ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၇/၁၅ စာ. ၅-၈
  • ယေဟောဝါ—စစ်မှန်၍ အသက်ရှင်တော်မူထသောဘုရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ—စစ်မှန်၍ အသက်ရှင်တော်မူထသောဘုရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်တော်၏နာမတော်နှင့် ကျော်ဇောကိတ္တိ
  • ယေဟောဝါနှင့် ကိုယ်တော်၏အရည်အချင်းများ
  • နှိုင်းယှဉ်မရ ကောင်းကင်ဘုရင်
  • ယေဟောဝါသည် စစ်မှန်၍အသက်ရှင်တော်မူထသောဘုရားဖြစ်
  • မှန်သောဘုရားသခင်ကား အဘယ်သူနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဘုရားသခင်မှာ နာမည် ရှိတယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေဟောဝါကား အဘယ်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၇/၁၅ စာ. ၅-၈

ယေဟောဝါ—စစ်မှန်၍ အသက်ရှင်တော်မူထသောဘုရား

အီဂျစ်ဘုရင်ဖာရောသည် “ယေဟောဝါကား အဘယ်သူနည်း” ဟုမေးမြန်းချိန်တွင် ပမာမခန့်၊ အထင်အမြင်သေး၍ ပြောခဲ့ခြင်းဖြစ်သည်။ (ထွက်မြောက်ရာ ၅:၂) ရှေ့ဆောင်ပါးတွင် တင်ပြထားသည့်အတိုင်း ထိုသဘောထားက ဖာရောနှင့်သူ၏စစ်သည်ဗိုလ်ခြေများအား ရေနစ်သေဆုံးစေခြင်းအပါအဝင် အီဂျစ်လူမျိုးအပေါ် ကပ်ဘေးများနှင့်သေဘေးဆိုက်ရောက်စေခဲ့သည်။

ရှေးအီဂျစ်နိုင်ငံတွင် ဗာဗုလုန်ဘုရားတို့ထက် ယေဟောဝါဘုရားသခင်သည် တန်ခိုးအာဏာကြီးမားတော်မူကြောင်း သက်သေထူခဲ့သည်။ သို့သော် ကိုယ်တော့်အကြောင်း ထိုထက်မက သိရှိစရာလိုပါသေးသည်။ ကိုယ်တော်၏ဥပဓိရုပ်အသွင်နှင့်စပ်လျဉ်း၍ အခြားအဘယ်အချက်များရှိပါသေးသနည်း။ ကျွန်ုပ်တို့ထံမှ ကိုယ်တော်အဘယ်အရာများ တောင်းဆိုတော်မူသနည်း။

ကိုယ်တော်၏နာမတော်နှင့် ကျော်ဇောကိတ္တိ

အီဂျစ်ဘုရင်ဖာရောအား တောင်းဆိုချက်များပြုစဉ်က ‘သခင်အရှင်သည် ဤကဲ့သို့၊ ထိုကဲ့သို့မိန့်တော်မူသည်’ ဟုမောရှေမပြောခဲ့ပါ။ ဖာရောနှင့်အခြားအီဂျစ်လူတို့က သူတို့၏ဗာဗုလုန်ဘုရားများစွာတို့ကို သခင်အရှင်များအဖြစ် ယူမှတ်ထားကြသည်။ သို့အစား မောရှေသည် နာမတော်မြတ်၊ ယေဟောဝါကို အသုံးပြုခဲ့ပါသည်။ မိဒျန်ပြည်၊ မီးလောင်နေသောချုံပုတ်၌ရှိခဲ့စဉ်က ထိုအမည်အထက်အရပ်မှဖော်ပြသံကို သူကိုယ်တိုင် ကြားနာခဲ့သည်။ မှုတ်သွင်းခံမှတ်တမ်းက ဤသို့ဆိုသည်။

“တစ်ဖန်ဘုရားသခင်သည် မောရှေ၌ဗျာဒိတ်ထားတော်မူသည်ကား ‘ငါသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်၏။ အဲဂုတ္တုလူတို့သည် အစေကျွန်ခံစေသော ဣသရေလအမျိုးသားတို့၏ ညည်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါ့ပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။ ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား “ငါသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်၍ သူတို့၏ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည်။ ငါ၏လူမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။ ငါသည် သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်သော သင်တို့၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။ ငါသည်လည်း အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ ငါပို့ဆောင်၍ အမွေခံစရာဖို့ပေးမည်။ ငါသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်၏။”’”—ထွက်မြောက်ရာ ၆:၁-၈။

ထိုအတိုင်းပင် ယေဟောဝါပြုတော်မူခဲ့သည်။ အီဂျစ်နိုင်ငံတွင် ကျွန်ခံရသောအဖြစ်မှ ဣသရေလလူမျိုးကို ကိုယ်တော်လွှတ်တော်မူပြီး ခါနာန်ပြည်ကိုအမွေခံစေတော်မူခဲ့သည်။ ကတိတော်ရှိသည်အတိုင်းပင် ယင်းအမှုများကိုပြီးမြောက်အောင်မြင်စေတော်မူခဲ့သည်။ အလွန်လျောက်ပတ်ပေသည်တကား။ ကိုယ်တော်၏နာမတော်မြတ်၊ ယေဟောဝါအဓိပ္ပာယ်ကား “ကိုယ်တော်ဖြစ်လာစေသည်” ဖြစ်၏။ သမ္မာကျမ်းစာက ယေဟောဝါအား “ဘုရားသခင်၊” “ပိုင်သအုပ်စိုးခွင့်ရှိသူ၊” “ဖန်ဆင်းရှင်၊” “ခမည်းတော်၊” “အနန္တတန်ခိုးရှင်၊” “အမြင့်မြတ်ဆုံးသောသခင်” အစရှိသည့်ဘွဲ့နာမများဖြင့် ဖော်ကျူးထားတော်မူသည်။ သို့ဖြစ်၍ပင် ယေဟောဝါဟူသော ကိုယ်တော်၏နာမတော်က ကြီးမြတ်တော်မူသောရည်ရွယ်တော်မူချက်များကို အဆင့်ဆင့်ဖြစ်မြောက်စေတော်မူသော ဘုရားစစ်ဘုရားမှန်ဖြစ်ကြောင်း ထင်ရှားစေပါသည်။—ဟေရှာယ ၄၂:၈။

သမ္မာကျမ်းစာကို မူရင်းဘာသာစကားများဖြင့်သာ ဖတ်ကြရမည်ဆိုလျှင် ဘုရားသခင့်နာမတော်ကို အကြိမ်ပေါင်းထောင်ချီ၍ ဖတ်ရှုကြရမည်။ ဟေဗြဲဘာသာတွင် လက်ယာဘက်မှ လက်ဝဲဘက်သို့ဖတ်ရသည့် ဗျည်းလေးလုံးဖြစ်သော တက်တြာဂရမ်မီတန်ခေါ် ယော့ဒ် ဟီ ဝေါ ဟီ (יהוה) ဖြင့် နာမတော်မြတ်ကို ဖော်ပြထားပါသည်။ ဟေဗြဲစကားပြောဆိုသူများက သရသံများထည့်ပေးခဲ့ကြရာ ယနေ့ ထိုသရသံများကို လူတို့အသေအချာမသိကြချေ။ အချို့က ယာဝေးဟုစာလုံးပေါင်းခြင်းကို နှစ်သက်ကြသည်မှန်သော်လည်း ယေဟောဝါဟု အများခေါ်ဝေါ်သုံးစွဲကြရာ ဖန်ဆင်းရှင်ကို လျော်ကန်စွာ သတ်မှတ်ပေးတော်မူသည်။

ဘာသာပြန်ကျမ်းတစ်ခုက “ထာဝရဘုရား [ဟေဗြဲ၊ יהוה] က၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူ၏” ဟူ၍ ဆာလံ ၁၁၀:၁ ကိုပြန်ဆိုထားရာ ထိုတွင် ယေဟောဝါအမည်ကိုအသုံးပြုခြင်းအားဖြင့် “ငါ့သခင်” ဟုခေါ်ဝေါ်ခံရသူနှင့် ဘုရားသခင်ကို ခွဲခြားဖော်ပြပေးပါသည်။ ဟေဗြဲကျမ်းစောင်တွင် ဤနေရာ၌ ဘုရားသခင်၏နာမတော်ပါရှိသည်ကို အသိအမှတ်ပြုကာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဤသို့ဆိုသည်။ “ယေဟောဝါက ‘သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ထိုင်နေလော့’ ဟုငါ၏သခင်အားမိန့်တော်မူ၏။” ယေဟောဝါဘုရားသခင်၏ ယင်းစကားများသည် “ငါ၏သခင်” ဟု ဆာလံဆရာခေါ်ဝေါ်ခဲ့သူ ယေရှုခရစ်ကိုရည်စူးနေပါသည်။

ဖာရောလက်ထက်တွင် ယေဟောဝါရှင်သည် မိမိနာမည်ကျော်ကြားစေခဲ့သည်။ မောရှေအားဖြင့် ထိုနှလုံးခက်ထန်သောမင်းကြီးအား ဘုရားသခင် ဤသို့မိန့်တော်မူခဲ့သည်။ “ယခုကာလအခါ သင်၏နှလုံး၌လည်းကောင်း၊ သင်၏ကျွန်များ၊ လူများ၌လည်းကောင်း၊ ငါ၏ဘေးဒဏ်အလုံးစုံတို့ကို သင့်ရောက်စေမည်။ မြေကြီးတစ်ရှောက်လုံး၌ ငါကဲ့သို့သောသူမရှိကြောင်းကို သင်သည် သိရလိမ့်မည်။ ငါ့လက်ကို ငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။ သင့်ကိုလည်း မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းမည်။ အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း သင့်ကိုငါချီးမြှောက်ခဲ့ပြီ။”—ထွက်မြောက်ရာ ၉:၁၄-၁၆။

အီဂျစ်နိုင်ငံမှ ဣသရေလလူမျိုးထွက်ခွာခဲ့၍ ခါနာန်ဘုရင်အချို့ ဖျက်ဆီးခံရခြင်းအကြောင်းနှင့်ပတ်သက်၍ ယေရိခေါမြို့သူ ရာခပ်က ဟေဗြဲသူလျှိုနှစ်ဦးအား ဤသို့ပြောပါသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် သင်တို့ [ဣသရေလလူတို့] အား ဤပြည်ကိုပေးတော်မူကြောင်းကိုလည်းကောင်း၊ သင်တို့ကို ငါတို့ကြောက်လန့်အားကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကိုလည်းကောင်း ကျွန်မသိပါ၏။ သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ ဧဒုံပင်လယ်ရေကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ခန်းခြောက်စေတော်မူကြောင်းကိုလည်းကောင်း၊ ယော်ဒန်မြစ်တစ်ဘက်၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့်သြဃတို့၌ သင်တို့ပြုသောအမှုကိုလည်းကောင်း အကျွန်ုပ်တို့ကြားရကြပြီ။ ထိုသိတင်းကိုကြားသောအခါ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစ်စုံတစ်ယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိအလျှင်း မကျန်ကြွင်းပါ။ အကြောင်းမူကား၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် အထက်ကောင်းကင်ဘုံ၌လည်းကောင်း၊ အောက်အရပ်မြေကြီး၌လည်းကောင်း အစိုးရသောဘုရားသခင်ဖြစ်တော်မူ၏။” (ယောရှု ၂:၉-၁၁) မှန်ပေသည်။ ယေဟောဝါ၏သိတင်း ပျံ့နှံ့ကျော်ကြားခဲ့သည်။

ယေဟောဝါနှင့် ကိုယ်တော်၏အရည်အချင်းများ

ဆာလံဆရာသည် ဤနှလုံးသားဆန္ဒဖော်ပြခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါစေသော။” (ဆာလံ ၈၃:၁၈) စကြဝဠာကို ယေဟောဝါပိုင်သအုပ်စိုးခွင့်ရှိသောကြောင့် ယေရှု၏ ညှဉ်းဆဲခံရသောတပည့်နောက်လိုက်များ ဤသို့ဆုတောင်းနိုင်ခဲ့ပါသည်။ “အစိုးရတော်မူသောအရှင် ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ (တမန်တော် ၄:၂၄) ယေဟောဝါသည် “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” ဖြစ်ကြောင်း သိထားရခြင်းသည် အဘယ်မျှနှစ်သိမ့်မှုပေးပါသည်တကား။—ဆာလံ ၆၅:၂။

ယေဟောဝါ၏ အဓိကအရည်အချင်းမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ အမှန်ပင် “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”—ဤအရည်အချင်း၏ ပြယုဂ်ပင်ဖြစ်သတည်း။ (၁ ယောဟန် ၄:၈) ထို့ပြင် “ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့်ပြည့်စုံတော်မူ၏။” ယေဟောဝါသည် ဉာဏ်ပညာခပ်သိမ်း၏အရှင်နှင့် အနန္တတန်ခိုးရှင် ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်၏တန်ခိုးတော်ကို ဘယ်သောအခါမျှ အလွဲသုံးစားပြုတော်မမူ။ (ယောဘ ၁၂:၁၃။ ၃၇:၂၃) ယေဟောဝါသည် ကျွန်ုပ်တို့နှင့် တရားသဖြင့် အမြဲစီရင်လိမ့်မည်အကြောင်းကိုလည်း စိတ်ချနိုင်ပါသည်။ အကြောင်းမူကား၊ “တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏။” (ဆာလံ ၉၇:၂) ကျွန်ုပ်တို့မှားမိပြီး နောင်တယူမည်ဆိုလျှင် ယေဟောဝါသည် “သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘောရှိတော်မူသော” ဘုရားသခင်ဖြစ်ကြောင်း သိထားခြင်းဖြင့် စိတ်သက်သာမှုရရှိနိုင်ပါသည်။ (ထွက်မြောက်ရာ ၃၄:၆) ယေဟောဝါအမှုတော်ထမ်းခြင်း၌ ကျွန်ုပ်တို့ရွှင်လန်းနိုင်ကြခြင်းသည်အံ့သြစရာမဟုတ်ပါတကား။—ဆာလံ ၁၀၀:၁-၅။

နှိုင်းယှဉ်မရ ကောင်းကင်ဘုရင်

ယေဟောဝါ၏သားတော် ယေရှုခရစ်က “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူသည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၄:၂၄) ထိုကြောင့် ယေဟောဝါအား လူ့မျက်စိဖြင့် မမြင်နိုင်ခြင်းဖြစ်သည်။ အမှန်မှာ မောရှေအား ယေဟောဝါ ဤသို့မိန့်တော်မူခဲ့သည်။ “သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိ။” (ထွက်မြောက်ရာ ၃၃:၂၀) ဤကောင်းကင်ဘုရင်သည် ဘုန်းတန်ခိုးကြီးမားလွန်းသဖြင့် ကိုယ်တော်ကိုတွေ့မြင်လိုက်၍ ခံရပ်နိုင်မည့်သူ မရှိနိုင်ပါ။

ယေဟောဝါရှင်အား ကျွန်ုပ်တို့မျက်စိဖြင့်မမြင်နိုင်သော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ကိုယ်တော်တည်ရှိကြောင်း သာဓကမြောက်မြားစွာရှိသည်။ အမှန်ပင်၊ “ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။” (ရောမ ၁:၂၀) ကမ္ဘာမြေကြီး—နှင့်ယင်း၏မြက်ခင်းပြင်၊ သစ်သီးဝလံပင်များ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်တို့က—ယေဟောဝါ၏ဘုရားအဖြစ်ကို သက်သေထူသည်။ အချည်းနှီးသာဖြစ်သော ရုပ်ပုံဘုရားများနှင့်မတူဘဲ ယေဟောဝါရှင်သည် မိုးရွာစေ၍ ရာသီလိုက် သစ်သီးဝလံအမျိုးမျိုးကို ထွက်ပေါ်စေတော်မူ၏။ (တမန်တော် ၁၄:၁၆၊ ၁၇) ညအခါကောင်းကင်တွင်ကြယ်များကို မော့ကြည့်ပါ။ ယေဟောဝါ၏ ဘုရားအဖြစ်ကိုသာမက စည်းစနစ်ကျနစွာစီမံခြင်းစွမ်းရည်၏ ထည်ဝါခမ်းနားသော သာဓကပါတကား။

သန့်ရှင်း၍ အသိဉာဏ်ပညာရှိသော ကောင်းကင်နာမ်ဝိညာဉ်သားများကိုလည်း ယေဟောဝါဖွဲ့စည်းစီမံထားတော်မူ၏။ စည်းလုံးညီညွတ်သောအဖွဲ့အစည်းအနေနှင့် ဆာလံဆရာပြောသည်အတိုင်းပင် သူတို့သည် ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ကြပါသည်။ “တန်ခိုးကြီး၍ နှုတ်ကပါဌ်တော်အသံကို နားထောင်လျက် အမိန့်တော်အတိုင်းဆောင်ရွက်သော ကောင်းကင်တမန်တော်တို့ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကောင်းချီးပေးကြလော့။ အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကောင်းချီးပေးကြလော့။” (ဆာလံ ၁၀၃:၂၀၊ ၂၁) မြေကြီးပေါ်ရှိ လူမျိုးတော်ကိုလည်း ယေဟောဝါဖွဲ့စည်းထားတော်မူပြီ။ ဣသရေလလူမျိုးသည် စည်းစနစ်ကျနစွာ ဖွဲ့စည်းခံခဲ့ရသည်။ ဘုရားသခင့်သားတော်၏ အစောပိုင်းတပည့်နောက်လိုက်များလည်း ထိုနည်းထပ်တူပင်ဖြစ်သည်။ ယနေ့အလားတူစွာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြွေးကြော်နေသော ယေဟောဝါ၏ ကမ္ဘာချီဇွဲလုံ့လရှိသက်သေခံအဖွဲ့အစည်းတစ်ခု ရှိပါသည်။—မဿဲ ၂၄:၁၄။

ယေဟောဝါသည် စစ်မှန်၍အသက်ရှင်တော်မူထသောဘုရားဖြစ်

ယေဟောဝါ၏ဘုရားအဖြစ်သည် နည်းအမျိုးမျိုးဖြင့် သက်သေထင်ရှားခဲ့ပြီ။ အီဂျစ်နိုင်ငံရှိ ဗာဗုလုန်ဘုရားများကို ကိုယ်တော်အရှက်တကွဲဖြစ်စေပြီးနောက် ကတိထားရာပြည်တော်သို့ ဣသရေလလူမျိုးအား ဘေးမသီရန်မခ ခေါ်ဆောင်လာတော်မူခဲ့သည်။ ဖန်ဆင်းခြင်းကလည်း ယေဟောဝါ၏ဘုရားအဖြစ်ကို အများအပြားသက်သေထင်ရှားပြသည်။ ဗာဗုလုန်ဘာသာရေးဆိုင်ရာ အချည်းနှီးသက်သက်ဖြစ်သော ရုပ်ပုံဘုရားသည် ကိုယ်တော်နှင့် လုံးဝယှဉ်ပြိုင်နှိုင်းဆ၍မရပါ။

အသက်ရှင်တော်မူထသောဘုရားသခင် ယေဟောဝါနှင့် လူ့လက်ဖြစ် သက်မဲ့ရုပ်ပုံများသည် မည်မျှကွာခြားကြောင်းကို ပရောဖက်ယေရမိက ဖော်ပြပါသည်။ ထိုခြားနားချက်ကို ယေရမိအခန်းကြီး ၁၀ တွင် ကောင်းစွာဖော်ပြထားပါသည်။ ယေရမိရေးသားခဲ့သည့်အကြောင်းများစွာတို့အနက် တစ်ခုကား ဤသို့ဖြစ်သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဟူမူကား မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။” (ယေရမိ ၁၀:၁၀) အသက်ရှင်တော်မူထသော ဘုရားမှန်၊ ယေဟောဝါရှင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသည်။ အီဂျစ်လူမျိုး၏အစေခံကျွန်ဘဝ၌ ပင်ပန်းနွမ်းလျနေကြသော ဣသရေလလူမျိုးကို ကယ်နှုတ်တော်မူခဲ့သည်။ ကိုယ်တော့်အတွက် မတတ်နိုင်စရာ အဘယ်အရာမျှမရှိချေ။

“ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟူသည့်ဆုပတ္ထနာကို “ထာဝရဘုရင်” ယေဟောဝါရှင် ဖြေဆိုပေးတော်မူလိမ့်မည်။ (၁ တိမောသေ ၁:၁၇။ မဿဲ ၆:၉၊ ၁၀) ယေရှုခရစ်အစိုးရနေသော ကောင်းကင်မေရှိယနိုင်ငံတော်သည် များမကြာမီ မတရားသောသူတို့နှင့် ယေဟောဝါ၏ရန်သူအပေါင်းတို့ကို အရေးယူတော်မူလိမ့်မည်။ (ဒံယေလ ၇:၁၃၊ ၁၄) ဘုရားသခင်၏နိုင်ငံတော်သည် နာခံမှုရှိသောလူသားအပေါင်းအတွက် အတောမသတ်ကောင်းချီးများရှိမည့် ကမ္ဘာအသစ်ကိုလည်း နေရာချပေးတော်မူလိမ့်မည်။—၂ ပေတရု ၃:၁၃။

ယေဟောဝါရှင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း သင်ယူစရာ များစွာရှိပါသေးသည်။ ဤအသိပညာကိုဆည်းပူးကာ ယင်းနှင့်အညီကျင့်ကြံပြုမူဖို့ စိတ်မဆုံးဖြတ်သလော။ ထိုသို့ပြုမည်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်အစိုးရအောက်ရှိ ကမ္ဘာ့ပရဒိသုတွင် အသင်သည် ထာဝရအသက်ရှင်ခွင့်ရရှိပါလိမ့်မည်။ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းပင်ပပျောက်၍ ယေဟောဝါ၏အသိပညာသည် မြေကြီးကိုပြည့်နေမည့်အချိန်အခါတွင် အသင်အသက်ရှင်ရလိမ့်မည်။ (ဟေရှာယ ၁၁:၉။ ဗျာဒိတ် ၂၁:၁-၄) သင်သည် “ယေဟောဝါကား အဘယ်သူနည်း” ဟူသောမေးခွန်း၏ ကျမ်းစာအခြေခံသောအဖြေများကို ဆည်းပူးလေ့လာ ရရှိပြီးနောက်တွင် ယင်းနှင့်အညီ ပြုမူကျင့်ကြံမည်ဆိုလျှင် ထိုအဖြစ်မျိုးကို အသင်ကြုံတွေ့နိုင်မည်။

[Picture Credit Line on page 7]

Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ