အပြစ်ကိုသင်မည်သို့ရှုမြင်သနည်း
“သူမဆုတောင်းတဲ့အခါ ဘာဖြစ်လို့ ကျွန်မတို့ရဲ့ အပြစ်တွေကိုခွင့်လွှတ်ခံရဖို့ အမြဲတောင်းနေရတာလဲ။ အဲဒါ ကျွန်မက ရာဇဝတ်သားတစ်ဦးဖြစ်နေသလိုပဲ” ဟု ယေဟောဝါသက်သေတစ်ဦးနှင့်ကျမ်းစာလေ့လာနေသော အိမ်ရှင်မတစ်ဦးက မြည်တမ်းသည်။ ထိုအမျိုးသမီးကဲ့သို့ပင် ယနေ့လူများစွာလည်း ရာဇဝတ်မှုကြီးမပြုမိခဲ့လျှင် မိမိတို့၏အပြစ်များကိုသတိမပြုမိကြပေ။
အထူးသဖြင့် ယုဒ-ခရစ်ယာန်ဘာသာရေးတို့၏သွန်သင်ချက်အတိုင်း အမွေခံရသောအပြစ်ကို ယုံကြည်လက်ခံမှုမရှိသော အရှေ့တိုင်းဒေသများတွင် မှန်ကန်သည်။ (ကမ္ဘာဦး ၃:၁-၅၊ ၁၆-၁၉။ ရောမ ၅:၁၂) ဥပမာ၊ ရှင်တိုဘာသာဝင်များက အပြစ်ဟူသည် ထိပ်တွင်စက္ကူ သို့မဟုတ် ပိုက်ဆံလျှော်တွယ်ကပ်ထားသော ဘုန်းကြီး၏တုတ်ဖြင့် တစ်ချက်တည်းဝှေ့ရမ်းလိုက်ခြင်းဖြင့် အလွယ်တကူသန့်စင်ပစ်နိုင်သော အညစ်အကြေးနှင့်တူသည်ဟု သတ်မှတ်ကြသည်။ ဤလုပ်ရပ်တွင် ပြုမိခဲ့သည့်အပြစ်အတွက် နောင်တရခြင်းမလိုအပ်ပါ။ အဘယ်ကြောင့်နည်း။ “ဆိုးသောလုပ်ရပ်များသာမက ထိန်းချုပ်၍မရနိုင်သောသဘာဝဘေးဒဏ်များကိုလည်း စူမီ [အပြစ်] ဟုသတ်မှတ်ကြသောကြောင့်ဖြစ်သည်” ဟု Kodansha Encylopedia of Japan ကရှင်းပြထားသည်။ လူသားများကြောင့်မဟုတ်သော စူမီ ခေါ်သဘာဝဘေးဒုက္ခများသည် သန့်စင်ခြင်းထုံတမ်းစဉ်လာများက မတည်ရှိတော့အောင်ဖျောက်ဖျက်ပေးနိုင်သော အပြစ်များဟုယူမှတ်ကြသည်။
ယင်းက တမင်စိတ်ပါကိုယ်ရောက်ပြုသော ဆိုးသွမ်းသည့်လုပ်ရပ်များပင်အပါအဝင် မည်သည့်အပြစ်မဆို သန့်စင်ခြင်းထုံးတမ်းစဉ်လာက ပယ်ရှင်းပေးနိုင်သည်ဟူသော အတွေးအခေါ်ကိုဖြစ်ပေါ်စေသည်။
အခြားအရှေ့တိုင်းဘာသာတစ်ခုဖြစ်သော ကွန်ဖြူးရှန်းဘာသာက လူသားများ၏ဆိုးသွမ်းမှုနှင့်ပတ်သက်၍ ခြားနားသောနည်းကိုသွန်သင်သည်။ ထိပ်တန်းကွန်ဖြူးရှန်းအတွေးအခေါ်ပညာရှင်သုံးဦးအနက် တစ်ဦးဖြစ်သူ ရှူအဲန်ဇူက လူသားတို့၏စရိုက်သည် ဆိုးညစ်ပြီး တစ်ကိုယ်ကောင်းဆန်ခြင်းသို့တိမ်းယိမ်းသည်ဟုဆိုသည်။ အပြစ်သို့တိမ်းယိမ်းသည့်သဘောရှိသည့်လူသားများအလယ်တွင် လူမှုရေးထုံးတမ်းစဉ်လာကိုဆက်လက်ထိန်းသိမ်းရန်အတွက် သင့်တင့်လျောက်ပတ်ခြင်း၊ ဖော်ရွေပျူငှာရည်မွန်ခြင်း၊ အရာဝတ္ထုများအစီအစဉ်စနစ်တကျရှိခြင်း ဟုအဓိပ္ပာယ်ရှိသော လီ ဟူသည့်စကားလုံး၏အရေးပါမှုကို သူအထူးပြုပြောဆိုခြင်းဖြစ်သည်။ အခြားကွန်ဖြူးရှန်းအတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သူ မင်ဇူ က လူ့စရိုက်နှင့်ပတ်သက်၍ ဆန့်ကျင်ဘက်အမြင်ကိုဖော်ပြသော်လည်း လူ့မဖွယ်မရာမှုများကိုအသိအမှတ်ပြုပြီး လူ့သဘောသဘာဝများသည် ကောင်းလာနိုင်သည်ဟုယုံကြည်ကာ ဖြေရှင်းနည်းမှာ မိမိဘာသာတိုးတက်မှုအပေါ်မူတည်သည်ဟုယူမှတ်သည်။ ထိုနှစ်နည်းလုံးတွင် ကွန်ဖြူးရှန်းအတွေးအခေါ်ပညာရှင်များသည် ပညာရေးနှင့် လောကတွင် အပြစ်ကိုတွန်းလှန်ရန်လေ့ကျင့်ခြင်းတို့၏ အရေးကြီးပုံများကို သွန်သင်ခဲ့ခြင်းဖြစ်သည်။ သူတို့၏သွန်သင်ချက်များသည် လီ ၏တောင်းဆိုချက်များနှင့် သဘောညီညွတ်သော်လည်း အပြစ်နှင့်ဆိုးသွမ်းမှုဆိုင်ရာ သူတို့၏ခံယူချက်သည် အလွန်အခြေအမြစ်မရှိသောအရာသာဖြစ်သည်။—ဆာလံ ၁၄:၃။ ၅၁:၅ နှိုင်းယှဉ်။
အပြစ်နှင့်ပတ်သက်၍ မည်မည်ရရမဟုတ်သောအနောက်တိုင်းခံယူချက်
အနောက်တိုင်းတွင် အပြစ်နှင့်ပတ်သက်သောယူမှတ်ပုံသည် ထုံးတမ်းစဉ်လာအရသိသာထင်ရှားပြီး လူအများစုတို့က အပြစ်သည်တည်ရှိပြီး ရှောင်သင့်သောအရာအဖြစ် သဘောတူညီကြသည်။ သို့ရာတွင် အပြစ်နှင့်ပတ်သက်သောအနောက်တိုင်းအမြင်သည် ပြောင်းလဲလျက်ရှိသည်။ အချို့တို့သည် အပြစ်နှင့်ပတ်သက်၍ သိရှိနားလည်မှုမှန်သမျှကို ငြင်းပယ်ကြပြီး ဩတ္တပ္ပစိတ်၏အသံကို ရှောင်ရှားသင့်သည့် “အပြစ်တင်လောက်သောမှားယွင်းချွတ်ချော်မှု” ဟုသတ်မှတ်ဖော်ပြကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်က ဆယ့်နှစ်ဆက်မြောက်ပုပ်ပိုင်းယပ်စ်က “ဤရာစုသားများ၏အပြစ်မှာ အပြစ်ကိုအရေးမစိုက်ကြခြင်းပင်ဖြစ်သည်” ဟုမြည်တမ်းခဲ့သည်။ လပေးလရဲန် [Le Pèlerin] ခေါ် ကက်သလစ်အပတ်စဉ်ထုတ်စာစောင်ပါ ရှာဖွေတွေ့ရှိချက်တစ်ခုအရ မိမိတို့ကိုယ်ကိုရိုမန်ကက်သလစ်ဟုဆိုသော ပြင်သစ်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် အပြစ်ကိုမယုံကြတော့ချေ။
အမှန်မှာ အရှေ့တိုင်းနှင့်အနောက်တိုင်းတို့တွင် လူအများစုသည် ရောင့်ရဲကျေနပ်မှုနှင့်သက်သောင့်သက်သာမှုအပြည့်ဖြင့် အပြစ်ကိုသတိပြုမိခြင်း၏အနှောင့်အယှက်မခံရကြပေ။ မည်သို့ဆိုစေ ယင်းက အပြစ်တရားမရှိဟုဆိုလိုနေသလော။ ယင်းကို ကျွန်ုပ်တို့စိတ်ချလက်ချဥပေက္ခာပြုနိုင်သလော။ အပြစ်သည် ပျောက်ပျက်သွားပါဦးမည်လော။