ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
အိန္ဒိယနိုင်ငံတွင် သူတို့အလင်းကို ထွန်းလင်းနေခြင်း
အိန္ဒိယတွင် ဝမ်းမြောက်ရွှင်လန်းသောသက်သေခံ ၁၁,၅၂၄ ယောက်သည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြ၏။ (မဿဲ ၂၄:၁၄) ၁၉၉၁ လုပ်ငန်းတော်နှစ်အတွင်းနှစ်ခြင်းခံယူသူ ၁,၀၆၆ ယောက်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများဖြစ်ကြ၍ သူတစ်ပါးရှေ့အလင်းထွန်းလင်းနေကြ၏။ ခရစ်တော်၏သေခြင်း သတိရအောက်မေ့ပွဲကို ၂၈,၈၆၆ ယောက်တက်ခဲ့သည်ကိုတွေ့ရှိခဲ့ပြီး သူတို့အားလုံးအလွန်ဝမ်းမြောက်ခဲ့ကြသည်တကား။
▫ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို အလွတ်သဘောသက်သေခံခြင်းအားဖြင့် အများသောသူတို့စကြားသိခဲ့ကြသည်။ ဥပမာ၊ သက်သေခံတစ်ဦးသည် မိမိနှင့်အတူလက်သမားအလုပ် လုပ်ကိုင်သူများအားသက်သေခံခဲ့သည်။ လုပ်သားတစ်ဦးသည် သတင်းတရားကိုလက်သင့်ခံ၍ အိမ်သူအိမ်သားနှင့်မိတ်ဆွေတို့အား ပြောပြပါသည်။ ဤသူတို့ကလည်း ရွှင်လန်းအားရစွာဖြင့် ဤကောင်းမြတ်လှသောဘုရားသခင့်နိုင်ငံတော်သတင်းကို အခြားသူတို့အားထပ်ဆင့်ပြောပြပြန်သည်။ မှတ်တမ်းများအရ နှစ်အနည်းငယ်အတွင်း ‘သမ္မာတရားကိုလူ ၃၀ ကျော်လက်ခံကြသည်။’ သူနှင့်သူ၏ဝိညာဏညီအစ်ကိုအသစ်များသည် အလင်းကိုထွန်းလင်းခဲ့ကြသဖြင့် ယေဟောဝါကောင်းချီးသွန်းလောင်းခဲ့ခြင်းတည်း။
▫ အခြားအသင်းတော်တစ်ခုရှိ ညီအစ်ကိုငယ်တစ်ဦးသည် ကျောင်းတွင် ကျောင်းသူကျောင်းသားအချင်းချင်းတို့အား အလွတ်သဘောသက်သေခံခြင်းဖြင့် အလင်းကိုထွန်းလင်းခဲ့၏။ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို အချို့စိတ်ဝင်စားလာကြသည်။ သန်းခေါင်ကျော်ချိန်အထိ သမ္မာကျမ်းစာကို သူတို့အားမကြာခဏရှင်းလင်းတင်ပြခွင့်ရခဲ့သည်။ ကက်သလစ်ဖြစ်သူတစ်ဦးသည် သက်သေခံနှင့်ဆက်ပေါင်းသင်းပါက အရေးယူခံရမည်ဟု ခြိမ်းခြောက်မှုကိုခံရငြား သမ္မာတရားဘက်ရဲရင့်ခိုင်မြဲစွာရပ်တည်ခဲ့သည်။ ထိုကျောင်းသားသည် သက်သေခံများထံမှ သမ္မာကျမ်းစာပညာကိုအမှန်အတိုင်း တတ်သိလာနေကြောင်း ယုံကြည်စိတ်ချသဖြင့် ဆက်၍လေ့လာပါသည်။ အချိန်တန်သော် နှစ်ခြင်းယူခဲ့ပြီး အသင်းတော်တွင် ဓမ္မအမှုထမ်းတစ်ဦးအနေဖြင့် ဆောင်ရွက်နေပါသည်။ အံ့ချီးဖွယ်သမ္မာတရားအလင်းအားဖြင့်ရရှိခဲ့သောမျှော်လင့်ချက်၌ သူရွှင်လန်းအားရနေပါသည်။—ရောမ ၁၂:၁၂။
▫ ဤသက်သေခံလူငယ်နှင့် ကျမ်းစာဆွေးနွေးသူတစ်ဦးမှာ ဘုရားရှိသည်ဟုယုံကြည်ကြသူတို့အား ကဲ့ရဲ့ပြောင်လှောင်ခဲ့သော အများသိဘုရားမယုံကြည်သူတစ်ဦးဖြစ်သည်။ ကျမ်းစာဆွေးနွေးချိန်တွင် သူမေးခွန်းများစွာမေးမြန်းခဲ့သည်။ မေးခွန်းအားလုံးအတွက် ယုတ္တိတန်သောအဖြေများရရှိခဲ့သဖြင့် သူအလွန်အံ့သြပြီး သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သည်ဟု သူသဘောပေါက်လာလေသည်။ ကျမ်းစာပညာတိုးလာသည့်အလျောက် အချိန်တန်သော် နှစ်ခြင်းယူခဲ့လေသည်။ သူ၏ဖခင်သည် သူ့အားအိမ်မှနှင်ထုတ်လိုက်သည်အထိ အတိုက်အခံပြုခဲ့ပါသည်။ သို့ရာတွင် ဤလူငယ်၏ညီအရင်းနှစ်ဦးနှင့် မိတ်ဆွေနှစ်ဦးသည် အလင်းတရားကိုလက်ခံခဲ့ပြီးနှစ်ခြင်းခံသောအခါ သူ၏တည်ကြည်မှုသည် အကျိုးပေးခဲ့သည်။ သူ့ညီတစ်ဦးသည် ယခုအိန္ဒိယဌာနခွဲရုံးတွင် အမှုထမ်းဆောင်နေသည်။
▫ ကျောင်းသားခေါင်းဆောင်တစ်ဦးလည်း သက်သေခံငယ်နှင့်ဆွေးနွေးခဲ့ပါသည်။ ဤသူသည် အဆက်မပြတ်ဆေးလိပ်သောက်သူ၊ အရက်ကို လွန်ကျွံစွာသောက်သုံးသူတစ်ဦးဖြစ်ပါသည်။ တစ်ချိန်ကဆိုလျှင် သက်သေခံထံမှ သမ္မာတရားရရှိခဲ့သော ကျောင်းနေဖက်နှစ်ဦးကို သူရိုက်နှက်ခဲ့ဖူးသည်။ သမ္မာတရားကိုခံယူထားသည့်အတွက် သူတို့သည် ကောလိပ်သပိတ်မှောက်ချိန်တွင် မပါဝင်၊ ထိုကျောင်းသားခေါင်းဆောင် စည်းရုံးနေသည့် သွေးလှူဒါန်းရေးကို အားမပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤကျောင်းသားခေါင်းဆောင်သည် ယခု ယေဟောဝါ၏အလင်းဆောင်သောသက်သေခံတစ်ဦးဖြစ်နေပြီး အလွန်ဝမ်းမြောက်မှုရရှိနေ၏။
▫ အချုပ်အားဖြင့်တင်ပြရလျှင် အလင်းကိုဦးဆုံးထွန်းလင်းခဲ့သောကျောင်းသားသည် အလွတ်သဘောသက်သေခြင်းခံခြင်းအားဖြင့် သက်တူရွယ်တူ ၁၅ ဦးအား ဆက်ကပ်အပ်နှံနှစ်ခြင်းယူနိုင်သည်အထိ ကူညီပေးခွင့်ရရှိခဲ့ပြီ။
ထိုကျယ်ပြန့်လှသောတိုင်းနိုင်ငံတွင် များစွာသောသူတို့သည် ဘုရားသခင့်ကမ္ဘာသစ်ဆိုင်ရာ ကျမ်းစာမျှော်လင့်ချက်ကိုလက်ခံပြီး ဘုရားသခင့်နိုင်ငံတော်လက်အောက် ထာဝစဉ်နေထိုင်ခြင်းငှာ ယေဟောဝါဘုရားသခင်စုရုံးနေသော ကမ္ဘာချီညီအစ်ကိုများအသင်းအပင်းတွင် ပါဝင်နေကြခြင်းကိုတွေ့မြင်နေရသည့်အတွက် အလွန်အားရဝမ်းသာစရာပင်ဖြစ်သည်။