ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၈/၁၅ စာ. ၂၃-၂၆
  • အရက်နာကျခြင်းကို တွန်းလှန်နိုင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရက်နာကျခြင်းကို တွန်းလှန်နိုင်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်ကိုယ်ကို အရှိအတိုင်း သုံးသပ်ခြင်း
  • အကူအညီရယူပါ
  • ဘုရားသခင်နှင့်ဆက်ဆံမှု ရှိစေပါ
  • “သာမန်ထက်ထူးကဲသော တန်ခိုးတော်”
  • ထောက်ပံ့ရေးအစီအစဉ်
  • ထူထူထောင်ထောင်ဖြစ်ခြင်းသည် သင့်တာဝန်
  • မိသားစုအား ထိခိုက်ပျက်စီးစေနိုင်သောပြဿနာများကို အောင်မြင်ကျော်လွှားနိုင်ပါသည်
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • အရက်အလွဲသုံးမှု အချုပ်အနှောင်မှ လွတ်မြောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အရက်ယမကာအပေါ် မှန်ကန်သောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အရက်စွဲခြင်းနဲ့ အိမ်ထောင်ရေးပြဿနာ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၈/၁၅ စာ. ၂၃-၂၆

အရက်နာကျခြင်းကို တွန်းလှန်နိုင်ခြင်း

“အလုပ်ခွင်မှာ မနက် ၁၀ နာရီလောက်ဆိုရင် သောက်ဖို့သတိရလာတယ်။ ၁၂ နာရီကျမှ တစ်ခွက်နှစ်ခွက် သောက်လိုက်ရတယ်။ သုံးနာရီဆိုရင် တုန်တုန်ယင်ယင်ဖြစ်နေပြီ။ ပြန်သောက်နိုင်ဖို့ အလုပ်ပြီးမယ့်အချိန်ကိုပဲ မျှော်နေရတော့တယ်။ အိမ်အပြန်မှာ တစ်ခွက်နှစ်ခွက် သောက်သွားတယ်။ ခုနစ်နာရီလောက်ဆိုရင် ပြန်သောက်ချင်ပြန်ရော။ ဒါနဲ့ဘဲ သောက်လိုက်တော့တယ်။ ထိုင်ခုံကနေ မူးလဲကျပြီး ကိုယ့်ဆီးနဲ့ကိုယ်ပေပေကျံကျံနဲ့ပဲ မိုးလင်းသွားရော။ ဤအဖြစ်မျိုးကို တစ်ပတ်လျှင် ၇ ရက်၊ တစ်နှစ်လျှင် ၅၂ ပတ်၊ ယင်းတို့ကို ၂၉ နှစ်နှင့် မြှောက်လိုက်ပါ။”

ဤသူသည် အရက်နာကျသူဖြစ်သည်။ သူတစ်ဦးတည်းသာ မဟုတ်ပါ။ ဤအခြေအနေဆိုးမျိုးကို သန်းပေါင်းများစွာသောသူတို့သည် ကမ္ဘာချီ တွန်းလှန်နေကြရသည်။ ယင်းအခြေအနေသည် “လူတစ်ယောက်လုံး၊ သူ၏ကာယ၊ မှတ်ဉာဏ်၊ စိတ်ပိုင်းဆိုင်ရာနှင့်ဝိညာဏရေးပါ ပတ်သက်ပါသည်” ဟု ဒေါက်တာ ဗာနန် အီး၊ ဂျွန်စင်ဆိုပါသည်။a

ကျွမ်းကျင်သူအများက အရက်စွဲရောဂါကို ကုသမပေးနိုင်သော်လည်း တစ်သက်တာလုံး အရက်ကိုလုံးဝရှောင်ကြဉ်ခြင်းအားဖြင့် တန့်သွားစေနိုင်သည်ဟု ဆိုကြသည်။ ယင်းသည် လွန်လွန်းသောတောင်းဆိုချက်မဟုတ်ပါ။ အကြောင်းမှာ အရက်သေစာသည် အသက်ရှင်ရေးအတွက် မရှိမဖြစ်အရာတစ်ခုမဟုတ်ချေ။ အမှန်သော်ကား၊ အရက်သေစာကို အလွဲသုံးစွဲခြင်းသည် ဘုရားသခင့်မျက်နှာသာတော်နှင့် တွေ့မည်မဟုတ်ပါ။ (၁ ကောရိန္သု ၆:၉၊ ၁၀) အရက်မသောက်ဘဲ ဘုရားသခင့်ကမ္ဘာသစ်ထဲဝင်ခြင်းသည် ယင်းကိုတောင့်တလွန်း၍ သောက်လိုက်သည့်အတွက် ထာဝရအသက်ဆုံးရှုံးရခြင်းထက် ကောင်းပါသည်။—မဿဲ ၅:၂၉၊ ၃၀။

အရက်ဖြတ်ခြင်း—နောက်ပိုင်းပြန်မသောက်ခြင်း—သည် များသောအားဖြင့် စိတ်ဓာတ်ကျစရာ စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ (ရောမ ၇:၂၁-၂၄ နှိုင်းယှဉ်။) အဘယ်အကူအညီရှိသနည်း။ တိုက်ရိုက်ကျသော အကြံပေးချက်အချို့ကို တင်ပြကြစို့။ သင်သည် အရက်ကိုလုံးဝမသောက်သူဖြစ်သည့်တိုင် ဤအကြံပေးချက်များကို သိထားလျှင်ကောင်းမည်။ ဤနည်းဖြင့် အရက်စွဲခြင်းကို တွန်းလှန်နေသော မိတ်ဆွေတစ်ဦး၊ သို့မဟုတ် ဆွေမျိုးတစ်ဦးအား အကူအညီပေးကောင်းပေးနိုင်ပေမည်။

ကိုယ့်ကိုယ်ကို အရှိအတိုင်း သုံးသပ်ခြင်း

သင်သည် အရက်အိုးဖြစ်ကြောင်းကို ဝန်မခံလိုခြင်းသည် အကြီးမားဆုံးအတားအဆီးတစ်ခုဖြစ်ပါသည်။ ဝန်မခံခြင်းသည် မရိုးသားမှုတစ်မျိုးဖြစ်၏။ ရည်ရွယ်ချက်ဖြင့် ဆင်ခြေတက်ခြင်းဖြစ်သည်။ ယင်းကား၊ သောက်နိုင်ခွင့်ကို ကာကွယ်ရန်ဖြစ်သည်။ ‘အဲ့ဒီလောက်ကြီးလဲ မဆိုးသေးပါဘူး’ ဟုသင်ဆင်ခြေပေးမည်။ ‘ငါ့အိမ်ထောင် မပျက်သေးဘူး။ အလုပ်လဲ လုပ်ကိုင်နိုင်သေးတာဘဲ။’ ထိုထက်အရေးကြီးသည်ကား အသင်သည် အရက်မဖြတ်သေး သောက်စားတုန်းပင်ဖြစ်သည်။

ဝန်မခံချင်သည့်အတွက် သင့်အား ကူညီပေးလိုသောမိတ်ဆွေတို့၏စကားကို နားမထောင်ဘဲနေမည်။ ရောဘတ်ဇနီး၏ ပထွေး အရက်သောက်သုံးပုံသည် မူမမှန်၍ ရိုင်းစိုင်းလာပုံရှိသည်ကို သူသတိပြုမိသည်။ “တစ်ရက်နှစ်ရက်ကျတော့ သူအရက်သောက်လို့များ ဒီလိုပြုမိတာလားလို့ သူ့ကို ကျွန်တော်မေးလိုက်သည်’ ဟုရောဘတ်ပြောပါသည်။ မည်သို့ဖြစ်ပျက်ခဲ့သနည်း။ “သူက ‘ဘာသက်သေရှိလို့လဲ’၊ ‘ငါ့အခြေအနေကို မင်းသိလို့လား’ ဟုဆိုကာ လုံးဝငြင်းခဲ့တယ်။”

သင်၏သောက်ပုံသောက်နည်းကို စိုးရိမ်သည့် သင့်အိမ်ထောင်မှ တစ်ဦးတစ်ယောက်၊ သို့မဟုတ် မိတ်ဆွေတစ်ဦးက လာ၍ပြောဆိုမည်ဆိုလျှင် ကိုယ့်ကိုယ်ကို အသေအချာစိစစ်ကြည့်ပါ။ (သု၊ ၈:၃၃) အရက်မသောက်ဘဲနှင့် တစ်ပတ်လုံး၊ တစ်လလုံး၊ သို့မဟုတ် သုံးလေးလ နေနိုင်မည်လော။ မနေနိုင်လျှင် အဘယ်ကြောင့်နည်း။ ဆင်ခြေဆင်လက်များပေးပြီး ကိုယ့်ကိုယ်ကိုလှည့်စားသူနှင့် မတူပါနှင့်။ ယာကုပ်က “မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ ကိုယ့်ကိုယ်ကိုကြည့်ပြီးမှ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်းမေ့လျော့တတ်၏။”—ယာကုပ် ၁:၂၂-၂၅။

ထူထူထောင်ထောင်ဖြစ်စနောက်၌ပင် ဝန်မခံချင်စိတ်ကို သင်သတိပြုရဦးမည်။ Willpower’s Not Enough စာအုပ်က ဤသို့ရှင်းပြပါသည်။ “အရက်ရှောင်ကြည်ခါစသူသည် တစ်ခဏခန့်မသုံးဘဲနေနိုင်သည့်အတွက်—ပထမအကြိမ်ဖြစ်ကောင်းဖြစ်မည်—ယခု သူသည် အရက်ပြတ်ပြီဟု မှားယွင်းစွာ ယူဆနိုင်ပါသည်။” ယင်းက အရက်စွဲသူ၏ အခိုင်အမာဆုံးအတွေးဖြစ်၍ ပြန်သောက်မည့်အခြေအနေသို့ ပထမခြေလှမ်းပင်ဖြစ်သည်။ ဤသို့ငြင်းဆန်ခြင်းကို သင်တွန်းလှန်နိုင်ရန် သင်သည် အထီးတည်းကြိုးစား၍မရပါ။

အကူအညီရယူပါ

အရက်စွဲရောဂါကို တစ်ဦးတည်း၊ တစ်ယောက်တည်း မတွန်းလှန်နိုင်ကြောင်း အသိအမှတ်ပြုသူ လီအိုဟုအမည်တွင်စေမည့်သူသည် ပါရဂူများ၏အကူအညီကို တောင်းဆိုခဲ့သည်။ အချိန်မလပ် စောင့်ကြပ်ကုသခံပြီးနောက်တွင် သူသည် ထူထူထောင်ထောင်ဖြစ်လာလေသည်။ ပါရဂူများ၏ကူညီမှုကို အထင်မသေးနိုင်ဟု လီအိုယူဆပါသည်။bဤကူညီမှုကို သင့်အရပ်ဒေသတွင် ရယူနိုင်မည်ဆိုလျှင် ကုသခံခြင်းသည် အကျိုးရှိပါလိမ့်မည်။

သို့ရာတွင် ထူထူထောင်ထောင်ဖြစ်ခြင်းငှာ အရက်မသောက်ဘဲနေခြင်းထက်မက ပြုလုပ်ပေးရန်လိုကြောင်း အသိအမှတ်ပြုရမည်။ အရက်စွဲရောဂါဖြစ်ရခြင်းက သင်ရင်ဆိုင်ရမည့်သာ၍ခက်ခဲသောအကြောင်းရင်းများဖြစ်ကောင်းဖြစ်မည်။ ယင်းတို့ကို ထည့်မစဉ်းစားခြင်းသည် အန္တရာယ်ရှိနိုင်သည်။ ဒေါက်တာ ရှားလော့တ် ဒေးဗစ္စ ကစဲလ် ဤသို့ရေးသားခဲ့သည်။ “အလွဲသုံးစားပြုခြင်း၊ စွဲခြင်းနှင့် တာဝန်ပျက်ကွက်ခြင်း၏ အကြောင်းရင်းကို မဖြေရှင်းခဲ့သည့်အတွက် ဆယ့်လေးကြိမ်တိုင် ဆေးစွဲခြင်းကြောင့် ရောဂါကုသခံသူတို့နှင့် လူတွေ့ခေါ်မေးမြန်းခဲ့ရသည်။”

ဤအတိုင်းပင်ဖြစ်ကြောင်း ဒဲနစ္စ သတိပြုမိသည်။ “ကျွန်တော်ဟာ ဘယ်လောက်သောက်သောက်မမူးတဲ့ အရက်အိုးဖြစ်တယ်။ ပြဿနာတွေလည်း များပါတယ်။ ဒါပေမယ့် အရက်ဖြတ်ချင်စိတ်တော့မရှိဘူး။ ဒါနဲ့ ကျွန်တော့်အတိတ်ကိုကြည့်ပြီး ငယ်စဉ်က သင်ခန်းစာတွေကို စစ်ဆေးပြီး ကျွန်တော့်ကို ဘယ်လိုထိခိုက်နေတယ်ဆိုတာကို သဘောပေါက်အောင်ကြိုးစားပြီး ကိုယ့်အပြုအမူကို ပြုပြင်လိုက်တယ်။”

ထိုနည်းထပ်တူပင် လီအိုသည် ထူထူထောင်ထောင်ဖြစ်လိုသည့်အတွက် ကိုယ့်ကိုယ်ကိုအတွင်းကျကျသဘောပေါက်နားလည်နိုင်ဖို့ ကြိုးစားခဲ့ရတယ်။ “ကျွန်တော်ဟာ အရမ်းအူတိုတတ်တဲ့အပြင် ဒေါသလည်းကြီးတယ်။ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုအထင်အမြင်သေးရာကနေ အထင်ကြီးလွန်းတဲ့အချိန်များလည်းရှိတယ်။” သို့ဖြစ်၍ လီအိုသည် ဧဖက် ၄:၂၂ ပါကျမ်းစာသြဝါဒကို ကျင့်သုံးခဲ့ပါသည်။ “အထက်ကကျင်လည် . . . သောလူဟောင်းကို ချွတ်ပယ်” လော့။ မှန်ပါ၏။ “အထက်ကကျင်လည်” ခဲ့သောလမ်းစဉ်သည် သင့်ဥပဓိရုပ်ကို များစွာသြဇာညောင်းခဲ့ပြီ။ အင်္ဂတေကို ပုံစံခွက်ထဲထည့် ပုံသွင်းပေးနိုင်သကဲ့သို့ သင့်ဥပဓိရုပ်သည် တစ်နည်းတစ်ဖုံအားဖြင့် သင့်အတိတ်ကလမ်းစဉ်ကြောင့် ပုံသွင်းခံထားခဲ့ရသည်။ မှားယွင်းသောအကျင့်ကို စွန့်ပစ်ခဲ့ပြီဆိုလျှင် အဘယ်အရာကျန်ကြွင်းသနည်း။ အနှစ်နှစ်အလလ ပုံသွင်းခံထားရသည့် ဥပဓိရုပ် ကျန်ပါသည်။ ထိုကြောင့် ထူထူထောင်ထောင်ဖြစ်ခြင်းတွင် အထက်ကကျင်လည်ခဲ့သော ဥပဓိရုပ်ဟောင်းကို ပြောင်းလဲပစ်ခြင်း ပါဝင်ရမည်။

ဘုရားသခင်နှင့်ဆက်ဆံမှု ရှိစေပါ

လီအို ထူထူထောင်ထောင်ဖြစ်နိုင်ရန် ဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးတဖြည်းဖြည်းထွန်းကားလာဖို့လည်း လိုခဲ့ပါသည်။ “ယေဟောဝါကို လုံးလုံးအားကိုးတတ်လာတဲ့အတွက် ကျွန်တော့်စိတ်ထား၊ အပြုအမူနဲ့ ကြည့်မြင်ပုံတို့ ပြောင်းလဲလာပါတယ်” ဟုသူပြောပြသည်။

သို့ရာတွင် သတိထားခြင်းသည် သင့်တော်လျောက်ပတ်ပေသည်။ မည်သည့်ဆက်ဆံရေးမဆို—လူအချင်းချင်းနှင့်၊ သို့မဟုတ် ဘုရားသခင်နှင့်—ပွင့်လင်းမှု၊ ရိုးသားမှုနှင့် စိတ်ချယုံကြည်မှုရှိရန်လိုသည်။ ဤအရည်အချင်းများကို အရက်နာကျခြင်းက ဖျက်ဆီးပစ်ပါသည်။ သို့သော် ယင်းတို့ကို အချိန်ယူ ပြုစုပျိုးထောင်ပေးနိုင်ပါသည်။

အရက်အိုးတစ်ယောက်အနေနှင့် ရင်းနှီးသောဆက်ဆံမှုရှိခြင်းကို သဘောပေါက်ရန် ခဲယဉ်းပေမည်။ ထိုသို့သောဆက်ဆံမှုမျိုး သင်၌ တစ်ခါမျှမရှိခဲ့ဖူးဘဲ ဖြစ်ကောင်းဖြစ်မည်။ ထိုကြောင့် စိတ်ရှည်ပါ။ ဤအဆင့်ကို အလျင်စလို မကျော်လိုက်ပါနှင့်။ အရက်သေစာကို လုံးဝရှောင်ကြဉ်ခြင်းအားဖြင့် ဘုရားသခင်နှင့်ဆက်ဆံမှု အလိုအလျောက်ပေါ်လာလိမ့်မည်ဟု မယူမှတ်နိုင်ပါ။ ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်၏အရည်အချင်းများကိုလည်းကောင်း နားလည်ရန် ကြိုးစားအားထုတ်ပါ။ ယေဟောဝါနှင့် ကိုယ်တော်၏လမ်းစဉ်များကို အလွန့်အလွန် တန်ဖိုးထားသောသဘောများကို ဖော်ပြသည့် သမ္မာကျမ်းစာပါ ဆာလံကျမ်းများကို အသေအချာဖတ်ရွတ်ကာ မှန်မှန်တွေးတောဆင်ခြင်ပါ။c

“သာမန်ထက်ထူးကဲသော တန်ခိုးတော်”

ဘုရားသခင်ကို ယုံကြည်စိတ်ချ အားထားမှီခိုသည့်ဆက်ဆံရေးသည် သင့်ကို များစွာသြဇာညောင်းနိုင်ပါသည်။ ထူထူထောင်ထောင်ဖြစ်ရန် သင့်ကြိုးစားမှုများကို ယေဟောဝါထောက်မကူညီမည်အမှန်။ (ဆာလံ ၅၁:၁၀-၁၂; ၁၄၅:၁၄ နှိုင်းယှဉ်။) အချိန်မရွေး ယေဟောဝါကိုလှိုက်လှဲစွာဆုတောင်း၍ ကိုယ်တော်သည် “သာမန်ထက်ထူးကဲသော တန်ခိုးတော်” သင့်အား ပေးတော်မူမည်အကြောင်း စိတ်ချနိုင်ပါသည်။—၂ ကောရိန္သု ၄:၇၊ ကဘ; ဖိလိပ္ပိ ၄:၆၊ ၇။

ဖန်ဆင်းရှင်သည် သင့်တည်ဆောက်ပုံကို မည်သည့်လူသားထက်မဆို ကောင်းစွာသိတော်မူ၏။ (ဆာလံ ၁၀၃:၁၄) လူ့ဉာဏ်ကိုအမှီပြုသည့် အကြံဉာဏ်ပေးသူများသည် အကူအညီပေးနိုင်ပါသည်။ သို့သော် လူကိုဖန်ဆင်းသည့်အရှင်သည် ဤတိုက်လှန်မှုတွင် ပိုမိုကူညီပေးနိုင်မည်မဟုတ်ပေလော။ (ဟေရှာယ ၄၁:၁၀; ၄၈:၁၇၊ ၁၈) ခရစ်ယာန်အသင်းတော်အတွင်း မေတ္တာရှေ့ထားသည့် ထောက်ပံ့ကူညီမှုရရှိရန် ကိုယ်တော်ပြင်ဆင်ထားတော်မူပြီ။

ထောက်ပံ့ရေးအစီအစဉ်

ခရစ်ယာန်အသင်းတော်ရှိ ဝိညာဉ်ရေးအရ ရင့်ကျက်သူအကြီးအကဲများသည် ကူညီမစမှု များစွာပေးနိုင်ကြပါသည်။ သူတို့အနက် ဆေးဘက်ဆိုင်ရာ၊ စိတ်ရောဂါဘက်ဆိုင်ရာပညာရပ်တွင် ကျွမ်းကျင်သူအလွန်နည်းမည်ဖြစ်သော်လည်း သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် မူဝါဒများကိုသိရှိ၍ အားထားကြပါသည်။ သူတို့သည် “လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီး အရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြ” သည်ကိုသက်သေပြနိုင်ကြသည်။ (ဟေရှာယ ၃၂:၂) သူတို့အကူအညီကို အပြည့်အဝလက်ခံယူပါ။d

သို့သော် ဤခရစ်ယာန်အကြီးအကဲများနှင့် သင့်အိမ်ထောင်ရှိသူများ၊ မိတ်ဆွေများသည် သင့်အပြုအမူများ၏အကျိုးဆက်တို့မှ သင့်ကိုကာကွယ်မည်ကား မဟုတ်ပါ။ Coming Off Drink စာပေက ဤသို့ရှင်းပြသည်။ “ကုထုံးတွင်ပါဝင်သည့် အရေးကြီးသောနည်းမှာ အရက်စွဲခြင်း၏ဆိုးကျိုးများကို အရက်အိုးများအား အသိပေးပြီး သူတို့၏အပြုအမူကို သူတို့ကိုယ်တိုင်တာဝန်ယူ ဖြေရှင်းစေရန်ဖြစ်သည်။” ထိုကြောင့် အကြီးအကဲများသည် ကြင်နာကြမည်။ တစ်ချိန်တည်းတွင် မှန်ကန်ဖြောင့်မတ်စွာဖြင့် အရှိကိုအရှိအတိုင်း မြင်တတ်ရန်၊ အရက်စွဲခြင်းကို သင်တိုက်လှန်ရာတွင် အောင်မြင်နိုင်ရန် ယူသင့်သည့်ကုသနည်းနှင့် လိုက်လျှောက်သင့်သောလမ်းစဉ်ကို စွဲစွဲမြဲမြဲလိုက်လျှောက်ရန် အားပေးတိုက်တွန်းပါလိမ့်မည်။

ထူထူထောင်ထောင်ဖြစ်ခြင်းသည် သင့်တာဝန်

သူတစ်ပါး၏ထောက်ပံ့ကူညီမှုများ အကျိုးခံစားစဉ် သင်သိသင့်သိအပ်သည်မှာ မည်သည့်လူသား၊ သို့မဟုတ် ဝိညာဉ်တန်ခိုးမျှ အသင်ထူထူထောင်ထောင်ဖြစ်လာရန် အတင်းအကျပ်ပြုလုပ်မပေးနိုင်ကြောင်း ဖြစ်သည်။ အသင်သည် ကိုယ့်လမ်းကိုယ်ရွေးနိုင်သူဖြစ်သည်။ သင်ထူထူထောင်ထောင်ဖြစ်ရန် နောက်ဆုံး သင့်တာဝန်ပင်ဖြစ်သည်။ (ကမ္ဘာဦး ၄:၇; တရားဟောရာ ၃၀:၁၉၊ ၂၀; ဖိလိပ္ပိ ၂:၁၂ နှိုင်းယှဉ်။) ထိုတာဝန်ကိုလက်ခံယူပါ။ ယေဟောဝါ သင့်အားကောင်းချီးပေးတော်မူမည်။ ၁ ကောရိန္သု ၁၀:၁၃ တွင် ဤသို့အားပေးထားသည်။ “လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။” ထိုကြောင့် အားယူပါ—အရက်နာကျခြင်းကို တွန်းလှန်နိုင်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a အရက်အိုးကို အမျိုးသားအဖြစ် ဖော်ညွှန်းမည်ဖြစ်သော်လည်း ဤတွင်ပါသောမူများသည် အမျိုးသမီးအရက်အိုးများနှင့်ပါ သက်ဆိုင်၏။

b ကုသပေးသည့်ဌာနများ၊ ဆေးရုံများနှင့် အကူအညီပေးမည့် ထူထူထောင်ထောင်ဖြစ်ရန်အစီအစဉ် မြောက်မြားစွာရှိပါသည်။ ကင်းမျှော်စင်က အဘယ်မည်သောကုသနည်းသည် ကောင်း၏ဟူ၍ ထောက်ခံမပေးပါ။ ကျမ်းစာမူများကိုလျော့ပေါ့လိုက်လျောသည့် လုပ်ဆောင်မှုများတွင် မပါဝင်မိရန် အထူးဂရုပြုရမည်။ သို့ရာတွင် နောက်ဆုံးဆန်းစစ်ကြည့်ချက်တွင် အဘယ်မည်သော ရောဂါကုသနည်းကို မိမိလိုအပ်ကြောင်း ကိုယ့်ကိုယ်တိုင် ဆုံးဖြတ်ရပါမည်။

c ဥပမာအချို့မှာ ဆာလံ ၈၊ ၉၊ ၁၈၊ ၁၉၊ ၂၄၊ ၅၁၊ ၅၅၊ ၆၃၊ ၆၆၊ ၇၃၊ ၇၇၊ ၈၄၊ ၈၆၊ ၉၀၊ ၁၀၃၊ ၁၃၀၊ ၁၃၅၊ ၁၃၉၊ ၁၄၅ တို့ဖြစ်သည်။။

d The Watchtower, May 1, 1983, pages 8-11 တွင် အကြီးအကဲများအတွက် အကူအညီဖြစ်သော လမ်းပြညွှန်ကြားမှုများကို တင်ပြထားပါသည်။

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]

အရက်နာကျခြင်းကြောင့် သင်သည် ဂုဏ်သရေထိခိုက်ခြင်း၊ စိတ်ဆင်းရဲခြင်း ခံနေရကောင်း ခံနေရမည်။ ထိုသို့ဖြစ်လျှင် အားမလျှော့ပါနှင့်။ အကူအညီရှိပါသည်။

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]

ခြေချော်မိလျှင်

“ခြေချော်မိမည့်အခါအတွက် အသင့်ရှိခြင်းသည် မီးဘေးမကြုံမီ ကြိုတင်လေ့ကျင့်ခြင်းနှင့်တူသည်” ဟု Willpower’s Not Enough စာအုပ်ကဆိုသည်။ “မီးလောင်လိမ့်မည်ဟု အထင်ရှိနေသည်ကိုမဆိုလိုဘဲ မီးလောင်ခဲ့လျှင် တာဝန်သိတတ်စွာ အရေးယူဆောင်ရွက်ရန် အသင့်ရှိပါလိမ့်မည်။” ခြေချော်မိခဲ့လျှင်–

◻ ယေဟောဝါကိုဆုတောင်းပါ။ သင့်ပြဿနာကို ကိုယ်တော်သဘောပေါက်နားလည်၍ ကူညီပေးလိုကြောင်း စိတ်ချယုံကြည်ပါ။—ဆာလံ ၁၀၃:၁၄; ဟေရှာယ ၄၁:၁၀။

◻ ခရစ်ယာန်အကြီးအကဲတစ်ဦးကို ရင်ဖွင့်ပါ၊ အရေးပေါ်မည်ဆိုလျှင် မည်သူ့ကို အကူအညီတောင်းမည်ဟု ကြိုတင်ဆုံးဖြတ်ထားပါ။ အဖြစ်အပျက်ကို မှန်ကန်ဖြောင့်မတ်စွာဖော်ပြ၍ သူ၏ကျမ်းစာဆိုင်ရာသြဝါဒကို အသေအချာနားထောင်ပါ။

အ◻ စိတ်ပျက်မသွားရန် သတိပြုပါ။ ကိုယ့်ကိုယ်ကိုရွံရှာခြင်းဖြင့် လုံးလုံးလျားလျား နောက်ပြန်ဆုတ် ခြေချော်ဖို့အကြောင်း ပိုများစေပါသည်။ ထိုကြောင့် သင့်အမှားအယွင်းကို အမြင်မှန်ဖြင့်ကြည့်ရှုပါ။ တိုက်ပွဲတစ်ခုရှုံးသွားခြင်းသည် စစ်ပွဲရှုံးသွားပြီဟု အဓိပ္ပာယ်မသက်ရောက်ပါ။ တာဝေးပြေးပွဲဝင်သူသည် ချော်လဲမည်ဆိုလျှင် ပန်းလွှတ်သည့်တာသို့ ပြန်မသွားပါ။ ပြန်ထပြီး ဆက်ပြေးပါသည်။ သင်ထူထူထောင်ထောင်ဖြစ်သည့်အချိန်တွင်လည်း ထပ်တူပြုလုပ်ပါ။ လမ်းခရီးပေါ် သင်ဆက်ရှိနေသေးသည်။ သင်အရက်ဖြတ်ခဲ့သည့် ရက်သတ္တပတ်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာတို့သည် တည်မြဲတည်နေမည်သာဖြစ်သည်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ကိုယ့်ကိုယ်ကို အသေအချာစိစစ်ကြည့်ခြင်းအားဖြင့် ဝန်မခံဘဲနေခြင်းကို ငြင်းပယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ