ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ရိုးသားဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့ဓမ္မအမှုကို ထောက်ခံ
ရိုးသားဖြောင့်မတ်ခြင်းသည် ခရစ်ယာန်များဖြည့်စွက်ရမည့် လိုအပ်ချက်တစ်ခုဖြစ်သည်။ ဟေဗြဲ ၁၃:၁၈ (ကဘ) တွင်တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်။ “အရာရာကို ရိုးဖြောင့်စွာ ငါတို့ကျင့်ကြံပြုမူလိုသည့်အတွက် ရိုးဖြောင့်သောသြတ္တပ္ပစိတ်ရှိသည်ဟု ငါတို့စိတ်ချပါ၏။” ရိုးသားဖြောင့်မတ်စွာကျင့်ကြံခြင်းအားဖြင့် ‘ငါတို့အား ကယ်တင်တော်မူသောအရှင်ဘုရားသခင်၏သြဝါဒကို အရာရာ၌ တန်ဆာဆင်’ ပါသည်။ (တိတု ၂:၉) တောင်ပစိဖိတ်ရှိ တွန်ဂါနိုင်ငံနေ ခရစ်ယာန်နှစ်ဦး၏ ရိုးသားဖြောင့်မတ်ခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းက တန်ခိုးထက်မြက်သော သက်သေခံချက်ဖြစ်ခဲ့ပေပြီ။ အနောက်ဆာမိုနိုင်ငံရှိ ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးက ဤသို့အကြောင်းကြားပါသည်။
“သက်သေခံမောင်နှံစုံတစ်စုံသည် သူတို့ကျွန်းပေါ်ရှိ ရွာကလေးလေးရွာတွင် ဘုရားသခင့်နိုင်ငံတော်အကြောင်း နှစ်ပေါင်းများစွာ ဟောပြောခဲ့သော်လည်း အကျိုးဖြစ်ထွန်းပုံမရှိချေ။ တစ်နေ့သောအခါ ယောက်ျားဖြစ်သူ မကျန်းမမာဖြစ်နေချိန်တွင် သူတို့၏ဝမ်းစာရေးလုပ်ငန်းဖြစ်သည့် အုန်းခြံ၌ အုန်းဆံထုတ်၍အခြောက်လှမ်းခြင်းကို ဇနီးလုပ်သူ ပြုစုလုပ်ကိုင်ခဲ့ရသည်။ အုန်းဆံ ဝယ်ယူသူများလာစစ်ဆေးချိန်တိုင်လေသော် အခြားသူ၏အိတ်တစ်အိတ်သည် သူမ၏အိတ်ငါးအိတ်နှင့် ရောနှောနေသည်။ အိတ်အပိုကို ဘုရားသခင်ထံမှကောင်းချီးအဖြစ်ယူမှတ်ပြီး လက်ခံယူထားရန် ရွာသားများက သူမအားတိုက်တွန်းခဲ့သည်။ ညီအစ်မဖြစ်သူအား ခြောက်အိတ်ဖိုးပေးသော်လည်း မိမိရသင့်ရထိုက်သောငွေကိုသာ လက်ခံယူမည်ဟု ငြင်းဆိုခဲ့သည်။ သူမ၏ ရိုးသားဖြောင့်မတ်မှုကို သတိပြုသူများရှိပါသည်။
“နောင်တစ်ကြိမ် သူမ၏လင်ယောက်ျားသည် အခြားကျွန်းတစ်ကျွန်းသို့ ခရီးသွားစရာအကြောင်းပေါ်သောအခါ ဈေးဆိုင်ရှင်က သူ့အတွက် ပစ္စည်းအချို့ ဝယ်ယူခဲ့ရန် မှာကြားလေသည်။ သက်သေခံလည်း မှာသည့်အတိုင်းဝယ်ပေးခဲ့ပြီး ကျန်ငွေကိုပါ ပြန်အပ်လေသည်။ ဆိုင်ရှင်သည် အံ့သြသွားသည်။ ငွေကျန်ကို ပြန်ပေးအပ်ခံရသည်မှာ ပထမအကြိမ်ဖြစ်ကြောင်း သူပြောပါသည်။ ယခင်က ပစ္စည်းများဝယ်လာပေးသူတိုင်းသည် ငွေကျန်ကို တစ်ခါမျှပြန်မအပ်ပါ။ နောင်တစ်ကြိမ်တွင် သက်သေခံဖြစ်သူသည် ဤဆိုင်မှ ပစ္စည်းတစ်ခုဝယ်လိုသောအခါ ဆိုင်သော့ကို သူ့အားပေးပြီး လိုရာကိုယူသွား၍ ထိုပစ္စည်း၏တန်ဖိုးကို ထားရစ်ခဲ့ရန် ဆိုင်ရှင်မှာကြားလေသည်။ ထိုဆိုင်တွင်ရှိနေသော အခြားသူတို့က မိမိတို့အား ဆိုင်သော့မပေးဖူးသော်လည်း သက်သေခံကိုမူကား အဘယ်ကြောင့် ပေးအပ်ကြောင်း မေးမြန်း၏။ ဆိုင်ရှင်ကလည်း တစ်ရွာလုံးမှာ သက်သေခံတစ်ဦးတည်းကိုသာ မိမိယုံကြည်စိတ်ချနိုင်သည်ဟု ရှင်းပြပါသည်။
“ဤမောင်နှံစုံ၏ အပြုအမူကောင်းကို တစ်ရွာလုံး ဆွေးနွေးပြောဆိုကြလေသည်။ သက်သေခံများသည် သူတို့၏ရိုးသားဖြောင့်မတ်ခြင်း၊ နိုင်ငံရေးတွင် ကြားနေခြင်း၊ ဘုရားသခင့်နိုင်ငံတော်သတင်းကို သက်သေခံခြင်းအတွက် နာမည်ကျော်ကြားနေပါသည်။ သူတို့၏ဟောပြောခြင်းအားဖြင့် ရွာသားများ၏ယုံကြည်ချက်တို့သည် ကျမ်းစာသွန်သင်ချက်များနှင့်ကွာခြားကြောင်း ထင်ရှားနေပါပြီ။ ယခု ကျမ်းစာနှင့်ပတ်သက်သောမေးခွန်းများပေါ်လာတိုင်း သက်သေခံများထံသွား၍ အဖြေရှာဖွေနေကြပါသည်။ ရွာသားများ၏အစည်းအဝေး၌ ကျမ်းစာဆိုင်ရာမေးခွန်းကို ဖြေရှင်းပေးခြင်းငှာ ထိုလင်ယောက်ျားဖြစ်သူသည် ညအချိန် အိပ်ရာထဲမှပင် ထ၍သွားဖြေရှင်းပေးခဲ့ဖူးပြီ။ ရွာထဲတွင် အသုဘရှိသည့်အခါ သေခြင်းနှင့်ပတ်သက်၍ ကျမ်းစာမည်သို့ဆိုကြောင်း မကြာခဏမေးမြန်းခံရပါသည်။ သူပြောဆိုတင်ပြသမျှကိုလည်း လက်ခံနာယူနေကြပါသည်။”
ထိုကြောင့် ဤသက်သေခံမောင်နှံစုံ၏ ရိုးသားဖြောင့်မတ်ခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းသည် ဤသာယာသောတောင်ပစိဖိတ်ကျွန်းပေါ်တွင် အကျိုးဖြစ်ထွန်းနေပါသည်။ ကျမ်းစာလေ့လာမည့်သူများပေါ်ထွက်လာပြီး သမ္မာတရားဘက် ရပ်တည်ကြရန် သူတို့မျှော်လင့်နေပါသည်။ ထိုသို့ဖြစ်လာမည်ဆိုလျှင် သူတို့အား ယေဟောဝါဘုရားသခင် အမှန်ကောင်းချီးပေးပါလိမ့်မည်။—ယောဟန် ၈:၃၂။