ကားတိုင်—ခရစ်ယာန်ဘာသာတရား၏ အထိမ်းအမှတ်လက္ခဏာလော
ကားတိုင်ကို ခရစ်ယာန်ဘာသာတရား၏ အထိမ်းအမှတ်လက္ခဏာအဖြစ် သန်းပေါင်းများစွာသောသူတို့လက်ခံထားသည်မှာ ရာစုနှစ်ပေါင်းများစွာရှိပေပြီ။ သို့သော် ထိုအတိုင်း အမှန်ဖြစ်သလော။ ထိုသို့ဖြစ်သည်ဟု ရိုးမှန်သောသဘောဖြင့် လက်ခံယုံကြည်ခဲ့သူများစွာသည် ကားတိုင်ကို ခရစ်ယာန်ဘောင်တစ်ခုတည်း၌သာ အသုံးပြုသည်မဟုတ်ကြောင်းသိရှိကြသည့်အခါ အလွန်အံ့သြကြပါသည်။ ထိုသို့ဖြစ်မည့်အစား ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်မဟုတ်သောဘာသာရပ်များတွင် အနှံ့အပြားအသုံးပြုခဲ့ကြပါပြီ။
ဥပမာ၊ ၁၅၀၀ ပြည့်လွန်နှစ်အစောပိုင်းတွင် အဲနမ်း ကောတက်စ်နှင့် သူ၏ “ခရစ်ယာန်” တပ်သားများသည် အက်ဇ်တက်ခ်အင်ပါယာကိုတိုက်ခိုက်ကြရန် အသင့်ပြင်ဆင်နေကြစဉ် “ယုံကြည်စိတ်ချစွာဖြင့် သန့်ရှင်းသောကားတိုင်အမှတ်အသားနောက် လိုက်သွားကြစို့။ ဤအမှတ်အသားကြောင့် အောင်မြင်ရမည်” ဟုစာတမ်းထိုးထားသောအလံတံခွန်များကို ဆောင်ယူသွားကြသည်။ သူတို့၏ရန်သူများလည်း ဆင်တူယိုးမှားကားတိုင်မျိုးကို အလေးအမြတ်ထားကြကြောင်း သူတို့တွေ့ရှိသည့်အခါ အံ့သြသွားကြမည်အမှန်။ Great Religions of the World စာအုပ်ကဤသို့ဆိုသည်။ “ကောတက်စ်နှင့် သူ၏အပေါင်းအပါများသည် အက်ဇ်တက်ခ်လူမျိုးတို့၏ လူယဇ်ကောင်ပူဇော်ခြင်းအမှုနှင့် ခရစ်ယာန်ဘာသာတရားကို စာတန်ပြောင်လှောင်တုပထားဟန်ရှိသည့် . . . လေနတ်၊ မိုးနတ်၏အထိမ်းအမှတ်ဖြစ်သည့် ကားတိုင်ပုံစံလက္ခဏာများအား ကြည်ညိုလေးမြတ်နေခြင်းတို့ကို တွေ့မြင်ပြီး ရုတ်တရက်တွန့်ဆုတ်ခဲ့ကြသည်။”
La Nación သတင်းစာအယ်ဒီတာ့အာဘော်တွင် စာရေးဆရာ ဟိုစေး ဩလဘာတို ဖူးကီက ၁၈ ရာစုဒုတိယပိုင်းတွင် “မနုဿဗေဒပညာရှင်များနှင့် ရှေးဟောင်းပစ္စည်း လေ့လာသည့်ပညာရှင်တို့သည် ကားတိုင်ပုံလက္ခဏာများ၏ ဇာစ်မြစ်နှင့် ယင်းတို့၏အဓိပ္ပာယ်ကို စိတ်ဝင်တစား စကားရည်လုငြင်းခုံခဲ့ကြောင်း” တင်ပြခဲ့သည်။ ထိုကားတိုင်ပုံစံများကို အမေရိကတိုက် အလယ်ပိုင်းနှင့်တောင်ပိုင်းတစ်လျှောက် ထိုအချိန်အခါက မြောက်မြားစွာတူးဖော်တွေ့ရှိနေခဲ့ကြသည်။ “ခရစ်ယာန်” အထိမ်းအမှတ်သာဖြစ်သည်ဟု ကားတိုင်၏ဂုဏ်ဒြပ်ကို သူတို့အနက် အချို့က စောင့်ထိန်းကာကွယ်ပေးလို၍ ကိုလံဘတ်၏မှတ်သားလောက်ဖွယ် ခရီးစဉ်မတိုင်မီ အမေရိကတိုက်သားများသည် တစ်နည်းတစ်ဖုံအားဖြင့် ဧဝံဂေလိသတင်း ကြားသိနှင့်ခဲ့မည်ဟု အဆိုပြုသေးသည်တကား။ ဤမဖြစ်နိုင်လွန်းသော အဆိုတင်သွင်းချက်ကို အခြေအမြစ်မရှိဟူ၍ ငြင်းပယ်ခဲ့ကြရသည်။
အချိန်တန်လေသော် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ထပ်ဆင့်တွေ့ရှိချက်တို့က ထိုသို့သောအငြင်းအခုံပြုမှုကို ရပ်စဲချုပ်ငြိမ်းစေခဲ့သည်။ ဖူးကီ ဤသို့မှတ်ချက်ချသည်။ “မြောက်အမေရိကတိုက်သို့ ပထမဥရောပတိုက်သားများ မရောက်ရှိမီ များစွာသောကာလကတည်းက ကားတိုင်ကို ကြည်ညိုလေးမြတ်ခဲ့နှင့်ကြပြီးဖြစ်ကြောင်း ၁၈၉၃ ခုနှစ်တွင် စမစ်စိုနီယန် အင်စတီကျုထုတ်ဝေသည့်စာစုတွင် အတည်ပြုခဲ့ရာ . . . သက်ရှိတို့ကိုအစပျိုးသော စွမ်းအားများကို ကိုးကွယ်သည့်အစွဲအလမ်းအနေနှင့် လူမျိုးစုတိုင်းတွင် ဤအထိမ်းအမှတ်ကိုအသုံးပြုခဲ့သည် ဟူသောသီအိုရီကို ယင်းကထောက်ခံပေးပါသည်။”
ယေရှုကို အများယူမှတ်သည့် ကားတိုင်ပေါ် တင်သတ်ခဲ့သည်မဟုတ်ဘဲ ရိုးရိုးတိုင်တစ်ခု၊ သို့မဟုတ် စတောရပ် ပေါ်၌ သတ်ပစ်ခဲ့ကြောင်း သမ္မာကျမ်းစာကဖော်ပြပါသည်။ မဿဲ ၂၇:၄၀ ပါဤဂရိစကားလုံးသည် အုတ်မြစ်တိုင်ချရာတွင်အသုံးပြုသည့် တည့်မတ်သောတိုင်၊ သို့မဟုတ် တိုင်ရှည်ကိုသာလျှင် ဆိုလိုပါသည်။ သို့ဖြစ်၍ ကားတိုင်သည် စစ်မှန်သောခရစ်ယာန်ဘာသာတရားကို တစ်ခုမျှတင်စားခဲ့ခြင်းမဟုတ်ပါ။ တပည့်နောက်လိုက်များအား ယေရှုခရစ်တော်က “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုပြောဆိုခဲ့သောအခါ စစ်မှန်သောခရစ်ယာန်ဘာသာတရား၏ တကယ့်အထိမ်းအမှတ်၊ သို့မဟုတ် “အမှတ်အသား” ကိုဖော်ပြတော်မူခဲ့သည်။—ယောဟန် ၁၃:၃၅။