ ထင်သည်ထက်ကျယ်ပြန့်စွာ ဟောပြောပြီးသားဖြစ်ပါလိမ့်မည်။

၁၅ ထိုကြောင့်ဘုရားသခင်ကျေနပ်သည်အထိ ဤလုပ်ငန်းကိုပြီးမြောက်သည့် အမှတ်တရဖြစ်မည့်အချိန်တွင် ယခင်တစ်ချိန်တစ်ခါမျှနှင့်မတူအောင် များစွာသောသူတို့ ပါဝင်ဟောပြောနေကြမည်။ ဤကြီးမြတ်သောလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်ခွင့်ရရှိသည့်အတွက် မည်မျှကျေးဇူးတင်ကြမည်ပါတကား။ ယေဟောဝါသည် “အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုရှိ” တော်မူကြောင်း တမန်တော်ပေတရုအာမခံထားသည်။ (၂ ပေတရု ၃:၉) ထိုကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ လှုပ်ရှားသောစွမ်းအားသည် ယနေ့ ယခင်ကထက် သာ၍လှုပ်ရှားနေသည်။ ယေဟောဝါ၏သက်သေများသည်လည်း ဝိညာဉ်တော်တိုက်တွန်းသည့် ဤလုပ်ငန်းတွင် ဆက်ပါဝင်လိုကြသည်။ ထိုကြောင့် ယေဟောဝါအဖွဲ့အစည်းနှင့်ပူးပေါင်းနေပါ။ ယင်း၏ဓမ္မအမှုတွင် အလုပ်များလျက်နေပါ။ ယင်းကား အသင်နိုးကြားနေရန် အကူအညီဖြစ်ပေလိမ့်မည်။

ကိုယ်ကိုယ်ကိုစစ်ဆေး

၁၆။ ကျွန်ုပ်တို့၏လက်ရှိဝိညာဏအခြေအနေကို အဘယ်ကြောင့်စစ်ကြောသင့်သနည်း။

၁၆ နိုးကြားနေရန် ပြုကြရမည့် ပဉ္စမအရာတစ်ခုရှိသေးသည်။ ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် မိမိ၏လက်ရှိအခြေအနေကိုစစ်ဆေးကြည့်ရမည်။ ယင်းသို့ပြုရန် ယခင်ကထက်ယခု ပိုလျောက်ပတ်ပေသည်။ မည်သူ့ဘက်တွင် ကျွန်ုပ်တို့မြဲမြံစွာရပ်တည်နေကြောင်း သက်သေထူရန်လိုသည်။ ဂလာတိ ၆:၄ ၌ပေါလုက “လူတိုင်းကိုယ်ပြုသောအမှုကို စစ်ကြောစေ” ဟုဆိုသည်။ ၁ သက်သာလောနိတ် ၅:၆-၈ ပါပေါလု၏စကားနှင့်အညီ ကိုယ်ကိုယ်ကိုစစ်ကြောပါ။ “အခြားသူတို့သည် အိပ်ပျော်သကဲ့သို့ ငါတို့သည် အိပ်မပျော်ဘဲသမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။ အကြောင်းမူကား၊ အိပ်ပျော်သောသူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့်ယစ်မူးသောသူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။ နေ့၏သားဖြစ်သောငါတို့မူကား သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုလည်းကောင်း၊ ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း ဝတ်ဆောင်ကြကုန်အံ့။”

၁၇။ စစ်ကြောကြည့်သည့်အခါ အဘယ်မေးခွန်းများကို ကိုယ်ကိုယ်ကိုမေးသင့်သနည်း။

၁၇ ကျွန်ုပ်တို့ကော။ ကျွန်ုပ်တို့ကိုယ်ကိုစစ်ကြောရာတွင် ကျွန်ုပ်တို့သည် နိုးကြားနေပါသည်၊ ကယ်တင်ခြင်းမျှော်လင့်ရာ သံခမောက်လုံးကို ဆောင်းထားပါသည်ဟုတွေ့ရှိပါသလော။ အစီအစဉ်စနစ်ဟောင်းမှ အမှန်တကယ်သီးခြားနေသူများဖြစ်ကြပြီး ယင်း၏အကြံအစည်များကို မခံယူသူများဖြစ်ကြောင်း တွေ့ရှိသလော။ ဘုရားသခင့်ကမ္ဘာသစ်၏စိတ်ဓာတ်ကို ကျွန်ုပ်တို့ အမှန်တကယ် မွေးမြူထားပြီလော။ ဤအစီအစဉ်သည် အဘယ်အခြေအနေသို့ဦးတည်နေကြောင်း ကောင်းစွာသိရှိနားလည်ပါသလော။ ထိုသို့ဆိုလျှင် ယေဟောဝါ၏နေ့ရက်သည် ကျွန်ုပ်တို့အပေါ် အမှတ်တမဲ့ရောက်လာလိမ့်မည်မဟုတ်ပါ။—၁ သက်သာလောနိတ် ၅:၄။

၁၈။ ထပ်ဆင့်၍ အဘယ်မေးခွန်းများမေးမြန်းစရာလိုဦးမည်နည်း။ အဘယ်အကျိုးဖြစ်ထွန်းမည်နည်း။

၁၈ ကိုယ်ကိုယ်ကိုစစ်ဆေးကြည့်ရာ ကျွန်ုပ်တို့သည် သက်သောင့်သက်သာချမ်းမြေ့သာယာစွာ နေထိုင်နိုင်သည့်ဘဝမျိုးကို ကြိုးစားတည်ဆောက်ပေးနေကြောင်း ထင်ရှားလျှင်ကော။ ကျွန်ုပ်တို့၏ဝိညာဏမျက်ခွံများသည် ငိုက်မြည်းခြင်း၊ အိပ်ပျော်ခြင်းဖြင့် လေးပင်နေကြောင်း တွေ့ရှိခဲ့လျှင်ကော။ လောကီစိတ်ကူးယဉ်မှုတစ်ခုခုနောက် အချည်းနှီးလိုက်လံနေပါသလော။ ထိုသို့ဆိုလျှင် နိုးကြားကြစို့။—၁ ကောရိန္သု ၁၅:၃၄။

ပြည့်စုံနေသောပရောဖက်ပြုချက်တို့ကို ဆင်ခြင်သုံးသပ်လေ

၁၉။ ပြည့်စုံနေကြောင်းထင်ရှားသည့် ပရောဖက်ပြုချက်အချို့ကား အဘယ်နည်း။

၁၉ နိုးကြားစေမည့် ယခုဆဌမမြောက်အရာသို့ရောက်ပါပြီ။ ဤဆုံးခန်းချိန်တွင် ပြည့်စုံနေသော ပရောဖက်ပြုချက်များစွာတို့ကို ဆင်ခြင်သုံးသပ်ပါ။ တစ်ပါးအမျိုးသားအချိန်ကုန်ဆုံးခဲ့သည့် ၁၉၁၄ ခုနှစ်မှ ၇၇ ခုမြောက်နှစ်ကျော်လွန်ခဲ့ပြီ။ ရာစုတစ်ခု၏ လေးပုံသုံးပုံကို ပြန်ကြည့်သည့်အခါ ပရောဖက်ပြုချက် တစ်ခုပြီးတစ်ခု ပြည့်စုံလာသည်ကို တွေ့ရှိခဲ့ပါပြီ။ ယင်းတို့ကား စစ်မှန်သောဝတ်ပြုရေး ပြန်တည်ထောင်လာခြင်း၊ ဘိသိက်ခံအကြွင်းအကျန်နှင့်အတူ သူတို့၏အပေါင်းအပါများ ဝိညာဏပရဒိသုအတွင်း ကယ်နှုတ်ခံရခြင်း၊ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာချီဟောပြောခြင်း၊ လူအုပ်ကြီးတစ်စုပေါ်ပေါက်လာခြင်းတို့ဖြစ်သည်။ (ဟေရှာယ ၂:၂၊ ၃။ အခန်းကြီး ၃၅။ ဇာခရိ ၈:၂၃။ မဿဲ ၂၄:၁၄။ ဗျာဒိတ် ၇:၉) ယေဟောဝါ၏ကြီးမြတ်သောနာမတော်နှင့် စကြဝဠာကိုစိုးပိုင်ထိုက်သူဖြစ်ကြောင်း ထင်ရှားခဲ့ရုံမက အချိန်ရောက်၍ ယေဟောဝါနှိုးဆော်ပေးသည့်အတွက် သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်လာ၍ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်လာပေပြီ။ (ဟေရှာယ ၆၀:၂၂။ ယေဇကျေလ ၃၈:၂၃) ဗျာဒိတ်ကျမ်းပါ တမန်တော်ယောဟန်၏ရူပါရုံများသည်လည်း ယခုအထွတ်အထိပ်သို့ရောက်လုပြီ။

၂၀။ ယေဟောဝါသက်သေများသည် အဘယ်ယုံကြည်ချက်ရှိကြသနည်း။ သူတို့သည် မည်သည့်အရာဖြစ်ကြောင်း ထင်ရှားပြီနည်း။

၂၀ ထိုကြောင့် ၁၉၁၄ ခုနှစ်ကတည်းက ကမ္ဘာ့ရေးရာတို့၏အဓိပ္ပာယ်ကို ယေဟောဝါသက်သေများ သဘောပေါက်နားလည်ထားပုံသည် မှန်ကန်ကြောင်း ယခင်ကထက်ယခု ပို၍အတိအကျစိတ်ချယုံကြည်နိုင်ကြသည်။ ဤသို့စိတ်ချနိုင်ကြ၍လည်း သူတို့သည် အမြင့်မြတ်ဆုံးဘုရားသခင်၏ အသုံးတော်ခံများဖြစ်ကြောင်း သက်သေထင်ရှားပေပြီ။ ဤအမှတ်တရဖြစ်သောအချိန်ကာလတွင် ဘုရားသခင့်သတင်းတရားကိုကြေညာရန်တာဝန်သည် သူတို့အပေါ်ကျရောက်နေသည်။ (ရောမ ၁၀:၁၅၊ ၁၈) မှန်ပါ၏၊ ဆုံးခန်းချိန်အတွက် ယေဟောဝါ၏နှုတ်ကပါဌ်စကားများသည် ပြည့်စုံလာပြီ။ (ဟေရှာယ ၅၅:၁၁) ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်ပေးထားသောကတိတော်အားလုံး နောက်ဆုံးပြည့်စုံလာသည်ကို မတွေ့မချင်း ဆက်တည်ကြည်ရန် တိုက်တွန်းလှုံ့ဆော်ပေးသင့်သည်။

ယုံကြည်သူများဖြစ်လာချိန်ထက် ကယ်တင်ခြင်းနီးပြီ

၂၁။ ဝိညာဉ်ရေးအရ နိုးကြားစွာနေရန် အဘယ်သတ္တမအထောက်အကူကို ကျွန်ုပ်တို့ရရှိထားသနည်း။

၂၁ နောက်ဆုံးနိုးကြားနေရန် သတ္တမမြောက်အကူအညီမှာ ကျွန်ုပ်တို့ယုံကြည်သူများဖြစ်လာချိန်ကထက် ကျွန်ုပ်တို့ကယ်တင်ခြင်းရမည့်အချိန်သည် သာ၍နီးကပ်လာကြောင်း စွဲမြဲစွာမှတ်ထားပါ။ ထိုထက်အရေးကြီးသည်ကား ယေဟောဝါ၏စကြဝဠာစိုးပိုင်ထိုက်သောအခွင့်နှင့် နာမတော်အား ရိုသေလေးမြတ်ခြင်းသည် သာ၍နီးကပ်လာပေပြီ။ ထိုကြောင့် နိုးကြားစွာနေရန်အချိန်သည် ယခင်ကထက် ပို၍အရေးကြီးနေပါပြီ။ တမန်တော်ပေါလု ဤသို့ရေးသားပါသည်။ “ငါတို့ကိုကယ်တင်သောကျေးဇူးတော်သည် ငါတို့ယုံကြည်သောနေ့ရက်၌ နီးသည်ထက် ယခုသာ၍နီးသောကြောင့်လည်းကောင်း၊ ညဉ့်အချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့်လည်းကောင်း ယခုအခါ အိပ်ပျော်ရာမှ နိုးရသောအချိန်ရောက်ခဲ့ပြီ။”—ရောမ ၁၃:၁၁၊ ၁၂။

၂၂။ ကျွန်ုပ်တို့ကယ်တင်ခြင်းနီးသည့်အတွက် မည်သို့ဖြစ်သင့်သနည်း။

၂၂ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် သာ၍နီးလာပြီဖြစ်ရာ နိုးကြားနေကြရမည်။ ဤဆုံးခန်းချိန်တွင် ယေဟောဝါ၏လူမျိုးတော်အတွက် ကိုယ်တော်ပြုလေသမျှကို တန်ဖိုးမထားနိုင်သည်အထိ ကိုယ်ရေးကိုယ်တာ သို့မဟုတ် လောကီရေးရာကိစ္စတစ်ခုခု၌ နစ်မွန်းမနေသင့်ပါ။ (ဒံယေလ ၁၂:၃) ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အားအထင်အရှား ပြသထားသည့်လမ်းစဉ်မှ သွေဖည်မသွားရန် ယခင်ကထက် သာ၍စွဲမြဲနေရန်လိုပါသည်။ (မဿဲ ၁၃:၂၂) ဤလောကသည် နောက်ဆုံးကာလတွင်ရောက်နေကြောင်း သာဓကများ ကွင်းကွင်းကွက်ကွက်ထင်ရှားနေသည်။ မကြာမီအချိန်တွင် ဖြောင့်မတ်ခြင်းတရားတည်ရာ ကမ္ဘာသစ်အတွက်နေရာပေးရန် ဤလောကသည် ထာဝစဉ်ဖယ်ရှင်းခြင်းခံရတော့မည်။—၂ ပေတရု ၃:၁၃။

၂၃။ ကျွန်ုပ်တို့အား ယေဟောဝါအဘယ်နည်းဖြင့် ကူညီမည်နည်း။ အဘယ်ကောင်းချီးခံစားရသော အကျိုးဖြစ်ပေါ်လာမည်နည်း။

၂၃ ထိုကြောင့်အတတ်နိုင်ဆုံးနိုးကြားနေကြစို့။ ယခင်နှင့်မတူ ခေတ်ရေစီးကြောင်းတွင် အဘယ်အချိန်၌ရောက်ရှိနေကြောင်း နိုးကြားစွာ အကဲခတ်နေကြစို့။ ဤကိစ္စတွင် ယေဟောဝါ အိပ်ပျော်သွားစရာအကြောင်း လုံးဝမရှိသည်ကို အမြဲသတိရပါ။ ဤဆုံးခန်းချိန်တွင် ကျွန်ုပ်တို့နိုးနိုးကြားကြားနေကြရန် ကိုယ်တော်အမြဲကူညီပေးတော်မူမည်။ ညဉ့်အချိန်ကုန်လုပြီး နေ့အချိန်ရောက်လုပြီ။ ထိုကြောင့် နိုးကြားကြလော့။ များမကြာမီ မေရှိယသခင်၏နိုင်ငံတော်သည် ကမ္ဘာမြေကြီးနှင့်ဆိုင်သော ယေဟောဝါ၏ရည်ရွယ်ချက်ကို ပြည့်စုံစေသည့်အခါ အတင့်တယ် အလှပဆုံးသော နေ့တကာတို့၏နေ့ရက်ကို ကျွန်ုပ်တို့တွေ့ကြုံကြရတော့မည်တကား။—ဗျာဒိတ် ၂၁:၄၊ ၅။

သင့်အဖြေများကား အဘယ်နည်း

▫ ဘုရားသခင်အမျက်ထွက်ရာနေ့သည် လူတို့အပေါ် ‘ထောင်ချောက်ပမာ’ ကျရောက်မည်ဟု ယေရှုဆိုရာတွင် ဘာကိုဆိုလိုသနည်း။

▫ အာရုံပျံ့လွင့်ခြင်းကို အဘယ်ကြောင့်တိုက်လှန်ရမည်နည်း။ ထိုသို့မည်သို့ပြုလုပ်နိုင်သနည်း။

▫ နိုးကြားနေရန် အဘယ်ကဲ့သို့သောဆုတောင်းချက်လိုသနည်း။

▫ အဘယ်ကဲ့သို့သောပေါင်းသင်းမှု အရေးကြီးသနည်း။

▫ ကျွန်ုပ်တို့၏ဝိညာဏအခြေအနေကို အဘယ်ကြောင့်စစ်ကြောရမည်နည်း။

▫ နိုးကြားစွာနေရာတွင် ပရောဖက်ပြုချက်သည် မည်မျှအရေးကြီးသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ