ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၅/၁၅ စာ. ၂၁-၂၃
  • “ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆင်ကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆင်ကြလော့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်နက်တန်ဆာများ
  • ဆက်လက်၍ဆုတောင်း၊ မြဲမြံစွာရပ်တည်ပါ
  • “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ယေဟောဝါ သင့်ကို ကာကွယ်ပေးပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • နတ်ဆိုးများကိုမည်သို့တွန်းလှန်နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • “ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထားပါ”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၅/၁၅ စာ. ၂၁-၂၃

“ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆင်ကြလော့”

ခရစ်ယာန်များလက်နက်တန်ဆာဝတ်ဆင်ခြင်းဟုတ်စ။ ထိုစစ်အသုံးအဆောင်များကို သူတို့အဘယ်ကြောင့် ဝတ်ဆင်ကြသနည်း။ သူတို့သည် ငြိမ်သက်မှုကိုမြတ်နိုးသူများမဟုတ်လော။ (၂ တိမောသေ ၂:၂၄) မှန်ပါသည်၊ သူတို့မြတ်နိုးကြပါသည်။ သို့သော် သတ်ဖြတ်ရန်မဟုတ်ဘဲ အောင်မြင်ရန် ရုန်းကန်တိုက်ခိုက်ရသည့်တိုက်ပွဲတွင် ခရစ်ယာန်စစ်အားလုံးပါဝင်ကြရသည်။

စာတန်သာပုန်ကန်မှုမပြုခဲ့လျှင် ထိုတိုက်ပွဲမျိုးမည်သည့်အခါမျှလိုအပ်ခဲ့မည်မဟုတ်ပါ။ သို့သော် စာတန်ပုန်ကန်ခဲ့ရုံမက အာဒံနှင့်ဧဝကို သူ၏ပုန်ကန်မှုထဲဆွဲထည့်လိုက်သေးသည်။ ထိုအချိန်မှစ၍ တိုးတက်လာသောကမ္ဘာ့အစီအစဉ်စနစ်များသည် “ဆိုးညစ်သူ” စာတန်မာရ်နတ်၏လက်ထဲတွင် ရှိနေခဲ့သည်။ (၁ ယောဟန် ၅:၁၉) အရာခပ်သိမ်းပိုင်သအုပ်စိုးခွင့်ရှိသူယေဟောဝါကို လက်အောက်ခံသူများသည် လောကနှင့်လောကီမင်းတို့၏သြဇာလွှမ်းမိုးမှုကို တွန်းလှန်ရမည်။ ဝိညာဏအသက်ဆက်လက်ရှင်သန်နေရန် တိုက်နေရမည်။ ယင်းအတွက် ခရစ်ယာန်များအား ဤသို့တိုက်တွန်းထားသည်။ “မာရ်နတ်၏ပရိယာယ်တို့ကိုဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆောင်ကြလော့။”—ဧဖက် ၆:၁၁။

လက်နက်တန်ဆာများ

ကောင်းစွာကာကွယ်မှုရရန် “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက် စုံ ” ကိုကျွန်ုပ်တို့လိုအပ်ကြောင်း သတိပြုပါ။ တမန်တော်ပေါလုဖော်ပြသော လက်နက်စုံတစ်ခုစီကို သုံးသပ်ကြည့်ပြီး ဝိညာဏတိုက်ပွဲအတွက် ကျွန်ုပ်တို့လက်နက်အပြည့်အစုံဝတ်ဆင်ထားမထားကို သတ်မှတ်နိုင်ရန် မိမိတို့ကိုယ်ကို ရိုးသားစွာစစ်ဆေးသင့်သည်။—ဧဖက် ၆:၁၄-၁၇။

“သစ္စာတည်းဟူသောခါးပန်းကိုစည်းလျက်၊” (ဧဖက် ၆:၁၄က) ကျမ်းစာခေတ်က စစ်သားများသည် ခြောက်လက်မအထိကျယ်သော သားရေခါးပတ်များကို ဝတ်ဆင်ကြသည်။ ဤခါးပတ်သည် ခါးကိုအကာအကွယ်ဖြစ်စေရန် အကူအညီပေးသည်။ စစ်သည်တစ်ဦးခါးပတ်ကိုချည်လိုက်သောအခါ စစ်ပွဲအတွက်အသင့်ဖြစ်ကြောင်းကို တင်ပြသည်။

ဘုရားရေးရာသမ္မာတရားကို စစ်သားတစ်ဦး၏ခါးပတ်နှင့်နှိုင်းယှဉ်ထားသည်မှာ မည်မျှဆီလျော်လှသည်တကား။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကို မိမိကိုယ်၌ပတ်စည်းထားသကဲ့သို့ ကိုယ်နှင့်အလွန်နီးကပ်စွာထားရှိရန် ယင်းကပုံဖော်ပြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါဝင်သည့်အကြောင်းအရာများကို ကျွန်ုပ်တို့လေးလေးနက်နက်ဆင်ခြင်သုံးသပ်သင့်သည်။ ယင်းသို့ပြုခြင်းသည် ကျွန်ုပ်တို့ကို မုသားနှင့်လှည့်စားမှုများမှ ကာကွယ်ပေးမည်။ ထို့အပြင် ယေဟောဝါ၏နှုတ်တော်ထွက်စကားများသည် ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရထောက်ပံ့အားပေးပြီး ကျွန်ုပ်တို့၏သမာဓိမယိမ်းယိုင်အောင် ဖေးမပေးမည်။

“ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာကိုဝတ်ဆင်လျက်၊” (ဧဖက် ၆:၁၄ခ) စစ်သားတစ်ဦး၏ရင်အုပ်တန်ဆာသည် အရေးကြီးသောကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သည့်နှလုံးကို ကာကွယ်ပေးသည်။ ကျွန်ုပ်တို့အားဘုရားပေးထားသည့်ဝိညာဏလက်နက်များထဲတွင် ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့၏နှလုံးကို ကာကွယ်ပေးသည်။ ကျမ်းစာအရ ကျွန်ုပ်တို့၏အထဲတွင်ရှိသောခံစားချက်များ၊ အတွေးအခေါ်များနှင့် လိုအင်များကို နှလုံးဖြင့်ဆီလျော်စွာပုံဆောင်ထားသည်။ နှလုံးသည် မကောင်းမှုသို့ယိမ်းသည့်သဘောရှိသည်ဟု ကျမ်းစာဖော်ပြထားရာ ယေဟောဝါ၏ဖြောင့်မတ်ခြင်းစံချိန်ကိုလက်ကိုင်ထားရန်ဆုံးဖြတ်ချက်ကို ပြုစုပျိုးထောင်ဖို့အရေးကြီးသည်။ (ယေရမိ ၁၇:၉) ဘုရားသခင်ကိုနာခံခြင်းသည် အရေခြုံဗန်းပြခြင်းမဖြစ်သင့်ဘဲ နှလုံးသားမှဖြစ်ရမည်။ ယင်းက ဖြောင့်မတ်ခြင်းကိုပြင်းပြစွာချစ်မြတ်နိုးသည့်စိတ်ကို ပြုစုပျိုးထောင်ပြီး တူညီသည့်ပြင်းပြစိတ်ဖြင့် မတရားမှုကိုမုန်းတီးခြင်းကို တင်ပြရမည်။ (ဆာလံ ၄၅:၇) ဤနည်းဖြင့် ကျွန်ုပ်တို့၏နှလုံးအား ကာကွယ်စောင့်ရှောက်မှုဖြစ်စေမည်။

“ငြိမ်သက်ခြင်းနှင့်ယှဉ်သောဧဝံဂေလိတရားကို ဟောပြောအံ့သောငှာပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက်ခံရပ်ကြလော့။” (ဧဖက် ၆:၁၅) ဤနည်းအားဖြင့် သင်ခြေထောက်အား ခြေဝတ်တန်ဆာဝတ်ပေးထားပါသလော။ ယင်းတို့သည် သတင်းကောင်းကြေညာရန် လယ်ကွင်းဓမ္မအမှုဆောင်ခြင်းသို့ သင့်အားမှန်မှန်ခေါ်ဆောင်သွားပါသလော။ သင်၏ဟောပြောခြင်းနှင့် သွန်သင်ခြင်းအရည်အချင်းများကို တိုးတက်အောင် ကြိုးစားအားထုတ်နေပါသလော။ အချို့ရပ်ကွက်များသည် ပြောပလောက်အောင်တုံ့ပြန်မှုမကောင်းသည်မှာ မှန်ပါသည်။ လူတစ်ဦးစီသည်ဂရုမစိုက်၊ အလေးမထား၊ ထော်လော်ကန့်လန့်လုပ်သူများဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ဟောပြောခြင်းအားဖြင့် နှိပ်စက်ညှဉ်းပန်းခြင်းပင်ခံရနိုင်သည်။ သို့သော် ခံရပ်ခြင်းအားဖြင့် ခရစ်ယာန်တစ်ဦးသည် စာတန်၏တိုက်ခိုက်မှုများကိုကာကွယ်ပေးနိုင်သည့် ခံနိုင်ရည်တိုးတက်လာသည်။ ညှဉ်းပန်းခံရလျက်ပင် ပေါလုသည် ဇွဲရှိသောဟောပြောသူဖြစ်ခဲ့သည်။ ကျွန်ုပ်တို့လည်း ‘ခရစ်တော်ကိုသူတုပသကဲ့သို့ သူ့အားတုပရန်’ အားပေးခြင်းခံရကြသည်။—၁ ကောရိန္သု ၁၁:၁။

ဟောပြောခြင်းလုပ်ငန်းတွင်အလုပ်များနေခြင်းသည် သတင်းကောင်း၌ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ပို၍အားရှိစေသည်။ ထို့ပြင် ယေဟောဝါ၏အလိုတော်ကိုပြီးစီးအောင်မြင်ရန် ကျွန်ုပ်တို့အပေါ် ကိုယ်တော့်သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်ရန်ခွင့်ပြုသည်။ အမှန်မှာ ယင်းလုပ်ငန်းသည် ကောင်းကင်တမန်များနှင့်၊ နောက်ဆုံး ယေဟောဝါဘုရားသခင်နှင့်ပင် လုပ်ဖော်ဆောင်ဖက်ချင်းဖြစ်စေသည်။ (၁ ကောရိန္သု ၃:၉။ ဗျာဒိတ် ၁၄:၆) ‘သခင်အရှင်၏လုပ်ငန်းတွင် လုပ်စရာများစွာရှိနေခြင်း’ သည် ကျွန်ုပ်တို့အား “မတိမ်းယိမ်း၊ မရွေ့လျော့” ရန်အကူအညီပေးသည်။ (၁ ကောရိန္သု ၁၅:၅၈) မည်မျှထူးခြားကောင်းမြတ်လှသည့်ကာကွယ်မှုပါတကား။

‘ယုံကြည်ခြင်းတည်းဟူသောလွှားကိုယူဆောင်ကြလော့။’ (ဧဖက် ၆:၁၆) ရှေးခေတ်ကစစ်သားတစ်ယောက်သည် လှံများ၊ မြားများ၏ဘေးရန်မှ လွှားကြီးအားဖြင့် မိမိတို့ကိုယ်ကိုကာကွယ်သည်။ လွှားကိုအသုံးပြုရန်ပျက်ကွက်ပါက ဒဏ်ရာပြင်းထန်စွာရရှိနိုင်ပြီး အသက်ပင်ဆုံးရှုံးနိုင်သည်။ ခရစ်ယာန်များသည် သာ၍ပင်သေစေနိုင်သော ‘ဆိုးညစ်သူပစ်ခတ်သည့်မီးစက်လက်နက်များ’ နှင့် ရင်ဆိုင်နေရကြသည်။ ယင်းတို့တွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအားနည်းလာပြီး ဝိညာဉ်ရေးအရပင်သေစေနိုင်လောက်အောင် စာတန်အသုံးပြုသည့်အရာအားလုံးပါဝင်သည်။ ယင်းတို့တွင် နှိပ်စက်ညှဉ်းပန်းခြင်း၊ မုသား၊ လှည့်ဖြားတတ်သောလောကီအတွေးအခေါ်များ၊ ရုပ်ဝါဒဆွဲဆောင်မှုများနှင့် အကျင့်သီလယိုယွင်းမှုတွင်ပါဝင်ရန်သွေးဆောင်ခြင်းတို့ဖြစ်သည်။ ယင်းအရာအားလုံးမှကာကွယ်မှုရရှိရန် လွှားကြီးကို ကျွန်ုပ်တို့လိုအပ်သည်။ ကျွန်ုပ်တို့၏မည်သည့်ကိုယ်အင်္ဂါအစိတ်အပိုင်းမျှ ထိခိုက်ဒဏ်ရာရခွင့်မပြုနိုင်ပါ။

အာဗြဟံနှင့်သူ့ဇနီးစာရာတို့သည် အားကြီးသောယုံကြည်ခြင်းရှိခဲ့ကြသည်။ သူတို့ကလေးရရန် အရွယ်လွန်သောအခါ သူတို့အတွက်မျိုးနွယ်မွေးဖွားလာမည်ဟူသော ဘုရားသခင့်ကတိတော်ကို သူတို့ယုံကြည်ခဲ့ကြသည်။ နောက်ပိုင်းတွင် အာဗြဟံသည် သူချစ်မြတ်နိုးသောစာရာအားဖြင့်ရသည့် တစ်ယောက်တည်းသောသားဣဇာက်ကို ယဇ်ပူဇော်ရန် တောင်းဆိုခံရခြင်းတွင် ထူးခြားသည့်ယုံကြည်ခြင်းတင်ပြခဲ့သည်။ အာဗြဟံ၏လက်ကို ယေဟောဝါရပ်တန့်စေခဲ့ပြီး ယဇ်သက္ကာကိုအစားထိုးပေးတော်မူခဲ့သည်။ သို့ရာတွင် အာဗြဟံသည် နာခံရန်အသင့်ရှိခဲ့သည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်သည် သူ၏သားကိုရှင်ပြန်ထမြောက်စေပြီး သူနှင့်ပတ်သက်၍ပေးထားသည့်ကတိတော်ကို ပြည့်စုံစေနိုင်ကြောင်းကို သူအပြည့်အဝယုံကြည်ထားသောကြောင့်ဖြစ်သည်။—ရောမ ၄:၁၆-၂၁။ ဟေဗြဲ ၁၁:၁၁၊ ၁၂၊ ၁၇-၁၉။

မောရှေလည်း ကျွန်ုပ်တို့ရှိသင့်သည့်ယုံကြည်ခြင်းမျိုးရှိခဲ့သည်။ သူသည် အီဂျစ်ပြည်၏စည်းစိမ်ကို ငြင်းပယ်ခဲ့ပြီး ဘုရားသခင်၏လူမျိုးတော်နှင့် ဒုက္ခခံရန် ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် တည်ရှိတော်မူပြီး ဣသရေလလူမျိုးကိုကယ်တင်မည်ဟူသောယုံကြည်ခြင်း သူ၌ရှိခဲ့သောကြောင့်ဖြစ်သည်။ “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ” သည့်တိုင်အောင် မောရှေ၏ယုံကြည်ခြင်းအားကြီးခဲ့သည်။—ဟေဗြဲ ၁၁:၆၊ ၂၄-၂၇။

ထိုသို့သောယုံကြည်ခြင်းမျိုး ကျွန်ုပ်၌ရှိပါသလော။ ကိုယ်တော်ကိုကျွန်ုပ်တို့မြင်ရဘိသကဲ့သို့ ယေဟောဝါနှင့်ကျွန်ုပ်တို့အလွန်ရင်းနှီးသည့်ဆက်ဆံရေးရှိသလော။ ဘုရားသခင်နှင့်ဆက်ဆံရေးဆက်လက်တည်တံ့ရန်အတွက် တစ်စုံတစ်ခုသောစွန့်လွှတ်မှုကိုပြုရန် သို့မဟုတ် အခက်အခဲကိုခံရပ်ရန် ကျွန်ုပ်တို့အသင့်ရှိသလော။ ယေဟောဝါကို ကျွန်ုပ်တို့အပြည့်အဝယုံကြည်ခြင်းရှိသလော။ (ဟေဗြဲ ၁၁:၁) ယင်းသို့ဆိုလျှင် စာတန်၏မီးစက်လက်နက်များသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းလွှားကို မဖောက်ထွင်းနိုင်ပါ။

‘ကယ်တင်ခြင်းတည်းဟူသောသံခမောက်လုံးကိုယူဆောင်လော့’ (ဧဖက် ၆:၁၇က) စစ်သားတစ်ယောက်၏သံခမောက်သည် သူ၏ဦးခေါင်း၊ အာရုံကြောထိန်းညှိစနစ်နှင့် စဉ်းစားတွေးတောမှုအစိတ်အပိုင်းဖြစ်သော ဦးနှောက်တို့ကို ကာကွယ်ပေးသည်။ ကယ်တင်ခြင်းဆိုင်ရာခရစ်ယာန်မျှော်လင့်ချက်သည် သံခမောက်လုံးနှင့်တူရခြင်းမှာ ယင်းသည် စိတ်ကိုကာကွယ်ပေးသောကြောင့်ဖြစ်သည်။ ခရစ်ယာန်တစ်ဦး၏စိတ်သည် တိကျမှန်ကန်သောအသိပညာအားဖြင့် အသစ်ပြုပြင်ခံရပြီးသည်တိုင် ယင်းသည် အားနည်း၍မစုံလင်သည့်အခြေအနေ၌ရှိဆဲဖြစ်သည်။ (ရောမ ၇:၁၈။ ၁၂:၂) ဤလောကမှဖြစ်ပေါ်စေသော ယုံကြည်ခြင်းပျက်စီးစေသည့်မသန့်ရှင်းသောအတွေးအခေါ်များကို ကျွန်ုပ်တို့၏စိတ်နှလုံးအား စားသုံးခွင့်ပြုမည်ဆိုလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းစိတ်ချမှုသည် တဖြည်းဖြည်းမှေးမှိန်သွားပြီး နောက်ဆုံးပျောက်သွားနိုင်သည့်အထိဖြစ်သည်။ တစ်ဖက်ကကြည့်လျှင် ကျွန်ုပ်တို့၏စိတ်ကို ဘုရားသခင်၏အားရှိစေသည့် နှုတ်ကပါဌ်တော်များကိုသာကျွေးလျှင် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းသည် ဆက်လက်၍ကြည်လင်တောက်ပနေပေမည်။ သင်၏သံခမောက်လုံးကို ကျနခိုင်မြဲစွာဝတ်ဆင်ထားပါသလော။

“ဘုရားသခင်၏နှုတ်ကပါဌ်တော်တည်းဟူသောဝိညာဉ်တော်၏ဓားကိုလည်းကောင်းယူကြလော့။” (ဧဖက် ၆:၁၇ခ) အကောင်းဆုံးသောခုခံကာကွယ်မှုသည် ကောင်းသောတိုက်ခိုက်မှုဖြစ်သည်ဟူသောအဆိုသည် ခရစ်ယာန်စစ်ပွဲအတွက်မှန်ကန်သည်။ ငြိမ်သက်ခြင်းသတင်းကောင်းဖြင့် တန်ဆာဆင်ထားသောကျွန်ုပ်တို့၏ခြေများသည် ကျွန်ုပ်တို့အား မယုံကြည်သူများကြားသို့ခေါ်ဆောင်သွားသော်လည်း ကျွန်ုပ်တို့သည် လက်နက်မဲ့မဟုတ်ကြပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာသည် ဝိညာဏလိမ်လည်မှုများနှင့် လွဲမှားသောယူဆချက်များကိုခုတ်ပိုင်းပယ်ဖြတ်နိုင်ပြီး စိတ်ထားမှန်ရှိသူများအား ဝိညာဏလွတ်လပ်မှုရရှိစေရန်ကူညီပေးသည့် အားကောင်းသောဓားကြီးတစ်လက်ကဲ့သို့ဖြစ်သည်။—ယောဟန် ၈:၃၁၊ ၃၂။

စာတန်မာရ်နတ်နှင့်ဆိုင်ပြိုင်တိုက်လှန်ခဲ့ရစဉ်က ဤလက်နက်၏အစွမ်းတန်ခိုးကို ယေရှုတင်ပြတော်မူခဲ့သည်။ တောထဲတွင်စုံစမ်းခံခဲ့ရစဉ်က “ကျမ်းစာလာသည်ကား” ဟုဆိုပြီး ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ထိရောက်စွာအသုံးပြုခြင်းအားဖြင့် စာတန်၏သုံးကြိမ်တိုက်ခိုက်မှုမှ မိမိကိုယ်ကိုကာကွယ်နိုင်ခဲ့သည်။ (မဿဲ ၄:၁-၁၁) ဤဓားကို ကျွမ်းကျင်စွာကျွန်ုပ်တို့အသုံးပြုမည်ဆိုလျှင် နူးညံ့သူများကို စာတန်၏ဩဇာအောက်မှလွတ်မြောက်လာရန် ကူညီပေးနိုင်သည်။ အသင်းတော်အကြီးအကဲများသည်လည်း အားနည်းသူများ၏ယုံကြည်ခြင်းကို မှောက်လှန်ဖျက်ဆီးသူများ၏ရန်မှ သိုးတော်စုကိုကာကွယ်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသုံးပြုကြသည်။—တမန်တော် ၂၀:၂၈-၃၀။

စစ်သားတစ်ယောက်သည် ဓားကိုကျွမ်းကျင်စွာကိုင်တွယ်တတ်လာရန်မှာ မလွယ်ကူပေ။ ယင်းကိုကျင်လည်စွာအသုံးပြုနိုင်ရန် သွန်သင်လေ့ကျင့်မှုနှင့် စွဲမြဲကြာရှည်စွာအသုံးချခြင်းတို့လိုအပ်သည်။ အလားတူစွာပင် ဝိညာဏစစ်ပွဲတွင်လည်း ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရန် များများလေ့လာပြီး ဓမ္မအမှုဆောင်ခြင်းတွင်အသုံးချဖို့လိုအပ်သည်။ ကျွန်ုပ်တို့သည် ကျွမ်းကျင်သောဝိညာဏဓားသမားတစ်ယောက်ဖြစ်ပြီး “သမ္မာတရားကို မှန်ကန်စွာပိုင်းခြား” နိုင်သူဖြစ်ရန် အတတ်နိုင်ဆုံးကြိုးစားအားထုတ်သွားကြစို့။—၂ တိမောသေ ၂:၁၅။

ဆက်လက်၍ဆုတောင်း၊ မြဲမြံစွာရပ်တည်ပါ

ဘုရားသခင်ကိုကျွန်ုပ်တို့သမာဓိဆက်လက်စောင့်နိုင်ရန် ဝိညာဏလက်နက်အားလုံးအရေးတကြီးလိုအပ်သည်။ သို့ရာတွင် ဤလက်နက်များကို မည်သို့အားဖြင့်ကျွန်ုပ်တို့ဝတ်ဆင်နိုင်သနည်း။ ကျမ်းစာကိုမှန်မှန်လေ့လာခြင်း၊ ခရစ်ယာန်အစည်းအဝေးများတွင် ကြိုတင်ပြင်ဆင်ပြီး ဂရုတစိုက်နားထောင်ကာ တက်ကြွစွာပါဝင်ခြင်းတို့သည် ကျွန်ုပ်တို့၏လက်နက်များကိုဝတ်ဆင်ထားရန် ကူညီပေးသည်။ (၂ တိမောသေ ၃:၁၆။ ဟေဗြဲ ၁၀:၂၄၊ ၂၅) ကောင်းသောခရစ်ယာန်ပေါင်းသင်းမှုဖြင့် လယ်ကွင်းဓမ္မအမှုတွင် ဇွဲရှိရှိနှင့်မှန်မှန်ပါဝင်ခြင်းသည်လည်း ကျွန်ုပ်တို့၏ဝိညာဏကာကွယ်ရေးနှင့်တိုက်ခိုက်ရေးလက်နက်များကို ကောင်းသောအခြေအနေတွင် ရှိနေစေမည်။—သု၊ ၁၃:၂၀။ ရောမ ၁၅:၁၅၊ ၁၆။ ၁ ကောရိန္သု ၁၅:၃၃။

မှန်ကန်သောရည်ရွယ်ချက်ကို ဆက်လက်တိုးပွားစေရန်လည်းအရေးကြီးသည်။ ကျွန်ုပ်တို့ကိုလမ်းလွဲစေမည့် ဤလောက၏ဆွဲဆောင်မှုများကို ငြင်းပယ်ရမည်။ ‘ရိုးရှင်းသောမျက်စိ’ ရှိရန် ဆက်လက်ပျိုးထောင်သွားကြစို့။ (မဿဲ ၆:၁၉-၂၄) ကျွန်ုပ်တို့သည် ယေရှုကိုတုပသောအားဖြင့် ဖြောင့်မတ်ခြင်းကိုချစ်မြတ်နိုးပြီး မတရားမှုကိုမုန်းတီးရမည်။ (ဟေဗြဲ ၁:၉) ဤအရာအားလုံးသည် ဘုရားပေးဝိညာဏလက်နက်များကို ကျွန်ုပ်တို့ဝတ်ဆင်ထားရန်ကူညီပေးသည်။

ဤဝိညာဏလက်နက်အစိတ်အပိုင်းတစ်ခုစီကို ဆွေးနွေးပြီးနောက် ပေါလုဤသို့နိဂုံးချုပ်သည်။ “ကာလအစဉ်စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ဆုတောင်းခြင်းငှာအားမလျော့ဘဲလျက် ငါမှစ၍သန့်ရှင်းသူအပေါင်းတို့အဖို့ ဆုတောင်းလျက်စောင့်ရှောက်ကြလော့။” (ဧဖက် ၆:၁၈) သစ္စာရှိသောစစ်သားများသည် စစ်ဌာနချုပ်နှင့်အဆက်အသွယ်ရှိနေပြီး အမိန့်များကိုနာခံမှုရှိသည်။ ခရစ်ယာန်စစ်သားများအနေနှင့် ကျွန်ုပ်တို့သည် “လူမျိုးစုများ၏စစ်ဗိုလ်ချုပ်ကြီး” ယေရှုခရစ်မှတစ်ဆင့် အရာခပ်သိမ်းပိုင်သအုပ်စိုးရှင်ယေဟောဝါဘုရားသခင်နှင့် အမြဲအဆက်အသွယ်ရှိနေရန်လိုအပ်သည်။ (ဟေရှာယ ၅၅:၄၊ ကဘ) ယင်းကို အပေါ်ယံဆုတောင်းခြင်းအားဖြင့်မဟုတ်ဘဲ ယေဟောဝါနှင့်ရင်းနှီး၍ နက်ရှိုင်းသည့်အပ်နှံမှုကိုတင်ပြသည့် နှလုံးပါပါတောင်းလျှောက်ခြင်းအားဖြင့် ပြုလုပ်နိုင်သည်။ ယေဟောဝါနှင့်မှန်မှန်ဆက်သွယ်နေခြင်းအားဖြင့် တိုက်ပွဲတွင်လိုအပ်သည့်ခွန်အားကို နေ့စဉ်ရရှိကြသည်။

ယေရှုက “ငါသည်ဤလောကကိုအောင်ပြီ” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၆:၃၃) ယေဟောဝါသည်လည်း ကျွန်ုပ်တို့ကိုအောင်မြင်စေလိုတော်မူသည်။ တမန်တော်ပေါလု သေဆုံးခါနီးအချိန်ရောက်သောအခါ “ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ” ဟုပြောခဲ့သည်။ (၂ တိမောသေ ၄:၇) ကျွန်ုပ်တို့တိုက်လှန်ရသည့်အပိုင်းတွင် အလားတူပြောနိုင်ကြပါစေ။ ကျွန်ုပ်တို့ယင်းသို့အမှန်ပြောလိုကြပါက ဘုရားသခင်ပြင်ဆင်ပေးသောလက်နက်စုံကို ယူတင်ဝတ်ဆောင်ခြင်းအားဖြင့် “မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတား” ကြစို့။—ဧဖက် ၆:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ