ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၂/၁၅ စာ. ၈-၁၃
  • အံ့ဖွယ်ရာများကိုစီရင်တော်မူသော ယေဟောဝါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အံ့ဖွယ်ရာများကိုစီရင်တော်မူသော ယေဟောဝါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒုက္ခကြုံတွေ့နေသော်လည်း သစ္စာတည်ကြည်
  • ယေဟောဝါနှင့် အကျွမ်းတဝင်ရှိခြင်း
  • ယေဟောဝါ၏ကောင်းမြတ်ခြင်း
  • ယေဟောဝါ၏ ပြိုင်ဘက်မရှိ အမှုတော်များ
  • ယေဟောဝါ၏ ကြီးမြတ်တော်မူခြင်း
  • စုစည်းခံရသောနှလုံးဖြင့် သွားလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ထာဝရချီးမွမ်းခြင်းကို ယေဟောဝါရှင်ခံထိုက်တော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါ—အမြင့်မြတ်ဆုံး ကောင်းမြတ်ခြင်း စံနမူနာရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေဟောဝါသည် တည်ကြည်သောမေတ္တာ အလွန်ကြွယ်ဝ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၂/၁၅ စာ. ၈-၁၃

အံ့ဖွယ်ရာများကိုစီရင်တော်မူသော ယေဟောဝါ

“ကိုယ်တော်သည် ကြီးမြတ်၍ အံ့သြဖွယ်တို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။ —ဆာလံ ၈၆:၁၀။

၁၊ ၂။ (က) လူ့တီထွင်မှုများသည် ကမ္ဘာကို မည်သို့ဖြစ်စေပြီနည်း။ (ခ) သာ၍ကောင်းသောအရာများကို အဘယ်နေရာတွင် ကျွန်ုပ်တို့ တွေ့ရှိနိုင်မည်နည်း။

ခေတ်သစ်လူသားများသည် လျှပ်စစ်ကိရိယာ၊ ကြေးနန်းဆက်သွယ်ရေးစနစ်များ၊ ဗွီဒီယို၊ မော်တော်ကား၊ ဂျက်လေယာဉ်ဖြင့်ခရီးသွားခြင်းနှင့် ကွန်ပျူတာနည်းပညာစက်မှုလက်မှုစသည့် မိမိတို့၏အံ့ဖွယ်တီထွင်နိုင်မှုများကြောင့် ဝါကြွားကြပေမည်။ ယင်းတို့က တစ်ကမ္ဘာလုံးကို တစ်ခုတည်းသော လူသားချင်းတို့၏အသိုင်းအဝိုင်းဖြစ်စေခဲ့ပြီ။ သို့သော် မည်သို့သောအသိုင်းအဝိုင်းဖြစ်နေသည်ကိုကြည့်ပါဦး။ ငြိမ်းချမ်းသာယာမှု၊ ကြီးပွားတိုးတက်မှုနှင့်အတူ လူတိုင်းကုံလုံကြွယ်ဝနေမည့်အစား လူသားများသည် သေကျေပျက်စီးမှုများသောစစ်ပွဲများ၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ ညစ်ညမ်းမှု၊ ရောဂါနှင့်ဆင်းရဲနွမ်းပါးမှုဘေးကို ကြုံတွေ့နေကြရသည်။ နျူကလီးယားလက်နက်များသည် အရေအတွက်လျှော့ထားသည်မှန်သော်လည်း တစ်ကမ္ဘာလုံးအနှံ့ရောက်ရှိနေကာ လူမျိုးတစ်မျိုးလုံးကို ပျက်သုဉ်းစေနိုင်ပါသေးသည်။ လက်နက်ထုတ်လုပ်သူများဖြစ်သည့် မရဏကုန်သည်များသည်မြေကြီးပေါ်တွင် အကြီးမားဆုံးစီးပွားရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ ချမ်းသာသူများပိုချမ်းသာလာပြီး ဆင်းရဲသားများမူ ပိုဆင်းရဲလာသည်။ ဤဘဝမျိုးမှ လွတ်ရာလမ်းမြင်သူ ရှိနိုင်ပါမည်လော။

၂ ရှိပါသည်။ လွတ်မြောက်မည်ဟုအာမခံတော်မူသည့် “ကြီးမြင့်သောသူအထက် အကြီးဆုံး၊ အမြင့်ဆုံးသောသူ” ယေဟောဝါဘုရားသခင် ရှိတော်မူသည်။ (ဒေသနာ ၅:၈၊ ကဘ) ဒုက္ခကာလအတွက် နှစ်သိမ့်မှုပေးရုံမက ပညာရှိအကြံပေးချက်များရရှိစေသည့် ဆာလံကျမ်းများကိုရေးသားရန် ကိုယ်တော်လှုံ့ဆော်တိုက်တွန်းပေးတော်မူခဲ့သည်။ ယင်းတို့အနက် ထိပ်တွင် “ဒါဝိဒ်၏ဆုတောင်းချက်” ဟူသောစာတမ်းရိုးရိုးကလေးပါသည့် ဆာလံကျမ်း ၈၆ ပါဝင်သည်။ ဤဆုတောင်းချက်ကို သင့်ကိုယ်ပိုင်ဆုတောင်းချက် ဖြစ်စေနိုင်ပါသည်။

ဒုက္ခကြုံတွေ့နေသော်လည်း သစ္စာတည်ကြည်

၃။ ဤအချိန်အခါတွင် ကျွန်ုပ်တို့ အားယူစရာပုံသက်သေကို ဒါဝိဒ်မည်သို့တင်ပြသနည်း။

၃ ဤဆာလံကျမ်းကို ဒါဝိဒ် ဒုက္ခကြုံတွေ့နေစဉ် ရေးသားခဲ့သည်။ စာတန့်စနစ်၏ “နောက်ဆုံးကာလ” ဖြစ်သည့် “ခဲယဉ်းသောအဖြစ်အပျက်များရောက်” နေသည့် ဤအချိန်တွင်အသက်ရှင်နေသောကျွန်ုပ်တို့သည် ထပ်တူစုံစမ်းခြင်းများကို ကြုံတွေ့နေကြပါသည်။ (၂ တိမောသေ ၃:၁၊ ကဘ။ မဿဲ ၂၄:၉-၁၃ ကိုလည်းရှု။) ရင်ဆိုင်ရသောပြဿနာများသောကြောင့် ဒါဝိဒ်သည် စိုးရိမ်ပူပန်မှုများလွန်း၍ ကျွန်ုပ်တို့နည်းတူပင် စိတ်ဓာတ်ကျခဲ့ပါသည်။ သို့သော် ထိုစုံစမ်းခြင်းများကြောင့် သူ၏ဖန်ဆင်းရှင်ကိုသစ္စာစောင့်သိကာ ယုံကြည်ကိုးစားမှုမလျော့နည်းခဲ့ပါ။ သူအသနားခံသည်ကား ဤသို့။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆင်းရဲနွမ်းပါးသော အကျွန်ုပ်အား နားတော်ညောင်း၍ ထူးတော်မူပါ။ အိုအကျွန်ုပ်၏ဘုရားသခင် ကြည်ညိုသောအကျွန်ုပ်၏အသက်ကိုစောင့်ထိန်း၍ ကိုယ်တော်၌ကိုးစားသော ကျွန်တော်မျိုးကိုကယ်တော်မူပါ။”—ဆာလံ ၈၆:၁၊ ၂၊ သမ။

၄။ စိတ်ချလက်ချရှိကြောင်း မည်သို့တင်ပြနိုင်သနည်း။

၄ “သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ယေဟောဝါသည် ကမ္ဘာပေါ်သို့ နားတော်ကိုလှည့်၍ ကျွန်ုပ်တို့နှိမ့်ချစွာတောင်းဆိုသောဆုပတ္ထနာများကို နားထောင်တော်မူမည်အကြောင်း ဒါဝိဒ်ကဲ့သို့ပင် စိတ်ချနိုင်ပါသည်။ (၂ ကောရိန္သု ၁:၃၊ ၄) ကျွန်ုပ်တို့ဘုရားသခင်ကို လုံးလုံးလျားလျားအားကိုးပြီး ဒါဝိဒ်အကြံပေးသည့်အတိုင်း ပြုလုပ်နိုင်ကြပါသည်။ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။”—ဆာလံ ၅၅:၂၂။

ယေဟောဝါနှင့် အကျွမ်းတဝင်ရှိခြင်း

၅။ (က) ဂရုတစိုက်ပြန်ဆိုသောကျမ်းစာအချို့သည် ဂျူးကျမ်းရေးသူများ၏အမှားကို မည်သို့ပြုပြင်ခဲ့ပြီနည်း။ (ခ) ၈၅ ကြိမ်နှင့် ၈၆ ကြိမ်မြောက်ဆာလံများက ယေဟောဝါကိုမည်သို့ချီးကျူးထားသနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)

၅ ဆာလံ ၈၆ တွင် “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ]” ဟူသောအသုံးအနှုန်းကို ဒါဝိဒ်သည် ၁၁ ကြိမ်အသုံးပြုထားသည်။ ဒါဝိဒ်သည် စိတ်ရောကိုယ်ပါဆုတောင်းသည်သာမက ယေဟောဝါနှင့်လည်း အကျွမ်းတဝင်ရှိလှသည်တကား။ နောက်ပိုင်းတွင် ဘုရားသခင့်နာမတော်ကို ဤသို့အကျွမ်းတဝင်အသုံးပြုခြင်းကို အထူးသဖြင့်ဆော့ဖရင်ခေါ် ဂျူးကျမ်းရေးသူများ၏သဘောနှင့်မတွေ့ခဲ့ပါ။ နာမတော်ကို အလွဲသုံးစားပြုမိမည်ဟု စိုးရိမ်စိတ်လွန်သွားကြသည်။ လူသည် ဘုရားသခင့်ပုံသဏ္ဌာန်တော်ဖြင့်ဖန်ဆင်းခံရခြင်းကို လျစ်လျူရှုကာ လူတို့တွင်ရှိသောအရည်အချင်းများသည် ဘုရားသခင်မှအရင်းခံသည်ကို သူတို့အသိအမှတ်မပြုလိုကြပါ။ သို့ဖြစ်၍ နာမတော်မြတ် ၁၁ ကြိမ်ပါသည့် ဤဆာလံတစ်ပုဒ်တည်းတွင် ယဟဝဟ (ယေဟောဝါ) အမည်အစား ၇ နေရာတွင် အဲဒိုနိုင်း (သခင်) ဘွဲ့ကိုအစားထိုးခဲ့ကြသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းနှင့် ဂရုတစိုက်ပြန်ဆိုသော အခြားကျမ်းစာအမြောက်အမြားသည် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် နာမတော်မြတ်ရှိသင့်သည့်နေရာများသို့ ပြန်ထည့်ထားပေးသည့်အတွက် ကျေးဇူးတင်စရာပင်ဖြစ်သည်။ ယင်းကြောင့်လည်း ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို အလေးအနက်ဖော်ပြသင့်သည့်အတိုင်း ဖော်ပြထားပြီ။a

၆။ ယေဟောဝါ၏နာမတော်သည် ကျွန်ုပ်တို့အဖို့မွန်မြတ်ရာဖြစ်ကြောင်း အဘယ်နည်းများဖြင့်တင်ပြနိုင်သနည်း။

၆ ဒါဝိဒ်၏ဆုတောင်းချက်တွင် ဤသို့ဆက်ဖတ်ရပါသည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] အကျွန်ုပ်သည်ကိုယ်တော်ကို အစဉ်အော်ဟစ် [နေ့ရှိသမျှပတ္ထနာပြု၊ သမ] သည်ဖြစ်၍ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်ကိုအကျွန်ုပ်တသ [မြှင့်တင်၊ ကဘ] ပါသည်ဖြစ်၍ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။” (ဆာလံ ၈၆:၃၊ ၄) ယေဟောဝါထံ ဒါဝိဒ်သည် “နေ့ရှိသမျှပတ္ထနာပြု” ကြောင်းသတိပြုပါ။ တောအရပ်တွင် ရှောင်ပြေးနေစဉ်ကကဲ့သို့ ညလုံးပေါက် ကြိမ်ဖန်များစွာဆုတောင်းသည့်အချိန်များရှိခဲ့သည်။ (ဆာလံ ၆၃:၆၊ ၇) ထိုနည်းထပ်တူ ယနေ့သက်သေခံအချို့သည် မုဒိမ်းကျင့်မှု၊ သို့မဟုတ် အခြားအခြားသောအဓမ္မမှုဖြင့် ခြိမ်းခြောက်ခံရသည့်အခါ ယေဟောဝါထံကျယ်လောင်သောအသံနှင့် မစကူညီမှုတောင်းခံကြပြီးနောက် တစ်ခါတစ်ရံ ဆက်ဖြစ်ပျက်လာသည့်အမှုကြောင့် ဝမ်းသာခဲ့ကြပါသည်။b“ဒါဝိဒ်၏သား ယေရှုခရစ်” ကမ္ဘာပေါ်ရှိစဉ်ကကဲ့သို့ပင် ယေဟောဝါ၏နာမတော်ကို ကျွန်ုပ်တို့မြတ်နိုးကြပါသည်။ ယေဟောဝါ၏နာမတော်အား သိဒ္ဓိတင်ကြရန် ဆုတောင်းဖို့ တပည့်တော်များကို ယေရှုသွန်သင်ပေးခဲ့သည်။ နာမတော်မြတ်သည် အဘယ်အရာ၏အထိမ်းအမှတ်ဖြစ်သည်ကိုလည်း ပြညွှန်တော်မူခဲ့သည်။—မဿဲ ၁:၁။ ၆:၉။ ယောဟန် ၁၇:၆၊ ၂၅၊ ၂၆။

၇။ ယေဟောဝါသည် မိမိကျေးကျွန်များကိုမြှင့်တင်တော်မူခဲ့သည့် အဘယ်ပုံသက်သေများရှိသနည်း။ မည်သို့တုံ့ပြန်သင့်သနည်း။

၇ ဒါဝိဒ်သည် ယေဟောဝါထံ မိမိကိုယ်ကိုမြှင့်တင်ခဲ့သည်။ ကျွန်ုပ်တို့အား ထပ်တူပင်ပြုလုပ်ရန် ဆာလံ ၃၇:၅ တွင်ဤသို့အားပေးထားသည်။ “ကိုယ်အမှုအရာကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၌အပ်လော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။” သို့ပြုလျှင် အကျွန်ုပ်တို့အသက်ဝိညာဉ်ကိုရွှင်လန်းစေရန် ယေဟောဝါထံအသနားခံချက်ကို နားညောင်းမည်အမှန်။ အခက်အခဲဒုက္ခများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရောဂါဝေဒနာများ ခံနေရငြား သမာဓိစောင့်သိသောယေဟောဝါ၏ကျေးကျွန်အမြောက်အမြားသည် လုပ်ငန်းတော်တွင် ဆက်ပျော်ရွှင်နေနိုင်ကြသည်။ အင်ဂိုလာ၊ လိုင်ဘေးရီးယား၊ မိုဇမ်ဘစ်နှင့် ဇိုင်ယာအစရှိသော အာဖရိကတိုက်ရှိ စစ်ဆင်နွှဲနေသောဒေသများတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ယေဟောဝါ၏လုပ်ငန်းတော်ကို ဆက်ဦးထိပ်ထားနေကြပါသည်။cဖောသီသောဝိညာဏရိတ်သိမ်းမှုကို ခံစားနေကြရသည့်အတွက် သူတို့အား ကိုယ်တော်အမှန်ရွှင်လန်းစေတော်မူပြီ။ သူတို့ခံနိုင်ရည်ရှိခဲ့သည်နည်းတူ ကျွန်ုပ်တို့လည်းရှိရမည်။ (ရောမ ၅:၃-၅) ခံနိုင်ရည်ရှိမည်ဆိုလျှင် ဤအာမခံချက်ကိုရရှိပါသည်။ “ထိုရူပါရုံသည် ချိန်းချက်သောကာလ၌ အထမမြောက်ခြင်းကင်းလျက် လျင်မြန်စွာပြီးစီးလိမ့်မည်။ [အဆုံးတိုင် အရှိန်အဟုန်ဖြင့်ရွေ့လျားလျက်ရှိသည်၊ ကဘ]. . . နောက်မကျဘဲ အတည်ဖြစ်လိမ့်မည်။” (ဟဗက္ကုတ် ၂:၃၊ သမ) ကျွန်ုပ်တို့လည်းယေဟောဝါကိုလုံးဝမှီကိုးအားထားကာ “အဆုံးတိုင် အရှိန်အဟုန်ဖြင့်ရွေ့လျားနေ” ကြစို့။

ယေဟောဝါ၏ကောင်းမြတ်ခြင်း

၈။ ယေဟောဝါနှင့် ကျွန်ုပ်တို့မည်သို့အကျွမ်းတဝင်ရှိနိုင်မည်နည်း။ ကိုယ်တော်၏ကောင်းမြတ်ခြင်းကို မည်သို့တင်ပြတော်မူခဲ့ပြီနည်း။

၈ ထပ်ဆင့်၍ ဒါဝိဒ်ဤသို့စိတ်ထက်သန်စွာအသနားခံသည်။ “အိုအရှင်ဘုရားသခင် [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် မွန်မြတ်လျက် ချမ်းသာပေးလျက် ကိုယ်တော့်ထံပတ္ထနာပြုသူရှိသမျှတို့အား ကရုဏာတော်ကြွယ်ဝပါ၏။ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] အကျွန်ုပ်၏ပတ္ထနာကိုနားညောင်း၍ အသနားတော်ခံသံကို ကြားနာတော်မူပါ။ ဒုက္ခရောက်သည့်ကာလ ထူးတော်မူသည့်အလျောက် ပတ္ထနာပြုပါမည်။” (ဆာလံ ၈၆:၅-၇၊ သမ) “အိုယေဟောဝါ” —အကျွမ်းတဝင်ရှိခြင်းကိုဖော်ပြသည့် ဤအသုံးအနှုန်းကြောင့် အားယူနိုင်ပါသည်တကား။ ဤသို့သောရင်းနှီးမှုမျိုးကို ဆုတောင်းခြင်းအားဖြင့် အမြဲမွေးမြူပြုစုပေးနိုင်ပါသည်။ အခြားတစ်ချိန်တွင် ဒါဝိဒ်ဤသို့ဆုတောင်းခဲ့သေးသည်။ “အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ် ပြစ်မှားမိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့်။ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကိုအောက်မေ့တော်မူပါ ထာဝရဘုရား [ယေဟောဝါ၊ ကဘ]။” (ဆာလံ ၂၅:၇) ယေဟောဝါသည် ယေရှု၏ရွေးဖိုးကိုပြင်ဆင်ပေးခြင်း၊ နောင်တရသောအပြစ်သားများကို ကရုဏာပြခြင်း၊ သစ္စာရှိ၍ ကျေးဇူးတင်လေးမြတ်တတ်သောသက်သေများကို ချစ်ခင်ကြင်နာသည့်အတွက် ကိုယ်တော်သည် ကောင်းမြတ်ခြင်း၏ပြယုဂ်ဖြစ်တော်မူသည်။—ဆာလံ ၁၀၀:၃-၅။ မာလခိ ၃:၁၀။

၉။ နောင်တယူသောအပြစ်သားများသည် အဘယ်အာမခံချက်ကို လေးလေးနက်နက်စဉ်းစားသင့်သနည်း။

၉ အတိတ်ကအမှားများကြောင့် သောကရောက်နေသင့်ပါသလော။ ယခုကျွန်ုပ်တို့ခြေလှမ်းကို ဖြောင့်စင်းနေစေမည်ဆိုလျှင် နောင်တရသူများအပေါ် ယေဟောဝါထံတော်မှ “ချမ်းဧသောအချိန်ကာလ” ရောက်လာမည်ဟု တမန်တော်ပေတရု၏အာမခံချက်ကို သတိရမှတ်မိလျှင် စိတ်အားတက်လာပါမည်။ (တမန်တော် ၃:၁၉) “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဖိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်” ဟုကရုဏာနှင့်ပြောဆိုခဲ့သော ကျွန်ုပ်တို့၏ရွေးနှုတ်ရှင်ယေရှုမှတစ်ဆင့် ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနှင့်တရင်းတနှီးဆက်ရှိကြစို့။ ယေရှု၏နာမမြတ်၌ ယနေ့ယေဟောဝါ၏သစ္စာရှိသက်သေများ ဆုတောင်းကြရာတွင် စိတ်သက်သာလန်းဆန်းမှု အမှန်ရရှိကြပါသည်။—မဿဲ ၁၁:၂၈၊ ၂၉။ ယောဟန် ၁၅:၁၆။

၁၀။ ဆာလံကျမ်းက ယေဟောဝါ၏ ချစ်ခင်ကြင်နာမှု ကိုမည်သို့ဖော်ကျူးသနည်း။

၁၀ ဆာလံကျမ်းက ယေဟောဝါ၏ “ချစ်ခင်ကြင်နာမှု” အကြောင်းအကြိမ်ပေါင်းတစ်ရာကျော် ကိုးကားပါသည်။ ဤသို့သောချစ်ခင်ကြင်နာမှုမှာ အမှန်ပင်ကြွယ်ဝများပြားလှသည်တကား။ ၁၁၈ ကြိမ်မြောက်ဆာလံကျမ်း၏ ပထမအခန်းငယ်လေးခုတွင် “ကရုဏာတော် [ချစ်ခင်ကြင်နာမှု၊ ကဘ] အစဉ်အမြဲတည်သည်” အကြောင်းကိုလေးကြိမ်ကျော့ကာ ယေဟောဝါကိုကျေးဇူးတင်ကြရန် ဘုရားသခင့်ကျေးကျွန်များအား တောင်းခံထားပါသည်။ ၁၃၆ ကြိမ်မြောက်ဆာလံကျမ်းက ကိုယ်တော်၏နှစ်မြို့ဖွယ်အရည်အချင်းဖြစ်သော “ကရုဏာတော်” ကို ၂၆ ကြိမ်တိုင်အလေးအနက်ဖော်ပြထားသည်။ “ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ၏” ဟုယာကုပ် ၃:၂ ဆိုသည့်အတိုင်း အဘယ်နည်းမျိုးဖြင့်မဆို ကျွန်ုပ်တို့အမှားပြုမိစေကာမူ ခွင့်လွှတ်တော်မူရန် ယေဟောဝါထံအသနားခံရန်အသင့်ရှိကာ ကိုယ်တော်၏ကရုဏာနှင့်ချစ်ခင်ကြင်နာမှုကို စိတ်ချနိုင်ပါစေ။ ကိုယ်တော်၏ချစ်ခင်ကြင်နာမှုသည် သစ္စာစောင့်သိသောမေတ္တာတော်၏ ရုပ်လုံးဖော်ပြချက်ဖြစ်သည်။ ကျွန်ုပ်တို့သာ ဘုရားသခင့်အလိုတော်ကို သစ္စာရှိရှိဆက်လုပ်ကိုင်မည်ဆိုလျှင် စုံစမ်းခြင်းတိုင်းကို ရင်ဆိုင်နိုင်စွမ်းပေးခြင်းအားဖြင့် သစ္စာစောင့်သိသောမေတ္တာတော်ကို ကျွန်ုပ်တို့အား ကိုယ်တော်ပြသတော်မူလိမ့်မည်။—၁ ကောရိန္သု ၁၀:၁၃။

၁၁။ အပြစ်မကင်းဟုခံစားရခြင်းကို အကြီးအကဲများ၏လုပ်ဆောင်မှုသည် မည်သို့ကူညီပေးနိုင်သနည်း။

၁၁ သူတစ်ပါးကြောင့် ကျွန်ုပ်တို့ထိမိလဲသည့်အခါများ ရှိကောင်းရှိမည်။ အချို့မှာမူ ငယ်စဉ်က စိတ်ဓာတ်ရေး၊ ကာယရေးဘက် အဓမ္မပြုခံခဲ့ရ၍ ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်၊ သို့မဟုတ် သိမ်ဖျင်းအားငယ်သောသဘောထား အမြဲရှိနေတတ်သည်။ ဤသို့သောသူသည် ယေဟောဝါထံအကူအညီတောင်းခံမည်ဖြစ်ကာ နားညောင်းတော်မူမည်ကို စိတ်ချနိုင်ပါသည်။ (ဆာလံ ၅၅:၁၆၊ ၁၇) ယင်းသို့ခံခဲ့ရသူမှာ သူ၏အပြစ်မဟုတ်ကြောင်းသဘောပေါက်ရန် သနားကြင်နာသော အကြီးအကဲတစ်ဦးကူညီပေးနိုင်ပေမည်။ ယင်းနောက် ထိုသူသည် ‘ထမ်းရွက်စရာဝန်ကိုထမ်း’ နိုင်သည်အထိ အကြီးအကဲဖြစ်သူသည် မကြာခဏဖုန်းဆက်အားပေးနိုင်ပါသည်။—ဂလာတိ ၆:၂၊ ၅။

၁၂။ ဆင်းရဲဒုက္ခများ မည်သို့တိုးများလာသနည်း။ သို့သော် ယင်းတို့ကို မည်သို့အောင်မြင်စွာဖြေရှင်းနိုင်မည်နည်း။

၁၂ ယနေ့ယေဟောဝါ၏လူမျိုး ရင်ဆိုင်နေရသော အခြားစိတ်ဆင်းရဲမှုများလည်းရှိပါသေးသည်။ ၁၉၁၄ ခုနှစ်ပထမကမ္ဘာစစ်မှစ၍ ဤကမ္ဘာသည်ဘေးသင့်ခဲ့သည်။ ယေရှုကြိုတင်ဟောသည့်အတိုင်းပင် ယင်းတို့သည် “ဒုက္ခဆင်းရဲခြင်း၏အစ” ဖြစ်သည်။ ‘အစီအစဉ်စနစ်၏ဆုံးခန်းချိန်’ ၏အဆုံးသို့နီးကပ်လာလေ ဒုက္ခဆင်းရဲများလာလေ ဖြစ်နေသည်။ (မဿဲ ၂၄:၃၊ ၈) မာရ်နတ်၏ “ကာလတစ်ခဏ” သည်အထွတ်အထိပ်သို့ရောက်ရှိလာတော့မည်။ (ဗျာဒိတ် ၁၂:၁၂) သားကောင်ကိုရှာဖွေနေသော “ဟောက်သောခြင်္သေ့ကဲ့သို့” ထိုရန်သူကြီးသည် ကျွန်ုပ်တို့အား ဘုရားသခင့်သိုးတော်စုနှင့် ဝေးလံပြီး ပျက်စီးသွားစေရန် ရှိရှိသမျှပရိယာယ်များကို အသုံးပြုနေပါသည်။ (၁ ပေတရု ၅:၈) သို့သော်သူအောင်မြင်လိမ့်မည်မဟုတ်ပါ။ အကြောင်းမူကား၊ ဒါဝိဒ်နည်းတူပင် ကျွန်ုပ်တို့၏တစ်ဆူတည်းသောဘုရားသခင်၊ ယေဟောဝါကို လုံးလုံးလျားလျား အားကိုးမှီခိုနေကြသောကြောင့်ဖြစ်ပါသည်။

၁၃။ ယေဟောဝါ၏ကောင်းမြတ်ခြင်းကို မိဘများနှင့်သားသမီးများပါ မည်သို့အကျိုးခံစားနိုင်မည်နည်း။

၁၃ ယေဟောဝါ၏ကောင်းမြတ်ခြင်းကို အားထားမှီခိုရန်လိုအပ်ကြောင်း သားတော်ရှောလမုန်၏နှစ်လုံးထဲစိမ့်ဝင်ရန် ဒါဝိဒ်ဧကန်ပြုခဲ့ပေမည်။ သို့ဖြစ်၍လည်း ရှောလမုန်က မိမိ၏သားကို ဤသို့ဆုံးမနိုင်ခဲ့ခြင်းဖြစ်သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။” (သု၊ ၃:၅-၇) ကျောင်းတွင် သက်တူရွယ်တူတို့၏သြဇာ၊ စာရိတ္တပျက်ပြားရန်သွေးဆောင်မှု အစရှိသည့် ခက်ထန်ကြမ်းကြုတ်သောဤလောက၏ ထိပါးတိုက်ခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းတတ်ရန်နှင့် ယေဟောဝါကိုအားထားတတ်ရန် ယနေ့မိဘများသည် မိမိကလေးငယ်များကို အလားတူသွန်သင်ပေးသင့်သည်။ သင့်သားသမီးများနှင့်အတူ သမ္မာတရားအတိုင်း နေ့စဉ်အသက်ရှင်ခြင်းအားဖြင့် သူတို့၏နုနယ်သောနှလုံးသားများတွင် ယေဟောဝါကို အမှန်တကယ်ချစ်မြတ်နိုးသောသဘော၊ ကိုယ်တော်ကိုဆုတောင်းအားထားစိတ် ရှိလာပါလိမ့်မည်။—တရားဟောရာ ၆:၄-၉။ ၁၁:၁၈၊ ၁၉။

ယေဟောဝါ၏ ပြိုင်ဘက်မရှိ အမှုတော်များ

၁၄၊ ၁၅။ ယေဟောဝါ၏ ပြိုင်ဘက်မရှိသောအမှုတော်များအနက် အချို့ကားအဘယ်နည်း။

၁၄ စိတ်ချလက်ချ ဒါဝိဒ်ပြောဆိုခဲ့သည်ကား ဤသို့။ “အိုအရှင်ဘုရားသခင် [ယေဟောဝါ၊ ကဘ] ဘုရားဟူသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရား၊ အမှုတော်များနှင့်တူသောအမှု မရှိပါ။” (ဆာလံ ၈၆:၈) ယေဟောဝါ၏အမှုတော်များသည် အဘယ်သူမဆို မည်သို့ပင်စဉ်းစား၍မမီနိုင်သည့်တိုင် ကြီးမားမြင့်မြတ်တော်မူ၍ သာ၍ထည်ဝါခန့်ညားတော်မူသည်။ ခေတ်သိပ္ပံပညာ ရိုးတိုးရိပ်တိပ်သာမြင်သည့် ဖန်ဆင်းထားသောစကြဝဠာ၏ ကျယ်ပြန်.ကြီးမားမှု၊ ညီညွတ်ပြေပြစ်မှု၊ ဆန်းကြယ်ခမ်းနားမှုတို့သည် ဒါဝိဒ်သိမြင်ခဲ့သမျှထက် များစွာထူးကဲပါသည်။ သို့တိုင် “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏” ဟုပြောဆိုရန် သူတိုက်တွန်းခံခဲ့ရပါသည်။—ဆာလံ ၁၉:၁။

၁၅ နေ့နှင့်ည၊ ရာသီဥတု၊ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်အပြင် လူတို့ပျော်မွေ့အားရစရာ မြောက်မြားစွာတို့ကို ဖြစ်ပွားစေရန် ကမ္ဘာ့အနေအထားကိုပြုလုပ်ပြင်ဆင်ပုံတို့၌ ယေဟောဝါ၏စီရင်တော်မူချက်များ အံ့သြဖွယ်ကောင်းလောက်အောင် ပေါ်လွင်နေပါသည်။ ကျွန်ုပ်တို့ကိုဝိုင်းရံထားသည့် ယေဟောဝါ၏အမှုတော်များ၌ အားရပျော်မွေ့နိုင်ရန် ကျွန်ုပ်တို့ကိုယ်တိုင်ပင် ထူးဆန်းအံ့ဩဖွယ်ကောင်းစွာ ဖန်ဆင်းခံရလေပြီတကား။—ကမ္ဘာဦး ၂:၇-၉။ ၈:၂၂။ ဆာလံ ၁၃၉:၁၄။

၁၆။ ယေဟောဝါ၏ကောင်းမြတ်ခြင်းကို အထူးမြတ်ဆုံးဖော်ပြပုံကား အဘယ်နည်း။ ယင်းမှတစ်ဆင့် ပြိုင်ဘက်မရှိသော အဘယ်အမှုတော်များဖြစ်ပေါ်လာသနည်း။

၁၆ ဤအချိန်ထိခံစားနေရသော လူ့ဒုက္ခများကိုဖြစ်ပွားစေခဲ့သည့် ကျွန်ုပ်တို့၏ပထမမိဘများ ဘုရားသခင်ကိုဖီဆန်ခဲ့ပြီးနောက် ယေဟောဝါရှင်သည် ဘုရားသခင့်နိုင်ငံတော်ကိုကြေညာရန်နှင့် လူသားတို့အတွက် ရွေးနှုတ်ဘိုးအဖြစ်အသေခံရန် မိမိသားတော်ကိုကမ္ဘာသို့စေလွှတ်ခြင်းဖြစ်သည့်အံ့ဘွယ်အမှုတော်ကို မေတ္တာရှေ့ထားကာ ပြုတော်မူခဲ့သည်။ အံ့ဘွယ်များထဲမှအံ့ဘွယ်ပါတကား။ ထိုနောက် ခန့်အပ်ခံဘုရင်အဖြစ်ကိုယ်တော်နှင့်ပူးတွဲလုပ်ဆောင်ရန် ယေဟောဝါသည် ယေရှုကိုထမြောက်စေခဲ့သည်။ (မဿဲ ၂၀:၂၈။ တမန်တော် ၂:၃၂၊ ၃၄) သစ္စာရှိသောလူသားများအထဲမှ ခရစ်တော်နှင့်အတူစိုးစံမည့် ‘ဖန်ဆင်းရာအသစ်’ ကိုလည်းရွေးချယ်ထားပြီ။ ယင်းသည် စိတ်ရင်းစေတနာရှိသော “ကောင်းကင်သစ်” အနေနှင့် ရှင်ပြန်ထမြောက်မည့်သူ သန်းပေါင်းများစွာပါဝင်သော “မြေကြီးသစ်” လူ့ဘောင်ကိုအစိုးရမည်ဖြစ်သည်။ (၂ ကောရိန္သု ၅:၁၇။ ဗျာဒိတ် ၂၁:၁၊ ၅-၇။ ၁ ကောရိန္သု ၁၅:၂၂-၂၆) ဤနည်းဖြင့် ယေဟောဝါ၏အမှုတော်များသည် ဘုန်းထင်ရှားစွာဖြင့်အထွတ်အထိပ်သို့ ရောက်ပါမည်တကား။ အမှန်တကယ်ပင် ကျွန်ုပ်တို့ဤသို့ကြွေးကြော်နိုင်ကြမည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အဖို့ သိုထားတော်မူ . . . သောဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏။”—ဆာလံ ၃၁:၁၇-၁၉။

၁၇။ ယေဟောဝါ၏အမှုတော်များနှင့်စပ်လျဉ်း၍ ဆာလံ ၈၆:၉ သည်ယခုမည်သို့ပြည့်စုံနေသနည်း။

၁၇ ယေဟောဝါ၏မျက်မှောက်ခေတ်အမှုတော်များတွင် ဆာလံ ၈၆:၉ ၌ဒါဝိဒ်ဖော်ပြထားရာများ ပါဝင်ပါသည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖန်ဆင်းတော်မူသောလူမျိုးအပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော်၌ပျပ်ဝပ်၍ နာမတော်ကိုချီးမြှောက်ကြပါလိမ့်မည်။” ကိုယ်တော်၏ဖန်ဆင်းရာအသစ်မှ အကြွင်းအကျန်ဖြစ်သော ဘုရားသခင့်နိုင်ငံတော်အမွေခံ “သိုးစုငယ်” ကိုလူတို့အထဲက ရွေးနှုတ်ပြီးနောက်မှ “လူမျိုးအပေါင်းတို့” အထဲက “အခြားသိုး” အဝင် “လူအုပ်ကြီး” ဖြစ်သော ယေရှုသွန်းလောင်းခဲ့သောအသွေး၌ ယုံကြည်အားထားကြောင်းတင်ပြသူ သန်းပေါင်းများစွာတို့ကို ယေဟောဝါဆက်စုသိမ်းခဲ့ပါသည်။ ဤသူတို့ကို စွမ်းပကားရှိအဖွဲ့အစည်းတစ်ခုအဖြစ် ကိုယ်တော်တည်ဆောက်ထားရာ ယင်းသည် ယနေ့ကမ္ဘာအနှံ့ရှိ ငြိမ်းချမ်းရေးမြတ်နိုးသူများ၏ တစ်ခုတည်းသောအဖွဲ့ဖြစ်ချေပြီ။ ယင်းကိုတွေ့မြင်သူ ကောင်းကင်ဗိုလ်ခြေတို့က ယေဟောဝါရှေ့ပျပ်ဝပ်ကာ ဤသို့ကြွေးကြော်ပါသည်။ “ငါတို့၏ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိ ရှိတော်မူစေသတည်း။” လူအုပ်ကြီးသည် ယေဟောဝါ၏နာမတော်ကိုချီးကျူးထောမနာပြုကာ ဤကမ္ဘာ၏အဆုံးကို ကပ်ကျော်၍ ပရဒိသုကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ရန်မျှော်လင့်လျက် “နေ့ညမပြတ်” ဝတ်ပြုကြသည်။—လုကာ ၁၂:၃၂။ ဗျာဒိတ် ၇:၉-၁၇။ ယောဟန် ၁၀:၁၆။

ယေဟောဝါ၏ ကြီးမြတ်တော်မူခြင်း

၁၈။ ယေဟောဝါ “တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ” ကြောင်းကိုကိုယ်တော်မည်သို့ဖော်ပြခဲ့ပြီနည်း။

၁၈ ယေဟောဝါ၏ဘုရားအဖြစ်ကို ဒါဝိဒ်ဤသို့ဆက်၍ဖော်ပြသည်။ “ကိုယ်တော်သည်ကြီးမြတ်၍ အံ့သြဖွယ်တို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။” (ဆာလံ ၈၆:၁၀) ရှေးအချိန်ကာလကတည်းက ယေဟောဝါ “တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ” ကြောင်းကို ကိုယ်တော်ဖော်ပြတော်မူခဲ့ပြီ။ ဓားမိုးအုပ်စိုးခဲ့သူ အီဂျစ်ဘုရင်ဖာရောသည် မောရှေအား ဤသို့စိန်ခေါ်ခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏စကားကိုနားထောင်၍ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုငါမသိ။” သို့သော်ယေဟောဝါသည် မည်မျှကြီးမြတ်တော်မူကြောင်းကို များမကြာမီ သူသိရှိရလေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကပ်ဘေးအမျိုးမျိုးသင့်စေခြင်း၊ အီဂျစ်နိုင်ငံ၏သားဦးများကို သတ်ပစ်ခြင်း၊ ပင်လယ်နီတွင် ဖာရောနှင့်သူ၏လက်ရွေးစင်စစ်တပ်ကို ဖျက်ဆီးခြင်းအားဖြင့် အီဂျစ်ဘုရားများနှင့် ယင်း၏မျက်လှည့်ပညာတတ်ယဇ်ပုရောဟိတ်များကို အရှက်ခွဲရှုတ်ချတော်မူခဲ့သည်။ ဘုရားများတွင် ယေဟောဝါနှင့်ယှဉ်ပြိုင်နိုင်သူ မရှိသည်ကား အမှန်တကယ်ပင်ဖြစ်သတည်း။—ထွက်မြောက်ရာ ၅:၂။ ၁၅:၁၁၊ ၁၂။

၁၉၊ ၂၀။ (က) ဗျာဒိတ် ၁၅:၃၊ ၄ ပါသီချင်းသည် အဘယ်အချိန်အခါတွင် အထွတ်အထိပ်သို့ရောက်မည်နည်း။ (ခ) ယခုပင်လျှင် ယေဟောဝါ၏အမှုတော်၌ ကျွန်ုပ်တို့မည်သို့ပါဝင်နိုင်မည်နည်း။

၁၉ တစ်ပါးတည်းသောဘုရားအနေနှင့် မျက်မှောက်ခေတ်အီဂျစ်ဖြစ်သောစာတန့်လောကမှ နာခံမှုရှိဝတ်ပြုကိုးကွယ်သူများကို ကယ်နှုတ်ခြင်းငှာ ယေဟောဝါရှင်သည် အံ့ဖွယ်ရာများကိုဆက်ပြုလုပ်နေတော်မူသည်။ လူ့သမိုင်းတစ်လျှောက် အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံးဟောပြောခြင်းလုပ်ငန်းအားဖြင့် သက်သေအဖြစ် ကမ္ဘာတစ်ဝန်း ကိုယ်တော်၏စီရင်တော်မူချက်များကို ကြွေးကြော်စေတော်မူခဲ့ပြီ။ ဤနည်းဖြင့် မဿဲ ၂၄:၁၄ ပါယေရှု၏ပရောဖက်ပြုချက်ကို ပြည့်စုံစေတော်မူပြီ။ များမကြာမီ “အဆုံး” တိုင်ရလိမ့်မည်။ ထိုအခါဆိုးသွမ်းမှုရှိရှိသမျှကို ကမ္ဘာပေါ်မှသုတ်သင်ရှင်းလင်းပစ်ခြင်းအားဖြင့် တစ်ချိန်တစ်ခါနှင့်မျှမတူသည့်တိုင် ယေဟောဝါ၏ကြီးမြတ်တော်မူခြင်းကို ထင်ရှားစေတော်မူလိမ့်မည်။ (ဆာလံ ၁၄၅:၂၀) ထိုအခါမောရှေ၏သီချင်းနှင့် သိုးသငယ်၏သီချင်းသည် တဖြည်းဖြည်းတိုး၍အသံအကျယ်ဆုံးအဆင့်သို့ရောက်လိမ့်မည်။ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင် [ယေဟောဝါ၊ ကဘ] ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ နာမတော်ကိုမချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်း [သစ္စာစောင့်သိ၊ ကဘ] တော်မူ၏။”—ဗျာဒိတ် ၁၅:၃၊ ၄။

၂၀ ဤကြီးကျယ်ခမ်းနားသော ဘုရားသခင့်ရည်ရွယ်ချက်များအကြောင်းကို သူတစ်ပါးအား ဇွဲလုံ့လရှိရှိ ပြောဆိုနိုင်ကြပါစေ။ (တမန်တော် ၂:၁၁ နှိုင်းယှဉ်။) ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် ကြီးမြတ်၍ အံ့သြဖွယ်ရာတို့ကို ပြုလုပ်သည်သာမက နောက်ဆက်တွဲဆောင်းပါးတွင်ဖော်ပြထားမည့်အတိုင်း အနာဂတ်၌လည်း ဆက်ပြုလုပ်တော်မူလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ၁၈၇၄ ခုနှစ်မှသမ္မာကျမ်းစာဋီကာတစ်အုပ်က အဲန်ဒရူး အေ၊ ဘိုနာ ဤသို့ဆိုကြောင်း ကိုးကားဖော်ပြသည်။ “အထက်ပါဆာလံ [၈၅ ခုမြောက်] ၏နိဂုံးတွင် ဘုရားသခင်၏ထူးခြားချက်ဖြစ်သော နာမတော်မြတ်ကို များစွာဖော်ကျူးထားသည်။ ယင်းကြောင့်လည်း ယေဟောဝါ၏ထူးခြားချက် ထပ်တူနီးပါးပေါ်လွင်သည့် ‘ဒါဝိဒ်၏ဆုတောင်းချက်’ ကိုဆက်ဖော်ပြလိုက်ခြင်းဖြစ်မည်။ ဤဆာလံ [၈၆ ခုမြောက်] ၏အဓိကအချက်မှာ ယေဟောဝါ၏နာမတော်ဖြစ်သည်။”

b ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့် page 28 of the June 22, 1984, issue of Awake! ကိုရှု။

c အသေးစိတ်အချက်အလက်များအတွက် ၁၉၉၃ ဇန်နဝါရီ ၁ ရက်ထုတ်ကင်းမျှော်စင်တွင်ပါမည့် “ကမ္ဘာချီယေဟောဝါသက်သေများ၏ ၁၉၉၂ လုပ်ငန်းတော်နှစ်မှတ်တမ်း” ဇယားကိုရှု။

သင်မှတ်မိသလော

◻ ဆာလံကျမ်း ၈၆ ပါဆုတောင်းချက်ကို ကိုယ်ပိုင်ဆုတောင်းချက်အဖြစ် အဘယ်ကြောင့်ဖြစ်စေသင့်သနည်း။

◻ ယေဟောဝါနှင့် မည်သို့အကျွမ်းတဝင်ရှိနိုင်မည်နည်း။

◻ ယေဟောဝါသည် ကောင်းမြတ်တော်မူခြင်းကို ကျွန်ုပ်တို့အား မည်သို့ပြသနည်း။

◻ ယေဟောဝါ၏ ပြိုင်ဘက်မရှိသောအမှုတော်များအနက် အချို့ကားအဘယ်နည်း။

◻ ကြီးမြတ်တော်မူခြင်းနှင့်ပတ်သက်၍ ယေဟောဝါ “တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ” ကြောင်းကို မည်သို့သိနိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ