သက်ကြီးရွယ်အိုကို ပြုစုခြင်း—စိန်ခေါ်ချက်နှင့် အကျိုးရလဒ်များ
ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးဖြစ်သူ ရှီနီစူသည် မိမိတာဝန်ကျရာလုပ်ငန်း၌ ပျော်မွေ့နေသည်။ သူ၏အိမ်ထောင်စုသုံးဦးတွင် ဇနီးဖြစ်သူ၏မိခင်ပါဝင်သည်။ သူတို့သည် ယေဟောဝါသက်သေများ၏ အသင်းတော်ငယ်တစ်ခုနှင့်ပူးပေါင်း၍ လူတို့အား သမ္မာကျမ်းစာသွန်သင်ပေးခြင်းလုပ်ငန်းကို ပျော်ရွှင်စွာ ဆောင်ရွက်နေစဉ် အခြားအသင်းတော်များထံ ဇနီးဖြစ်သူနှင့်အတူ ခရီးလည်ပတ်သွားခြင်းတာဝန်ကိုယူနိုင်မနိုင် သုံးသပ်ကြည့်ရန် ကမ်းလှမ်းခံခဲ့ရသည်။ ယင်းသို့ ပြုရန် ပတ်စဉ်ရွှေ့ပြောင်းနေထိုင်ရပါလိမ့်မည်။ ဤအခွင့်အရေးကို သူအလွန်တန်ဖိုးထားမိသော်လည်း မိခင်ကို မည်သူစောင့်ရှောက်ပေးမည်နည်း။
အိမ်ထောင်စုများစွာတို့သည် တစ်နေ့မဟုတ်တစ်နေ့ ထပ်တူအရေးအကြောင်းမျိုး—သက်ကြီးရွယ်အိုမိဘများကို အကောင်းဆုံးနည်းဖြင့် မည်သို့ ပြုစုစောင့်ရှောက်ပေးရမည့်ကိစ္စ ရင်ဆိုင်ကြရမည်။ မိဘများကျန်းမာရေးညီညွတ်နေ၍ အလုပ်လုပ်ကိုင်နိုင်သေးသည့်ကာလပတ်လုံး ဤကိစ္စကို အများအားဖြင့် ထည့်မစဉ်းစားမိကြပါ။ သို့ရာတွင် အပ်နဖားလျှိုသည့်အခါ လက်ကလေးများ တုန်တုန်ရီရီဖြစ်လာခြင်း၊ အထားမှားသည့် ပစ္စည်းတစ်ခုကို ကြိုးစားပြန်ရှာစဉ် မေ့မေ့လျော့လျော့ဖြစ်လာခြင်း အစရှိသည့်အဖြစ်ကလေးတို့က သူတို့ အသက်ကြီးရင့်လာနေပြီဖြစ်ကြောင်း ထင်ပေါ်စေမည်။ သို့သော် တစ်ခါတစ်ရံ ရုတ်တရက်ဖြစ်ခဲ့သော မတော်တဆမှု၊ သို့မဟုတ် ဖျားနာမှုကြောင့် သူတို့ကိုဂရုစိုက်ပြုစုပေးရန် လိုအပ်လာကြောင်း ထင်ရှားလာပါသည်။ အစီအစဉ်တစ်မျိုးတစ်မည် ပြုလုပ်ပေးရတော့မည်။
အချို့နိုင်ငံများတွင် ကျန်းမာရေးညီညွတ်သောမိဘများသည် ဇရာအိုအရွယ်တွင် သားသမီးများနှင့် နေထိုင်မည့်အစား အိမ်ထောင်ဖက်များနှင့်သာ နေထိုင်လိုကြပါသည်။ အရှေ့တိုင်းနှင့် အာဖရိကနိုင်ငံများ အစရှိသည့်တိုင်းပြည်များတွင်မူ သက်ကြီးရွယ်အိုများသည် သားသမီးများအနက် အထူးသဖြင့်သားဦးနှင့်အတူ နေထိုင်လေ့ရှိသည်။ မိဘသည် အိပ်ရာထဲ တုံးလုံးလှဲနေရလျှင် ထိုသို့အထူးပြုကြပါသည်။ ဥပမာ၊ ဂျပန်နိုင်ငံတွင် ၆၅ နှစ်၊ သို့မဟုတ် ထိုထက်မကကြီးရင့်သူ၊ အိပ်ရာမှမထနိုင်သူများအနက် ၂၄၀,၀၀၀ ခန့်ကို မိသားစုက အိမ်တွင် စောင့်ရှောက်ကြည့်ရှုပေးကြပါသည်။
ကျင့်ဝတ်နှင့် ကျမ်းစာဆိုင်ရာတာဝန်ဝတ္တရားများ
“ကိုယ့်ကိုယ်ကိုချစ်သောသူ”၊ “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” များသည့် လူမျိုးဆက်အတွင်း ကျွန်ုပ်တို့အသက်ရှင်နေကြသည်မှန်သော်လည်း သက်ကြီးရွယ်အိုများအပေါ် ကျင့်ဝတ်နှင့် ကျမ်းစာဆိုင်ရာတာဝန်ဝတ္တရားများပြုရန် လိုအပ်ကြောင်း ထင်ရှားပါသည်။ (၂ တိမောသေ ၃:၁-၅) ပါကင်ဆန်ရောဂါသည် သက်ကြီးရွယ်အိုမိခင်ဖြစ်သူကို ကြည့်ရှုပြုစုပေးသော တိုမီကိုသည် မိခင်ဖြစ်သူနှင့်စပ်လျဉ်း၍ “အနှစ် ၂၀ လုံးလုံး ကျွန်မကို သူကြည့်ရှုစောင့်ရှောက်ခဲ့တယ်။ အခု သူ့ကို အဲ့ဒီအတိုင်းပြန်ပြုစုချင်တယ်” ဟုပြောဆိုရာတွင် မိမိ၏ကျင့်ဝတ်တရားကို သူမအသိအမှတ်ပြုကြောင်း တင်ပြပါသည်။ ပညာရှိရှောလမုန်မင်းကြီးက “သင့်ကိုဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်” ဟုသြဝါဒပေးခဲ့ပါသည်။—သု၊ ၂၃:၂၂။
မယုံကြည်သူ မိဘတစ်ဦး၏ ဘာသာရေးငဲ့ကွက်မှု၊ သို့မဟုတ် ရန်လိုမုန်းထားမှုသည် ထိုကျမ်းပေးတာဝန်ကို မပယ်ဖျက်ပါ။ ခရစ်ယာန်တမန်တော်ပေါလုသည် ဤသို့ရေးသားရန် တိုက်တွန်းခံခဲ့ရသည်။ “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဘူးသောသူထက် သာ၍ယုတ်မာ၏။” (၁ တိမောသေ ၅:၈) ယေရှုအသက်မထွက်မီ နောက်ဆုံးပြုခဲ့သောအမှုများတွင် မိခင်အား ကြည့်ရှုစောင့်ရှောက်ပေးရန် စီစဉ်ပေးခြင်းက ကျွန်ုပ်တို့အတုယူစရာ ပုံသက်သေဖြစ်သည်။—ယောဟန် ၁၉:၂၆၊ ၂၇။
ကြုံတွေ့ရသောအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းခြင်း
မိသားစုများသည် နှစ်ချီတသီးတခြားနေထိုင်ပြီးနောက် အတူတကွပြန်နေထိုင်ကြသည့်အခါ ပြုပြင်ပြောင်းလဲစရာများရှိပေမည်။ ဤသို့ ပြုပြင်ပေးရန် မေတ္တာပြဖို့၊ စိတ်ရှည်ဖို့၊ နှစ်ဦးနှစ်ဖက် နားလည်မှုတင်ပြဖို့ လိုအပ်ပေမည်။ သားဦးဖြစ်စေ၊ အခြားသားငယ်၊ သမီးငယ်ဖြစ်စေ မိဘအိမ်သို့ မိသားစုလိုက်ပြောင်းရွှေ့နေထိုင်ရသည့်အခါ အခြေအနေအသစ်အဆန်းများ ပေါ်ထွက်လာပေမည်။ လုပ်ငန်းအသစ်၊ ကလေးများအတွက် စာသင်ကျောင်းအသစ်၊ ပတ်ဝန်းကျင်အသစ် အစရှိသည်တို့တွင် နေသားကျရန်ကြိုးစားရလိမ့်မည်။ ဇနီးဖြစ်သူအတွက်ဆိုလျှင်လည်း တာဝန်ပိုများလာပေမည်။
မိဘများကိုယ်တိုင်လည်း နေသားတကျဖြစ်ရန် ပြုပြင်ကြရ၍ အခက်အခဲတွေ့ကောင်းတွေ့လိမ့်မည်။ အေးဆေးငြိမ်သက်စွာ လွတ်လွတ်လပ်လပ်နေထိုင်ခဲ့လေ့ရှိရာမှ ယခု အဆော့သန်သောမြေးမြစ်များနှင့် သူတို့သူငယ်ချင်းများဒဏ်ကို ခံကြရတော့မည်။ ကိုယ်တိုင် ဆုံးဖြတ်ချက်များချခဲ့ရာ ယခုမူ သူတို့ ညွှန်ကြားခံလိုကြမည်မဟုတ်ပါ။ သားများအိမ်ထောင်ကျ၍ တစ်နေ့ မိမိတို့နှင့် ပြန်လာနေထိုင်မည့်အချိန်ကို ကြိုတင်မြင်ပြီး မိဘများစွာတို့သည် သက်ဆိုင်သူအားလုံး လွတ်လွတ်လပ်လပ်နေထိုင်နိုင်ရန် သီးခြားအိမ်များကို အနီးအနားတွင် ဆောက်လုပ်ပေးခြင်း၊ သို့မဟုတ် အိမ်မကြီးကို တိုးချဲ့ဆောက်လုပ်၍ ဆက်သွယ်ပေးသည့်လမ်းကြောင်းများ ပြုလုပ်ထားကြသည်။
အိမ် ငယ်နေမည်ဆိုလျှင် ပြောင်းရွှေ့လာသူ လူသစ်များအတွက် နေရာထိုင်ခင်းချပေးရန် သာ၍ပြုပြင်ပြောင်းလဲစရာများ လိုလာပေမည်။ အသက် ၈၀ ရှိဖွားအေသည် မိမိတို့အိမ်သို့ရွှေ့ပြောင်းနေထိုင်လာသည့်အခါ သူ့အတွက် နေရာလုပ်ပေးရန် သမီးများ၏အိပ်ခန်းထဲသို့ ပရိဘောဂနှင့်အခြားပစ္စည်းများ တိုးများလာခဲ့သည့်အတွက် သမီးလေးဦးတို့၏မကျေမနပ်ဖြစ်မှုကို မိခင်ဖြစ်သူက ပြန်သတိရ၍ ရယ်မောပါသည်။ မည်သို့ဆိုစေ၊ မေတ္တာသည် “ကိုယ်ကျိုးကိုမရှာတတ်” ဟူသော ကျမ်းစာသြဝါဒကို ပြန်သတိရပြီး ပြုပြင်ပြောင်းလဲပေးရန် လိုအပ်ကြောင်းကို သက်ဆိုင်သူအားလုံး အသိအမှတ်ပြုကြသည့်အခါ ပြဿနာများကို အများအားဖြင့် ဖြေရှင်းပေးနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ကြရသည်။—၁ ကောရိန္သု ၁၃:၅။
လွတ်လပ်မှုဆုံးရှုံးသွားခြင်း
လင်ယောက်ျားဖြစ်သူသည် ယုံကြည်ခြင်းမတူလျှင် သူ၏မိဘများထံ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်သည့်အခါ ခရစ်ယာန်အမျိုးသမီးအတွက် ပြဿနာပေါ်ကောင်းပေါ်ပေမည်။ သူမ၏ခရစ်ယာန်တာဝန်များနှင့် အခြားဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပေးရာတွင် မျှတမှုမရှိနိုင်သလောက်ဖြစ်လာနိုင်သည်။ စီစူကိုက ဤသို့ပြောပါသည်။ “ငယ်မူပြန်နေတဲ့ ကျွန်မအမျိုးသားရဲ့အမေကို အိမ်မှာတစ်ယောက်တည်းထားရင် အန္တရာယ်ရှိတယ်လို့ သူထင်တဲ့အတွက် အိမ်မှာအမြဲရှိရမယ်လို့ ကျွန်မကိုမှာထားတယ်။ စည်းဝေးတက်ဖို့ ကြိုးစားတိုင်း သူစိတ်ဆိုးလာတယ်။ အစတော့ ကျွန်မရဲ့ဂျပန်လူမျိုးထုံးစံအရ အမေ့ကို တစ်ယောက်တည်းချန်မထားသင့်ဘူးလို့ထင်မိခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ အဆင်ပြေအောင် စီစဉ်ပေးနိုင်တာ တွေ့ မြင်လာတယ်။”
ဟီစာကိုလည်း ထပ်တူပြဿနာမျိုး ရင်ဆိုင်ခဲ့ရသည်။ “ကျွန်မအမျိုးသားရဲ့ဆွေမျိုးအိမ်ကို ရွှေ့ပြောင်းနေထိုင်တဲ့အခါ ဆွေမျိုးတွေအထင်မှားမှာစိုးလို့ သူက ကျွန်မကို ဘာသာပြောင်းခိုင်းတယ်။ ဘာသာရေးလုပ်ငန်းများကိုလည်း ရပ်ဆိုင်းခိုင်းတယ်။ အဲ့ဒီထက်ဆိုးသွားတာက တနင်္ဂနွေနေ့တိုင်း အနီးအနားမှာနေတဲ့ ဆွေမျိုးများ အိမ်လာလည်ကြတဲ့အတွက် စည်းဝေးတက်ဖို့ခဲယဉ်းသွားတယ်။ အဲ့ဒီအပြင် ကလေးတွေက စည်းဝေးတက်မယ့်အစား ဝမ်းကွဲတွေနဲ့ ကစားနေချင်ကြတယ်။ ကျွန်မတို့ဝိညာဉ်ရေး ကျဆင်းနေတာကို ကျွန်မရိပ်မိတယ်။ ဒါနဲ့ကျွန်မစိတ်ကို ခိုင်ခိုင်မာမာထားပြီး ကျွန်မဘာသာဟာ အဝတ်အစားလဲသလို လဲနိုင်တာမဟုတ်ဘဲ ကျွန်မအတွက်အရေးကြီးတဲ့အကြောင်း အမျိုးသားကို ရှင်းပြလိုက်တယ်။ အတန်ကြာတော့ မိသားစုထဲမှာ အားလုံးအဆင်ပြေသွားတယ်။”
အချို့သူများသည် အိမ်ဖော်တစ်ဦးအား တစ်ပတ်လျှင် တစ်ကြိမ်နှစ်ကြိမ်လာကူညီပေးစေခြင်းဖြင့် အားလပ်ချိန်ပိုရရန် စီစဉ်ပေးနိုင်ခဲ့သည်။ အခြားသူများမူ သားသမီးများ၊ အနီးတစ်ဝိုက်နေ ဆွေမျိုးများ၊ အသင်းတော်မှ မိတ်ဆွေများအကူအညီဖြင့်ပင် ဝေယျာဝစ္စနှင့် ခရစ်ယာန်လုပ်ငန်းကိုဆောင်ရွက်ရန် အချိန်ရရှိနိုင်ကြသည်။ လင်ယောက်ျားများလည်း ညအခါနှင့် စနေ၊ တနင်္ဂနွေရက်များတွင် အိမ်၌ရှိသည့်အခါ အကူအညီပေးခဲ့ကြပြီ။—ဒေသနာ ၄:၉။
သူတို့အား လှုပ်လှုပ်ရှားရှားနေစေခြင်း
သက်ကြီးရွယ်အိုအား လှုပ်လှုပ်ရှားရှားနေစေခြင်းသည်လည်း စိန်ခေါ်ချက်အခြားတစ်မျိုးဖြစ်သည်။ သက်ကြီးရွယ်အိုအချို့သည် ချက်ပြုတ်ရေးနှင့် အိမ်တွင်းရေး၌ ပါဝင်လုပ်ကိုင်လိုစိတ်ရှိကြသည်။ ကလေးများကိုကြည့်ရှုပေးရန် အကူအညီတောင်းခံရလျှင် မိမိတို့အသုံးဝင်သေးပါသလားဟု ခံစားကြရသည်။ ဟင်းသီးဟင်းရွက်ပင်များ၊ ပန်းပင်များ စိုက်ပျိုးခြင်း၊ သို့မဟုတ် ဝါသနာပါသည့်အလုပ်တစ်ခုခုကို လုပ်ကိုင်ခြင်းမှ သူတို့စိတ်ကျေနပ်မှုခံစားရသည်။
သို့ရာတွင် အခြားသူများမူ အိပ်စားအိပ်စားနေတတ်ပြီး သူ၏ဝေယျာဝစ္စများကို ပြုပေးစေလိုသည်။ သို့သော် သူတို့၏ကျန်းမာရေး၊ အသက်တာရှည်၍ နိုးကြားဖျတ်လတ်ရေးအတွက် အတတ်နိုင်ဆုံးလှုပ်လှုပ်ရှားရှားနေစေခြင်းသည် အရေးကြီးပုံရှိသည်။ ဟီဒီကို၏မိခင်သည် ဘီးတပ်ကုလားထိုင်ဖြင့်သွားလာရသော်လည်း သူ့အားစည်းဝေးများသို့ခေါ်သွားပေးခြင်းသည် အမေလိုအပ်နေသည့် စေ့ဆော်မှုပင်ဖြစ်ကြောင်း တွေ့ရှိပါသည်။ လှိုက်လှဲစွာကြိုဆိုခံရခြင်း၊ စကားစမြည်ပြောဆိုခံရခြင်းက နောက်ဆုံးတွင် အခြားအသက်ကြီးသောအမျိုးသမီးတစ်ဦးနှင့် ကျမ်းစာလေ့လာခြင်းကို သဘောတူလက်ခံရန် စေ့ဆော်ပေးခဲ့သည်။ အဲလ်ဇိုင်မာရောဂါသည်မိခင်ရှိ မောင်နှံစုံတစ်စုံသည် သူမအား ခရစ်ယာန်စည်းဝေးများသို့ ခေါ်သွားလေ့ရှိသည်။ “အများအားဖြင့်ဆိုလျှင် အမေက ဘာမျှမလုပ်ချင်ဘူး။ ဒါပေမယ့် စည်းဝေးတက်ရတာ ပျော်ပုံရတယ်။ အားလုံးက သူ့ကိုလှိုက်လှိုက်လှဲလှဲနှုတ်ဆက်တဲ့အတွက် စည်းဝေးလိုက်ချင်စိတ်များတယ်။ သူ့အတွက်လည်း အကျိုးရှိတယ်လို့ထင်တယ်။”
ဤဆောင်းပါးအစတွင်ဖော်ပြထားသော ရှီနီစူသည် ခရီးလှည့်လည်ရသော ဓမ္မအမှုဆောင်အဖြစ် မိမိလှည့်ပတ်သည့်ဒေသ၏ဗဟိုကျသောနေရာတစ်နေရာတွင် ဇနီးသည်၏မိခင်နေထိုင်ရန် အခန်းတစ်ခန်းရှာပေးခြင်းအားဖြင့် အဆင်ပြေသွားပါသည်။ ပတ်စဉ်အသင်းတော်အသီးသီးထံ လှည့်ပတ်မနေသည့်အချိန်တွင် မိခင်နှင့်အတူ သွားနေထိုင်ပေးကြသည်။ သူ၏ဇနီးဖြစ်သူ ကျိုကို ဤသို့ဆိုသည်။ “ကျွန်မတို့လုပ်ငန်းမှာ အမေလည်း အရေးပါတယ်လို့ သူခံစားရပြီး ပျော်ပုံရှိတယ်။ သူ မရှိရင်မဖြစ်ဘူးလို့ ခံစားရပုံရှိတယ်။ ကျွန်မအမျိုးသားကြိုက်တဲ့ ဟင်းလျာတစ်မျိုးမျိုးကို သူ့ကိုချက်ခိုင်းတဲ့အခါ သူအရမ်းဝမ်းသာတယ်။”
ငယ်မူပြန်သူကို ဂရုပြုကြည့်ရှုပေးရခြင်း
မိဘများအသက်ကြီးလာလေ ငယ်မူပြန်ပုံအမျိုးမျိုး တဖြည်းဖြည်းပေါ်ပေါက်လာသည့်အတွက် သူတို့အား ပို၍ပို၍ဂရုစိုက်ပေးရသည်။ နေ့ရက်များ၊ အချိန်နာရီ၊ ရာသီဥတုနှင့် ကတိပေးချက်များကို မေ့လျော့တတ်ကြသည်။ ဆံပင်မညှပ်၊ အဝတ်မလျှော်ဘဲ နေပေမည်။ အဝတ်အစား မလဲတတ်၊ ရေမချိုးတတ်တော့သည်အထိ ဖြစ်သွားနိုင်သည်။ များစွာသောသူတို့သည် စိတ်ရှုပ်ထွေးပြီး မျက်စိလည်တတ်ကြသည်။ အခြားသူများမှာမူ ညဘက်တွင် အိပ်မရနိုင်ပါ။ စကားတစ်ခွန်းကို ထပ်တလဲလဲပြန်ပြောတတ်၍ ယင်းကိုသတိပေးသည့်အခါ စိတ်ဆိုးတတ်ပါသည်။ သူတို့စိတ်က သူတို့အားအထင်အမြင်မှားစေသည့်အတွက် ပစ္စည်းခိုးခံရသည်၊ သို့မဟုတ် ဓားပြများ အိမ်ဖောက်ထွင်းရန် ကြိုးစားနေသည်ဟူ၍ ထင်တတ်ကြသည်။ သမီးလေးဦးရှိ မိသားစုတစ်ခုဆိုလျှင် အကျင့်ပျက်သည်ဟူ၍ အကြောင်းမဲ့စွပ်စွဲခံရခြင်းကို သည်းခံကြရသည်။ “ခံရခက်ပေမယ့် အပြောခံလိုက်ပြီး စကားလွှဲဖယ်ပစ်ဖို့ ကြိုးစားရတယ်။ အဖွားနဲ့အငြင်းအခုံလုပ်နေရင် မလွယ်ဘူး။”—သု၊ ၁၇:၂၇။
ဖြည့်စွက်ပေးရန် စိတ်ဓာတ်ရေးဆိုင်ရာလိုအပ်ရာများ
အသက်ကြီးရင့်လာသည့်အခါ သက်ကြီးရွယ်အိုများ ဒုက္ခအမျိုးမျိုးခံရရှာသည်။ ခံရခက်သောအဖျားအနာများ၊ သွားလာလှုပ်ရှားမှု လျော့နည်းခြင်း၊ စိတ်ဆင်းရဲမှုများကို သူတို့ခံရကြသည်။ သူတို့ဘဝမှာ ရည်ရွယ်ချက်ပန်းတိုင်မရှိဟူ၍ ထင်မှတ်တတ်ကြသည်။ ဝန်လေးရုံသာဖြစ်သည်ဟုခံစားရလျက် သေချင်သည်ဟု ဆိုတတ်ကြသည်။ သူတို့အားချစ်မြတ်နိုးသည်၊ တန်ဖိုးထားလေးစားသည်၊ မိသားစုအဝင်အဖြစ် ယူမှတ်သည်ကို သဘောပေါက်နားလည်စေပါ။ (ဝတ်ပြုရာ ၁၉:၃၂) ဟီစာကိုက “ကျွန်မတို့စကားစမြည်ပြောဆိုတဲ့ဝိုင်းထဲမှာ ယောက္ခမပါ ရှိနေမယ်ဆိုရင် သူ့ကိုပါ ရောပါဝင်ခိုင်းတယ်။ ဖြစ်နိုင်ရင် သူ့အကြောင်းပြောကြတယ်။” အခြားမိသားစုတစ်စုသည် အဖိုးကိုတန်ဖိုးထားကြောင်း သိရှိနားလည်စေရန် နေ့စဉ်ကျမ်းချက်ဆွေးနွေးခြင်းအစီအစဉ်ကို သူ့အားဦးစီးစေသည်။
သက်ကြီးရွယ်အိုနှင့်ပတ်သက်၍ အမြင်မှန်ထားရန် အမြဲကြိုးစားရပါမည်။ အိပ်ရာမှမထနိုင်သောလူနာများအား မလိုတမာပြောဆိုမည်၊ သို့မဟုတ် မလေးမစားဆက်ဆံမည်ဆိုလျှင် သူတို့မကြိုက်ကြပါ။ “အမေ့ကို စိတ်မပါဘဲပြုစုမိတဲ့အခါမျိုး၊ ခွဲခြား ဆက်ဆံခံရခြင်းကို အမေ ချက်ချင်းသိမြင်တယ်” ဟုယောက္ခမအကြောင်း ကီမီကို ပြောပြပါသည်။ ဟီဒီကိုလည်း သူ့သဘောထားကို ကြိုးစားပြုပြင်ရသည်။ “ကျွန်မယောက္ခမကို ပြုစုပေးရခါစမှာ စိတ်အနှောင့်အယှက်ဖြစ်မိတယ်။ ရှေ့ဆောင် [ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်သူ] လုပ်ငန်းကိုရပ်လိုက်ရပြီး အမှုဆောင်မထွက်ရတော့တာကို ကျွန်မမခံချင်ဘူး။ ဒါပေမယ့် ကျွန်မစိတ်ထားကို ပြောင်းလဲပေးဖို့လိုတယ်ဆိုတာကို သဘောပေါက်လာတယ်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းဟာ အရေးကြီးတာမှန်ပေမယ့် ဒီလိုပြုစုပေးခြင်းဟာလည်း ဘုရားသခင့်အမိန့်ကိုနာခံတဲ့ အရေးကြီးကိစ္စတစ်ခုဖြစ်ပါတယ်။ (၁ တိမောသေ ၅:၈) ကျွန်မမှာ ရွှင်လန်းမှုမပျောက်သွားရအောင် မေတ္တာနဲ့ ကိုယ်ချင်းစာနာမှုကို မွေးမြူပေးဖို့လိုနေတာ မြင်လာတယ်။ တာဝန်အရသာ စက်တစ်လုံးလို ကျွန်မလုပ်ကိုင်မိတဲ့အခါ ကျွန်မသြတ္တပ္ပစိတ်က အနှောင့်အယှက်ပေးလာတယ်။ ကျွန်မကိုယ်တိုင် မတော်တဆမှုဖြစ်ပြီး နာကျင်မှုခံစားရတဲ့အခါ ယောက္ခမကိုသတိရမိတယ်။ သူ့ခမျာလည်း နာကျင်မှုဝေဒနာခံနေရပါလားဆိုတာ နားလည်လာတယ်။ အဲ့ဒီနောက်ပိုင်း ကိုယ်ချင်းစာနာမှုနဲ့ ချစ်ခင်ကြင်နာမှုကိုပြပေးဖို့ ကျွန်မအတွက် လွယ်ကူလာတယ်။”
ပြုစုပေးသူများလည်း ပြုစုမှုလို
သက်ကြီးရွယ်အိုကို ပြုစုပေးသည့်တာဝန်ယူထားသူအား ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုပေးရန် လိုအပ်သည်ကို လျစ်လျူရှုမထားနိုင်ပါ။ (သု၊ ၃၁:၂၈ နှိုင်းယှဉ်။) အမျိုးသမီးအများသည် ကျေးဇူးတင်စကား ကြားရသည်ဖြစ်စေ၊ မကြားရသည်ဖြစ်စေ တာဝန်ယူထမ်းဆောင်ပေးနေကြပါသည်။ သူတို့လုပ်ကိုင်ရလေသမျှကို ထည့်စဉ်းစားကြည့်လျှင် ဤသို့ကျေးဇူးတင်စကားများပြောဆိုခြင်းသည် အမှန်လျောက်ပတ်ပေသည်။ သန့်ရှင်းဆေးကြော၊ လျှော်ဖွပ်၊ ချက်ပြုတ်ခြင်းကို ပိုမိုလုပ်ကိုင်ရကြပေမည်။ ထို့ ပြင် ဆေးရုံ၊ သို့မဟုတ် ဆရာဝန်ထံ သွားလာရသည့်အချိန်ပေါင်း၊ သက်ကြီးရွယ်အိုလူနာကို ကျွေးမွေး၊ ဆေးကြောပေးရခြင်းကိုပါ ထည့်တွက်ပါ။ ယောက္ခမကို ကြာမြင့်စွာကြည့်ရှုပြုစုခဲ့ရသောအမျိုးသမီးတစ်ဦး ဤသို့ဆိုသည်။ “ကျွန်မခင်ပွန်းဟာ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမပြောတတ်တာအမှန်ပဲ။ ဒါပေမယ့် ကျွန်မလုပ်ကိုင်လေသမျှကို သူတန်ဖိုးထားမှန်း အခြားနည်းအမျိုးမျိုးနဲ့တော့ ပြပါတယ်။” ကျေးဇူးတင်စကား ရိုးရိုးလေးပြောလိုက်ရုံဖြင့် ပြုလေသမျှ အကျိုးနပ်စေပါသည်။—သု၊ ၂၅:၁၁။
ဆုကျေးဇူးများလည်းရှိ
အသက်ကြီးရင့်သောမိဘများကို နှစ်ချီပြုစုကြည့်ရှုခဲ့သောမိသားစုအများက ယင်းသို့ ပြုလုပ်ခဲ့ခြင်းအားဖြင့် အဓိကခရစ်ယာန်အရည်အချင်းများကို မွေးမြူပေးရန် အကူအညီရရှိခဲ့ကြောင်း ပြောကြသည်။ ယင်းတို့မှာ၊ ခံနိုင်ရည်၊ ကိုယ်ကျိုးစွန့်ခြင်း၊ အတ္တမပါသော မေတ္တာ၊ ဝီရိယ၊ နှိမ့်ချခြင်းနှင့် တယုတယပြုမူခြင်းတို့ ဖြစ်သည်။ မိသားစုများစွာတို့သည် စိတ်ဓာတ်ရေးအရ ပိုမိုရင်းနှီးလာကြပါသည်။ ထပ်မံရရှိသည့်အကျိုးတစ်ခုမှာ မိဘများနှင့် ပိုမိုစကားစမြည်ပြောဆိုခွင့်ရ၍ သူတို့အကြောင်းပိုသိရှိလာခြင်းဖြစ်သည်။ ဟီစာကိုက ယောက္ခမအကြောင်း ဤသို့ဆိုသည်။ “အမေ့နောက်ကြောင်းဟာ တကယ်စိတ်ဝင်စားစရာပဲ။ ဒုက္ခအမျိုးမျိုး ခံခဲ့ရရှာတယ်။ သူ့ကိုပိုသိနားလည်လာပြီး အရင်က သတိမထားမိတဲ့ သူ့အရည်အချင်းများကို တန်ဖိုးထားတတ်လာတယ်။”
“ကျမ်းစာ မလေ့လာမီ တစ်ချိန်ကဆိုရင် လင်မယားကွာရှင်းပစ်ပြီး အဲ့ဒီအခြေအနေကနေ ထွက်ပြေးချင်စိတ်ပေါက်ခဲ့တယ်” ဟု လင်ယောက်ျား၏မိဘများနှင့် အိပ်ရာမှမထနိုင်သော သူ၏အဖွားကိုပါ ကြည့်ရှုပြုစုပေးခဲ့ရသည့် ကီမီကို ရှင်းပြပါသည်။ “အဲ့ဒီနောက် ‘မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ သူတို့ကို ကြည့်ရှုပြုစု’ သင့်ကြောင်း ဖတ်ရှုလိုက်ရတယ်။ (ယာကုပ် ၁:၂၇) ကျွန်မအတတ်နိုင်ဆုံးလုပ်ပေးခဲ့တဲ့အတွက် ကျွန်မဝမ်းသာနိုင်တယ်။ အခုဆိုရင် ကျွန်မမိသားစုက ကျွန်မယုံကြည်ချက်များနဲ့ပတ်သက်ပြီး အပြစ်တင်စရာအကြောင်း ဘာမှမရှိဘူး။ ကျွန်မသြတ္တပ္ပစိတ်ကြည်လင်တယ်။” အခြားညီအစ်ကိုတစ်ဦးက ဤသို့ဆိုသည်။ “အာဒံ့အပြစ်ရဲ့ဆိုးကျိုးများကို ကိုယ်တိုင်တွေ့ မြင်ခဲ့တယ်။ အခုဆိုရင် ရွေးဖိုးကို ဘယ်လောက်တောင်လိုအပ်တယ်ဆိုတာ ကောင်းကောင်းသဘောပေါက်တယ်။”
သင့်မိသားစုမှ တစ်ဦးတစ်ယောက်ကို သင့်အိမ်သို့ ခေါ်နေရတော့မည်လော။ သို့မဟုတ် သင့်အသက်ကြီးရင့်သော မိဘများအိမ်သို့ ပြောင်းရွှေ့နေထိုင်ရတော့မည်လော။ အနည်းငယ် နှလုံးတုန်စိုးရိမ်နေပါသလော။ ဖြစ်တတ်ပါသည်။ စိန်ခေါ်ချက်များနှင့် ပြုပြင်စရာများလိုအပ်ပေမည်။ သို့သော် ယင်းအတွေ့အကြုံကြောင့် အကျိုးကျေးဇူးများစွာခံစားရသည်ကို တွေ့ရှိရပါလိမ့်မည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အသက်ကြီးရင့်သူများကို မေတ္တာပြ၍ လေးစားသင့်သည်