လူသားသည် မေရှိယကိုအမှန်တကယ်လိုအပ်နေသလော
“လောကသည် မေရှိယလိုနေသည်ဟု အရာရှိဆို”
ထိုခေါင်းစဉ်ကို ၁၉၈၀ ခုနှစ်က ကနေဒါနိုင်ငံ၊ တိုရောန်တိုမြို့ထုတ် The Financial Post တွင်တွေ့ခဲ့ရသည်။ ထိုအရာရှိကား ရောမအသင်းတိုက်အမည်ရှိ နာမည်ကျော် ဘက်စုံသုတေသနအဖွဲ့တစ်ခု၏ ဥက္ကဌနှင့်စတင်တည်ထောင်သူ ဪရဲလ်ယို ပက်ချားဖြစ်သည်။ Post အတိုင်းဆိုလျှင် “လူ့ယဉ်ကျေးမှုပျက်ပြားသွားစေရန် ခြိမ်းခြောက်နေသည့် လူမှုရေးနှင့်စီးပွားရေးယောက်ယက်ခတ်မှုတို့မှ လွတ်မြောက်စေနိုင်သူ တစ်ဦးတည်းသောသူကား သိပ္ပံလောက၊ နိုင်ငံရေးလောက သို့မဟုတ် ဘာသာရေးလောကမှ ကြည်ညိုဖွယ်ကောင်းသော ခေါင်းဆောင်တစ်ဦးသာလျှင်ဖြစ်သည်” ဟုပက်ချားယူဆပါသည်။ အသင်ကော မည်သို့ထင်သနည်း။ လူသားသည် မေရှိယကို လိုအပ်လောက်အောင် ဤလောကသည် ကြောက်မက်ဖွယ်အကျဉ်းအကျပ်ထဲ အမှန်တကယ်ဆိုက်ရောက်နေသလော။ လောကကြီးရင်ဆိုင်နေရသည့် ပြဿနာများတို့အနက် ငတ်မွတ်ခြင်းဘေးကိုသာသုံးသပ်ကြည့်ပါ။
သတင်းစာ၊ သို့မဟုတ် မဂ္ဂဇင်းတစ်စောင်ပါဓာတ်ပုံတစ်ခုမှ အညိုရောင်မျက်လုံးနှစ်လုံး သင့်အား ပြူး၍စိုက်ကြည့်နေသည်။ ငါးနှစ်ပင်မရှိသေးသော သူငယ်မလေး၏မျက်လုံးများဖြစ်၍ ဤမျက်လုံးများကြောင့် သင်မပြုံးနိုင်ပါ။ ကလေးသူငယ်တို့၏ ကြည်လင်ရွှင်ပျသော၊ ရွှင်လန်းအံ့သြသော၊ အပြစ်ကင်းစင် အားထားတတ်သည့်အကြည့်မျိုးမဟုတ်ဘဲ နာကျင်မှုမွှန်ထူနေ၍ ဆာလောင်မှုကြောင့် တောင့်တနေရသည့်အကြည့်မျိုးသက်သက်ဖြစ်နေသည်။ ကလေးမလေးခမျာ ငတ်ပြတ်နေရှာသည်။ နာကျင်မှုနှင့်ဆာလောင်ခြင်းကိုသာ သူငယ်မလေးခံစားခဲ့ဖူးမည်။
လူအများနည်းတူ အသင်လည်း ဤသို့ကဲ့သောဓာတ်ပုံမျိုးကို ကြာရှည်မကြည့်ရက်သည့်အတွက် စာမျက်နှာကို ချက်ချင်းလှန်လိုက်သည်။ သင့်မှာကရုဏာမရှိ၍မဟုတ်ဘဲ ဤကလေးမလေးအဖို့ အခါနှောင်းပြီဟု သင်တွေးထင်ပြီး စိတ်အနှောင့်အယှက်ဖြစ်၍ဖြစ်သည်။ ပိန်ချုံးနေသောလက်တံခြေတံများနှင့် ဖောင်းပွနေသောဗိုက်တို့က သူမ၏အခြေအနေ အတော်ပင်ဆိုးရွားနေကြောင်းထင်ရှားစေသည်။ ထိုဓာတ်ပုံကိုသင်မြင်သည့်အချိန်တွင်ပင် ကလေးမ ရှိချင်မှရှိတော့မည်။ ထိုထက်ကား ဤသူငယ်မလေးတစ်ယောက်တည်း ထိုသို့ဖြစ်နေရရှာသည်မဟုတ်ကြောင်းကို သင်ကောင်းစွာသိမည်။
ပြဿနာမည်မျှဆိုးရွားသနည်း။ ကလေးငယ်ပေါင်း ၁၄ သန်းတို့ကိုမြင်ယောင်နိုင်သလော။ ဤအရေအတွက်သည် များလွန်းသည့်အတွက် အများအားဖြင့်မမြင်ယောင်နိုင်ကြပါ။ သို့ဖြစ်၍ လူ ၄၀,၀၀၀ ဆံ့သည့်အားကစားကွင်းတစ်ခုကို မြင်ယောင်လိုက်ပါဦး။ ထိုတွင်ကလေးသူငယ်များ တစ်တန်းပြီးတစ်တန်း၊ တစ်ဆင့်ပြီးတစ်ဆင့် အပြည့်ထိုင်နေကြသည်ကိုမြင်ယောင်ပါ။ ယင်းကိုပင် စိတ်ကူးဖြင့်ကြည့်မြင်ရန် မလွယ်ကူပါ။ မည်သို့ဆိုစေ ကလေး ၁၄ သန်းဆံ့ရန် ဤကဲ့သို့သောအားကစားကွင်းပေါင်း ၃၅၀ လိုအပ်ပေမည်။ ယူနီဆက် (ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့) အရဖွံ့ဖြိုးဆဲနိုင်ငံများတွင် အာဟာရချို့တဲ့မှုနှင့် လွယ်လွယ်နှင့်ကာကွယ်၍ရနိုင်သည့်ရောဂါများကြောင့် နှစ်စဉ်သေဆုံးနေသည့် ငါးနှစ်မပြည့်တတ်သေးသောကလေးများ၏အရေအတွက်မှာ ထိုမျှရှိသည်ဆို၏။ ဤအတိုင်းဆိုလျှင် အားကစားကွင်းတစ်ကွင်းနီးပါးရှိကလေးများ နေ့စဉ်သေဆုံးနေရပါသည်တကား။ ဤအရေအတွက်ထဲသို့ ငတ်ပြတ်နေသည့်လူကြီးများအရေအတွက်ကိုပါထည့်ပေါင်းမည်ဆိုလျှင် အာဟာရချို့တဲ့နေသူ ကမ္ဘာ့လူဦးရေစုစုပေါင်း သန်းတစ်ထောင်ရှိပါလိမ့်မည်။
အဘယ်ကြောင့်ဤမျှငတ်ပြတ်နေရကြသနည်း
ယခုလူတို့စားသုံးနိုင်သည့်ရိက္ခာထက်မက ဤကမ္ဘာဂြိုဟ်သည် အစားအသောက်များ ထုတ်လုပ်ပေးနေပါသည်။ ထိုထက်မကထုတ်လုပ်ပေးနိုင်စွမ်းလည်းရှိပါသည်။ သို့နှင့်ပင် မိနစ်တိုင်းတွင် ကလေး ၂၆ ဦးသည် အာဟာရချို့တဲ့မှုနှင့် ရောဂါကြောင့် သေဆုံးနေပါသည်။ ထိုမိနစ်အတွင်းပင် ကမ္ဘာကြီးသည် စစ်မှုအတွက် ဒေါ်လာ ၂,၀၀၀,၀၀၀ ခန့်ကိုသုံးစွဲနေပါသည်။ ထိုကလေးသူငယ် ၂၆ ဦးအတွက် ဤမျှသောငွေအလုံးအရင်းမဆိုနှင့်၊ တစ်စိတ်ကလေးမျှပင် မည်မျှအကျိုးပြုနိုင်လိမ့်မည်ကို စဉ်းစားကြည့်ပါသလော။
ကမ္ဘာ့ငတ်မွတ်ခေါင်းပါးခြင်းပြဿနာသည် စားနပ်ရိက္ခာ၊ သို့မဟုတ် ငွေအင်အားမရှိခြင်းကြောင့် မဟုတ်သည်မှာ ထင်ရှားပါသည်။ ပြဿနာကား ထိုထက်ကြီးမားနေသည်။ အာဂျင်တီးနားပါမောက္ခတစ်ဦးဖြစ်သူ ဟော်ဟေး အီး၊ ဟာဒွိုင်းဆိုသည့်အတိုင်းပင်ဖြစ်သည်။ “နှစ်သိမ့်မှု၊ အစွမ်းသတ္တိ၊ အချိန်၊ အစွမ်းအစနှင့်အသိပညာတို့ကို မိမိတို့ထက်လိုအပ်သူတို့အား ကမ္ဘာအနေနှင့် မဝေမျှပေးနိုင်သည့်စိတ်ထားက များနေပါသည်။” မှန်၏။ အရင်းခံပြဿနာမှာ လူ့အစွမ်းအစမရှိခြင်းမဟုတ်ဘဲ လူကိုယ်နှိုက်ပင်ဖြစ်ပါသည်။ လူ့ဘောင်တွင် လောဘနှင့်အတ္တသဘောတို့က လွှမ်းမိုးပုံရှိပါသည်။ ကမ္ဘာ့လူဦးရေမှ အကြွယ်ဝဆုံးငါးပုံပုံတစ်ပုံသောသူတို့သည် အဆင်းရဲဆုံးသော ငါးပုံပုံတစ်ပုံလူစုထက် အဆ ၆၀ မကသောဥစ္စာပစ္စည်းများနှင့်အထောက်အပံ့များကို ခံစားနေကြရသည်။
ငတ်ပြတ်သူတို့ထံ အစာရေစာကြိုးစားပို့ပေးနေသူအချို့ရှိသည်မှန်၏။ သို့သော်သူတို့၏ကြိုးပမ်းမှုများသည် သူတို့မတတ်နိုင်သည့်အကြောင်းများကြောင့် အကျိုးမဖြစ်ထွန်းပါ။ ပြည်တွင်းစစ်ဒဏ်ခံနေရသောနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုကြုံတွေ့တတ်သည်။ ဒုက္ခသည်များထံ အထောက်အပံ့ပစ္စည်းများမရောက်ရလေအောင် ဆန့်ကျင်ဘက်အင်အားစုများ၏ တားဆီးပိတ်ပင်သည်ကလည်း မရှားပါ။ ရန်သူ့နယ်မြေရှိပြည်သူပြည်သားတို့ထံ စားနပ်ရိက္ခာရောက်ရှိစေမည်ဆိုလျှင် ရန်သူ့လက်သို့သာရောက်ရှိမည်ကို နှစ်ဘက်စလုံးက စိုးရိမ်တတ်ပါသည်။
ဖြေရှင်းနည်းလုံးဝမရှိပါသလော
ဝမ်းနည်းစရာကား ငတ်ပြတ်နေသူသန်းပေါင်းများစွာရှိခြင်းပြဿနာသည် ယခုလူအများကြုံတွေ့နေရသော တစ်ခုတည်းသောအရေးအခင်းမဟုတ်ပါ။ ဝန်းကျင်အခြေအနေကိုအနှံ့အပြားဖျက်ဆီး၍ အဆိပ်အတောက်ဖြစ်နေစေခြင်း၊ သန်းပေါင်းများစွာ သေကျေပျက်စီးရသည့် အစဉ်ရှိနေသည့်စစ်ဘေးဒဏ်၊ နေရာတိုင်းတွင် စိုးရိမ်ကြောက်ရွံ့စိတ်မွေးစေသည့် ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများနှင့် ဤဝေဒနာအများ၏ အကြောင်းရင်းဖြစ်ပုံရသော အစဉ်ကျဆင်းပျက်ပြားနေသည့်စာရိတ္တစံချိန်များဖြစ်သည့် ကမ္ဘာ့အကျပ်အတည်းများသည် လက်တွဲညီညာပူးပေါင်းပြီး လူသားသည် မိမိကိုယ်ကိုအောင်မြင်စွာ မအုပ်ချုပ်နိုင်ကြောင်းဖြစ်သည့် မငြင်းမဆန်နိုင်သောအမှန်တရားကို ထောက်ခံနေပါသည်။
ထိုကြောင့်ကမ္ဘာ့ပြဿနာများအတွက် ဖြေရှင်းချက်ကို လူအများမတွေ့မြင်နိုင်ခြင်းဖြစ်သည်။ အခြားသူများသည် အစအဦးတွင်ဖော်ပြထားသည့် အီတာလျန်ပညာရှင် ဪရဲလ်ယို ပက်ချားနှင့်သဘောတူညီကြသည်။ ဖြေရှင်းနည်းရှိရမည်ဆိုလျှင် အလွန်ထူးခြားသည့် လူ့ထက်ပင်သာလွန်ထူးမြတ်သောဇာစ်မြစ်မှ ဖြစ်ရမည်ဟူ၍ယူဆကြသည်။ ယင်းကြောင့် မေရှိယလိုသည့်အယူအဆမှာ အလွန်ဆွဲဆောင်မှုရှိနေသည်။ သို့သော် မေရှိယတစ်ဦး၌ မျှော်လင့်အားထားခြင်းသည် ယုတ္တိတန်သလော။ သို့မဟုတ် ဤသို့မျှော်လင့်နေခြင်းကား စိတ်ကူးယဉ်ခြင်းမျှဖြစ်သလော။
[Picture Credit Line on page 2]
Cover photos: Top: U.S. Naval Observatory photo; Bottom: NASA photo
[Picture Credit Line on page 3]
WHO photo by P. Almasy
[Picture Credit Lines on page 4]
WHO photo by P. Almasy
U.S. Navy photo