သမ္မာကျမ်းစာတင်ကူးဟောကြားချက်များသည် မည်မျှယုံကြည်စိတ်ချနိုင်ဖွယ်ဖြစ်သနည်း
ယနေ့သမိုင်းစာအုပ်များ ဒုနှင့်ဒေးရှိသည်။ လွန်လေပြီးသောအချိန်က အဖြစ်အပျက်များကို ဤသို့မှတ်တမ်းတင်ထားခြင်းသည် များသောအားဖြင့် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ယင်းတို့ကို ဖတ်ရှုကြရာတွင် ရှေးခေတ်အခြေအနေများတွင် ကိုယ်ကိုယ်ကို ထည့်သွင်းတွေ့ရှိကြမည်။ ဆိတ်ညံသောစာမျက်နှာများမှ လူသူများ၊ နေရာဒေသများနှင့်အဖြစ်အပျက်များ ပုံပေါ်လာရာ စိတ်မြူးကြွရွှင်လန်းလာပါလိမ့်မည်။
သမ္မာကျမ်းစာသည် ဤသို့သော—စိတ်လှုပ်ရှားဖွယ် သမိုင်းဝင်အဖြစ်အပျက်ပြည့်နှက်သည့်—စာအုပ်တစ်အုပ်ဖြစ်သည်။ ယင်း၏စာမျက်နှာများမှတစ်ဆင့် အာဗြဟံနှင့် သူ၏ဇနီးစာရာ၊ ဒါဝိဒ်မင်းကြီး၊ မိဖုရားဧသတာ၊ ကြီးမြတ်သောဆရာ ယေရှုခရစ် အစရှိသော အမျိုးသားအမျိုးသမီးများကို သိကျွမ်းလာနိုင်ပါသည်။ တစ်နည်းအားဖြင့် သူတို့နှင့်အတူသွားလာနိုင်ပြီး၊ သူတို့စကားကို နားစွင့်နိုင်ရုံမက သူတို့မြင်ခဲ့ရာများကို ကိုယ်တိုင်တွေ့မြင်နိုင်ပါလိမ့်မည်။ သို့သော် သမ္မာကျမ်းစာသည် သမိုင်းစာစောင်မျှသာမဟုတ်ဟု ယူမှတ်သူ များစွာရှိပါသည်။ ယင်း၌ ကြိုတင်ရေးသားသည့်သမိုင်းဟု ခေါ်သောအကြောင်းများပါသည်ဟူ၍ ယုံကြည်ကြပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ သမ္မာကျမ်းစာတွင် ဖြစ်လတ္တံ့သောအရာများ၊ သို့မဟုတ် ပရောဖက်ပြုချက်များစွာ ပါရှိသောကြောင့်ဖြစ်ပါသည်။
မည်သို့ဆိုစေ သမ္မာကျမ်းစာ၏ တင်ကူးဟောကြားချက်များသည် မည်မျှယုံကြည်စိတ်ချနိုင်ဖွယ်ဖြစ်သနည်း။ လွန်လေပြီးသောအဖြစ်အပျက်တို့သည် သမ္မာကျမ်းစာပရောဖက်ပြုထားသည်အတိုင်း ပြည့်စုံလာခဲ့သည်မှန်လျှင် အနာဂတ်အဖြစ်အပျက်များဆိုင်ရာ ဤသို့သောဖော်ပြချက်များလည်း မှန်ကန်လိမ့်မည်ဟု ကျွန်ုပ်တို့မယူမှတ်သင့်ပေလော။ ဖြစ်လတ္တံ့အရာများဆိုင်ရာ သမ္မာကျမ်းစာ၏ဖော်ပြချက်များသည် ယုံကြည်စိတ်ချနိုင်ဖွယ် ဖြစ်မဖြစ် ဥပမာအချို့ကို ယခုသုံးသပ်ကြည့်ကြစို့။
ကမ္ဘာ့ဇာတ်ခုံပေါ် ပေါ်လာသော ဣသရေလနှင့်အာရှုရိနိုင်ငံများ
ဘီစီအီး ၇၇၈ ခန့်ကစတင်ပရောဖက်ပြုခဲ့သော ဘုရားသခင့်ပရောဖက်ဟေရှာယသည် ဤသို့ကြိုတင်ဟောခဲ့သည်။ “ဧဖရိမ်အမျိုး [ဣသရေလ] သေသောက်ကြူးတို့၏ မာနသရဖူသည် ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ကြွယ်ဝသောချိုင့်ဦးတွင် သူတို့၌ညှိုးနွမ်းတတ်သောဘုန်းအသရေ၏ပန်းပွင့်သည် နွေကာလမစေ့မီ အလျင်သီးသောအသီးကဲ့သို့ဖြစ်လိမ့်မည်။ ထိုအသီးကိုမြင်သောသူသည် မြင်လျက်၊ လက်နှင့်ကိုင်လျက်ပင် စားတတ်၏။” (ဟေရှာယ ၂၈:၃၊ ၄) ဤသို့ကြိုဟောသည့်အတိုင်းပင် ဘီစီအီး ရှစ်ရာစုထက်ဝက်တိုင်လေသော် ဣသရေလနိုင်ငံ၏ ရှမာရိမြို့တော်သည် အာရှုရိဗိုလ်ခြေ၏ဆွတ်ခူးဝါးမျိုခြင်းအတွက် အသင့်ရှိနေသော သဖန်းသီးနှင့်တူလေသည်။ ဘီစီအီး ၇၄၀ တွင်အာရှုရိလူမျိုးသည် ရှမာရိကို သိမ်းပိုက်သောအခါ ထိုသို့ပင်ဖြစ်ပျက်ခဲ့လေသည်။—၄ ဓမ္မရာဇဝင် ၁၇:၆၊ ၁၃၊ ၁၈။
အချိန်တန်လေသော် သမိုင်းဝင်ဖြစ်ရန် အာရှုရိအလှည့် ကျရောက်လေသည်။ ယင်း၏နိနေဝေမြို့တော်သည် သုံ့ပန်းများကို ရက်စက်လွန်းသဖြင့် “လူအသက်ကိုသတ်သောမြို့” ဟူ၍ပင် အမည်တွင်လေသည်။ (နာဟုံ ၃:၁) နိနေဝေမြို့ ပျက်စီးရလိမ့်မည်အကြောင်း ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင် ကြွေးကြော်ထားပါသည်။ ဥပမာ၊ ပရောဖက်နာဟုန်အားဖြင့် ဘုရားသခင် ဤသို့မိန့်တော်မူခဲ့သည်။ “သင့်တစ်ဘက်၌ငါနေ၏။ . . . သင်၌ . . . ညစ်ညူးစေပြီးမှ သူတစ်ပါးတို့ကြည့်စရာထားမည်။ သင့်ကိုမြင်သမျှသောသူတို့က ‘နိနေဝေမြို့ပျက်စီးပြီ’ . . . ဟုဆိုလျက် သင့်ထံမှပြေးကြလိမ့်မည်။” (နာဟုံ ၃:၅-၇) အာရှိုရိနိုင်ငံ၏ပျက်စီးခြင်းနှင့် နိနေဝေမြို့၏ဆိတ်သုဉ်းခြင်းအကြောင်းကို ဇေဖနိလည်းကြိုတင်ဟောပြောခဲ့သည်။ (ဇေဖနိ ၂:၁၃-၁၅) ဤပရောဖက်ပြုချက်များသည် ဘီစီအီး ၆၃၂ တွင်ပြည့်စုံခဲ့သည်။ ထိုအချိန်တွင် ဗာဗုလုန်ဘုရင် နဗုပိုလာဇာနှင့် မေဒိဘုရင် စိုင်အက်စရဇ်၏ဗိုလ်ခြေတို့သည် နိနေဝေမြို့ကို စုပေါင်းတိုက်ခိုက်ဖျက်ဆီးခဲ့သည်။—မြို့တော်တည်ရှိရာအရပ်ကို နှစ်ပေါင်း ၂,၀၀၀ ကျော်တိုင်တိုင် မသိရသည့်အထိ ဖျက်ဆီးပစ်ခဲ့ပါသည်။ ကမ္ဘာ့ဇာတ်ခုံပေါ် ဗာဗုလုန်အင်ပါယာ ဆက်တက်လာပါသည်။
ဗာဗုလုန်ပျက်စီးလိမ့်မည်ဟု ကြိုဟောထား
ဗာဗုလုန်အင်ပါယာသည် မှောက်လှန်ခံရပြီး ယင်း၏ဗာဗုလုန်မြို့တော်သည် မည်သို့ပြိုလဲမည့်အကြောင်း ကြိုတင်ဟောပြောထားသည်။ ရာစုနှစ်ခု နီးပါးကြိုတင်၍ ဥဖရတ်မြစ်ရေခမ်းခြောက်လိမ့်မည်အကြောင်း ပရောဖက်ဟေရှာယသတိပေးသည်။ ယင်းမြစ်ရေသည် ဗာဗုလုန်မြို့ထဲ စီးဆင်းသွား၍ မြစ်တစ်လျှောက်ရှိ တံခါးများသည် မြို့တို့၏ခံတပ်အတွက် အလွန်အရေးပါသည်။ ပရောဖက်ပြုချက်က ကုရုသည် အောင်ပွဲခံမည်ဖြစ်၍ ဗာဗုလုန်၏ “နှစ်ရွက်ရှိသောတံခါးတို့” သည်ချင်းနင်းဝင်ရောက်သူများရှေ့ ပိတ်လျက်နေမည်မဟုတ်ကြောင်း သတိပြုစေသည်။ (ဟေရှာယ ၄၄:၂၇–၄၅:၇) ထိုအတိုင်းပင် မဟာစိုင်ရပ်စ် (ကုရု) ဝင်တိုက်ခိုက်သည့်ညတွင် ပွဲခံနေကြစဉ် ဥဖရတ်မြစ်တစ်လျှောက် ဗာဗုလုန်၏ နှစ်ရွက်ရှိသောတံခါးတို့သည် ပွင့်နေရန် ဘုရားသခင်စီစဉ်တော်မူခဲ့သည်။ ထိုကြောင့် အခက်အခဲမရှိဘဲ မြစ်မြေပြင်မှ မြို့တွင်းထဲဝင်ကာ ဗာဗုလုန်ကိုသိမ်းပိုက်ခဲ့ကြလေသည်။
သမိုင်းဆရာ ဟဲရိုဒိုတပ်စ်က ဤသို့ရေးသားခဲ့သည်။ “စိုင်ရပ်စ်သည် . . . [ဗာဗုလုန်မြို့ထဲ] ဥဖရတ်စီးဆင်းသည့် အချက်ကျနေရာတွင် တပ်တစ်တပ်ကိုချ၍ မြစ်ရေစီးထွက်သည့်နေရာတွင် အခြားတစ်တပ်ကိုချကာ မြစ်ရေတိမ်သည်နှင့်အမျှ မြစ်မြေပြင်မှ နှစ်တပ်စလုံးဝင်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ . . . မြစ်ရေကိုလွှဲကာ အိုင် (ယခင်ကရွှံ့အိုင်) တစ်ခုသို့စီးဆင်းစေသဖြင့် ခြေဖြင့်ဖြတ်ကူးနိုင်သည့်တိုင် ရေကိုတိမ်အောင်ပြုခဲ့သည်။ ၎င်းနောက် ထိုသို့ပြုလုပ်ရန် ဗာဗုလုန်မြို့တွင် ချန်ထားနှင့်သော ပါရှန်တပ်သည် ပေါင်လယ်မျှရှိမြစ်ရေထဲဆင်း၍ ထိုလမ်းကြောင်းဖြင့် မြို့တွင်းသို့ဝင်ကြလေသည်။ . . . ထိုစဉ်အခါ၌ ပွဲခံနေကြ၍ မြို့တော်သည် ပြိုလဲနေသည်ကိုပင် သတင်းမှန်မသိမချင်း လူတို့ကခုန်ပျော်မြူးနေကြပါသည်။”—ဩဘရီ ဒစဲလန်ကော့ခ် ပြန်ဆိုထားသည့် Herodotus—The Histories.
ထိုညချင်းတွင်ပင် ဘုရားသခင့်ပရောဖက်ဒံယေလသည် ဘေးဆိုက်လုနီးကြောင်းကို ဗာဗုလုန်ဘုရင်အား သတိပေးခဲ့သည်။ (ဒံယေလ အခန်းကြီး ၅) ထိုသို့ဖြစ်ပြီးနောက် ရာစုနှစ်ပေါင်းအနည်းငယ်အတွင်း အာဏာမရှိလှသောဗာဗုလုန်မြို့ တည်ရှိခဲ့ပါသေးသည်။ ဥပမာ၊ ထိုအရပ်မှ တမန်တော်ပေတရုသည် စီအီးပထမရာစုတွင်ရေးသော သူ၏ ပထမမှုတ်သွင်းခံစာစောင်ကို ရေးသားခဲ့သည်။ (၁ ပေတရု ၅:၁၃) သို့သော် ဟေရှာယ၏ပရောဖက်ပြုချက်က ဤသို့ဆိုသည်။ “ဗာဗုလုန်မြို့သည် ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ ထိုမြို့၌ ကာလအစဉ် လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ။” ဘုရားသခင်က “ဗာဗုလုန်မြို့၏နာမနှင့်အကြွင်းအကျန်ကိုလည်းကောင်း၊ သားမြေးတို့ကိုလည်းကောင်း ပယ်ဖြတ်မည်” ဟူ၍လည်း မိန့်တော်မူခဲ့သည်။ (ဟေရှာယ ၁၃:၁၉-၂၂။ ၁၄:၂၂) ကြိုဟောထားသည့်အတိုင်းပင် ဗာဗုလုန်သည် နောက်ဆုံးပျက်ယွင်းပြိုလဲလေသည်။ ထိုရှေးဟောင်းမြို့တော်ကို ပြန်လည်တည်ဆောက်နိုင်မနိုင်နှင့်စပ်လျဉ်း၍ ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်မှုဖြစ်မည်ဖြစ်သော်လည်း ယင်း၏ “သားမြေး” တို့မူကား ကွယ်လွန်ဆုံးရှုံးလျက်သာရှိချေမည်။
ဒံယေလ—ဗာဗုလုန်ပြိုလဲစဉ်ကရှိခဲ့သော ယေဟောဝါ၏ပရောဖက်—သည် အောင်ပွဲခံ မေဒိနှင့်ပေရသိလူတို့နှင့်ပတ်သက်သော ရူပါရုံတစ်ခုရခဲ့သည်။ ချိုနှစ်ချောင်းရှိသောသိုးတစ်ကောင်နှင့် မျက်စိနှလုံးကြား၌ ချိုကြီးတစ်ချောင်းရှိသောဆိတ်တစ်ကောင်ကို သူမြင်ခဲ့သည်။ ဆိတ်သည် သိုးကိုခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ ထိုနောက် ဆိတ်၏ချိုကြီးသည်ကျိုးပဲ့၍ ထိုချိုအရာ၌ ချိုလေးချောင်းပေါက်လာလေသည်။ (ဒံယေလ ၈:၁-၈) သမ္မာကျမ်းစာကြိုဟောထားပြီး သမိုင်းကလည်း ထောက်ခံသည့်အတိုင်းပင် ချိုနှစ်ချောင်းရှိသိုးသည် မေဒိပေရသိနိုင်ငံကို ပုံဆောင်ပါသည်။ ဆိတ်ထီးသည် ဂရိနိုင်ငံကိုပုံဆောင်ပါသည်။ ယင်း၏ “ချိုကြီး” ကော။ ယင်းသည် မဟာအဲလက္ခဇန်ဒါကိုပုံဆောင်ကြောင်း ထင်ရှားလာသည်။ ထိုပုံဆောင်ရာချိုကြီးသည် ကျိုးပဲ့သွားသောအခါ ယင်းအစား ပုံဆောင်ရာချို (သို့မဟုတ် နိုင်ငံ) လေးခုပေါ်လာပါသည်။ ပရောဖက်ပြုချက်အတိုင်းပင် အဲလက္ခဇန်ဒါသေဆုံးပြီးနောက် သူ၏ဗိုလ်ချုပ်များမှလေးဦးသည် အာဏာသိမ်းပိုက်ခဲ့သည်။—အီဂျစ်နှင့်ပါလက်စတိုင်းနိုင်ငံတွင် တော်လမီလေဂပ်စ်၊ မက်စိုပိုတေးမီးယားနှင့်ဆီးရီးယားနိုင်ငံတွင် စီလူကပ်စ် နီကေတာ၊ မက်စီဒိုနီယာနှင့်ဂရိတွင် ကဲစ္စန္ဒာ၊ သရေစ္စနှင့်အာရှမိုင်းနားတွင် လိုင်စီမာကပ်စ်တို့ဖြစ်သည်။—ဒံယေလ ၈:၂၀-၂၂။
ထွန်းတောက်သောအနာဂတ်ဆိုင်ရာ တင်ကူးဟောကြားချက်များ
ဗာဗုလုန်ပျက်သုဉ်းခြင်းနှင့် မေဒိပေရသိမှောက်လှန်ခံရခြင်း အစရှိသောအဖြစ်အပျက်များနှင့်စပ်လျဉ်းသည့် သမ္မာကျမ်းစာတင်ကူးဟောကြားချက်များသည် ကျမ်းစာပရောဖက်ပြုချက်များအတိုင်း လွန်လေပြီးသောအချိန်က ပြည့်စုံခဲ့သည့် ပုံဥပမာအချို့မျှဖြစ်သည်။ ဘုရားသခင့်ဘိသိက်ခံမေရှိယအားဖြင့် ပြီးမြောက်ပြည့်စုံလာမည့် ထွန်းတောက်သောအနာဂတ်ဆိုင်ရာ တင်ကူးဟောကြားချက်များစွာလည်း သမ္မာကျမ်းစာတွင်ရှိပါသည်။
ဟေဗြဲကျမ်းစောင်များတွင်ပါသည့် မေရှိယနှင့်ပတ်သက်သော တင်ကူးဟောကြားချက်အချို့ကို ခရစ်ယာန်ဂရိကျမ်း၏ ကလောင်ရှင်များက ယေရှုခရစ်တော်ကိုရည်ညွှန်းကြောင်း တင်ပြခဲ့သည်။ ဥပမာ၊ ပရောဖက်မိက္ခာ ကြိုတင်ဟောသည့်အတိုင်း ယေရှုသည် ဗက်လင်မြို့တွင်မွေးဖွားခဲ့ကြောင်း ခရစ်ဝင်ကျမ်းရေးသားသူများက တင်ပြခဲ့ပါသည်။ (မိက္ခာ ၅:၂။ လုကာ ၂:၄-၁၁။ ယောဟန် ၇:၄၂) ယေရမိ၏ပရောဖက်ပြုချက်အတိုင်းပင် ယေရှုမွေးဖွားပြီးနောက် ကလေးငယ်များ အသတ်ခံခဲ့ရသည်။ (ယေရမိ ၃၁:၁၅။ မဿဲ ၂:၁၆-၁၈) မြည်းကလေးကိုစီးကာ ယေရုရှလင်မြို့ထဲ ခရစ်တော်ဝင်လာချိန်က ဇာခရိ၏စကား (၉:၉) ပြည့်စုံခဲ့သည်။ (ယောဟန် ၁၂:၁၂-၁၅) နှက်တိုင်တင် အသတ်ခံရပြီးနောက် ယေရှု၏အဝတ်အစားများကို စစ်သားများခွဲဝေယူခဲ့သောအခါ ဆာလံဆရာ၏စကားဖြစ်သည့် “အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏” ပြည့်စုံခဲ့သည်။—ဆာလံ ၂၂:၁၈။
မေရှိယနှင့်ပတ်သက်သော အခြားတင်ကူးဟောကြားချက်တို့သည် လူတို့အတွက် သာယာပျော်ရွှင်သောအချိန်ကို ညွှန်ပြသည်။ “အသက်ကြီးသောသူ” ယေဟောဝါထံတော်မှ “နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ” ခဲ့သော “လူသားနှင့်တူသောသူတစ်ဦး” ရူပါရုံ၌ဒံယေလမြင်ခဲ့သည်။ (ဒံယေလ ၇:၁၃၊ ၁၄) ထိုကောင်းကင်ဘုရင်ယေရှုခရစ်တော်၏ မေရှိယနိုင်ငံတော်နှင့်စပ်လျဉ်း၍ ဟေရှာယ ဤသို့ကြွေးကြော်ခဲ့သည်။ “နာမတော်ကား အံ့သြဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ် တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် အလိုတော်အားကြီး၍ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။”—ဟေရှာယ ၉:၆၊ ၇။
မေရှိယ၏ ဖြောင့်မတ်သောအုပ်ချုပ်ရေးမတိုင်မီ အလွန်အရေးကြီးသောအဖြစ်အပျက်တစ်ခု ဖြစ်ရဦးမည်။ ယင်းကိုလည်း သမ္မာကျမ်းစာ ကြိုဟောထားပါသည်။ မေရှိယဘုရင်အကြောင်း ဆာလံဆရာ ဤသို့သီဆိုခဲ့သည်။ “တန်ခိုးကြီးသောအရှင် ဘုန်းအသရေတော်ဖြစ်သော ကိုယ်တော်၏ထားကို ပေါင်တော်၌စည်းတော်မူပါ။ သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားကြောင့် အသရေတော်ထင်ရှားလျက် အောင်မြင်၍စီးသွားတော်မူပါ။” (ဆာလံ ၄၅:၃၊ ၄) ကျွန်ုပ်တို့ခေတ်ကိုရည်ညွှန်းကာ ကျမ်းစာက ဤသို့ကြိုဟောထားသေးသည်။ “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၄။
မေရှိယအုပ်ချုပ်မှုအောက်ရှိအခြေအနေများကို ဆာလံ ၇၂ ကကြိုမြင်စေပါသည်။ ဥပမာ၊ “လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့မရောက်မီတိုင်အောင် တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်” ဖြစ်သည်။ (အငယ် ၇) ထိုအခါ ဖိစီးမှု၊ သို့မဟုတ် အဓမ္မမှု လုံးဝရှိမည်မဟုတ်ပါ။ (အငယ် ၁၄) မည်သူမျှ ငတ်ပြတ်မည်မဟုတ်။ အကြောင်းမူကား၊ “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်” ဖြစ်သောကြောင့်တည်း။ (အငယ် ၁၆) စဉ်းစားကြည့်ပါလေ။ လက်ရှိအစီအစဉ်စနစ်အစား ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်တည်ထောင်သည့်အခါ ကမ္ဘာ့ပရဒိသုတွင် ဤကောင်းချီးများနှင့် အခြားအခြားကောင်းချီးများကို အသင်ခံစားရမည်ဖြစ်သည်။—လုကာ ၂၃:၄၃။ ၂ ပေတရု ၃:၁၁-၁၃။ ဗျာဒိတ် ၂၁:၁-၅။
ထိုကြောင့် သမ္မာကျမ်းစာ တင်ကူးဟောကြားချက်များကို သင်အမှန်စူးစမ်းသုံးသပ်သင့်သည်။ ယင်းကြောင့် သိသင့်သိအပ်သောအကြောင်းများကို သိလိုပါက ယေဟောဝါသက်သေများကို မေးမြန်းကြည့်ပါ။ သမ္မာကျမ်းစာပရောဖက်ပြုချက်များကို စစ်ဆေးကြည့်သည့်အခါ ကျွန်ုပ်တို့သည် ကာလရေစီးကြောင်း၌ အဘယ်အချိန်တွင်ရောက်ရှိနေကြောင်း သိရှိလာပါလိမ့်မည်။ ထို့ပြင် ယေဟောဝါဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုချစ်မြတ်နိုး၊ နာခံသူများ ထာဝရကောင်းကျိုးခံစားရရန် အံ့ချီးဖွယ်သောစီစဉ်ထားတော်မူချက်ကိုလည်း နက်ရှိုင်းစွာလေးမြတ်တန်ဖိုးထားတတ်လာပေလိမ့်မည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဒံယေလ၏ ဆိတ်ထီးနှင့်သိုးရူပါရုံအဓိပ္ပာယ်ကို သင်သိပါသလော
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ပရဒိသုကမ္ဘာပေါ် ပျော်ရွှင်သောအသက်တာနှင့်ပတ်သက်သော သမ္မာကျမ်းစာတင်ကူးဟောကြားချက်များ၏ပြည့်စုံချက်ကို သင်ခံစားရရန် ထိုတွင်ရှိပါမည်လော