ငွေကိုတပ်မက်ခြင်းသည် ဘာမှားသနည်း
ပေါလ်နှင့်မေရီတို့သည် ဆင်းရဲသောအာဖရိကနိုင်ငံတစ်နိုင်ငံတွင် ကုန်စုံဆိုင် တည်ထောင်ထားပါသည်။aနေ့ရောညပါ ကြိုးစားပမ်းစားလုပ်ကိုင်ကြခြင်းဖြင့် ဝင်ငွေကောင်းကြသည်။ အချိန်တန်လေသော် ဇိမ်ခံပစ္စည်းများအပြည့်ရှိ အိမ်သစ်ကြီးတစ်လုံးကို မေရီပိုင်ဆိုင်နိုင်ခဲ့ပါသည်။ ပေါလ်မူကား ဇိမ်ခံကားတစ်စင်းပိုင်ရှင် ဖြစ်လာလေသည်။
တစ်နေ့သောအခါ အစိုးရကိုဆန့်ကျင်သည့် အဖွဲ့တစ်ဖွဲ့က ပေါလ်ထံလာ၍ “ကျွန်ုပ်တို့အရေးအောင်မြင်ဖို့ ခင်ဗျားစီးပွားထဲက လစဉ် [ဒေါ်လာ ၁၀၀] လှူစေချင်တယ်” ဟုအတင်းအကြပ်တောင်းဆိုသည်။ နိုင်ငံရေးအငြင်းပွားမှု၌ ဘက်မလိုက်လိုကြသည့်အတွက် ပေါလ်နှင့်မေရီတို့က ရဲရင့်စွာ ငြင်းဆိုခဲ့ကြသည်။ သူတို့၏ကြားနေမှုကြောင့် အစိုးရအထောက်အပံ့ရရှိနေသည်ဟု စွပ်စွဲခံရသည်။ စနေ၊ တနင်္ဂနွေတစ်ပတ်တွင် ပေါလ်နှင့်မေရီတို့ ခရီးထွက်နေစဉ် သူတို့ဆိုင်သည်ဖောက်ထွင်းခံရပြီး ကားနှင့်လှပသောအိမ်မူကား မီးရှို့ခံခဲ့ရသည်။
ဝမ်းနည်းဖွယ်အဖြစ်ဆိုးမှန်သော်လည်း ယင်းမှ အဘယ်သင်ခန်းစာရရှိနိုင်သနည်း။ စည်းစိမ်ရှိရန် ကြိုးစားအားထုတ်ခဲ့သူအများသည် ဥစ္စာဆုံးရှုံးရသည့်ဘေးမျိုး ကြုံဖူးခဲ့မည်မဟုတ်သော်လည်း နောက်နောင်ကော။ ကျမ်းစာက “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏” ဟုအဘယ်ကြောင့်ဆိုရသနည်း။—၁ တိမောသေ ၆:၉။
ငွေအပေါ် မျှတသောအမြင်ရှိခြင်း
သမ္မာကျမ်းစာအရ ခရစ်ယာန်စစ်တစ်ဦးသည် မိမိအားမှီခိုသူ မိသားစု၏ ရုပ်ပစ္စည်းလိုအပ်ရာများကို ဖြည့်စွက်ပေးရမည်ဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်ခြင်း၊ သို့မဟုတ် ကျန်းမာရေးမကောင်းခြင်း အစရှိသည့်အခြေအနေများကြောင့် ယင်းတာဝန်ကိုထမ်းဆောင်ရန် တစ်ခါတစ်ရံ ခဲယဉ်းပေလိမ့်မည်။ တစ်ဖက်ကကြည့်ပြန်လျှင် မိသားစုအား ပြုစုကျွေးမွေးခြင်းကို တမင်တကာလျစ်လျူရှုသူသည် “ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဘူးသောသူထက် သာ၍ယုတ်မာ၏။”—၁ တိမောသေ ၅:၈။
အချို့ကျေးလက်ဒေသများတွင်၊ လူတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးအားဖြင့် အသက်မွေးကြသည်။ အချို့ဆိုလျှင် ငွေကိုအနည်းအကျဉ်းသာသုံးဆောင်၍ လိုအပ်ရာများအတွက် ပစ္စည်း၊ သို့မဟုတ် လုပ်အားဖြင့် လဲလှယ်ယူကြသည်။ သို့သော် မိသားစုကို ကျွေးမွေးပြုစုခြင်းငှာ ဝမ်းစာရှာသူအများစုသည် အခငွေရသည့် လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ကြသည်။ ထိုအခငွေဖြင့် အစာရေစာနှင့် မိသားစု၏ဖူလုံမှုကို ဖြည့်စွက်ပေးသည့်အရာများ ဝယ်ခြမ်းကြပါသည်။ ထို့ ပြင် ပညာရှိစွာဖြင့် ငွေကိုစုဆောင်းထားခြင်းသည် အခက်အခဲဒုက္ခကြုံတွေ့သည့်အခါ အကာအကွယ်ဖြစ်စေပါသည်။ ဥပမာ၊ ဆေးဖိုးဝါးခ၊ သို့မဟုတ် အိမ်ကိုပြုပြင်ခြင်းအတွက် အသုံးပြုနိုင်ပေမည်။ ယင်းကြောင့် သမ္မာကျမ်းစာက “ငွေသည်လည်း ကွယ်ကာတတ်၏၊” “အရာရာ၌ နိုင်တတ်၏” ဟုမှန်ကန်စွာဆိုထားသည်။—ဒေသနာ ၇:၁၂။ ၁၀:၁၉။
ငွေသည် ဤမျှဖြည့်စွက်ပေးနိုင်သောကြောင့် ယင်း၏သြဇာအပေါ် မှားယွင်းသောအမြင် ထားရှိသွားနိုင်စရာအကြောင်း ပေါ်လာနိုင်သည်။ အခြားအရေးကြီးရာများနှင့်နှိုင်းယှဉ်လျှင် ယင်းကို မည်မျှသာအသုံးပြုနိုင်ကြောင်း ခရစ်ယာန်တစ်ဦး အသိအမှတ်ပြုရမည်။ ဥပမာ၊ ငွေ၏တန်ဖိုးကို ဘုရားရေးရာဉာဏ်ပညာနှင့် သမ္မာကျမ်းစာက ဤသို့နှိုင်းယှဉ်ပါသည်။ “ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့ မြတ်သနည်းဟူမူကား ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏။” (ဒေသနာ ၇:၁၂) ဘုရားရေးရာဉာဏ်ပညာသည် ငွေထက် မည်သို့သာသနည်း။
အတိတ်မှ သင်ခန်းစာ
စီအီး ၆၆ ခုနှစ်တွင် ယေရုရှလင်မြို့တွင်းအဖြစ်အပျက်များက ငွေထက် ဘုရားရေးရာဉာဏ်ပညာက သာကြောင်းကို ဖော်ပြပေးပါသည်။ ဝင်ရောက်တိုက်ခိုက်သော ရောမစစ်သည်များကို တွန်းလှန်ပြီးနောက် ယေရုရှလင်မြို့နေ ဂျူးတို့က စီးပွားရေးတိုးတက်တော့မည်ဟု အထင်ရှိပုံပေါက်ပါသည်။ လွတ်လပ်မှုအသစ်၏ အထိမ်းအမှတ်အနေနှင့် ကိုယ့်ငွေကိုယ် သွန်းလုပ်ကြသည်။ “ဇိအုန်လွတ်လပ်ရေးအတွက်” နှင့် “သန့်ရှင်းရာယေရုရှလင်မြို့တော်” ဟူသောစကားများကို ဟေဗြဲစကားဖြင့် ဒ င်္ဂါးသွန်းထားကြသည်။ နှစ်စဉ်ပင် “နှစ်နှစ်”၊ “သုံးနှစ်”၊ “လေးနှစ်” အစရှိသရွေ့ သတ်မှတ်ပေးသည့်စာတမ်းများဖြင့် ဒ င်္ဂါးသွန်းကြသည်။ စီအီး ၇၀ ခုနှစ်ကိုရည်ညွှန်းသည့် “ငါးနှစ်” ဟူသောအမှတ်အသားပါ ရှာမှရှားသော ဒ င်္ဂါးပြားအချို့ကိုပင် ရှေးဟောင်းပစ္စည်းတူးဖော်သူများ တွေ့ရှိခဲ့ပေပြီ။ ဂျူးခရစ်ယာန်များက ထိုဂျူးငွေအသစ်ကို တည်မြဲမည့်လွတ်လပ်မှုအထိမ်းအမှတ်အဖြစ် ယူမှတ်ကြပါသလော။
မယူမှတ်ပါ။ အကြောင်းမှာ၊ သူတို့သခင်၏ ပညာရှိစကားများကို စိတ်စွဲလမ်းခဲ့ကြပါသည်။ စီအီး ၆၆ တွင်ဖြစ်ပျက်ခဲ့သော ရောမကျူးကျော်တိုက်ခိုက်မှုကို ယေရှုကြိုတင်ဟောပြောခဲ့သည်။ ထိုသို့ ဖြစ်ပျက်သည့်အခါ ‘ယေရုရှလင်မြို့ထဲ၌ရှိသောသူတို့သည် မြို့ ပြင်သို့ပြေး’ သင့်ပြီဟု တပည့်များအား ကိုယ်တော်မှာကြားထားတော်မူခဲ့သည်။ (လုကာ ၂၁:၂၀-၂၂) ဂျူးခရစ်ယာန်များသည် ထိုသို့ပင်ပြုလုပ်ခဲ့ကြောင်း သမိုင်းက သက်သေထူပါသည်။ ယေရုရှလင်မြို့မှ ထွက်ပြေးသွားကြသည့်အတွက် စည်းစိမ်ဥစ္စာ၊ စီးပွားရေးအခွင့်အရေးများကို အရှုံးခံရန် အသင့်ရှိခဲ့ကြကြောင်း ထင်ရှားပါသည်။ လေးနှစ်အကြာတွင် ရောမစစ်တပ်သည် ပြန်ရောက်လာပြီး မြို့ကိုဝိုင်းရံထားလေတော့သည်။
မျက်မြင်ကိုယ်တွေ့ ဖြစ်သူ သမိုင်းဆရာဂျိုစီးဖပ်စ် အရ “မြို့တော်တွင်း၌ ရွှေအမြောက်အမြားရှိသည်။” သို့သော်ငွေကြေးမြောက်မြားစွာက တဖြည်းဖြည်း “ဆိုးရွားလာ၍” “အိမ်ထောင်စုများစွာကို ဝါးမျို” ခဲ့သောငတ်မွတ်ခြင်းဘေးမှ ယေရုရှလင်မြို့ကို မကယ်နှုတ်နိုင်ခဲ့ချေ။ မြို့သားအချို့က ရွှေဒ င်္ဂါးများကို မျိုချပြီး မြို့တွင်းမှ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။ သို့သော် ငွေကိုလုယူခြင်းငှာ သူတို့ဝမ်းဗိုက်များကို ခွဲဆုတ်ခဲ့သောရန်သူများ၏လက်ချက်ဖြင့် သေခဲ့ကြရသည်။ “စည်းစိမ်ရှိသူများအတွက် မြို့တွင်း၌ဆက်နေထိုင်ခြင်းသည် ထွက်ပြေးခြင်းကဲ့သို့ပင် အန္တရာယ်ရှိပါသည်။ အကြောင်းမူကား၊ တပ်ပြေးဟုဆင်ခြေပေးကာ ငွေအတွက်အသတ်ခံရသူများစွာရှိပါသည်။”
စတင်ဝန်းရံခံရချိန်မှ ခြောက်လအတွင်းပင် ယေရုရှလင်မြို့ ပျက်စီးသွားပြီး ငတ်မွတ်ဘေး၊ ရောဂါဘေးနှင့် ဓားဘေးဖြင့် လူတစ်သန်းကျော် သေဆုံးခဲ့သည်။ ငွေတပ်မက်ခြင်းက များစွာသောသူတို့အား မျက်ကန်းများဖြစ်စေပြီး ပျက်စီးခြင်းသို့ရောက်စေခဲ့သော်လည်း ပညာရှိစကားများကို နာခံသူ ဂျူးခရစ်ယာန်များကိုကား အသက်ချမ်းသာရရှိစေခဲ့သည်။
ယင်းသည် အရေးပေါ်အချိန်တွင် လူတို့အား ငွေ မကယ်တင်နိုင်ခဲ့ကြောင်း သမိုင်းတွင် အဖြစ်အပျက်တစ်ခုသာမဟုတ်ပါ။ ငွေတပ်မက်ခြင်းသည် ရက်စက်ကြမ်းကြုတ်သောသခင်တစ်ဦး ဖြစ်နိုင်ပါသည်တကား။ (မဿဲ ၆:၂၄) ထို့ ပြင် မျက်မှောက်ပျော်ရွှင်မှုကိုပင် ပျောက်ဆုံးသွားစေနိုင်ပါသည်။
ငွေဖြင့်မဝယ်နိုင်သည့် ပျော်ရွှင်မှုများ
စည်းစိမ်ရှိရန် စွဲလမ်းနေခြင်းသည် ငွေများစွာမလိုအပ်သည့် ပျော်ရွှင်ချမ်းမြေ့မှုများစွာကို မခံစားရဘဲ ဖြစ်စေနိုင်ပါသည်။ ဥပမာ၊ သာယာသောမိသားစုဆက်ဆံရေးများ၊ စစ်မှန်သောမိတ်ဆွေများ၊ သဘာဝ အံ့ချီးဖွယ်ရာများ၊ ထူးခြားသောနေဝင်ဆည်းဆာချိန်၊ မမေ့နိုင်သော မိုးကြိုးမုန်တိုင်း၊ ကြယ်အတိပြီးသောကောင်းကင်၊ တိရစ္ဆာန်များ၏ ကိုးရိုးကားယားအမူအရာများ၊ သို့မဟုတ် တောရိုင်းသဘာဝ၏ ပန်းမန်နှင့်သစ်ပင်များ အစရှိသည်တို့ကို တွေးတောဆင်ခြင်နိုင်သည်။
မှန်ပါသည်၊ ချမ်းသာကြွယ်ဝသူအချို့ အဆိုပါပျော်ရွှင်မှုများ၌ ပျော်မွေ့ရန် အချိန်ပိုရှိပေမည်။ သို့သော် အများစုအနေနှင့် သူတို့စည်းစိမ် မပျောက်မပျက်၊ မဆုံးရှုံးပဲ တိုးများလာစေရေး၌ အလွန်အလုပ်များနေကြပါသည်။ အားလပ်ချိန်ရှိသူများပင် မကြာခဏပျော်ရွှင်မှုမရကြဟုဆိုခြင်းသည် ထူးဆန်းပေမည်။ ယင်းက ယခုသုတေသနပြုသူတို့အတွက် အံ့ဩစရာဖြစ်နေပါသည်။ “လူများစွာ မက်မောစွဲလမ်းကြ၍ ၉၆ ပါးရောဂါပျောက်ဆေးအဖြစ် ယူမှတ်ထားရာကို ရရှိလာသည့်အခါ သူတို့သည် စိတ်ဓာတ်ကျခြင်းမှ မမေ့နိုင်ရာပူဆွေးခြင်းအထိ ဖြစ်ရသည့် အကျိုးဆက်အသီးသီးခံစားရကြောင်းကို မည်သို့ဖြေရှင်းမည်နည်း” ဟု သောမတ်စ် ဝိုက်စ်မင်က The Money Motive—A Study of an Obsession ဟူသော သူ၏စာအုပ်တွင် မေးမြန်းထားပါသည်။
သူဌေးသူကြွယ်တစ်ဦးထံမှ ပျော်ရွှင်မှုပျောက်လွင့်စေနိုင်သည့်အရာတစ်ခုမှာ မိမိ၏မိတ်ဆွေစစ်များသည် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိနိုင်ခြင်းဖြစ်သည်။ သူကြွယ်ရှောလမုန်မင်းသည် “ဥစ္စာတိုးပွားသောအခါ စားရသောသူတို့သည်လည်း တိုးပွားများပြား” လာကြောင်း တွေ့ရှိခဲ့သည်။ (ဒေသနာ ၅:၁၁) သူဌေးသူကြွယ်အများသည် သူတို့စည်းစိမ်ကို မပျောက်လွင့်စေရန်၊ သို့မဟုတ် တိုးပွားလာစေရန် ကြိုးစားကြရာတွင် စိတ်သောကလည်း ရောက်ကြရသည်။ ယင်းကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်နိုင်ကြချေ။ ကျမ်းစာက ဤသို့ရှင်းပြပါသည်။ “အလုပ်လုပ်သောသူသည် များစွာစားသည်ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏စည်းစိမ်မူကား စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။”—ဒေသနာ ၅:၁၂။
ငွေကိုတပ်မက်ခြင်းက အိမ်သူအိမ်သားနှင့် မိတ်ဆွေအချင်းချင်း၏ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။ အကြောင်းမူကား၊ ယင်းကြောင့် မရိုးသားမှုနှင့် ရာဇဝတ်မှုကိုပင် ပြုမူရန် သွေးဆောင်ခံနိုင်ပေသည်။ ငွေမက်သောသူတို့သည် လောင်းကစားခြင်းကို ပြုတတ်လာကြသည်။ နောက်တစ်ကြိမ်သာ လောင်းကစားလိုစိတ်ပြင်းပြခြင်းကြောင့် အကြွေးနစ်သူမြောက်မြားစွာရှိလာခြင်းသည် ဝမ်းနည်းစရာပင်ဖြစ်သည်။ “[လောင်းကစားသည့် ဉာဉ်ဆိုးရှိသူများ] ကျွန်ုပ်ထံရောက်လာသည့်အခါ အများအားဖြင့် ပြန်လမ်းမရှိသည့်အခြေအနေသို့ဆိုက်နေကြပြီ။ သူတို့အလုပ်အကိုင်၊ စီးပွား၊ အိုးအိမ်ကို ဆုံးရှုံးခဲ့ရုံမက အများအားဖြင့်ဆိုလျှင် သူတို့မိသားစု၏ စွန့်ပစ်ခြင်းကိုပါ ခံခဲ့ကြရပြီ” ဟု တောင်အာဖရိက စိတ်ရောဂါပညာရှင်တစ်ဦး ပြောပြသည်။ “သစ္စာစောင့်သောသူသည် ကောင်းချီးမင်္ဂလာနှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှာ အလျင်အမြန်ပြုသောသူမူကား အပြစ်နှင့်မလွတ်ရ” ဟူသောကျမ်းစာသတိပေးချက်သည် မှန်ကန်ပေသည်။—သု၊ ၂၈:၂၀။
“အတောင်တို့ကိုလုပ်၍ ပျံသွားတတ်၏”
ငွေတပ်မက်ခြင်းကို အန္တရာယ်ထူပြောစေသည့် အခြားအကြောင်းတစ်ခုမှာ လူ့အစိုးရများသည် ငွေကို အပြည်ပြည်ဆိုင်ရာ တည်ငြိမ်သောတန်ဖိုးရှိစေရန် အပြည့်အဝမကူညီနိုင်၊ အာမ မခံနိုင်၍ အရောင်းအဝယ်ကျဆင်းခြင်း၊ ထိုင်းခြင်းနှင့် အစုရှယ်ယာဈေးကွက် ပျက်စီးခြင်းတို့ကိုလည်း မတားဆီးနိုင်ခဲ့ပေ။ “ငွေရတတ်ခြင်းငှာ မကြိုးစားနှင့်။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက်ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုးကောင်းကင်သို့ပျံတတ်သကဲ့သို့ ထိုအရာသည် အတောင်တို့ကိုလုပ်၍ ပျံသွားတတ်၏” ဟူသောမှုတ်သွင်းခံစကားများ မှန်ကန်ကြောင်းကို လိမ်လည်မှု၊ ခိုးမှု၊ ငွေကြေးဖောင်းပွမှုတို့ကလည်း အလေးအနက်ပေါ်လွင်စေသည်။—သု၊ ၂၃:၄၊ ၅။
ငွေကြေးဖောင်းပွမှု။ ဤပြဿနာကို ဆင်းရဲသောနိုင်ငံများ၌သာ တွေ့ရှိနေရသည်မဟုတ်ပါ။ ဤရာစုအစောပိုင်းက အမြန်တိုးမြင့်နေသော ငွေကြေးဖောင်းပွမှုကြောင့် ဥပရောပအလယ်ပိုင်းရှိ စက်မှုလုပ်ငန်းနိုင်ငံများ၌ ကပ်ဆိုက်ခဲ့ပါသည်။ ဥပမာ၊ ပထမကမ္ဘာစစ်မတိုင်မီက ဂျာမန် မာ့ခ်သည် ဗြိတိသျှ ရှီလင်၊ ပြင်သစ် ဖရန့်ခ် သို့မဟုတ် အီတလီနိုင်ငံ၏ လီရာနှင့် တန်ဖိုးတူညီသလောက်ရှိသည်။ နောင်ဆယ်နှစ်အကြာတွင် တစ်ရှီလင်၊ တစ်ဖရန့်ခ် သို့မဟုတ် တစ်လီရာသည် မာ့ခ်ပေါင်း ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ နှင့်ညီမျှလာသည်။ ချမ်းသာကြွယ်ဝသူများအတွက် မြင့်တက်လာသောငွေကြေးဖောင်းပွမှုသည် မည်သို့ ဖြစ်စေသနည်း။ အယ်ဒမ် ဖာဂစန်က သူရေးသော When Money Dies တွင် ဤသို့ဆိုသည်။ “၁၉၂၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ရှုံးနိမ့်ခဲ့သော အလယ်ပိုင်းအင်အားစုတို့၏အဖြစ်အပျက်နှင့် ချင့်ချိန်ယူရမည်ဆိုလျှင် အများအားဖြင့် စိုးရိမ်စိတ်လွန်၍ ဖြစ်ပေါ်လာသည့် လောဘရမ္မက်၊ အဓမ္မမှု၊ စိတ်ဆင်းရဲခြင်း၊ မုန်းတီးမှုတို့သည် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ မထိခိုက်၊ မနစ်နာ၊ မပြောင်းလဲဘဲ နေစေနိုင်မည်မဟုတ်ပါ။”
၁၉၂၃ ခုနှစ်တွင် ဂျာမနီနိုင်ငံသည် သုည ၁၂ လုံးဖျက်လိုက်ရာ ယခင်သုံးစွဲခဲ့သောမာ့ခ်ငွေ ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ သည် မာ့ခ်အသစ်နှင့် ညီမျှစေခြင်းဖြင့် ငွေ၏တန်ဖိုးကို ပြောင်းပေးခဲ့ပါသည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုရပ်စဲသွားသော်လည်း အခြားဆိုးကျိုးများကို ဖြစ်ပေါ်စေပြန်သည်။ ဖာဂစန်က ဤသို့ရှင်းပြပါသည်။ “ထောင်ပေါင်းများစွာသောသူတို့အား ဒေဝါလီခံစေခဲ့သော ငွေကြေးပြန်တည်ငြိမ်စေခြင်းက သန်းပေါင်းများစွာတို့အား အသက်မွေးဝမ်းကြောင်း ဆုံးရှုံးစေပြီး အခြားသန်းပေါင်းများတို့အတွက် မျှော်လင့်ချက်ကင်းမဲ့စေ၍ တစ်ကမ္ဘာလုံးအပေါ် ထိတ်လန့်ဖွယ်အဖြစ်ဆိုးကို ဆိုက်ရောက်စေသည်။” ဤတွင် ကလောင်ရှင်ဆိုလိုနေသည့် “ထိတ်လန့်ဖွယ်အဖြစ်ဆိုး” ကား နာဇီဝါဒနှင့် ဒုတိယကမ္ဘာစစ် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။
လွန်လေပြီးသောအချိန်က ဘဏ်စာရင်းများစွာ ပျက်ပြယ်ခဲ့ခြင်းသည် ကမ္ဘာချီစီးပွားရေးမတည်ငြိမ်သည့် ဤအချိန်အခါတွင် လူများစွာအတွက် သတိပေးချက်ဖြစ်သင့်သည်။ ငွေသည် တည်မြဲမည်မဟုတ်ကြောင်း ဘုရားသခင့်သားတော်ကိုယ်တိုင် သတိပေးတော်မူခဲ့သည်။ ထိုသို့ပင် ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ပေပြီ။ (လုကာ ၁၆:၉) သို့သော် ဤဆိုးသွမ်းသောလောကကို ယေဟောဝါဘုရားသခင်တရားစီရင်တော်မူသည့်အခါ အကြီးမားဆုံးနှင့် အနှံ့အပြားဆုံးဒေဝါလီ ရောက်ရှိလာလိမ့်မည်။ “အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းပါရမီမူကား သေခြင်းမှ ကယ်တင်တတ်၏။”—သု၊ ၁၁:၄။
ယင်းကြောင့် စစ်မှန်သောမိတ်ဆွေများဖြစ်သူ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်ရှေ့မှောက်တွင် ဖြောင့်မတ်သောအနေအထား၌ အမြဲတည်ရှိနေရန် ကျွန်ုပ်တို့တစ်ဦးစီကြိုးစားအားထုတ်ဖို့ အလွန်အရေးကြီးပါသည်တကား။
တည်မြဲသောပျော်ရွှင်မှု၏ မူလအစ
အစကနဦး၌ ဖော်ပြခဲ့သော ပေါလ်နှင့်မေရီတို့သည် ယေဟောဝါသက်သေများဖြစ်ကြသည်။ သူတို့သည် အချိန်ပြည့်ဧဝံဂေလိသတင်းဟောခြင်းလုပ်ငန်းတွင် နှစ်ချီပါဝင်ခဲ့ဖူးသည်။ သို့ရာတွင် စည်းစိမ်ရှိလိုစိတ်ကြောင့် ခရစ်ယာန်အစည်းအဝေးများကို သူတို့မတက်ကြတော့ပါ။ ဓမ္မအမှုဆောင်လုပ်ငန်း၌ သူတို့၏ယုံကြည်ခြင်းကိုလည်း ဆက်မတင်ပြကြတော့ချေ။ သို့သော် သူတို့သတိပြန်ရလာကြပါသည်။ မေရီ၏အိမ် ထွင်းဖောက်ခံရပြီးနောက်မှ သူမ ဤသို့ဆိုသည်။“မိနစ်အနည်းငယ်နဲ့ အငွေ့ ပျံသွားနိုင်တဲ့အတွက် အချိန်ရောခွန်အားပါ အကုန်ခံတာဟာ ဘယ်လောက်အကျိုးမဲ့တယ်ဆိုတာ အခုကျွန်မကောင်းကောင်း သဘောပေါက်ပြီ။” ဤမောင်နှံစုံသည် အချိန်မလွန်မီ သင်ခန်းစာရသည့်အတွက် ဝမ်းသာစရာပင်။ မှန်သည်။ ငွေတပ်မက်ခြင်းကြောင့်ခံရသည့် အကြီးမားဆုံးသောဆိုးကျိုးသည် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တော်တို့ရှေ့မျက်နှာသာရသောဆက်ဆံမှုကောင်း ပျောက်ဆုံးသွားခြင်းသာဖြစ်သည်။ ဤမိတ်ဆွေများသာမရှိလျှင် ဖြောင့်မတ်ခြင်းတရားတည်ရာ ကတိတော်နှင့်အညီဖြစ်သော ကမ္ဘာသစ်အတွင်းသို့ စနစ်ဆိုး၏အဆုံးကိုကပ်ကျော်သွားနိုင်ရန် မျှော်လင့်ချက် မည်သို့ရရှိနိုင်မည်နည်း။—မဿဲ ၆:၁၉-၂၁၊ ၃၁-၃၄။ ၂ ပေတရု၊ ၃:၁၃။
ထိုကြောင့် သင့်ကိုယ်ကို ချမ်းသာသည်၊ သို့မဟုတ် ဆင်းရဲသည်ဟူ၍ မည်သို့ပင်ယူဆစေကာမူ ငွေတပ်မက်သောစိတ် မဖြစ်ပေါ်လာစေရန် သတိပြုပါ။ အကြီးမားဆုံးဆုကျေးဇူးဖြစ်သည့် ယေဟောဝါဘုရားသခင်ရှေ့မျက်နှာသာရ အနေအထားများကို ရရှိ၍ တည်မြဲတည်စေရန် ကြိုးစားပါလေ။ “ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက ‘လာခဲ့ပါ’ ဟုဆိုကြ၏။ ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးပဲ အသက်ရေကိုယူပါစေ။”—ဗျာဒိတ် ၂၂:၁၇။
[အောက်ခြေမှတ်ချက်များ]
a သူတို့၏ အမည်ရင်းများကိုမသုံးပါ။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
“ဒုတိယနှစ်” ဟုထွင်းထားသည့် ဂျူးတော်လှန်ရေးအတွင်း သွန်းခဲ့သော ဒ င်္ဂါးပြား၏မျက်နှာပြင်တစ်ဖက်တစ်ချက်
[Credit Line]
Pictorial Archive (Near Eastern History) Est.