ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၅/၁၅ စာ. ၁၇-၂၂
  • ဘုရားသခင့်သိုးတော်စုကို စေတနာစိတ်နှင့် သိုးထိန်းလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်သိုးတော်စုကို စေတနာစိတ်နှင့် သိုးထိန်းလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိမိအိမ်ကိုအုပ်စိုးခြင်း
  • “လုံ့လဝီရိယနှင့်” အုပ်ထိန်း
  • စေတနာစိတ်ရှိသောသိုးထိန်းများ
  • နူးညံ့သိမ်မွေ့ခြင်းရှိဖို့လို
  • သတိနှင့်သိုးထိန်းခြင်း
  • ‘သင်တို့စောင့်ရှောက်နေသော ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သိုးထိန်းတို့၊ အကြီးမြတ်ဆုံးသိုးထိန်းတွေကို တုပကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ခရစ်ယာန်သိုးထိန်းများက သင့်အတွက် အကျိုးဆောင်ပေးကြပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “ဘုရားသခင်၏သိုးတော်စုကို ထိန်းကျောင်းလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၅/၁၅ စာ. ၁၇-၂၂

ဘုရားသခင့်သိုးတော်စုကို စေတနာစိတ်နှင့် သိုးထိန်းလော့

“သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ် . . . အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။”—၁ ပေတရု ၅:၂။

၁ ခရစ်ယာန်အကြီးအကဲများသည် ‘ဘုရားသခင့်သိုးတော်စုကို စေတနာစိတ်နှင့် သိုးထိန်း’ မည်ဟုအဘယ်ကြောင့် မျှော်လင့်နိုင်သနည်း။

ယေဟောဝါသည် လူမျိုးတော်ကို စေတနာစိတ်နှင့် သိုးထိန်းတော်မူသည်။ (ဆာလံ ၂၃:၁-၄) “ကောင်းသောသိုးထိန်း” ယေရှုခရစ်သည် သိုးကဲ့သို့သောသူများအတွက် မိမိ၏စုံလင်သောလူ့အသက်ကို စေတနာစိတ်နှင့် စွန့်လွှတ်တော်မူခဲ့သည်။ (ယောဟန် ၁၀:၁၁-၁၅) သို့ဖြစ်၍ တမန်တော်ပေတရုက ‘ဘုရားသခင့်သိုးတော်စုကို စေတနာစိတ်နှင့် သိုးထိန်း’ ရန် ခရစ်ယာန်အကြီးအကဲများကို ဩဝါဒပေးခဲ့သည်။—၁ ပေတရု ၅:၂။

၂။ ခရစ်ယာန်အကြီးအကဲများ၏ သိုးထိန်းခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အဘယ်မေးခွန်းများကို သုံးသပ်သင့်သနည်း။

၂ စေတနာစိတ်သည် ဘုရားသခင့်ကျေးကျွန်များ၏အမှတ်အသားတစ်ခုဖြစ်သည်။ (ဆာလံ ၁၁၀:၃) သို့သော် ခရစ်ယာန်အမျိုးသားတစ်ဦးသည် ကြီးကြပ်မှူး သို့မဟုတ် လက်ထောက်သိုးထိန်းအဖြစ် ခန့်အပ်ခံရဖို့ရန် စေတနာစိတ်ထက်မက လိုအပ်ပါသည်။ မည်သူများ ဤသို့သောသိုးထိန်းများဖြစ်နိုင်သနည်း။ သူတို့၏သိုးထိန်းခြင်းလုပ်ငန်းတွင် အဘယ်အရာများပါဝင်သနည်း။ ယင်းကို အကောင်းဆုံးနည်းဖြင့် မည်သို့ဆောင်ရွက်နိုင်သနည်း။

မိမိအိမ်ကိုအုပ်စိုးခြင်း

၃။ ခရစ်ယာန်အမျိုးသားတစ်ဦးသည် အသင်းတော်တွင် သိုးထိန်းတစ်ဦးဖြစ်ရန် အရည်အချင်းရှိမရှိ သူ၏အိမ်ထောင်စုကို သူကြည့်ရှုပြုစုပုံမှသိရှိနိုင်သည်ဟု အဘယ်ကြောင့်ဆိုရသနည်း။

၃ “ကြီးကြပ်မှူး” အရာသို့ခန့်အပ်ခြင်းမခံရမီ ကျမ်းစာနှင့်ညီညွတ်သောတောင်းဆိုချက်များ ထိုသူ၌ရှိရပါမည်။ (၁ တိမောသေ ၃:၁-၇။ တိတု ၁:၅-၉) တစ်ခုအနေနှင့် ကြီးကြပ်မှူးသည် “မိမိအိမ်ကို ကောင်းမွန်စွာအုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့် မိမိသားသမီးကို ဆုံးမနိုင်သောသူဖြစ်ရမည်” ဟုတမန်တော်ပေါလုပြောပါသည်။ ပေါလုက “မိမိအိမ်ကို မအုပ်စိုးတတ်လျှင် ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း” ဟုဆိုထားရာ ယင်းသို့ဖြစ်သင့်ပါသည်။ (၁ တိမောသေ ၃:၄၊ ၅) ကရေတေကျွန်းရှိအသင်းတော်များတွင် အသက်ကြီးသူများကိုခန့်အပ်သောအခါ တိတုသည် “အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ . . . သူ၏ သားသမီးတို့သည် ကာမဂုဏ်၌လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်၍ ယုံကြည်” သူများဖြစ်သောသူတို့၏ဖခင်များကို ရှာယူရန်ဖြစ်သည်။ (တိတု ၁:၆) မှန်ပါသည်။ ခရစ်ယာန်အမျိုးသားတစ်ဦးသည် ကြီးလေးသော အသင်းတော်သိုးထိန်းခြင်းတာဝန်ကိုခံယူနိုင်ရန် အရည်အချင်းရှိမရှိ ဆုံးဖြတ်ရာတွင် ထိုသူသည် မိမိအိမ်ထောင်ကို မည်သို့ကြည့်ရှုပြုစုကြောင်း ထည့်စဉ်းစားရမည်ဖြစ်သည်။

၄။ မှန်မှန်ကျမ်းစာလေ့လာ၊ ဆုတောင်းပေးခြင်းပြုလုပ်သည့်အပြင် ခရစ်ယာန်မိဘများသည် မိသားစုကို ချစ်မြတ်နိုးကြောင်း မည်သို့တင်ပြသနည်း။

၄ မိမိအိမ်ထောင်ကို ကောင်းစွာအုပ်ထိန်းသူများသည် မိသားစုနှင့်အတူ မှန်မှန်ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းထက်မက ပြုလုပ်ပါသည်။ သူတို့ချစ်မြတ်နိုးရသူများကို ကူညီပေးခြင်းငှာ အမြဲအသင့်ရှိနေကြပါသည်။ မိဘများဖြစ်လာသူတို့အတွက်ဆိုလျှင် ကလေးမွေးဖွားသည့်နေ့ရက်မှစ၍ ယင်းသို့စတင်ပြုလုပ်ရပါသည်။ ဘုရားရေးရာအစီအစဉ်အတိုင်း လိုက်လျှောက်လုပ်ကိုင်နိုင်လေ နေ့စဉ်ဘဝအသက်တာတွင် ခရစ်ယာန်လုပ်ငန်းအစီအစဉ်နှင့်အညီ ကလေးငယ်သည် စောစီးစွာ အံဝင်ဂွင်ကျနိုင်လေဖြစ်ကြောင်း ခရစ်ယာန်မိဘများ တွေ့ရှိကြပါသည်။ ဤအခြေအနေမျိုးတွင် ခရစ်ယာန်ဖခင်ဖြစ်သူ၏ ဦးစီးပုံက အကြီးအကဲအဖြစ် သူ၌အရည်အချင်းရှိမရှိ ထင်ရှားစေသည်။—ဧဖက် ၅:၁၅၊ ၁၆။ ဖိလိပ္ပိ ၃:၁၆။

၅။ ခရစ်ယာန်ဖခင်တစ်ဦးသည် “ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” မိမိသားသမီးများကို မည်သို့မွေးမြူနိုင်မည်နည်း။

၅ မိမိအိမ်ထောင်ကိုအုပ်ထိန်းရာတွင် တာဝန်သိတတ်သော ခရစ်ယာန်ဖခင်သည် ပေါလု၏ ဤသြဝါဒကို လိုက်နာပါသည်။ “ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့။” (ဧဖက် ၆:၄၊ ကဘ) ဇနီးနှင့်သားသမီးများပါအပါအဝင် မိသားစုနှင့်အတူ မှန်မှန်ကျမ်းစာလေ့လာခြင်းဖြင့် မေတ္တာပါသွန်သင်ချက်များပေးရန် အခွင့်ကောင်းများရရှိစေသည်။ ဤနည်းဖြင့် သားသမီးများသည် “ပဲ့ပြင်ဆုံးမခြင်း” သို့မဟုတ် ပြုပြင်ပေးသောသွန်သင်ချက်များကို ရရှိပါသည်။ ထိုအခါ “စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” ဖြစ်လာစေသည့်အခါ ကလေးတစ်ဦးစီအား ကိစ္စအဝဝကို ယေဟောဝါရှင် မည်သို့ကြည့်မြင်တော်မူကြောင်း သဘောပေါက်နားလည်လာစေသည်။ (တရားဟောရာ ၄:၉။ ၆:၆၊ ၇။ သု၊ ၃:၁၁။ ၂၂:၆) ဤဝိညာဏပေါင်းသင်းမှုပြုချိန်၏ သက်သောင့်သက်သာရှိအနေအထားမျိုးတွင် ကရုဏာရှိသောဖခင်သည် သားသမီးများပြောဆိုလေသမျှကို ဂရုစိုက်နားထောင်တတ်သည်။ သူတို့၏ပူပန်မှုများနှင့်စိတ်နေသဘောထားများကို အရှိကိုအရှိအတိုင်း သိရှိနိုင်ရန် ကြင်နာမှုပါသော ထိန်းကျောင်းမေးခွန်းများကို အသုံးပြုပါမည်။ သူတို့၏နုနယ်သောစိတ်ထဲရှိလေသမျှကို မိမိသိပြီးသားဖြစ်သည်ဟု ဖခင်ဖြစ်သူ ယူမှတ်လိမ့်မည်မဟုတ်ပါ။ “အကျိုးအကြောင်းကိုမစစ်မီ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏” ဟုသု၊ ၁၈:၁၃ ဆိုထားခြင်းသည် မှန်လှတကား။ ယနေ့ သားသမီးများကြုံတွေ့နေရသည့်အခြေအနေများသည် မိမိတို့ငယ်စဉ်ကနှင့်မတူကြောင်း မိဘများစွာ သဘောပေါက်နေကြပါသည်။ ထိုကြောင့် ပြဿနာတစ်ခုကို မည်သို့ဖြေရှင်းရမည်အကြောင်း မပြောမီ နောက်ခံအကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ဖခင်ဖြစ်သူအနေနှင့် သိရှိနားလည်ရန် ကြိုးစားပါလိမ့်မည်။—ယာကုပ် ၁:၁၉ နှိုင်းယှဉ်။

၆။ မိသားစုကိုကူညီပေးရာတွင် ခရစ်ယာန်ဖခင်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အဘယ်ကြောင့် သုံးသပ်သင့်သနည်း။

၆ မိမိသားသမီး၏ ပြဿနာများ၊ စိုးရိမ်ပူပန်မှုများနှင့် စိတ်နေသဘောထားများကို သိရှိရပြီးနောက်ကော။ ကောင်းစွာအုပ်ထိန်းသောဖခင်သည် “ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်” သောသမ္မာကျမ်းစာကို ဆင်ခြင်သုံးသပ်မည်ဖြစ်သည်။ သမ္မာကျမ်းစာ၏ မှုတ်သွင်းခံ လမ်းပြညွှန်ကြားချက်များကို မည်သို့ကျင့်သုံးနိုင်မည်အကြောင်း သားသမီးများကို သွန်သင်ပေးမည်ဖြစ်သည်။ ဤနည်းဖြင့် နုနယ်ငယ်ရွယ်သူများသည် “ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်” လာကြပါလိမ့်မည်။—၂ တိမောသေ ၃:၁၆၊ ၁၇။ ဆာလံ ၇၈:၁-၄။

၇။ ဆုတောင်းခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်ဖခင်များသည် အဘယ်ပုံသက်သေတင်ပြသင့်သနည်း။

၇ ဘုရားတရားကြည်ညိုသောလူငယ်များသည် လောကသားများဖြစ်သည့် သူတို့ကျောင်းနေဘက်များနှင့်ပတ်သက်ပြီး အခက်အခဲများ ကြုံတွေ့တတ်ကြသည်။ ထိုကြောင့် ခရစ်ယာန်ဖခင်များသည် သားသမီးများ၏စိုးရိမ်မှုများကို မည်သို့လျော့နည်းစေနိုင်မည်နည်း။ တစ်နည်းမှာ သူတို့နှင့်အတူတကွသော်လည်းကောင်း၊ သူတို့အတွက်သော်လည်းကောင်း မှန်မှန်ဆုတောင်းခြင်းအားဖြင့် ဖြစ်ပါသည်။ ဤလူငယ်များသည် စုံစမ်းသွေးဆောင်ခံရသည့် အခြေအနေမျိုးများကြုံတွေ့ရကြသည့်အခါ မိဘများပုံသက်သေအတိုင်း ဘုရားသခင်ကို မှီခိုအားထားလာကြပါလိမ့်မည်။ ၁၃ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးသည် ဘုရားသခင်ထံ ကိုယ့်ကိုယ်ကိုဆက်ကပ်အပ်နှံခြင်း၏အထိမ်းအမှတ်အဖြစ် နှစ်ခြင်းမခံယူမီ လူတွေ့ခေါ်မေးမြန်းခံရသည့်အခါ သူမ၏ ကျောင်းနေဘက်များ၏ ကဲ့ရဲ့ပြစ်တင်မှုကို ခံခဲ့ရကြောင်း ပြောပြပါသည်။ ကျမ်းစာအခြေခံသည့် အသွေး၏မြင့်မြတ်သန့်ရှင်းမှုကို အခြေတင်ပြောဆိုခဲ့သောအခါ အခြားမိန်းကလေးများသည် သူမအားရိုက်ပုတ်၊ တံတွေးထွေးခဲ့ကြပါသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ပြန်ခုခံခဲ့ပါသလော။ မခုခံပါ။ “တည်ငြိမ်မှုရှိနိုင်ပါစေလို့ ယေဟောဝါဆီမှာ ကျွန်မဆက်သာဆုတောင်းနေပါတယ်” ဟုသူမပြောပြသည်။ “အဆိုးကိုကြုံတွေ့တဲ့အခါ ကိုယ့်ကိုယ်ကိုချုပ်တည်းနေဖို့လိုတယ်လို့ ကျွန်မတို့ရဲ့မိသားစုသင်အံမှုမှာ ဖေဖေ၊ မေမေသင်ပေးခဲ့တာကိုလည်း ကျွန်မသတိရခဲ့တယ်။”—၂ တိမောသေ ၂:၂၄။

၈။ သားသမီးမရှိသော အကြီးအကဲတစ်ဦးသည် မိမိအိမ်ထောင်ကို မည်သို့ကောင်းစွာအုပ်ထိန်းနိုင်မည်နည်း။

၈ သားသမီးများမရှိသော အကြီးအကဲတစ်ဦးလည်း မိမိအိမ်ထောင်ရှိ သူများအတွက် ဝိညာဏနှင့်ရုပ်ပစ္စည်းဆိုင်ရာပြင်ဆင်မှုများကို လုံလောက်စွာ ပြုလုပ်စီမံပေးနိုင်ပါသည်။ ယင်း၌ မိမိ၏အိမ်ထောင်ဘက်နှင့် အိမ်တွင်းနေ ခရစ်ယာန်မှီခိုသူများ ပါဝင်ကောင်းပါဝင်မည်။ (၁ တိမောသေ ၅:၈) ဤနည်းဖြင့် ကောင်းစွာအုပ်ထိန်းပေးခြင်းသည် အသင်းတော်အကြီးအကဲအရာ၌ တာဝန်ခံယူသူအဖြစ် ခန့်အပ်ခံရသူ၌ရှိသင့်သောအရည်အချင်းဖြစ်ပါသည်။ သို့ဖြစ်လျှင် ခန့်အပ်ခံအသက်ကြီးသူများသည် အသင်းတော်တွင်းရရှိထားသည့် သူတို့၏အခွင့်အရေးများကို မည်သို့သဘောထားသင့်ပါသနည်း။

“လုံ့လဝီရိယနှင့်” အုပ်ထိန်း

၉။ လုပ်ငန်းတော်တာဝန်များကို ခရစ်ယာန်အကြီးအကဲများ မည်သို့သဘောထားသင့်သနည်း။

၉ ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ ပထမရာစုတွင် တမန်တော်ပေါလုသည် ခရစ်တော်၏ဦးစီးမှုအောက်ရှိ ခရစ်ယာန်အသင်းတော်၊ ဘုရားသခင့်အိမ်တော်၌ ဘဏ္ဍာစိုးအဖြစ် အမှုထမ်းခဲ့ပါသည်။ (ဧဖက် ၃:၂၊ ၇၊ ၄:၁၅) ပေါလုကလည်း ရောမမြို့ရှိယုံကြည်သူချင်းတို့အား ဤသို့နှိုးဆော်ခဲ့သည်။ “ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးအသီးအပြားပြားသောဆုများကိုခံရသည်ဖြစ်၍ ပရောဖက်အရာရှိလျှင် ယုံကြည်ခြင်း၏ပမာဏကိုရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။ ဓမ္မဆရာအရာရှိလျှင် ဓမ္မဆရာ၏အမှုကိုဆောင်ရွက်ကြကုန်အံ့။ ဆုံးမသြဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။ နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကိုဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝီရိယနှင့်အုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။”—ရောမ ၁၂:၆-၈။

၁၀။ ဘုရားသခင့်သိုးတော်စုကို ကြည့်ရှုရာတွင် အကြီးအကဲများအတွက် အဘယ်ပုံသက်သေကို ပေါလုတင်ပြခဲ့သနည်း။

၁၀ သက်သာလောနိတ်မြို့သားများကို ပေါလုဤသို့သတိပေးခဲ့သည်။ “မိမိနိုင်ငံတော်နှင့်ဘုန်းတော်ထဲသို့ သင်တို့ကိုခေါ်သွင်းတော်မူသောဘုရားသခင်နှင့်အထိုက်အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှာ အဘသည် မိမိသားတို့ကိုပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြသည်။” (၁ သက်သာလောနိတ် ၁:၁။ ၂:၁၁၊ ၁၂) ချစ်ခင်ကြင်နာစွာ နှိုးဆော်ခဲ့သည့်အတွက်လည်း ပေါလုသည် ဤသို့ရေးသားနိုင်ခဲ့သည်။ “သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ သင်တို့ကိုချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့ ငါတို့သည် သင်တို့ကိုနှမြောစုံမက်ခြင်းနှင့်တကွ ဘုရားသခင်၏ဧဝံဂေလိတရားကိုမျှမက ကိုယ်အသက်ကိုပင် ပေးချင်သောစေတနာစိတ်ရှိကြ၏။” (၁ သက်သာလောနိတ် ၂:၇၊ ၈) ပေါလု၏ဖခင်သဖွယ်ပုံသက်သေနှင့်အညီ သစ္စာရှိအသက်ကြီးသူများသည် အသင်းတော်သားအားလုံးအတွက် အလွန်စိုးရိမ်ပူပန်ကြပါသည်။

၁၁။ ခန့်အပ်ခံအကြီးအကဲများသည် စိတ်ထက်သန်မှုကို မည်သို့တင်ပြနိုင်သနည်း။

၁၁ ကျွန်ုပ်တို့၏သစ္စာရှိခရစ်ယာန်သိုးထိန်းများ၏ ချစ်ခင်ကြင်နာစွာကြီးကြပ်ပေးရာတွင် သနားကြင်နာခြင်းနှင့်စေတနာစိတ် ပါရှိရမည်။ သူတို့၏အပြုအမူသည် များစွာတာသွားပါသည်။ ဘုရားသခင့်သိုးတော်စုကို “အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ” သိုးထိန်းကြရန် အကြီးအကဲများကို ပေတရုသြဝါဒပေးခဲ့သည်။ (၁ ပေတရု ၅:၂) ယင်းနှင့်စပ်လျဉ်း၍ ပညာတတ် ဝီလျမ် ဘာကလေးက ဤသို့ရေးသား၍သတိပေးခဲ့သည်။ “ရာထူးကိုလက်ခံပြီး အမှုထမ်းရွက်ရာတွင် ဝန်လေး၍ပင်ပန်းသောတာဝန်၊ မလွှဲမရှောင်နိုင်၍ ပြုရသည့်တာဝန်အဖြစ် လက်ခံယူခြင်းမျိုးရှိသည်။ အမှုတစ်ခုကို ပြုလုပ်ပေးရန် တောင်းဆိုခံရသည့်အခါ စေတနာစိတ်မပါဘဲပြုလုပ်ခြင်းအားဖြင့် ထိုအပြုအမူသည် အကျိုးပျက်နိုင်စရာအကြောင်းရှိမည်။ . . . သို့သော် မထိုက်မတန်ဘဲပြုလုပ်ခွင့်ရရှိသည်ကို အသိအမှတ်ပြုကာ အတတ်နိုင်ဆုံးပြုလုပ်ဆောင်ရွက်ပေးရန် ခရစ်ယာန်တိုင်း၌ တုန်လှုပ်သောစေတနာစိတ်ရှိသင့်သည်ဟူ၍ ပေတရုအမှန်ဆိုပါသည်။”

စေတနာစိတ်ရှိသောသိုးထိန်းများ

၁၂။ ခရစ်ယာန်အကြီးအကဲများသည် စေတနာစိတ်ပါကြောင်း မည်သို့တင်ပြမည်နည်း။

၁၂ “ဘုရားသခင်၏သိုးတော်စုကိုထိန်းခြင်းအမှုမှာ . . . အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့” ဟူ၍လည်း ပေတရုတိုက်တွန်းပါသည်။ သိုးများကိုဂရုစိုက်သော ခရစ်ယာန်ကြီးကြပ်မှူးသည် မိမိစိတ်လိုကိုယ်လျောက် ကောင်းသောသိုးထိန်း ယေရှုခရစ်၏ညွှန်ကြားမှုအောက် ပြုလုပ်ပါသည်။ အလိုလိုစေတနာစိတ်နှင့်ထမ်းဆောင်ခြင်းသည် ခရစ်ယာန်သိုးထိန်းတစ်ဦး ‘ကျွန်ုပ်တို့၏ဝိညာဉ်စိုးလ်ကို အုပ်စိုးကြည့်ရှုတော်မူသောသိုးထိန်း’ ယေဟောဝါ၏အာဏာတော်ကို လက်အောက်ခံခြင်းဟူ၍လည်း အဓိပ္ပာယ်ရသည်။ (၁ ပေတရု ၂:၂၅) ခရစ်ယာန်လက်ထောက်သိုးထိန်းသည် သီအိုကရက်တစ်အစီအစဉ်ကို စေတနာစိတ်ပါစွာ လေးမြတ်တန်ဖိုးထားသည်။ အကြံဉာဏ်တောင်းသူတို့အား ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို ညွှန်ကြားသည့်အခါ ထိုသို့သူပြုလုပ်ပါသည်။ အတွေ့အကြုံများသောအကြီးအကဲသည် ကျမ်းစာအခြေခံသော ဩဝါဒစကားများကို စုဆောင်းထားနိုင်မည်မှန်သော်လည်း ပြဿနာတိုင်းအတွက် ကျမ်းစာဆိုင်ရာဖြေရှင်းနည်းကို သူအသာလေးပေးနိုင်မည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ မေးခွန်းတစ်ခု၏အဖြေကို သိထားဦးတော့ မေးမြန်းသူနှင့်အတူ Watch Tower Publications Index သို့မဟုတ် ထပ်တူမာတိကာများကို ရှာဖွေလေ့လာခြင်းသည် ပညာရှိပါသည်။ ဤသို့ပြုခြင်းအားဖြင့် နည်းနှစ်နည်းဖြင့် သွန်သင်ပေးနေပါသည်။ အကူအညီဖြစ်စေသောအချက်အလက်များကို မည်သို့ရှာဖွေယူနိုင်ပြီး ဘုရားသခင့်အဖွဲ့အစည်းထုတ်ဝေထားသည့်စာပေသို့ ညွှန်းခြင်းအားဖြင့် ယေဟောဝါကိုလေးစားသည့် နှိမ့်ချသောသဘောကိုလည်း တင်ပြရာရောက်ပါသည်။

၁၃။ ကောင်းသောအကြံဉာဏ်ပေးနိုင်ရန် အကြီးအကဲများ မည်သို့လုပ်ဆောင်နိုင်သနည်း။

၁၃ ပေါ်ပေါက်နေသော အဆိုပါပြဿနာနှင့်စပ်လျဉ်း၍ အသင်းမ၏စာပေတွင် ထုတ်ဝေမှုမရှိသေးလျှင် အကြီးအကဲသည် မည်သို့ပြုမည်နည်း။ ထိုးထွင်းဉာဏ်ရရှိရန် သူဆုတောင်းကာ ယင်းနှင့်စပ်လျဉ်းသည့် ကျမ်းစာမူများကို ရှာဖွေသုံးသပ်ပါလိမ့်မည်။ အကူအညီတောင်းခံသူသည် ယေရှု၏ပုံသက်သေကိုသုံးသပ်ဆင်ခြင်ရန် အကြံပြုခြင်းသည် အကျိုးရှိကြောင်း တွေ့ရှိပါလိမ့်မည်။ အကြီးအကဲမေးမြန်းနိုင်သည်ကား “ကြီးမြတ်သောဆရာ၊ ယေရှုသည် သင့်အခြေအနေမျိုးတွင်ရှိနေမည်ဆိုလျှင် ကိုယ်တော်မည်သို့ပြုမည်ထင်သနည်း” ဟုမေးမြန်းနိုင်ပါသည်။ (၁ ကောရိန္သု ၂:၁၆) ဤသို့သောဆင်ခြင်သုံးသပ်မှုဖြင့် အဖြေရလိုသူသည် ပညာရှိရှိ ဆုံးဖြတ်ချက်ချနိုင်ပေမည်။ သို့သော် ကိုယ်ပိုင်အကြံပြုချက်ကို ကျမ်းစာအကြံပြုချက်အဖြစ် အကြီးအကဲဖြစ်သူ တင်ပြပေးခြင်းသည် မည်မျှပညာမဲ့ပါမည်တကား။ ထိုသို့ပြုမည်အစား အကြီးအကဲများသည် ဖြေရှင်းရခက်ခဲသောပြဿနာများကို အချင်းချင်းဆွေးနွေးတိုင်ပင်နိုင်ကြပါသည်။ အရေးကြီးကိစ္စများကို အကြီးအကဲများအဖွဲ့၏အစည်းအဝေးတွင် ဆွေးနွေးနှီးနှောရန်အတွက် တင်ပြပြောဆိုလိုပေမည်။ (သု၊ ၁၁:၁၄) ရရှိသောဆုံးဖြတ်ချက်များက သူတို့အားလုံးကို သဘောတစ်ညီတစ်ညွတ်တည်း ရှိစေပါလိမ့်မည်။—၁ ကောရိန္သု ၁:၁၀။

နူးညံ့သိမ်မွေ့ခြင်းရှိဖို့လို

၁၄၊ ၁၅။ ‘သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိသော’ ခရစ်ယာန်တစ်ဦးကို တည်မြဲတည်စေပြန်ရာ၌ အကြီးအကဲများ မည်သို့ပြုရန်လိုသနည်း။

၁၄ သူတစ်ပါးကိုသွန်သင်သည့်အခါ၊ အထူးသဖြင့် ဆုံးမရာတွင် ခရစ်ယာန်အကြီးအကဲသည် နူးညံ့သိမ်မွေ့သောသဘောတင်ပြရန် လိုပါသည်။ ပေါလုဆုံးမသည်ကား ဤသို့။ “ညီအစ်ကိုတို့၊ လူသည် သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကိုခံရသော သင်တို့သည် . . . သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။” (ဂလာတိ ၆:၁) စိတ်ဝင်စားစရာကား၊ ဤတွင် “တည်မြဲတည်စေပြန်” ဟုအနက်ဖွင့်ဆိုထားသည့် ဂရိစကားလုံးသည် တစ်သက်တာပတ်လုံး ချိနဲ့သွားခြင်းကို ကာကွယ်ပေးရန် အရိုးကိုဆက်ပေးခြင်းနှင့်စပ်လျဉ်း၍အသုံးပြုသည့် ခွဲစိတ်ခြင်းဆိုင်ရာအသုံးအနှုန်းဖြစ်ပါသည်။ အဘိဓာန်ပြုစုသူ ဒဘလျူ အီး ဗိုင်းက ယင်းကို “ဝိညာဏကိုယ်ခန္ဓာတွင် အကြောလွဲ၊ အဆစ်ပြုတ်နေသောအစိတ်အပိုင်းကဲ့သို့ဖြစ်နေသည့် အပြစ်ပြုသူအား ဝိညာဏလူတို့သည်” ပြန်ပြုပြင်ပေးခြင်းနှင့် ဆက်စပ်တင်ပြထားသည်။ အခြားပြန်ဆိုချက်များက “ပုံမှန် ပြန်ဖြစ်စေခြင်း၊ နဂိုအတိုင်း ပြန်တည့်မတ်ပေးခြင်း” ဟုပြန်ဆိုထားသည်။

၁၅ ကျွန်ုပ်တို့အတွေးအခေါ်ကို ပြန်ပြုပြင်ပေးခြင်းသည် မလွယ်ကူပါ။ မှားယွင်းနေသောသူ၏အကြံအစည်များကို ဖြောင့်မှန်လာစေရန် ပြုလုပ်ပေးဖို့ အလွန်ခဲယဉ်းပေမည်။ သို့သော် နူးညံ့သိမ်မွေ့စွာပေးကမ်းသောအကူအညီကို ကျေးဇူးတင်စွာ လက်ခံယူနိုင်ပါသည်။ ထိုကြောင့် ခရစ်ယာန်အကြီးအကဲများသည် ပေါလု၏ ဤသြဝါဒကို လိုက်နာသင့်သည်။ “သင်တို့သည် . . . သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။” (ကောလောသဲ ၃:၁၂) ပြုပြင်ပြောင်းလဲပေးဖို့လိုအပ်နေသောသူ၌ မကောင်းသောသဘောထား ထားရှိပါက အကြီးအကဲများ မည်သို့ပြုလုပ်သင့်သနည်း။ “နူးညံ့သိမ်မွေ့ခြင်းကို မီအောင်လိုက်” သင့်သည်။—၁ တိမောသေ ၆:၁၁။

သတိနှင့်သိုးထိန်းခြင်း

၁၆၊ ၁၇။ သူတစ်ပါးကို ဆုံးမသြဝါဒပေးရာတွင် အဘယ်အန္တရာယ်များကို အကြီးအကဲများ သတိပြုသင့်သနည်း။

၁၆ ဂလာတိ ၆:၁ ပါပေါလု၏သြဝါဒသည် ထိုထက်မက အဓိပ္ပာယ်လေးနက်ပါသည်။ ဝိညာဉ်ရေးဘက် အရည်အချင်းရှိသူများအား သူဤသို့တိုက်တွန်းပါသည်။ “သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူ [အပြစ်ပြုသူ] ကိုမစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။” ဤအကြံပြုချက်ကို မလိုက်နာလျှင် ဆိုးကျိုးဖြစ်ပါမည်တကား။ ဓမ္မဆရာတစ်ဦးသည် သာသနာပြုနယ်ပယ်မှ အမျိုးသမီးနှစ်ဦးနှင့် သူ့သားအိမ်ယာပြစ်မှားခြင်းအပြစ်ကျူးလွန်ခဲ့ကြောင်း သတင်းရရှိ၍ လန်ဒန်မြို့၏ The Times သတင်းစာက ယင်းသည် “ဖြစ်မြဲဖြစ်နေသော အခြေအနေဖြစ်သည်။ ဆုံးမသြဝါဒပေးသည့် ဖခင်သဖွယ်၊ သို့မဟုတ် အစ်ကိုကြီးသဖွယ်ဖြစ်သူသည် မှီခိုအားထားခံရခြင်း၏ သွေးဆောင်မှုကို ခံသွားရခြင်းဖြစ်သည်” ဟုဆိုသည်။ ထိုနောက် ဤသတင်းထောက်က ဒေါက်တာ ပီတာ ရာတာ၏အဆိုပြုချက်ကို ဖော်ပြပါသည်။ “ဝေဒနာသည်နှင့် သူတို့၏ အမျိုးသားအကြံပေးသူများ—ဆရာဝန်များ၊ ရှေ့နေများ၊ ဓမ္မဆရာများနှင့် အလုပ်ရှင်များ—စပ်ကြား အခွင့်အရေးယူလော်လည်မှုများသည် ကျွန်ုပ်တို့၏ လိင်ဆိုင်ရာ ပရမ်းပတာအဖွဲ့အစည်းတွင် အသရေပျက်၊ ရှက်ဖွယ်ကောင်းလောက်အောင် ကူးစက်နေကြောင်းကို ဝန်မခံကြသော်လည်း ထိုသို့ဖြစ်ပျက်နေပါသည်။

၁၇ ယေဟောဝါ၏လူများသည် ဤသို့သောစုံစမ်းခြင်းများကို မခံရဟူ၍ မယူမှတ်သင့်ပါ။ နှစ်ချီသစ္စာရှိရှိ အမှုထမ်းခဲ့သော ကြည်ညိုလေးစားခံရသည့် အကြီးအကဲတစ်ဦးသည် အိမ်ထောင်သည်ညီအစ်မတစ်ဦး၊ တစ်ယောက်တည်းရှိသည့်အခါ သိုးထိန်းလုပ်ငန်းများပြုလုပ်သောကြောင့် မှားယွင်းသွားခဲ့ပါသည်။ နောင်တရသည်မှန်သော်လည်း ထိုညီအစ်ကိုသည် လုပ်ငန်းတော်အခွင့်အရေးများအားလုံးကို ဆုံးရှုံးခဲ့ပါသည်။ (၁ ကောရိန္သု ၁၀:၁၂) ဤသို့ဆိုလျှင် ခန့်အပ်ခံအသက်ကြီးသူများသည် အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေရန် အဘယ်နည်းဖြင့် သိုးထိန်းလည်ပတ်မှုများ ပြုလုပ်နိုင်မည်နည်း။ ဆုတောင်းခြင်း၊ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ခရစ်ယာန်စာပေများကို လေ့လာသုံးသပ်ခြင်းငှာ အတော်အသင့်သီးခြားပြုလုပ်နိုင်ဖို့ မည်သို့စီစဉ်နိုင်မည်နည်း။

၁၈။ (က) အန္တရာယ်အခြေအနေများကို ရှောင်ကြဉ်နိုင်ရန် ဦးစီးခြင်းမူကို အကြီးအကဲများ မည်သို့ကျင့်သုံးနိုင်သနည်း။ (ခ) ညီအစ်မတစ်ဦးထံ သိုးထိန်းလည်ပတ်မှုပြုရန်အတွက် အဘယ်အစီအစဉ်များ ပြုလုပ်နိုင်သနည်း။

၁၈ အကြီးအကဲများထည့်တွက်ရမည်ကား ဦးစီးခြင်းမူပင်ဖြစ်သည်။ (၁ ကောရိန္သု ၁၁:၃) လူငယ်တစ်ဦးသည် လမ်းပြမှုခံယူလိုလျှင် သင့်တော်သည့်အခါ ဆွေးနွေးချိန်တွင် သူ၏မိဘများကိုပါ ပါဝင်စေပါ။ အိမ်ထောင်သည်ညီအစ်မတစ်ဦးသည် ဝိညာဏအကူအညီတောင်းဆိုပါက လည်ပတ်မှုပြုချိန်တွင် သူ၏လင်ယောက်ျားအား ပါဝင်စေရန် စီစဉ်ပေးနိုင်မည်လော။ ယင်းသို့ပြုရန်မဖြစ်လျှင်သော်လည်းကောင်း၊ လင်သားသည် သူမအား တစ်နည်းနည်းဖြင့် မတော်မလျော်ပြုခဲ့သော မယုံကြည်သူဖြစ်နေလျှင်သော်လည်းကောင်း မည်သို့ပြုမည်နည်း။ ထိုသို့ဆိုလျှင် အိမ်ထောင်မရှိသောညီအစ်မတစ်ဦးထံ သိုးထိန်းလည်ပတ်မှုပြုသောအခါ သင်စီစဉ်လေ့ရှိသည်အတိုင်း စီစဉ်ပါ။ ဝိညာဉ်ရေးဘက် အရည်အချင်းရှိညီအစ်ကိုနှစ်ဦးသည်တွဲ၍ ညီအစ်မထံလည်ပတ်လျှင် ကောင်းပါသည်။ ဤသို့ပြုရန် မသင့်တော်ပါက နိုင်ငံတော်ခန်းမ၏ ဖြစ်နိုင်လျှင် သီးသန့်စကားပြောဆိုနိုင်သည့် အခန်းတစ်ခန်းတွင် သင့်တော်သောအချိန်တစ်ချိန်ရွေးကာ သူမနှင့် ညီအစ်ကိုနှစ်ဦး ဆွေးနွေးရန် စီစဉ်နိုင်ပါသည်။ ဆွေးနွေးကြသည်ကို မမြင်နိုင်၊ မကြားနိုင်သော်လည်း ခန်းမတွင် အခြားညီအစ်ကိုညီအစ်မများရှိနေခြင်းကြောင့် ထိမိ၍လဲစရာ မည်သည့်အကြောင်းကိုမဆို ရှောင်ကြဉ်နိုင်ပါလိမ့်မည်။—ဖိလိပ္ပိ ၁:၉၊ ၁၀။

၁၉။ ဘုရားသခင့်သိုးတော်စုကို စေတနာစိတ်နှင့်သိုးထိန်းပေးခြင်းမှ အဘယ်အကျိုးများဖြစ်ထွန်းသနည်း။ စေတနာစိတ်ရှိသိုးထိန်းများရထားသည့်အတွက် မည်သူအား ကျေးဇူးတင်ရမည်နည်း။

၁၉ ဘုရားသခင့်သိုးတော်စုကို စေတနာစိတ်နှင့် သိုးထိန်းခြင်းသည် အကျိုးများစွာဖြစ်ထွန်းစေသည်။—ဝိညာဉ်ရေးအရ သန်မာပြီး လမ်းညွှန်မှုကောင်းအောက်ရှိ သိုးတော်စုဖြစ်စေသည်။ တမန်တော်ပေါလုနည်းတူ လက်ရှိခရစ်ယာန်အကြီးအကဲများသည် ယုံကြည်သူချင်းတို့အတွက် များစွာစိုးရိမ်ပူပန်ကြပါသည်။ (၂ ကောရိန္သု ၁၁:၂၈) အထူးသဖြင့် ဤခဲယဉ်းဆိုးယုတ်သောကာလတွင် ဘုရားသခင့်လူများကို သိုးထိန်းခြင်းတာဝန်သည် အလွန်ကြီးလေးပါသည်။ ထိုကြောင့် အကြီးအကဲများအဖြစ် အမှုထမ်းနေကြသော ကျွန်ုပ်တို့ညီအစ်ကိုများ ပြုလုပ်ဆောင်ရွက်နေသည့် မွန်မြတ်သောလုပ်ငန်းအတွက် အမှန်ကျေးဇူးတင်နိုင်ကြပါသည်။ (၁ တိမောသေ ၅:၁၇) စေတနာစိတ်နှင့် သိုးထိန်းသော “လူတို့တွင်ဆုလာဘ်များ” ကိုပေးထားသည့်ကောင်းချီးကိုခံစားရသဖြင့် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကိုပေးသနားတော်မူသော ကျွန်ုပ်တို့၏မေတ္တာရှင် ကောင်းကင်သိုးထိန်းချုပ် ယေဟောဝါအား ချီးမွမ်းထောမနာပြုကြပါသည်။—ဧဖက် ၄:၈။ ယာကုပ် ၁:၁၇။

သင်မည်သို့ဖြေဆိုမည်နည်း

◻ လူတစ်ဦးသည် မိမိအိမ်ထောင်ကို ကောင်းစွာ မည်သို့အုပ်ထိန်းနိုင်မည်နည်း။

◻ ခရစ်ယာန်အကြီးအကဲများသည် ကြီးကြပ်ရာတွင် အဘယ်အရည်အချင်းများရှိသင့်သနည်း။

◻ ဆုံးမရာတွင် အကြီးအကဲများသည် နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့ခြင်းကို မည်သို့တင်ပြနိုင်မည်နည်း။

◻ ဝိညာဏတည်မြဲတည်စေပြန်ခြင်းကို ထိရောက်မှုရှိစေရန် အဘယ်အရာက အကူအညီပေးသနည်း။

◻ သိုးတော်စုကို သိုးထိန်းသောအခါ အန္တရာယ်အခြေအနေများကို အကြီးအကဲများ မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်ယာန်အကြီးအကဲသည် မိမိအိမ်ထောင်ကို ကောင်းစွာအုပ်ထိန်းရမည်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ခရစ်ယာန်သိုးထိန်းခြင်းကို နူးညံ့သိမ်မွေ့ခြင်းနှင့် ကောင်းစွာပိုင်းခြားလျက် ပြုလုပ်သင့်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ