အထူးမြတ်နိုးရာအသက်ဆုလာဘ်ကို ကျေးဇူးတင်လေးမြတ်ခြင်း
အသက်—အထူးမြတ်နိုးရာပါတကား။ ယင်းသာမရှိလျှင် ဘာမျှမတတ်နိုင်။ ဆုံးရှုံးသွားလျှင် လူ့နည်းလူ့ဟန်နှင့် အဘယ်နည်းဖြင့်မျှပြန်မရနိုင်ပါ။ ကျွန်ုပ်တို့အသက်အန္တရာယ်ကြုံနေလျှင် ကိုယ်ကိုယ်ကိုအတတ်နိုင်ဆုံးကာကွယ်ကြသည်။ အချို့ဆိုလျှင် ဒုက္ခရောက်ချိန်၌ လူ့ထက်တန်ခိုးကြီးသူထံ အကူအညီတောင်းဆိုတတ်ကြသည်။
ဤတွင်သမ္မာကျမ်းစာပါ မုန်တိုင်းမိနေသောသင်္ဘောအဖြစ်ကိုသတိရပါသည်။ သင်္ဘောပျက်လုဆဲဆဲရှိသည့်အခါ “သင်္ဘောသားတို့သည်ကြောက်ရွံ့၍ အသီးအသီးမိမိတို့ဘုရားကိုအော်ဟစ်ကြ၏။” နောင်တွင်သူတို့အားစုပေါင်း၍ စစ်မှန်သောဘုရားသခင်အား “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] အကျွန်ုပ်တို့သည်တောင်းပန်ပါ၏။ . . . အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်” ဟုကြွေးကြော်ကြသည်။ ကျမ်းစာမှတ်တမ်းက ဤသို့လည်းဆိုသည်။ “သင်္ဘောပေါ့စေခြင်းငှာ ဝန်များကိုလည်း ပင်လယ်ထဲသို့ပစ်ချကြ၏။”—ယောန ၁:၄-၆၊ ၁၄။ တမန်တော် ၂၇:၁၈၊ ၁၉ နှင့်နှိုင်းယှဉ်။
ထိုသင်္ဘောသားများသည် မိမိတို့အသက်ချမ်းသာရဖို့ မြတ်နိုးသည့်ပစ္စည်းဥစ္စာများကိုပင် စွန့်ပစ်ရန်အသင့်ရှိကြသည်။ ထိုဥစ္စာပစ္စည်းများကိုပြန်ရနိုင်သော်လည်း အသက်ကိုမူကား ပြန်မရနိုင်ပါ။ ကျွန်ုပ်တို့အသက်ကိုတန်ဖိုးထားတတ်ကြ၍လည်း အန္တရာယ်မှတွန့်ဆုတ်တတ်ကြသည်။ မိမိခန္ဓာကိုယ်များကိုကျွေးမွေးပြုစုဆင်ယင်ပေးကြသည်။ ဖျားနာသည့်အခါလည်း ဆေးဝါးကုသမှုခံယူကြသည်။
မည်သို့ပင်ဆိုစေ အသက်ပေးရှင်သည် မိမိကိုယ်ကိုကာကွယ်ပေးချင်စိတ်ရှိသည့်အတိုင်းပြုလုပ်ခြင်းထက်မက ကျွန်ုပ်တို့ထံမှတောင်းဆိုထားသည်။ အမှန်ဆိုလျှင်အသက်သည် တန်ဖိုးဖြတ်မရသောဆုလာဘ်ဖြစ်၍ စကြဝဠာတစ်ခွင် အရေးတကာ့အရေးအကြီးဆုံးပုဂ္ဂိုလ်ထံမှရရှိထားသည်။ ပေးကမ်းသူနှင့်ပေးထားသောဆုလာဘ်ကို အမှန်ပင်တန်ဖိုးထားလေးမြတ်သည့်အနေနှင့် အသက်ကိုမြတ်နိုးသင့်သည်မဟုတ်ပေလော။ ထိုသို့မြတ်နိုးခြင်း၌ သူတစ်ပါးအသက်ကိုပါလေးမြတ်ခြင်းပါဝင်မည်မဟုတ်လော။
ထိုကြောင့် ဣသရေလလူမျိုးအား ယေဟောဝါဘုရားသခင်ပေးထားတော်မူသည့်ပညတ်တော်တွင် သူတစ်ပါး၏အသက်၊ သူတစ်ပါး၏ကျန်းမာရေးကိုမထိပါးစေရန် ပညတ်ချက်များလည်းပါဝင်နေခြင်းသည် မထူးဆန်းပါ။ (ထွက်မြောက်ရာ ၂၁:၂၉။ တရားဟောရာ ၂၂:၈) ယနေ့ခရစ်ယာန်များလည်း လုံခြုံမှုကိုစိတ်ဝင်စားသင့်သည်။ ဥပမာ၊ သင့်အိမ်တွင် ကလေးငယ်များရှိမည်ဆိုလျှင် သူတို့ယူကစား၍ထိခိုက်ဒဏ်ရာရစေနိုင်သော၊ မျိုမိနိုင်သော ပုတီးစေ့များ၊ ပင်အပ်များ၊ သို့မဟုတ် ထက်မြက်သောအရာတစ်ခုခုကို လွယ်ကူစွာလှမ်းယူနိုင်သည့်နေရာများ၌ ပစ်ထားတတ်ပါသလော။ အန္တရာယ်ရှိသောဓာတုပစ္စည်းများနှင့်ဆေးဝါးတို့ကို ကလေးများမမီနိုင်သည့်နေရာများ၌ သိမ်းဆည်းထားပါသလော။ ရေဖိတ်လျှင် မတော်တဆဖြစ်မှုမပေါ်စေရန် ချက်ချင်းသုတ်ပစ်ပါသလော။ ကိရိယာတန်ဆာပလာများပျက်နေလျှင် ချက်ချင်းပြုပြင်ပေးပါသလော။ သင့်ယာဉ်ကို မှန်မှန်ထိန်းသိမ်းပြုပြင်ပေးပါသလော။ သင်သည်သတိရှိသောယာဉ်မောင်းတစ်ဦးလော။ အသက်သည် အထူးမြတ်နိုးရာဖြစ်ကြောင်း သင်အမှန်တန်ဖိုးထားလေးမြတ်မည်ဆိုလျှင် အဆိုပါတို့နှင့်ထပ်တူအမှုများကို အတတ်နိုင်ဆုံးသတိပြုဆောင်ရွက်ပါလိမ့်မည်။
သို့သော် ဝမ်းနည်းစရာကား အချို့သူများသည် မိမိအသက်ကိုပင် ပေါ့ပေါ့တန်တန်သဘောထားတတ်ပါသည်။ ဥပမာ၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်ကြောင်း ယနေ့မသိသူ မည်သူရှိသနည်း။ သိလျက်နှင့်ပင် သန်းပေါင်းများစွာတို့သည် ဤအကျင့်၏ကျွန်သားပေါက်အဖြစ်ခံပြီး ဆေးလိပ်အဆိပ်ငွေ့ကိုရှူတိုင်းရှူတိုင်း ကျန်းမာရေးချို့တဲ့စေကြသည်။ အခြားသူများမူ မူးယစ်ဆေးဝါးကိုအလွဲသုံးစား၏။ တချို့ကြပြန်လျှင် သေရည်သေရက်ကိုအကျိုးယုတ်စွာ သုံးဆောင်ကြ၏။ အေအိုင်ဒီအက်စ်သည် ဆေးမတွေ့ရှိရသေးသောလူသတ်ရောဂါဆိုးကြီးဖြစ်သည်။ သို့သော် စာရိတ္တယိုယွင်းခြင်း၊ မူးယစ်ဆေးဝါးအချို့ကိုအလွဲသုံးခြင်း၊ သွေးသွင်းခြင်းကိုသာရှောင်ကြဉ်ခဲ့မည်ဆိုလျှင် များစွာသောသူတို့သည် ထိုရောဂါမစွဲကပ်ဘဲနေမည်။ အသက်ကိုကျေးဇူးတင်လေးမြတ်မှုမရှိခြင်း၏ ဝမ်းနည်းဖွယ်ဆိုးကျိုးပါတကား။—ရောမ ၁:၂၆၊ ၂၇။ ၂ ကောရိန္သု ၇:၁။
ပြုပြင်ပြောင်းလဲမှုရှိနိုင်
ကြီးမြတ်တော်မူသောဖန်ဆင်းရှင်ယေဟောဝါကို ကျေးဇူးတင်မြတ်နိုးသူများသည် အသက်ကို အထူးမြတ်နိုးရာအဖြစ်ယူမှတ်စရာအကြောင်းကောင်းရှိပါသည်။ အသက်မည်သည်ကား ကိုယ်တော်၏မြင့်မြတ်သောဆုလာဘ်ဖြစ်သည်။ ထို့ကြောင့် ယင်းကိုမြင့်မြတ်သောဆုလာဘ်အဖြစ် သဘောထားနိုင်ရန် လိုအပ်သည့်မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမဆိုပြုလုပ်ရန် အသင့်ရှိကြပါသည်။ ဂါနာနိုင်ငံမှကျောင်းဆရာ ကွာကူ၏အကြောင်းကိုသုံးသပ်ပါ။ သူသည် အသက်ကိုတန်ဖိုးမထားသော အရက်အိုးဖြစ်သည်။
ကွာကူဤသို့ပြန်ပြောပြသည်။ “အထူးသဖြင့်ကျွန်တော်မူးနေတဲ့အခါ ကျွန်တော့်ကိုလေးစားဖို့ မိန်းမနဲ့ခဏခဏစကားများတယ်။ အရက်ကိုအလွန်အကျွံသောက်တဲ့အတွက် ပိုက်ဆံမရှိတာများတယ်။ မိသားစုကိုလည်း မကြာခဏမထောက်ပံ့ဘဲနေခဲ့တယ်။ ဒါကြောင့်လည်း မိန်းမစိတ်ဆိုးခဲ့တာပေါ့။ ငွေအင်အားကုန်သွားယင် (အဲ့ဒီလိုဖြစ်မြဲပါ) အရက်သောက်ဖို့ငွေကိုမရမကရှာတယ်။ တစ်ချိန်ကဆိုယင် စာမေးပွဲဖြေဖို့ကျွန်တော့်တပည့်များပေးထားတဲ့ငွေကို သုံးလိုက်တဲ့အထိ အခြေအနေဆိုးဖူးတယ်။ ကိုယ်တိုင်သောက်စားရုံမကဘူး သောက်ဖော်သောက်ဖက်တို့ကိုလည်းတိုက်တယ်။ ဒါနဲ့ဘဲကျွန်တော်စာရင်းတင်ပြရတဲ့နေ့ရောက်လာတယ်။ ကျောင်းဆရာကြီးကသာ ဝင်မကယ်ခဲ့ယင် ကျွန်တော်အလုပ်ပြုတ်ဖို့ဘဲရှိတယ်။
“ကျွန်တော့်ဘဝက ပရမ်းပတာဖြစ်နေတယ်။ တကယ်ရှက်မိတယ်။ ဒါပေမယ့် ရေရှည်တော့မဟုတ်ပါဘူး။ နောက်တော့ ကိုယ်ကိုယ်ကိုဘဝမှာရှုံးနိမ့်သူဆိုပြီး သတ်သေပစ်ဖို့တောင်ကြံစည်လာတယ်။ အရက်ကလည်း ဖြတ်ကိုမဖြတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် တစ်နေ့ကျတော့ အရက်ဆိုင်တစ်ဆိုင်မှာ မူးမူးနဲ့ရန်ဖြစ်ရာက ဓားထိုးခံလိုက်ရချိန်မှာတော့၊ အရက်ကိုစွဲလမ်းခြင်းဟာ တစ်နေ့နေ့ကျွန်တော့်အသက်ကိုချွေလိမ့်မယ်လို့ သတိတရားရလိုက်တယ်။
“အယ့်ဒီအတောအတွင်းမှာ ကျွန်တော်တို့အိမ်ကိုယေဟောဝါသက်သေများ မကြာမကြာလာပြီး၊ ကျွန်တော်တို့ကိုကျမ်းစာစိတ်ဝင်စားကြအောင် ကြိုးစားနေကြတယ်။ သိပ်နှောင့်ယှက်တာဘဲလို့သူတို့ကိုသဘောထားပြီး ကျွန်တော်တို့နှစ်ယောက်စလုံးရှောင်တယ်။ ဒါပေမယ့် တစ်ချိန်ကြတော့ သနားမိလို့နားထောင်လိုက်အုံးမယ်လို့ ဆုံးဖြတ်တယ်။ ကျမ်းစာကိုလေ့လာတဲ့အခါ ဘုရားသခင့်စနစ်သစ်မှာထာဝစဉ်အသက်ရှင်နိုင်တဲ့အခွင့်ထူးကို သိရှိလာတယ်။ ယေဟောဝါသက်သေများရဲ့အကူအညီနဲ့ ကျမ်းစာကိုလေ့လာလေ အသက်ပေးရှင်ယေဟောဝါကိုရော၊ ကိုယ်တော်ရဲ့အသက်ဆုလာဘ်ကိုပါ ပိုပိုကျေးဇူးတင်လေးမြတ်လာတယ်။ ကျမ်းစာသြဝါဒရဲ့လက်တွေ့ကျနမှုကိုလည်း ပိုပိုတန်ဖိုးထားတတ်လာတယ်။ ဒါကြောင့် ကိုယ့်ဘဝကို,ကိုယ်ပြုပြင်ဖို့တိုက်တွန်းခံရတယ်။ အရက်ကိုရော၊ မိတ်ဆွေဟောင်းများကိုပါ ကျွန်တော်အမြဲငြင်းပယ်နေဖို့ကတော့ သိပ်မလွယ်ဘူး။ ဆုတောင်းခြင်းကိုနားညောင်းတဲ့အရှင် ယေဟောဝါဟာ ကျွန်တော့်နှလုံးသားရဲ့ဆုံးဖြတ်ချက်ကို တွေ့မြင်ပြီး၊ နားညောင်းတော်မူခဲ့ပါတယ်။a
“ကျွန်တော့်မိန်းမဟာ ယေဟောဝါသက်သေတစ်ဦးမဖြစ်ပေမယ့် ကျွန်တော့်ပြောင်းလဲမှုကိုမြင်ပြီး အခုကျွန်တော်နဲ့ကျွန်တော့်ဘာသာကို လေးစားတယ်။ ကျွန်တော်တို့နှစ်ယောက်ကြား အိမ်နီးချင်းများဝင်ဖျန်ဖြေပေးစရာလည်းမလိုတော့ဘူး။ အခုကျွန်တော်ရရှိထားတဲ့ စိတ်ငြိမ်သက်မှုကိုမြတ်နိုးတယ်။ အသက်ပေးပိုင်ရှင်အဖြစ် ယေဟောဝါဘုရားကိုကျေးဇူးတင်လေးမြတ်ခြင်း၊ အဖိုးဖြတ်မရသောအသက်ကို ကိုယ်တော်ကဲ့သို့သဘောထားခြင်း၊ အသက်ရှင်နေထိုင်ပုံအတွက် ကိုယ်တော်ရဲ့အမိန့်များကိုနာခံခြင်းဟာ အကျိုးရှိတဲ့ဘဝပုံစံတစ်ခုတည်းဖြစ်တယ်။”
ထာဝရအသက်ကို ဘုရားသခင်ကမ်းလှမ်း
ကွာကူကဲ့သို့သောသူ သန်းပေါင်းများစွာတို့သည် “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှဖန်ဆင်းသော လူသစ်ကိုယူတင်ဝတ်ဆောင်” နိုင်ရန်အကူအညီရရှိခဲ့ပြီ။ (ဧဖက် ၄:၂၄) သူတို့သည် ယခုဘဝကိုသာမက ကမ္ဘာ့ပရဒိသုတွင် ထာဝရအသက်ရရန်မျှော်လင့်ချက်ကိုပါ ကျေးဇူးတင်လေးမြတ်တတ်လာကြပြီ။ ဘုရားသခင်ပြုလုပ်တော်မူမည့် ထိုပရဒိသုတွင် ကမ္ဘာသားတစ်ယောက်မျှ ငတ်မွတ်ခြင်းဝေဒနာကို နောက်တစ်ဖန်ခံစားရမည်မဟုတ်ဟု ကျမ်းစာကတိပြုထားသည်။ အကြောင်းမှာ “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] . . . ဆူသောခဲဖွယ်စားဖွယ်ကို . . . လူခပ်သိမ်းတို့အဖို့ စီရင်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၆။
ယခုအသက်သည် အလွန်မွန်မြတ်သောဆုလာဘ်ဖြစ်သော်လည်း ယာယီအတွက်သာဖြစ်သည်။ လူတို့သေခြင်းကိုရင်ဆိုင်နေရ၍ သေခြင်းတရားသည် မည်မျှစိတ်ထိခိုက်စရာပါတကား။ သင်ချစ်မြတ်နိုးရသူတစ်ဦး အသက်ရှင်သူများအလယ်မှ အေးချမ်းငြိမ်သက်သောသင်္ချိုင်းဂူအတွင်း မြှုပ်နှံလိုက်ရခြင်းသည် အမှန်ပင်ဝမ်းနည်းစရာဖြစ်သည်။ သို့သော်၊ ခရစ်တော်အုပ်စိုးမည့် ဘုရားသခင့်နိုင်ငံတော်တွင် ယေဟောဝါ၏ကတိတော်ပြည့်စုံလိမ့်မည်။ “နောက်တစ်ဖန် သေခြင်းမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၄။
ထိုအခါအသက်ဆုလာဘ်ကို အံ့ဖွယ်နည်းဖြင့်ရရှိကြမည်။ ဤကမ္ဘာပေါ်တွင်နောက်ဆုံးသောဒုက္ခကိုကပ်ကျော်သူများသည် ပြည့်ဝစုံလင်သောအသက်တာသို့ဝင်စားခွင့်ရရှိမည်။ ထို့ပြင် အသက်ပြန်ရစေမည့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သေခြင်း၌အိပ်ပျော်သူများအား တန်ဖိုးမဖြတ်နိုင်သောအသက်ဆုလာဘ်ကို ယေဟောဝါဘုရားသခင်ပြန်ပေးမည်ဖြစ်သည်။ (ယောဟန် ၅:၂၄၊ ၂၈၊ ၂၉) ယင်းကြောင့် သေလွန်ခဲ့သောချစ်မြတ်နိုးရသူများနှင့် ရှေးကဘုရားသခင်ကိုကြောက်ရွံ့ခဲ့သူများ ပြန်ထမြောက်လာမည်ဖြစ်သည်။
ယင်းအဖြစ်အပျက်အားလုံးတို့သည် မဖြစ်နိုင်လောက်အောင် ကောင်းလွန်းလှပါသလော။ မဟုတ်ပါ။ အကြောင်းမှာ၊ “ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိ” ပါ။—လုကာ ၁:၃၇။ ယောဘ ၄၂:၂ နှိုင်းယှဉ်။
ထို့ပြင် ဤအမှုအရာခပ်သိမ်း ဖြစ်ပျက်လာရမည်ဟု ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင် လူသားတို့အား အာမခံထားပါသည်။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့အား အပြစ်နှင့်သေခြင်းမှရွေးနှုတ်ခြင်းငှာ ကိုယ်တော်အချစ်မြတ်နိုးဆုံးသောသားတော်၊ ယေရှုခရစ်ကိုစွန့်လွှတ်တော်မူခြင်းအားဖြင့်ဖြစ်သည်။ ရောမ ၈:၃၂ ကဤသို့စိတ်ချစေသည်။ ယေဟောဝါဘုရားသခင်သည် “မိမိသားတော်ရင်းကိုမနှမြောဘဲ ငါတို့ရှိသမျှအဖို့အလိုငှာစွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။” စာရိတ္တယိုယွင်းမှုနှင့် မမျှတမှု၊ ရာဇဝတ်မှုနှင့် အဓမ္မမှုရှိရှိသမျှကို နောက်တစ်ဖန်မရှိစေခြင်းအားဖြင့် လောကကြီးကိုရှင်းလင်းစင်ကြယ်စေခြင်းပါဝင်လိမ့်မည်အကြောင်း ကျမ်းစာဆိုသည်။ (ဟေရှာယ ၁၁:၉) အသက်ကိုနောက်တစ်ဖန် ဘယ်တော့မျှပေါ့ပေါ့တန်တန်သဘောထားကြတော့မည်မဟုတ်ပါ။
ယခုပင်လျှင် မစုံလင်သောအခြေအနေများအောက်တွင် အသက်၌ပျော်မွေ့နိုင်ပါသည်။ အလွန်ဆွဲဆောင်သည့်အစားအသောက်များ၏မွေးရနံ့၊ နွေးထွေးသည့်နေ့တစ်နေ့တွင် အသာအယာတိုက်ခတ်သည့်လေပြေလေညင်းကလေး၊ ခမ်းနားထည်ဝါလှသည့် တောင်ကြီး၏မြင်ကွင်း၊ တောက်ပရွှန်းစိုသော နေဝင်ချိန်၊ တည်ငြိမ်စွာစီးဆင်းနေသောစမ်းချောင်း၊ ထူးဆန်းထွေပြားလှသည့် ရောင်စုံပန်းများ၊ နားဝင်ချိုဖွယ်တေးဂီတသံ၊ သို့မဟုတ် ငှက်ကလေးများ၏တေးသီကျူးသံတို့ကြောင့် မပျော်မြူးသူ မည်သူရှိသနည်း။ ခေတ္တစဉ်းစားကြည့်ပါလေ။ ဤသို့သောအရာများ၌ ထာဝစဉ်ပျော်မွေ့ရမည်ဆိုလျှင် မည်မျှကောင်းမည်နည်း။
ထိုကြောင့် အဓိပ္ပာယ်မဲ့၊ မိုက်မဲရာဖြစ်သည့် ကာမဂုဏ်ခံစားလွန်းသည့်ဘဝလမ်းစဉ်မှရရှိသော မည်သည့်ယာယီပျော်ရွှင်မှုအတွက် တန်ဖိုးဖြတ်မရသည့်ထာဝစဉ်အသက်ရှင်ရမည့်အခွင့်ထူးကို စွန့်လွှတ်ခြင်းသည် အဓိပ္ပာယ်ရှိပါမည်လော။ (ဟေဗြဲ ၁၁:၂၅ နှိုင်းယှဉ်။) ပညာရှိစွာဖြင့်သမ္မာကျမ်းစာမှာကြားသည်ကား ‘နောက်တစ်ဖန်လူတို့၏တပ်မက်ခြင်းတရားကိုမကျင့်၊ ဘုရားသခင်၏အလိုတော်အတိုင်းကျင့်လျက် ကိုယ်ခန္ဓာအသက်အပိုင်းအခြားကျန်ရစ်သောကာလကို လွန်စေ” ရန်ဖြစ်သည်။ (၁ ပေတရု ၄:၂) ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကိုလေ့လာပြီး သင်ယူသောအရာတို့ကို ကျင့်သုံးခြင်းအားဖြင့် ထိုသို့ပြုရန် သင့်အားလှိုက်လှဲပျူငှာစွာတိုက်တွန်းအားပေးပါသည်။ (ယောဟန် ၁၃:၁၇) ဤနည်းဖြင့်ထာဝရအသက်ဆုကျေးဇူးပေးနိုင်တော်မူသော ကောင်းမြတ်ခြင်း၊ ကရုဏာတရားအလျှံပယ်ရှိတော်မူသည့် ယေဟောဝါဘုရားသခင်နှင့် သင်သည် ကောင်းသောဆက်ဆံရေးရှိလာပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a အရက်နာကျခြင်းမှပြန်ကောင်းလာခြင်းသည် အားထုတ်ဆောင်ရွက်ရသောလုပ်ငန်းကြီးဖြစ်၍ အများအားဖြင့်ဆရာဝန်များအကူအညီလိုသည်။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏တွဲဖက်မဂ္ဂဇင်း Awake! of May 22, 1992 တွင် အကူအညီဖြစ်စေမည့်အချက်အလက်များကိုရှု။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သင့်ဘဝပုံစံက အသက်ကိုတန်ဖိုးထားကြောင်း တင်ပြနေပါသလော
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင့်ကမ္ဘာသစ်တွင် ဘဝပျော်ရွှင်မှုများ၌ ထာဝစဉ်ပျော်မွေ့နိုင်မည်