“အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲသို့ လာရောက်ကြ
ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။” (ဟေရှာယ ၆၀:၂) ထိုစကားများ မည်မျှမှန်ကန်လှသည်တကား။ မည်သို့သောဝတ်ပြုရေးကို ဘုရားသခင်နှစ်သက်တော်မူကြောင်း မသိရသည့်အဖြစ်မျိုးတွင် မဟာဗာဗုလုန်က လူတို့အားရောက်ရှိနေစေကြောင်း သံသယမရှိပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ဤလောကကိုအစိုးရသောဘုရား၊ စာတန်သည် “လူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏။”—၂ ကောရိန္သု ၄:၄။
စာတန်ကြောင့် အလင်းကွယ်နေသူများနှင့်လုံးဝကွာခြားသူများကား ယေဟောဝါသက်သေများဖြစ်ကြသည်။ သူတို့နှင့်စပ်လျဉ်း၍ ပရောဖက်ဟေရှာယဤသို့ဆိုထားသည်။ “သင်၏အပေါ်မှာ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ပေါ်ထွန်းတော်မူ၍ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။” (ဟေရှာယ ၆၀:၂) မှောင်မိုက်အောက်မှ ဘုရားသခင်၏အံ့ချီးဖွယ်အလင်းရောင်အောက် ရောက်ရှိနေကြ၍ သူတို့အလွန်ကျေးဇူးတင်လျက်နေကြသည်။ ယင်းကား ဝိညာဏအလင်း၊ သူတို့အား ဉာဏ်အလင်းပေးသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားဖြစ်ရာ ပကတိမျက်စိမမြင်နိုင်သူများပင် သမ္မာတရားအလင်းကို မြင်တွေ့နိုင်ကြသည်။
သို့သော် အကူအညီလိုအပ်နေသည်ကားအမှန်ပင်။ ကျမ်းစာကိုဖတ်ရုံဖတ်သူသည် ဘုရားပေးအကူအညီစာပေများကို အသုံးမပြုလျှင် အလင်းရောင်ကိုမြင်နိုင်မည်မဟုတ်။ ယင်းကြောင့် မဿဲ ၂၄:၄၅-၄၇ ပါ “သစ္စာသမာဓိရှိကျေးကျွန်” ကိုယေဟောဝါဘုရားသခင် ပေးထားရခြင်းဖြစ်သည်။ ယနေ့ထို “ကျေးကျွန်” ကို ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့က ကိုယ်စားပြုပါသည်။ ဤအဖွဲ့၏ညွှန်ကြားမှုအရ “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကို စီစဉ်ထားပါသည်။
ဤစည်းဝေးပွဲကြီး၏ရည်ရွယ်ချက်မှာ ဖိလိပ္ပိ ၂:၁၅ ပါပေါလု၏စကားများနှင့်အညီ ယေဟောဝါ၏လူတို့အား သာ၍ကောင်းသောအလင်းဆောင်သူများဖြစ်လာရန် ကူညီပေးခြင်းငှာဖြစ်သည်။ ထိုတွင် ခရစ်ယာန်များအား “လောကအလင်းများ” ဖြစ်ကြရန် မှာကြားထားသည်။—မဿဲ ၅:၁၄၊ ၁၆။
မြန်မာပြည်တွင် “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲများအစီအစဉ်သည် သောကြာနေ့၊ အောက်တိုဘာ ၁၆ တွင်စတင်ရန် စီစဉ်ထားပါသည်။ နံနက် ၈:၂၀ အချိန်တွင် တေးသံအစီအစဉ်သည် တက်ရောက်သူတို့အား စိတ်နှလုံးထားမှန်ရရှိစေမည်ဖြစ်ရာ ရှေ့လျှောက်ကြားနာရမည့် ဝိညာဏအစီအစဉ်အတွက် အသင့်ဖြစ်နေမည်ဖြစ်သည်။ နေ့စဉ် အဓိကအချက်တစ်ခုစီရှိ၍ သောကြာနေ့အတွက်အဓိအချက်မှာ “အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူပါ” ဖြစ်သည်။—ဆာလံ ၄၃:၃။
သောကြာနေ့နံနက်အစီအစဉ်က အဓိကဟောပြောချက် “အလင်းဆောင်သူများ—အဘယ်ရည်ရွယ်ချက်အတွက်နည်း” ကို အသားပေးပါမည်။ ခရစ်ယာန်များသည် ကိုယ်ရေးကိုယ်တာအတ္တသဘောမျိုးဖြင့် အလင်းဆောင်သူများ မဟုတ်ကြသည်ကား အမှန်ပင်။ ယင်းအစား အလင်းဆောင်သူချုပ်၊ ယေရှုခရစ်တော် ကမ္ဘာပေါ်ဆင်းသက်လာရခြင်းရည်ရွယ်ချက်သည် သမ္မာတရားဘက် သက်သေခံရန်နှင့် ဖန်ဆင်းရှင်၏နာမတော်ကို ထင်ရှားစေရန်ဖြစ်သကဲ့သို့ သူတို့လည်း အလားတူဆောင်ရွက်ကြသည်။ ယေရှုက “ငါသည် ဤလောက၌ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏” ဟုကိုယ်တော်တိုင်အကြောင်းမိန့်ဆိုခြင်းသည် အလွန်လျောက်ပတ်ပေသည်။ (ယောဟန် ၉:၅) ဤနည်းဖြင့် ကျွန်ုပ်တို့လိုက်လျှောက်စရာခြေရာတော်ကို ပုံသက်သေအဖြစ် ကိုယ်တော်ချမှတ်ပေးထားတော်မူသည်။ (၁ ပေတရု ၂:၂၁) ထိုပထမနေ့ရက် မွန်းလွဲပိုင်းတွင် လူငယ်များအထူးစိတ်ဝင်စားကြမည့် ယောရှိမင်းအကြောင်း ဟောပြောချက်နှင့် ကျမ်းစာပြဇာတ်တစ်ခုကို တင်ပြပါလိမ့်မည်။
စနေနေ့ အဓိကအချက်မှာ “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ . . . သင်တို့အလင်းကို လင်းစေကြလော့” ဖြစ်သည်။ (မဿဲ ၅:၁၄၊ ၁၆) နံနက်ပိုင်းအစီအစဉ်သည် “သင်တို့အလင်းကိုလင်းစေခြင်း” ခေါင်းစဉ်ရှိ အခန်းဆက်ဟောပြောချက်ကို အသားပေးပါမည်။ ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသူများသည် နှစ်ခြင်းခံယူနိုင်ရန် အခွင့်အရေးရပါလိမ့်မည်။ မွန်းလွဲပိုင်းအစီအစဉ်တွင် အသိဉာဏ်ပြည့်စုံစေမည့် အခန်းဆက်ဟောပြောချက် “ခရစ်တော်ရောက်ရှိခြင်းနှင့် ဗျာဒိတ်တော်ထင်ရှားခြင်းအကြောင်း အလင်းပေးခြင်း” ကိုကြားနာရမည်။
စည်းဝေးပွဲ၏တတိယနေ့လည်းဖြစ်၊ နောက်ဆုံးနေ့လည်းဖြစ်သော တနင်္ဂနွေနေ့အတွက်ရွေးချယ်ထားသည့် အဓိကအကြောင်းကား “အလင်း၏သားကဲ့သို့သွားလာကျင့်ကြံနေခြင်း” အကြောင်းဖြစ်သည်။ (ဧဖက် ၅:၈) နံနက်အစီအစဉ်တွင် အိမ်ထောင်ရေးတာဝန်များကို ဆွေးနွေးခြင်းဖြစ်သည့် “ခရစ်ယာန်အိမ်ထောင်အတွင်း အချင်းချင်းကို ဂရုပြုခြင်း” ခေါင်းစဉ်ရှိ အခန်းဆက်ဖြစ်ပါလိမ့်မည်။ ဘုရားသခင်နှင့်ခရစ်တော်၏လက်အောက်ခံခြင်းကား အဘယ်အဓိပ္ပာယ်ရှိကြောင်း ရှင်းပြသည့်ဟောပြောချက်လည်းပါရှိသည်။
စည်းဝေးပွဲသည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် အထွတ်အထိပ်သို့ရောက်၍ လူထုဟောပြောချက်ကား “လောက၏အလင်းနောက်တော်သို့ လိုက်ကြလော့” ဖြစ်သည်။ ဤဟောပြောချက်တွင် ယောဟန် ၁:၁-၁၆ ကိုဆွေးနွေးမည်ဖြစ်ပြီး သမ္မာကျမ်းစာပညာလိုအပ်ကြောင်း အလေးအနက်ဖော်ပြလိမ့်မည်။ ယေရှုခရစ်သည် လောက၏အလင်း ဖြစ်ကြောင်းကို အလေးအနက်ဖော်ပြပေးမည်။ “အလင်း၌သွားလာကျင့်ကြံနေကြ” ရန်သြဝါဒဖြင့် စည်းဝေးကြီးအစီအစဉ် နိဂုံးချုပ်ပါလိမ့်မည်။
ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းမှတစ်ဆင့် ကိုယ်တော်ပြင်ဆင်ပေးတော်မူသည့် ဤဝိညာဏပွဲတော်ကို သင်တန်ဖိုးထားကြောင်း တင်ပြပါ။ သောကြာနေ့နံနက် အဖွင့်သီချင်းမှစ၍ တနင်္ဂနွေနေ့မွန်းလွဲပိုင်း နိဂုံးချုပ်ဆုတောင်းချက်အထိ ရောက်နေရန်ကြိုးစားပါ။ စင်မြင့်ပေါ်မှ ဟောပြောလေသမျှကို အာရုံစူးစိုက်နားထောင်ပါ။ အာရုံမပျံ့လွင့်သွားရန်နှင့် နောက်နောင်အသုံးပြုနိုင်ဖို့ရန် မှတ်ချက်များယူပါ။ နောက်ဆုံးမှာကြားလိုသည်ကား၊ စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် တစ်နည်းနည်းဖြင့်လုပ်အားပေးရန် ကြံစည်ပါ။ ဤနည်းဖြင့် ခံယူခြင်းကောင်းချီးအပြင် ပေးကမ်းခြင်းဖြစ်သည့်သာ၍ကြီးမားသောကောင်းချီးကို သင်ခံစားရလိမ့်မည်။—တမန်တော် ၂၀:၃၅။