ခပ်သိမ်းသောသူတို့၌မင်္ဂလာဆောင်ခြင်းအမှုသည် အသရေရှိစေလော့
“ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။” —ဟေဗြဲ ၁၃:၄။
၁။ အောင်မြင်သောအိမ်ထောင်ရေးအကြောင်း များစွာသောသူတို့သည် အဘယ်အရာကိုသိရှိခဲ့ကြပြီနည်း။
လွယ်ကူစွာ လင်မယားကွာရှင်းနိုင်သည့် ဤခေတ်တွင်ပင် သန်းပေါင်းများစွာသောသူတို့သည် ရာသက်ပန်ပေါင်းသင်းနေကြပါသည်။ ဥပဓိရုပ်ချင်းမတူ၊ ဘဝနောက်ခံကွာခြားလျက်ပင် သူတို့သည် အောင်မြင်ခြင်းငှာ ပုံသေနည်းကို တွေ့ရှိခဲ့ကြပြီ။ ဤကဲ့သို့သောအိမ်ထောင်များကို ယေဟောဝါသက်သေများစပ်ကြား တွေ့ရှိနိုင်သည်။ ဤမောင်နှံစုံအများစု၏ဘဝမှာ အတက်အကျ အခြေအနေအမျိုးမျိုးရှိခဲ့ရုံမက အချင်းချင်းအပြစ်တင်စရာအကြောင်းများပင် ရှိခဲ့ဖူးကြောင်း ဝန်ခံကြပါသည်။ သို့ ဖြစ်၍ပင် ဘဝမုန်တိုင်းဒဏ်များကို ခံရပ်တတ်လာပြီး အိမ်ထောင်ရေးသင်္ဘော လမ်းကြောင်းကို တည့်မတ်စေနိုင်ခဲ့ပြီ။ ဤသို့ဆက်သွားနိုင်ရန် သူတို့အား အကူအညီပေးသည့်အရာများကား အဘယ်နည်း။—ကောလောသဲ ၃:၁၃။
၂။ (က) အိမ်ထောင်သာယာမှုကို ဖြည့်စွက်ပေးသည့် အပြုသဘောပါအချက်အချို့ကား အဘယ်နည်း။ (ခ) အိမ်ထောင်ရေးကို ဖြိုဖျက်သည့်အရာအချို့ကား အဘယ်နည်း။ (စာမျက်နှာ ၁၄ ရှိအကွက်ကိုရှု။)
၂ ခရစ်ယာန်အိမ်ထောင်ရေးဘဝ သာယာခိုင်မြဲသူအချို့၏စကားများဖြင့် အတန်အရာသိမြင်စေသည်။ အိမ်ထောင်သက် ၁၆ နှစ်ရှိလင်ယောက်ျားတစ်ဦးက “ပြဿနာပေါ်တိုင်း တစ်ယောက်သဘောတစ်ယောက် နားလည်နိုင်ဖို့ ကြိုးစားတယ်” ဟုဆိုသည်။ ယင်းက အိမ်ထောင်ရေးများစွာကို တည်မြဲစေသည့်အကြောင်း—မကွယ်မဝှက်ပွင့်လင်းစွာ ဆက်ဆံခြင်းကို ပေါ်လွင်စေသည်။ အိမ်ထောင်သက် ၃၁ နှစ်ရှိ ဇနီးသည်တစ်ဦးက “တစ်ယောက်ကိုတစ်ယောက် စွဲလမ်းတမ်းမှန်းနေဖို့ လက်တွဲပြီး ပျော်ကြရွှင်ကြတာကို ကျွန်မတို့အမြဲဦးစားပေးတယ်။” ယင်းက ဆက်သွယ်မှုရှိစေသည့် အခြားအကူအညီတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါးပေါင်းဖက်ခဲ့သော အခြားမောင်နှံစုံတစ်စုံက မိမိကိုယ်ကိုသော်လည်းကောင်း၊ တစ်ဦးကိုတစ်ဦးသော်လည်းကောင်း ဟာသဉာဉ်ဖြင့် ရယ်ရွှင်နိုင်တတ်ခြင်းသည် အရေးကြီးကြောင်း တင်ပြခဲ့သည်။ အချင်းချင်းတစ်ယောက်၌တစ်ယောက် အကောင်းဆုံးအရည်အချင်းကို မြင်တတ်သကဲ့သို့ အဆိုးဆုံးစရိုက်ကိုသိထားလျက်ပင် သစ္စာရှိရှိချစ်မြတ်နိုးနိုင်ခြင်းသည်လည်း အကူအညီဖြစ်သည်ဟုဆိုသည်။ လင်ယောက်ျားဖြစ်သူက မိမိအမှားကိုဝန်ခံပြီးနောက် တောင်းပန်ရန်အသင့်ရှိခြင်းအကြောင်း ထည့်ပြောပါသည်။ အလျှော့ပေးလိုက်လျောစိတ်ရှိလျှင် အိမ်ထောင်ပြတ်စဲမည့်အစား လိုက်လျောညီညွတ်မှုရှိလာပါလိမ့်မည်။—ဖိလိပ္ပိ ၂:၁-၄။ ၄:၅၊ Kingdom Interlinear.
ပြောင်းလဲဆဲ ပတ်ဝန်းကျင်
၃၊ ၄။ အိမ်ထောင်ရေးတွင် သစ္စာစောင့်သိခြင်းကိုယူဆပုံ မည်သို့ပြောင်းလဲလာသနည်း။ သင်ဥပမာပေးနိုင်သလော။
၃ လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်း အိမ်ထောင်ရေးတွင် ရိုးသားမှုရှိခြင်းနှင့်ပတ်သက်သည့် ထင်မြင်ချက်များသည် ကမ္ဘာတစ်ဝန်း၌ ပြောင်းလဲလာခဲ့ပြီ။ အထူးသဖြင့် တစ်ဖက်သားက သိရှိလက်ခံမည်ဆိုလျှင်၊ သူမယားပြစ်မှားခြင်းအတွက်အသုံးပြုသည့်ခေတ်အခေါ်ဝေါ်တစ်ခုဖြစ်သော သင့်နေခြင်းသည် မမှားပါဟူ၍ အိမ်ထောင်သည်အချို့ယူဆကြသည်။
၄ ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးက ယင်းအခြေအနေအကြောင်း ဤသို့ဆိုသည်။ “စင်စစ်အားဖြင့် စာရိတ္တစံချိန်မြင့်မားမှုကို ဤလောက စွန့်လွှတ်ခဲ့ပြီ။ စင်ကြယ်သောအကျင့်ကို ခေတ်နောက်ကျခြင်းဟူ၍ပင် သဘောထားနေကြပြီ။” ထင်ရှားသော နိုင်ငံရေးသမား၊ အားကစားသမား၊ သို့မဟုတ် ဖျော်ဖြေသူများသည် ကျမ်းစာ စာရိတ္တစံချိန်များကို ဗြောင်ချိုးဖောက်နေကြပြီး ဤကဲ့သို့သောသူများကို ချီးမြှောက်ဂုဏ်ပြုနေကြသည်ကို တွေ့ရှိရ၏။ အမှန်ဆိုလျှင် မည်သို့ပင် စာရိတ္တယိုယွင်း၍ ဖောက်ပြန်နေစေကာမူ အသရေပျက်ဖွယ်ရာဖြစ်သည်ဟူ၍ မယူမှတ်ကြတော့ချေ။ လူကုံထံအခေါ်ခံသူတို့အသိုင်းအဝိုင်းတွင် ကိုယ်စိတ်စင်ကြယ်ခြင်းနှင့် သမာဓိရှိခြင်းကို တန်ဖိုးထားခဲသည်။ သို့ ဖြစ်၍ ‘အများညီ ဤ ကို ကျွဲဖတ်’ ဟူသည့်ဆိုရိုးအတိုင်း လူအများစုလည်း ထို့အတူပြုမူကြပြီး ဘုရားသခင်ရှုတ်ချထားရာကိုပင် လျစ်လျူရှု ခွင့်လွှတ်ထားကြလေသည်။ ပေါလုဖော်ပြသကဲ့သို့ “ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ တပ်မက်ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုးမျိုးကို ကြိုးစား၍ကျင့်လိုသောငှာမိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ” ခြင်းဖြစ်သည်။—ဧဖက် ၄:၁၉။ သု၊ ၁၇:၁၅။ ရောမ ၁:၂၄-၂၈။ ၁ ကောရိန္သု ၅:၁၁။
၅။ (က) သူ့မယားပြစ်မှားခြင်းကို ဘုရားသခင်မည်သို့သတ်မှတ်သနည်း။ (ခ) “မတရားမေထုန်ပြုခြင်း” ဟူသောစကားလုံးကို ကျမ်းစာအသုံးပြုပုံတွင် အဘယ်အရာများပါဝင်သနည်း။
၅ ဘုရားသခင့်စံချိန်များ မပြောင်းလဲခဲ့ပါ။ အိမ်ထောင်မင်္ဂလာမပြုပဲ ပေါင်းသင်းနေထိုင်ခြင်းသည် မတရားမေထုန်ပြုခြင်းဖြစ်သည်ဟူ၍ ကိုယ်တော်သတ်မှတ်ထားသည်။ အိမ်ထောင်ရေးတွင် သစ္စာဖောက်ခြင်းသည် သူ့မယားကို ပြစ်မှားခြင်းပင်ဖြစ်သည်။aတမန်တော်ပေါလု ဤသို့အတိအလင်းဆိုသည်။ “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားမေထုန်၌မှီဝဲသောသူ၊ . . .၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူ ဖြစ်ကြသော်လည်း ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ။”—၁ ကောရိန္သု ၆:၉-၁၁။
၆။ ၁ ကောရိန္သု ၆:၉-၁၁ ပါ ပေါလု၏စကားတွင် အဘယ်အားပေးချက်ကို တွေ့ရှိရသနည်း။
၆ ထိုကျမ်းချက်တွင် ပေါလုပြောဆိုခဲ့သည့် အားယူစရာအချက်တစ်ချက်မှာ “အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူ ဖြစ်ကြသော်လည်း ယခုတွင် . . . ဆေးကြောသန့်ရှင်း” ကြပြီဟူ၍ဖြစ်သည်။ မှန်သည်။ လွန်လေပြီးသောအချိန်က လောက၏လျော့ရဲသော “ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာ” ပြုမူခဲ့သူတို့သည် သတိတရားပြန်ရကြကာ ခရစ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ယဇ်ပူဇော်သက္ကာကိုလည်းကောင်း ယုံကြည်လက်ခံကာ သန့်ရှင်းစင်ကြယ်ခြင်းသို့ ရောက်ကြလေပြီ။ စာရိတ္တစင်ကြယ်စွာနေခြင်းအားဖြင့် ဘုရားသခင့်အလိုတော်နှင့်တွေ့လိုကြရာ ပျော်ရွှင်နိုင်ကြပေပြီ။—၁ ပေတရု ၄:၃၊ ၄။
၇။ “စာရိတ္တယိုယွင်းခြင်း” ကိုနားလည်ထားပုံ မည်သို့ကွာခြားသနည်း။ သမ္မာကျမ်းစာရှုထောင့်က အဘယ်နည်း။
၇ တစ်ဖက်ကကြည့်ပြန်လျှင် စာရိတ္တယိုယွင်းခြင်းကို ခေတ်အလိုက်ရှင်းပြချက်သည် ရောနှောပျော့ညံ့လွန်းသဖြင့် ဘုရားသခင့်အမြင်နှင့် မကိုက်ညီနိုင်ပေ။ အဘိဓာန်တစ်ခုက “စာရိတ္တယိုယွင်းခြင်း” ကို “အများခံယူထားရာ ကျင့်ဝတ်တရားနှင့် ဆန့်ကျင်ခြင်း” ဟူ၍ရှင်းပြထားပါသည်။ လက်မထပ်မီလည်းကောင်း၊ အိမ်ထောင်ဖက်မဟုတ်သူနှင့်လည်းကောင်း သံဝါသပြုခြင်း၊ လိင်တူဆက်ဆံခြင်းကို လျစ်လျူရှုခွင့်လွှတ်ထားသည့် မျက်မှောက်ခေတ် “အများခံယူထားရာ ကျင့်ဝတ်တရား” ကို သမ္မာကျမ်းစာက စာရိတ္တယိုယွင်းခြင်းဟု အပြစ်တင်ရှုတ်ချထားသည်။ သမ္မာကျမ်းစာရှုထောင့်မှဆိုလျှင် စာရိတ္တယိုယွင်းခြင်းသည် ဘုရားသခင့်စာရိတ္တစံချိန်ကို မတော်မတရား စင်စစ်ကျူးလွန်ခြင်းဖြစ်သည်။—ထွက်မြောက်ရာ ၂၀:၁၄၊ ၁၇။ ၁ ကောရိန္သု ၆:၁၈။
ခရစ်ယာန်အသင်းတော်ထိခိုက်
၈။ စာရိတ္တယိုယွင်းခြင်းသည် ခရစ်ယာန်အသင်းတော်ကို မည်သို့ထိခိုက်စေနိုင်သနည်း။
၈ ယနေ့ စာရိတ္တယိုယွင်းမှု ပျံ့နှံ့လွန်းသဖြင့် ခရစ်ယာန်အသင်းတော်သားများအတွက် ဆွဲဆောင်မှုဖြစ်နိုင်ပါသည်။ အနှံ့အပြားရောက်ရှိနေသော ယုတ်ညံ့သည့် တီဗွီအစီအစဉ်၊ ဗွီဒီယိုဇာတ်လမ်းများနှင့် အပြာစာပေများအားဖြင့် ဩဇာလွှမ်းမိုးနိုင်သည်။ ခရစ်ယာန်လူနည်းစုသာ ထိခိုက်ခဲ့သည်မှန်သော်လည်း ခရစ်ယာန်တစ်ဦးနှင့်မအပ်စပ်သောအကျင့်ကို နောင်တမယူခြင်းကြောင့် ယေဟောဝါသက်သေအဖြစ်မှ နှင်ထုတ်ခံရသူအများစုသည် လိင်ဆိုင်ရာ စာရိတ္တယိုယွင်းမှု တစ်မျိုးမျိုးကြောင့်ဖြစ်ကြောင်းကို အသိအမှတ်ပြုကြရမည်။ သို့သော် နှင်ထုတ်ခံရသူအများအပြားသည် နောက်ဆုံး အပြစ်ကိုဝန်ခံ၍ စင်ကြယ်သောဘဝလမ်းစဉ်ကို ပြန်လျှောက်လှမ်းပြီး အသင်းတော်တွင်း ပြန်လက်ခံ ခံခဲ့ရခြင်းကား ဝမ်းသာစရာဖြစ်သည်။—လုကာ ၁၅:၁၁-၃၂ နှိုင်းယှဉ်။
၉။ သတိမရှိသူတို့ကို စာတန်မည်သို့ကိုင်တွယ်ပြုမူသနည်း။
၉ စာတန်သည် ဟောက်သောခြင်္သေ့ပမာ လှည့်လည်၍ သတိမရှိသူတို့ကို ဝါးမျိုရန်အသင့်ရှိနေသည်မှာအမှန်။ သူ၏ဉာဏ်နီဉာဏ်နက်များ၊ သို့မဟုတ် “ပရိယာယ်များ” ကြောင့် သတိမရှိသောခရစ်ယာန်များစွာသည် နှစ်စဉ်ကျော့မိခဲ့ပြီ။ အစဉ်တိုက်နေသော သူ၏လောကလေသည် အတ္တဆန်သည်၊ အပျော်ကြူးသည်၊ အကျင့်လည်း ပျက်ပြားသည်။ ဇာတိသဘောကို ဖြည့်စည်းလိုက်လျော၏။ ချုပ်တည်းမှုကို လုံးဝပစ်ပယ်၏။—ဧဖက် ၂:၁၊ ၂။ ၆:၁၁၊ ၁၂၊ ကဘ၊ အောက်ခြေမှတ်ချက်။ ၁ ပေတရု ၅:၈။
၁၀။ သွေးဆောင်ခြင်းကို မည်သူများ ခံကြရသနည်း။ အဘယ်ကြောင့်နည်း။
၁၀ အသင်းတော်ရှိ မည်သူတို့သည် စာရိတ္တယိုယွင်းရန် သွေးဆောင်ခံရမည်နည်း။ ဒေသခံအသင်းတော်ရှိ အကြီးအကဲများဖြစ်စေ၊ ခရီးလှည့်လည်သော ကြီးကြပ်မှူးများဖြစ်စေ၊ ဗေသလအိမ်သားများဖြစ်စေ၊ လစဉ် အချိန်နာရီပေါင်းများစွာ ဟောပြောနေသော ရှေ့ဆောင်များဖြစ်စေ၊ မိသားစုကို ကျွေးမွေးပြုစုနေသည့် အလုပ်များသောမိဘများဖြစ်စေ၊ သက်တူရွယ်တူဖိစီးမှုကို ရင်ဆိုင်နေရသော လူငယ်များပင်ဖြစ်စေ၊ ခရစ်ယာန်အများစုသည် သွေးဆောင်ခံရကြမည်။ လူတိုင်း ဇာတိပကတိသဘောအရ သွေးဆောင်ခံရတတ်သည်။ လုံးဝမထင်မမှတ်သည့်အချိန်တွင် ဖိုမဓာတ်ပြုမိနိုင်သည်။ ယင်းကြောင့် ပေါလု ဤသို့ရေးသားနိုင်ခဲ့သည်။ “ထိုကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။ လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။” ဝမ်းနည်းစရာကား၊ တာဝန်ခံခရစ်ယာန်အချို့သည် စာရိတ္တယိုယွင်းခြင်း၏ သွေးဆောင်မှုကြောင့် လဲခဲ့ပြီ။—၁ ကောရိန္သု ၁၀:၁၂၊ ၁၃။
ဆွဲငင်ဖြားယောင်းခံရခြင်း
၁၁-၁၃။ စာရိတ္တယိုယွင်းစေသည့် အခြေအနေအချို့ကား အဘယ်နည်း။
၁၁ သူ့မယားကို ပြစ်မှားခြင်းနှင့် မတရားမေထုန်ပြုခြင်း မိုက်မဲရာလမ်းစဉ်ပေါ် အချို့သူများအား ရောက်သွားစေသည့် သွေးဆောင်ပေးခဲ့သောအခြေအနေများက အဘယ်နည်း။ ယင်းတို့သည် ပွေလီရှုပ်ထွေးရုံမက ယဉ်ကျေးမှုချင်း ကွာခြားသည့်အတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံတူမည်မဟုတ်ပါ။ သို့ရာတွင် နိုင်ငံအများတွင် တူညီသောအခြေအနေအချို့ကို တွေ့ရှိရပါသည်။ ဥပမာ၊ အရက်သေစာကို ပေါများစွာသောက်သုံးခွင့်ပြုသည့် ပါတီပွဲများကျင်းပခဲ့ကြကြောင်း သိရှိရသည်။ အခြားသူများမူ လောကဆန်သည့် စောင်းပါးရိပ်ခြည်ပြတေးသီချင်းများနှင့် နှိုးဆွလှုံ့ဆော်သောအကမျိုးကို နှစ်သက်ကြသည်။ အာဖရိကတိုက်ရှိ အချို့ဒေသများတွင် မယုံကြည်သူလူကုံထံများသည် မယားပြိုင်များယူထားကြရာ အမျိုးသမီးများကလည်း ဤသို့သောအခြေအနေမျိုးသည် စာရိတ္တယိုယွင်းခြင်းဖြစ်စေကာမူ ငွေကြေးဖူလုံရန် ထိုသို့သောအဖြစ်မျိုးကို ရွေးချယ်လက်ခံကြဖို့ သွေးဆောင်ခံခဲ့ကြပြီ။ အခြားဒေသများတွင် ခရစ်ယာန်လင်ယောက်ျားများသည် ဝမ်းစာရှာခြင်းငှာ မိသားစုနှင့်ခွဲခွာပြီး သတ္တုတွင်းများ၊ သို့မဟုတ် အခြားနေရာများသို့သွားရောက်နေထိုင်ကြသည်။ ထိုအခါ မိသားစုနှင့်အတူနေထိုင်နေသည့်အခါ သစ္စာဖျက်ရန် စမ်းသပ်စုံစမ်းမခံရနိုင်သည့် နည်းအမျိုးမျိုးဖြင့် သွေးဆောင်ခံကြရပါသည်။
၁၂ တိုးတက်ဖွံ့ ဖြိုးသောနိုင်ငံများတွင်မူ တတိယပုဂ္ဂိုလ်မပါပဲ လိင်ခြားသူနှင့်အတူ မကြာခဏတွဲနေခြင်း—ယာဉ်မောင်းသင်ခြင်းငှာ ယာဉ်တစ်စီး၏အခန်းငယ်အတွင်း မှန်မှန်အတူရှိနေကြခြင်း အစရှိသည်တို့ဖြင့် စာတန့်ကျော့ကွင်းထဲ အချို့ကျဆင်းခဲ့ကြပြီ။bအကြီးအကဲများ သိုးထိန်းလည်ပတ်မှုများပြုလုပ်သည့်အခါ ညီအစ်မတစ်ဦးကို သွန်သင်ချက်ပေးရာတွင် အခြားသူ မပါပဲ သူနှင့်သာ နှစ်ဦးတည်းရှိနေသည့်အခြေအနေမျိုးကို ရှောင်ကြဉ်ရန် သတိပြုသင့်ပါသည်။ ပြောဆိုရသည့်စကားများကြောင့် စိတ်ထိခိုက်လှုပ်ရှားစရာများဖြစ်ပေါ်လာနိုင်ရာ နှစ်ဦးစလုံးအတွက် ရှက်ဖွယ်ရာအခြေအနေမျိုး ဖြစ်ပေါ်လာတတ်ပါသည်။—မာကု ၆:၇ နှိုင်းယှဉ်။ တမန်တော် ၁၅:၄၀။
၁၃ အဆိုပါအခြေအနေများကြောင့် ခရစ်ယာန်အချို့သည် အမှတ်မထင်ပဲ စာရိတ္တယိုယွင်းသွားခဲ့ပြီ။ ပထမရာစုတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ပင် ပြစ်မှားသွားသည်အထိ ‘သူတို့၏ တပ်မက်သောစိတ်သည် ဆွဲငင်ဖြားယောင်းခံ’ ခဲ့ကြသည်။—ယာကုပ် ၁:၁၄၊ ၁၅။ ၁ ကောရိန္သု ၅:၁။ ဂလာတိ ၅:၁၉-၂၁။
၁၄။ သူ့မယားကို ပြစ်မှားခြင်း၏ အရင်းခံအချက်မှာ အဘယ်ကြောင့်အတ္တစိတ်ဖြစ်သနည်း။
၁၄ နှင်ထုတ်ခြင်းများစွာကို အသေအချာစိစစ်ကြည့်ရာ စာရိတ္တယိုယွင်းမှုဖြစ်ပေါ်စေသည့် ဆင်တူယိုးမှားအရင်းခံအကြောင်းများ တွေ့ရှိရသည်။ အများအားဖြင့် အတ္တစိတ်တစ်မျိုးတစ်မည် ပါရှိသည်။ ထိုသို့အဘယ်ကြောင့်ဆိုရပါသနည်း။ အကြောင်းမူကား၊ သူ့မယားကို ပြစ်မှားခြင်းအဖြစ်မျိုးတွင် အပြစ်မဲ့သူတစ်ဦး၊ သို့မဟုတ် ထိုထက်မကသူများသည် ထိခိုက်ခံရလိမ့်မည်။ တရားဝင်အိမ်ထောင်ဖက်ဖြစ်ပေမည်။ သားသမီးများရှိလျှင် သူတို့ပါထိခိုက်နစ်နာသွားကြတော့မည်။ အကြောင်းမှာ သူ့မယားကို ပြစ်မှားခြင်းသည် လင်မယားကွာရှင်းမှုဖြစ်သွားမည်ဆိုလျှင် စည်းလုံးသောမိသားစုဘဝ၏လုံခြုံမှုကို လိုလားသည့်သားသမီးများသည် အနစ်နာခံရဆုံးသူများဖြစ်သွားရရှာမည်။ သူ့မယားကို ပြစ်မှားသူသည် မိမိသာယာမှု၊ မိမိအကျိုးကိုသာ ထောက်ရှုနေသူဖြစ်သည်။ ယင်းကား အတ္တသဘောဖြစ်သည်။—ဖိလိပ္ပိ ၂:၁-၄။
၁၅။ သူ့မယားကို ပြစ်မှားစေသည့် အကြောင်းအချို့ကား အဘယ်အရာများဖြစ်မည်နည်း။
၁၅ အများအားဖြင့်ဆိုလျှင် သူ့မယားကို ပြစ်မှားခြင်းသည် ရုတ်တရက်ပြုမူမိသော ပျော့ညံ့မှုမဟုတ်ပါ။ အိမ်ထောင်ရေးမှာပင် မသိမသာနှင့် တဖြည်းဖြည်းပျက်ပြားမှုများရှိနေမည်။ ဆက်သွယ်မှုသည် လုပ်ရိုးလုပ်စဉ်သာ၊ သို့မဟုတ် စိတ်မပါ့တပါသာဖြစ်နေမည်။ တစ်ဦးကိုတစ်ဦး အားပေးတည်ဆောက်မှု အနည်းအကျဉ်းသာရှိနေမည်။ တစ်ဦးကိုတစ်ဦး တန်ဖိုးမထားပဲနေပေမည်။ လင်နှင့်မယား တစ်ဦးကိုတစ်ဦး သာယာမှုမပေးသည်မှာလည်း အတန်ကြာနေပေလိမ့်မည်။ သူ့အိမ်ယာပြစ်မှားပြီဆိုလျှင် ဘုရားသခင်နှင့်ဆက်ဆံရေးသည်လည်း လျော့နည်းဆုတ်ယုတ်နေသည်ကား အမှန်ပင်။ ကျွန်ုပ်တို့အတွေးအခေါ်အပြုအမူများကို သိရှိနားလည်တော်မူသော အသက်ရှင်သည့်ဘုရားသခင်အဖြစ် ယေဟောဝါအား မယူမှတ်တော့ကြောင်း ထင်ရှားသည်။ သူ့အိမ်ယာပြစ်မှားသူ၏စိတ်တွင် “ဘုရားသခင်” မည်သည် စကားလုံးမျှသာ၊ နေ့စဉ်ဘဝအသက်တာအဝင်မဟုတ်သည့် အကောင်အထည်မရှိအရှင်မျှ ဖြစ်နေမည်။ ထိုအခါ ဘုရားသခင်ကိုပြစ်မှားရန် လွယ်ကူပေလိမ့်မည်။—ဆာလံ ၅၁:၃၊ ၄။ ၁ ကောရိန္သု ၇:၃-၅။ ဟေဗြဲ ၄:၁၃။ ၁၁:၂၇။
ငြင်းဆန်ခြင်းသော့ချက်
၁၆။ သစ္စာဖျက်ခြင်းငှာ သွေးဆောင်ခံရလျှင် ခရစ်ယာန်တစ်ဦး မည်သို့ ငြင်းဆန်နိုင်သနည်း။
၁၆ သစ္စာဖျက်ခြင်းငှာ ခရစ်ယာန်တစ်ဦး သွေးဆောင်ခံနေရမည်ဆိုလျှင် အဘယ်အကြောင်းအရာများကို ထည့်တွက်သင့်သနည်း။ ဦးဆုံးအနေနှင့် ကျမ်းစာမူဝါဒများအပေါ်ခိုင်မြဲစွာအခြေခံထားသည့် ခရစ်ယာန်မေတ္တာ၏အဓိပ္ပာယ်ကို စဉ်းစားသင့်သည်။ ဇာတိပကတိ၊ သို့မဟုတ် ကိလေသာကာမအချစ်၏လွှမ်းမိုးခြင်းကိုခံကာ အတ္တတွင်းထဲ တစ်ဟုန်တည်းကျဆင်းခြင်းဖြင့် သူတစ်ပါးအား မည်သည့်အခါမျှ ဒုက္ခမရောက်စေသင့်ပါ။ ထိုသို့ ဖြစ်စေမည့်အစား ယေဟောဝါရှုထောင့်မှ အခြေအနေတစ်ခုကို ကြည့်ရှုသင့်သည်။ အသင်းတော်တစ်ခုလုံးဖက်မှ ရှုမြင်ကာ မကောင်းသောအပြုအမူအားဖြင့် အသင်းတော်ကိုလည်းကောင်း၊ ယေဟောဝါ၏နာမတော်အားလည်းကောင်း ထိခိုက်မည်ကို သတိရသင့်သည်။ (ဆာလံ ၁၀၁:၃) ယင်းကိစ္စကို ခရစ်တော်၏စိတ်ထားဖြင့် တွေးတောဆင်ခြင်ကာ ထိုအတိုင်းကျင့်ကြံ၍ ဘေးဆိုးကို ရှောင်ကွင်းနိုင်ပေမည်။ ခရစ်တော်၏ ကိုယ်ကျိုးစွန့်မေတ္တာသည် ဖောက်ပြန်ခြင်းနှင့်ကင်းသည်ကို အမြဲသတိရပါ။—သု၊ ၆:၃၂၊ ၃၃။ မဿဲ ၂၂:၃၇-၄၀။ ၁ ကောရိန္သု ၁၃:၅၊ ၈။
၁၇။ သစ္စာတည်ကြည်ခြင်းဆိုင်ရာ တည်ဆောက်မှုပေးသော ပုံသက်သေများကား အဘယ်နည်း။
၁၇ ငြင်းဆန်ခြင်းသော့ချက်တစ်ခုမှာ မိမိယုံကြည်ခြင်းကို ခိုင်ခံ့စေ၍ မျှော်လင့်ချက်မြင်ကွင်းကို အမြဲရှေ့ရှုနေခြင်းဖြစ်သည်။ ယင်းသို့ ပြုခြင်းငှာ သစ္စာရှိအမျိုးသားအမျိုးသမီးများနှင့် ယေရှုကိုယ်တော်တိုင် ချမှတ်ခဲ့သော ထူးခြားသည့်ပုံသက်သေများကို စိတ်စွဲလမ်းနေခြင်းဖြစ်သည်။ ပေါလု ဤသို့ရေးသားခဲ့ပါသည်။ “ထိုကြောင့် ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးကြကုန်အံ့။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။ အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက်ကြီးစွာသောဆီးတားနှောင့်ယှက်ခြင်းကိုခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။” (ဟေဗြဲ ၁၂:၁-၃) အိမ်ထောင်ရေးသင်္ဘောကို ဝမ်းဖောက်နှစ်မြုပ်ပစ်မည့်အစား သစ္စာမဲ့လှည့်စားခြင်းကျော့ကွင်းကို ရှောင်ကြဉ်ခြင်းအားဖြင့် ယင်းကိုကယ်ဆယ်ခြင်းငှာ ပညာရှိသူသည် ပျက်စီးချို့ယွင်းမှုများကို ပြုပြင်ပေးပါလိမ့်မည်။—ယောဘ ၂၄:၁၅။
၁၈။ (က) သူ့မယားပြစ်မှားခြင်းကိုဖော်ပြရာတွင် သစ္စာမဲ့ခြင်းမည်သည် အဘယ်ကြောင့်ပြင်းထန်လွန်းသောစကားလုံး မဖြစ်သနည်း။ (ခ) ကတိကဝတ်ဖြေခြင်းကို ဘုရားသခင်မည်သို့သဘောထားသနည်း။
၁၈ သစ္စာဖောက်မှုဖြစ်သော သစ္စာမဲ့ခြင်း သည် စာရိတ္တပျက်ပြားခြင်းကို ပြင်းပြင်းထန်ထန်တင်ပြသည့်စကားလုံး ဖြစ်သလော။ သစ္စာဖောက်ခြင်းကား ယုံမှတ်အပ်နှံထားရာ သို့မဟုတ် အတွင်းရေးကို ဖော်ထုတ်အပ်နှံခြင်းဖြစ်သည်။ အိမ်ထောင်ကတိကဝတ်ပြုရာတွင် ယုံကြည်အားထားပြီး ကောင်းကောင်း၊ ဆိုးဆိုး ရာသက်ပန်ချစ်မြတ်နိုးပါ့မည်ဟု ကတိပြုခြင်း ပါဝင်သည်ကား အမှန်ပင်။ ကျွန်ုပ်တို့ခေတ်သမယတွင် လူအများက ခေတ်နောက်ကျပြီဟုဆိုသောအရာ—အိမ်ထောင်ရေးသစ္စာကတိ၌ သိက္ခာရှိသူ၏စကား ပါဝင်ပတ်သက်နေပါသည်။ ထိုယုံကြည်အားထားမှု ဖောက်ဖျက်ခြင်းသည် မိမိအိမ်ထောင်ဖက်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ ကတိသစ္စာပြုခြင်းကို ဘုရားသခင် မည်သို့သဘောထားကြောင်း ကျမ်းစာက ဤသို့ရှင်းလင်းပြတ်သားစွာဖော်ပြထားပါသည်။ “ဘုရားသခင့်ထံတော်၌ သစ္စာကတိပြုမိလျှင် သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရနှစ်သက်တော်မမူ။ သစ္စာကတိပြုသည်အတိုင်း ဝတ်ကိုဖြေလော့။”—ဒေသနာ ၅:၄။
၁၉။ သက်သေခံတစ်ဦး သစ္စာဖျက်လျှင် စာတန်၏ရွှင်လန်းခြင်းသည် မည်သည့်အရာနှင့်ဆန့်ကျင်သနည်း။
၁၉ ယုံမှားသံသယ မရှိကြနှင့်။ အပြစ်သားတစ်ဦး၏ကယ်တင်ခြင်း၌ ကောင်းကင်သားတို့ ရွှင်လန်းကြသည်နည်းတူ ယေဟောဝါသက်သေတစ်ဦးသည် သမ္မာဓိစောင့်သိရန်ပျက်ကွက်သောအခါ ကမ္ဘာပေါ်ရှိ စာတန့်မျက်မြင်ရနှင့် မျက်မြင်မရတပည့်နောက်လိုက်များသည် ကြီးစွာရွှင်လန်းကြပါသည်။—လုကာ ၁၅:၇။ ဗျာဒိတ် ၁၂:၁၂။
ယေဘုယျဖြစ်သော သွေးဆောင်မှုများ
၂၀။ သွေးဆောင်ခြင်းကို မည်သို့ ငြင်းဆန်နိုင်မည်နည်း။ (၂ ပေတရု ၂:၉၊ ၁၀)
၂၀ စာရိတ္တပျက်ပြားခြင်းကို ရှောင်လွှဲမရသည့်ကိစ္စများ ရှိပါသလော။ ဇာတိအသွေးအသားနှင့် စာတန်သည် အားကြီးလွန်းသဖြင့် ခရစ်ယာန်များ မငြင်းဆန်နိုင်၍ သမ္မာဓိဖျက်လိုက်ဖို့သာ ဖြစ်ပါသလော။ ဤသို့ ပေါလုအားပေးတိုက်တွန်းပါသည်။ “ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ ၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။” မျက်မှောက်လောကတွင် သွေးဆောင်ခံရခြင်းကို လုံးလုံးရှောင်ကွင်းနိုင်မည်ကားမဟုတ်ပါ။ သို့သော် ဆုတောင်း၍ ဘုရားသခင့်အကူအညီတောင်းခံခြင်းအားဖြင့် ခံနိုင်ရည်အမှန်ရရှိပြီး မည်သည့်သွေးဆောင်မှုကိုမဆို ကျော်လွှားနိုင်ပါလိမ့်မည်။—၁ ကောရိန္သု ၁၀:၁၃။
၂၁။ နောက်ဆောင်းပါးတွင် အဘယ်မေးခွန်းများကို ဖြေဆိုလိမ့်မည်နည်း။
၂၁ သွေးဆောင်ခြင်းကိုခံရပ်ပြီး အောင်မြင်စွာကျော်လွှားသူများဖြစ်ကြရန် ဘုရားသခင် မည်သို့ကူညီတော်မူသနည်း။ ကျွန်ုပ်တို့အိမ်ထောင်၊ ကျွန်ုပ်တို့မိသားစုနှင့် ယေဟောဝါ၏နာမတော်၊ အသင်းတော်၏နာမည်ကောင်းကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ကျွန်ုပ်တို့တစ်ဦးစီ အဘယ်အရာပြုလုပ်ရန်လိုသနည်း။ နောက်ဆောင်းပါးက ထိုမေးခွန်းများကို ဆွေးနွေးတင်ပြပါမည်။
[အောက်ခြေမှတ်ချက်များ]
a “မဿဲ ၅:၃၂ နှင့် ၁၉:၉ တွင်ပါသည်အတိုင်း ‘မတရားမေထုန်’ ကိုအကျယ်တဝင့်ဖော်ပြရလျှင် အိမ်ထောင်မပြုပဲ တရားမဝင်၊ သို့မဟုတ် မတရားသဖြင့် သံဝါသပြုမှုအားလုံးကို ဆိုလိုနေပါသည်။ [ထိုကျမ်းချက်များတွင် အသုံးပြုထားသော ဂရိစကားလုံး] ပေါ်နီယာသည် (ပကတိအတိုင်းဖြစ်စေ၊ ယင်းကိုဆန့်ကျင်၍ဖြစ်စေ) အနည်းဆုံး တစ်ဦးသောသူ၏ လိင်အင်္ဂါ (များ) ကိုတရားလွန်ယိုယွင်းသောနည်းဖြင့် အသုံးပြုခြင်းကို ဆိုလိုနေသည်။ ထို့ ပြင် ယိုယွင်းပျက်ပြားမှု၌ အခြားသူတစ်ဦး—လိင်တူဖြစ်စေ၊ မတူသူဖြစ်စေ၊ သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ပါဝင်မည်။”(The Watchtower, March 15, 1983, page 30) သူ့မယားကို ပြစ်မှားခြင်း–“တရားဝင်ထိမ်းမြားထားသည့် လင်ယောက်ျား၊ သို့မဟုတ် ဇနီးသည်မဟုတ်သည့် အခြားသူတစ်ဦးနှင့် အိမ်ထောင်ရှိသူတစ်ဦး အလိုတူအလိုပါ သံဝါသပြုမူခြင်း။”—The American Heritage Dictionary of the English Language.
b ညီအစ်မတစ်ဦးအား ယာဉ်တစ်စီးဖြင့် ညီအစ်ကိုတစ်ဦး ကြိုပို့ပေးရသည့်အခါမျိုးများရှိရာ ဤသို့သောအခြေအနေမျိုးကို တလွဲမမြင်သင့်ပါ။
သင်မှတ်မိသလော
◻ အိမ်ထောင်မြဲစေသည့် အကြောင်းအရာအချို့ကား အဘယ်နည်း။
◻ လောက၏စာရိတ္တရေးရှုမြင်ပုံကို ကျွန်ုပ်တို့ အဘယ်ကြောင့် ရှောင်ကြဉ်သင့်သနည်း။
◻ စာရိတ္တပျက်ပြားစေရန် သွေးဆောင်သောအခြေအနေအချို့ကား အဘယ်နည်း။
◻ အပြစ်ပြုခြင်းကို ငြင်းဆန်ရန် အဓိကသော့ချက်ကား အဘယ်နည်း။
◻ သွေးဆောင်ခံရချိန်များတွင် ဘုရားသခင်မည်သို့ကူညီပေးသနည်း။
[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]
မြဲမြံသောအိမ်ထောင်များတွင် ရှိသောယေဘုယျအချက်များ
◻ ကျမ်းစာမူဝါဒများကို တိတိကျကျလိုက်နာခြင်း
◻ လင်ရောမယားပါ ယေဟောဝါနှင့် ဆက်ဆံရေးကောင်းခြင်း
◻ လင်သားသည် ဇနီးသည်ကိုလေးစား၏၊ သူ၏ခံစားချက်များ၊ သဘောထားများကို အရေးပေးခြင်း
◻ နေ့စဉ်နေ့တိုင်း အပေးအယူ ဆက်ဆံမှုကောင်းခြင်း
◻ တစ်ဦးသဘောတစ်ဦး လိုက်လျောခြင်း
◻ ဟာသဉာဉ်ရှိ၍ ကိုယ့်ကိုယ်ကို ရယ်ရွှင်နိုင်တတ်ခြင်း
◻ အမှားများကို ဝန်ခံလွယ်ခြင်း၊ ခွင့်လွှတ်လွယ်ခြင်း
◻ တစ်ယောက်ကိုတစ်ယောက် စွဲလမ်းတမ်းမှန်းနေခြင်း
◻ သားသမီးများကို မွေးမြူပြုစုရေး၊ ပဲ့ပြင်ဆုံးမရေးတွင် သဘောတူညီခြင်း
◻ အတူတကွ ယေဟောဝါထံမှန်မှန်ဆုတောင်းခြင်း
အိမ်ထောင်ရေးကို ဖြိုခွင်းသည့် အပျက်သဘောများ
◻ အတ္တသဘောနှင့် ဇွတ်တရွတ်နိုင်ခြင်း
◻ တစ်ပေါင်းတစ်စည်း ဆောင်ရွက်လုပ်ကိုင်မှုမရှိခြင်း
◻ ဆက်သွယ်မှု ညံ့ဖျင်းခြင်း
◻ လင်နှင့်မယား တိုင်ပင်နှီးနှောမှု အလုံအလောက်မရှိခြင်း
◻ ငွေသုံးစွဲရေး စီမံမှု ညံ့ဖျင်းခြင်း
◻ ကလေးများနှင့်/သို့မဟုတ် လင်ပါ၊ မယားပါကလေးများကို ဆက်ဆံရေးစံချိန် ခြားနားခြင်း
◻ လင်ဖြစ်သူ ညဉ့်နက်သည်အထိ အလုပ်လုပ်ခြင်း၊ သို့မဟုတ် အခြားတာဝန်များကို မိသားစုထက်ဦးစားပေးခြင်း
◻ မိသားစု၏ ဝိညာဏလိုအပ်ရာများကို ဖြည့်စွက်ပေးခြင်းငှာ ပျက်ကွက်ခြင်း
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အိမ်ထောင်အသရေကို ထိန်းသိမ်းခြင်းအားဖြင့် ပျော်ရွှင်မှု မြဲမြံစေ