အကြီးမြတ်ဆုံးနာမတော်၏ နက်နဲရာကိုဖော်ထုတ်ခြင်း
စိတ်ဝင်စားစရာကား မွတ်စလင်ကူရ်အန်ကျမ်းနှင့် ခရစ်ယာန်သမ္မာကျမ်းနှစ်ခုလုံးက အကြီးမြတ်ဆုံးနာမတော်ကို ရည်ညွှန်းကြသည်။ ဤဆွေးနွေးခန်းသည် အကြီးမြတ်ဆုံးနာမတော်၏ အဓိပ္ပာယ်နှင့်အရေးကြီးမှုကို ရှင်းလင်းတင်ပြသည်။ ထိုနာမတော်သည် လူသားအားလုံးနှင့် ဤကမ္ဘာရှိကျွန်ုပ်တို့၏အနာဂတ်ကို မည်သို့ ဩဇာသက်ရောက်ကြောင်းလည်း တင်ပြသည်။
ဤကမ္ဘာပေါ်တွင် ယောက်ျားမိန်းမသန်းပေါင်းများစွာ အသက်ရှင်ခဲ့ကြ၊ သေဆုံးခဲ့ကြသည်။ အများအားဖြင့် ၎င်းတို့၏အမည်သည် သူတို့နှင့်အတူပျောက်ကွယ်ကုန်ကြပြီး သူတို့အားလည်း မေ့ပျောက်ကုန်သည်။ သို့သော် အချို့သော—အဗီစန္နား၊ အယ်ဒီဆင်၊ ပါစချာ၊ ဘီသိုဗင်၊ ဂန္ဒီ နှင့် နယူတန်တို့ကဲ့သို့သော—ထင်ရှားသည့်နာမည်များမူ ဆက်လက်တည်ရှိကြသည်။ ယင်းအမည်များသည် အမည်ရှင်များ၏ အောင်မြင်မှု၊ စူးစမ်းရှာဖွေမှု၊ တီထွင်မှုများနှင့် ပတ်သက်နေသည်။
သို့သော် အခြားသောအမည်အားလုံးထက် ကြီးမြတ်သောအမည်တစ်ခု ရှိသည်။ စကြဝဠာတစ်ခုလုံးရှိ အတိတ်နှင့်လက်ရှိအံ့သြဖွယ်ရာအားလုံးတို့သည် ယင်းနှင့်ဆက်စပ်နေသည်။ အကြောင်းမှာ တည်တံ့ပျော်ရွှင်သောလူ့ဘဝမျှော်လင့်ချက်သည် ဤအမည်နှင့်ပတ်သက်နေသည်!
လူများစွာတို့သည် ဤအမည်ကိုသိလိုလာကြသည်။ ယင်းအမည်ကို သူတို့ရှာဖွေမေးမြန်းလာခဲ့ကြသော်လည်း မသိခဲ့ရချေ။ ယင်းသည် သူတို့အတွက် နက်နဲရာဖြစ်နေသည်။ အမှန်မူ ယင်းအမည်ပိုင်ရှင်က မဖော်ထုတ်ပြမချင်း မည်သည့်လူသားမျှ ဤအမည်ကိုရှာဖွေတွေ့ရှိနိုင်မည်မဟုတ်။ ဝမ်းသာစရာကား ပြိုင်ဘက်ကင်းသောထိုအမည်သည် ဖော်ထုတ်ခံခဲ့ရသည်။ မိမိကိုယုံကြည်သူများ မိမိအကြောင်းသိရှိရန် ဘုရားသခင်ကိုယ်တော်တိုင် ယင်းကိုဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ အာဒံ၊ အာဗြဟံ၊ မောရှေနှင့် အခြားသော မိမိ၏ရှေးသစ္စာရှိကျေးကျွန်များအား မိမိ၏နာမတော်ကိုဖော်ပြခဲ့သည်။
အကြီးမြတ်ဆုံးနာမတော်ရှာပုံတော်ဖွင့်ခြင်း
ကူရ်အန်ကျမ်းက “ကျမ်းစာကိုနှိုက်နှိုက်နှဲနှဲကျွမ်းကျင်သောသူ” အကြောင်း ပြောဆိုသည်။ (၂၇:၄၀) ဤအခန်းငယ်ကိုရှင်းပြရာတွင် တာ့ဖ်စီရ်ဇလယ်လ်ယန် အမည်ရှိအနက်ဖွင့်ကျမ်းက “ဗာရ်ကီယာ၏သား အာစပ်ဖ်သည် ဖြောင့်မတ်သောသူဖြစ်သည်။ အကြီးမြတ်ဆုံးသောဘုရားသခင့်နာမတော်ကို သူသိခဲ့သည်။ ယင်းနာမတော်ကိုသူခေါ်တိုင်း ထူးတော်မူခြင်းခံရသည်” ဟုဆိုသည်။ ယင်းက ဆာလံ ၈၃:၁၈ တွင် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါစေသော” ဟုပြောသော ကျမ်းရေးသူအာသကို ကျွန်ုပ်တို့သတိရစေသည်။
ကူရ်အန် ၁၇:၂ တွင် ကျွန်ုပ်တို့ဖတ်ရသည်မှာ “ငါတို့သည်မောရှေအား ကျမ်းစာများကိုပေး၍ ဣသရေလလူမျိုးများအတွက် လမ်းညွှန်ဖြစ်စေခဲ့သည်” ဟူ၍ဖြစ်သည်။ ထိုကျမ်းစာစောင်များတွင် မောရှေက ဘုရားသခင်ကို ဤသို့ဖော်ပြထားသည်–“အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍ ‘သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကို သင်တို့ရှိရာသို့စေလွှတ်တော်မူပြီ’ ဟု ကျွန်ုပ်ဆိုလျှင် သူတို့က ‘ထိုဘုရားသခင်၏နာမတော်ကားအဘယ်သို့နည်း’ ဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ၏။ ဘုရားသခင်က ‘သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါ့ကို သင်တို့ရှိရာသို့စေလွှတ်တော်မူပြီ’ ဟု ဣသရေလအမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ်သဖြင့်ငါ့အမည်ဖြစ်၏။”—ထွက်မြောက်ရာ ၃:၁၃၊ ၁၅။
ရှေးအချိန်က ဣသရေလလူမျိုးသည် ဘုရားသခင်၏ ဤကြီးမြတ်သောနာမတော်ကိုသိခဲ့ကြသည်။ ယင်းနာမတော်ကို မိမိတို့အမည်၏အစိတ်အပိုင်းအဖြစ် အသုံးပြုခဲ့ကြသည်။ ယခုအခါ “ဘုရားကျေးကျွန်” ဟုအဓိပ္ပာယ်ရသော အဗ္ဗဒူလာဟူသောအမည်ကို လူတစ်ဦးခံယူသကဲ့သို့ ရှေးဣသရေလလူမျိုးတွင် “ယေဟောဝါ၏ကျေးကျွန်” အဓိပ္ပာယ်ရှိသော ဩဗဒိဟူသည့်အမည်ရှိခဲ့သည်။ ပရောဖက်မောရှေ၏မိခင်အမည်သည် ယောခေဗက်ဖြစ်ပြီး ဖြစ်နိုင်သည့်အဓိပ္ပာယ်မှာ “ယေဟောဝါသည် ဘုန်းအသရေ” ဖြစ်သည်။ ယောဟန်ဟူသောအမည်သည် “ယေဟောဝါကျေးဇူးပြုခဲ့ပြီ” ဟူ၍အဓိပ္ပာယ်ရသည်။ ပရောဖက်ဧလိယ၏အမည်မှာ “ငါ၏ဘုရားသည်ယေဟောဝါ” ဟုအဓိပ္ပာယ်ရှိသည်။
ပရောဖက်များသည် ဤနာမတော်ကိုသိခဲ့ကြပြီး ယင်းကို အလွန်ရိုသေလေးစားစွာအသုံးပြုခဲ့ကြသည်။ ယင်းနာမတော်ကို သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း ၇,၀၀၀ ထက်မနည်းတွေ့ရသည်။ မာရိ၏သားယေရှုခရစ်သည် ဘုရားသခင်ထံဆုတောင်းခဲ့စဉ်က ယင်းကိုထင်ရှားစေခဲ့သည်–“အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို ပြပါပြီ။ . . . ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်။” (ယောဟန် ၁၇:၆၊ ၂၆) ဘိုင်ဒါးဝီ ရေးသည့် နာမည်ကြီးကူရ်အန်အနက်ဖွင့်ကျမ်းတွင် ကူရ်အန် ၂:၈၇ ကိုရှင်းပြရာ၌ ယေရှုသည် “ဘုရားသခင်၏အကြီးမြတ်ဆုံးသောနာမတော်အားဖြင့် သေသူများကိုပြန်ရှင်စေခဲ့” ဖူးကြောင်း ဆိုထားသည်။
သို့နှင့် ထိုနာမတော်သည် နက်နဲရာတစ်ခုမည်သို့ဖြစ်ခဲ့သနည်း။ ထိုနာမတော်သည် ကျွန်ုပ်တို့တစ်ဦးစီ၏အနာဂတ်နှင့် မည်သို့သက်ဆိုင်သနည်း။
နာမတော်သည် နက်နဲရာမည်သို့ဖြစ်လာခဲ့သနည်း
အချို့တို့က ဟေဗြဲဘာသာစကားဖြင့်ခေါ်သော “ယေဟောဝါ” သည် “အလ္လာဟ်” (ဘုရား) ဟူ၍အဓိပ္ပာယ်ရှိသည်ဟု ထင်ကြသည်။ သို့သော် “အလ္လာဟ်” သည် ဟေဗြဲဘာသာစကားတွင် အီလိုဟင်းမ် နှင့်ညီပြီး အီလိုအာ (ဘုရား) ဟူသောဝေါဟာရ၏အများကိန်းကို ရိုသေလေးမြတ်ခြင်းသဘောဖြင့်ခေါ်ထားခြင်းဖြစ်သည်။ ဂျူးများအလယ်တွင် မြင့်မြတ်သောနာမတော်ယေဟောဝါအား အသံထွက်ခေါ်ရန်တားဆီးသည့် အယူသီးမှုတစ်ခုပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် သူတို့သည် သန့်ရှင်းသောကျမ်းစာစောင်များကိုဖတ်နေစဉ် ယေဟောဝါဟူသောအမည်ကိုတွေ့လျှင် “အရှင်သခင်” ဟုအဓိပ္ပာယ်ရှိသည့် အဒိုနေး ဟုခေါ်သည့်ထုံးစံရှိလာခဲ့သည်။ မူရင်းဟေဗြဲကျမ်းစာ၏အချို့နေရာများတွင် “ယေဟောဝါ” ကို အဒိုနေး သို့ပင် ပြောင်းပစ်ခဲ့ကြသည်။
ခရစ်ယာန်ဘောင်ဘာသာရေးခေါင်းဆောင်များသည် အလားတူလမ်းစဉ်ကို လိုက်လျှောက်ခဲ့ကြသည်။ သူတို့သည် ယေဟောဝါဟူသောအမည်တွင် “ဘုရားသခင်” (အာရေဘစ်တွင် “အလ္လာဟ်”) နှင့် “သခင်အရှင်” ဟူ၍ အစားထိုးခဲ့ကြသည်။ ယင်းက သန့်ရှင်းသောကျမ်းစာစောင်များမှ အခြေမခံသည့် သုံးပါးပေါင်းတစ်ဆူအယူကို ပေါ်ပေါက်လာစေသည်။ ယင်းကြောင့် လူသန်းပေါင်းများစွာတို့သည် ယေရှုနှင့်သန့်ရှင်းသောဝိညာဉ်တော်တို့ကို မှားယွင်းစွာကိုးကွယ်ကြပြီး ယင်းတို့သည် ဘုရားသခင်နှင့်တန်းတူဖြစ်သည်ဟု ယူမှတ်ကြသည်။a
သို့ဖြင့် ဂျူးနှင့်ခရစ်ယာန်ဘောင်ခေါင်းဆောင်များသည် အကြီးမြတ်ဆုံးသောနာမတော်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာလျစ်လျူရှုခြင်းအတွက် အပြစ်တင်စရာဖြစ်သည်။ သို့သော် ဘုရားသခင်ပရောဖက်ပြုထားသည်မှာ “ငါ၏ကြီးမြတ်သောနာမတော်ကို ငါသန့်ရှင်းစေ၍ . . . ငါသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်” ဟူ၍ဖြစ်သည်။ မှန်ပါသည်၊ မိမိ၏နာမတော်ကို လူမျိုးအားလုံးသိရှိအောင် ယေဟောဝါပြုတော်မူမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကိုယ်တော်သည် ဂျူး သို့မဟုတ် အခြားသီးခြားလူမျိုးတစ်မျိုး၏ဘုရားသာလျှင်မဟုတ်ပါ။ ယေဟောဝါသည် လူသားအားလုံးတို့၏ဘုရားဖြစ်တော်မူသည်။—ယေဇကျေလ ၃၆:၂၃၊ သမ္မ; ကမ္ဘာဦး ၂၂:၁၈; ဆာလံ ၁၄၅:၂၁; မာလခိ ၁:၁၁။
အကြီးမြတ်ဆုံးနာမတော်နှင့် ကျွန်ုပ်တို့၏အနာဂတ်
သန့်ရှင်းသောကျမ်းစာ ဤသို့ပြောသည်–“ယေဟောဝါရှင်၏နာမတော်ကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြလတ္တံ့။” (ရောမ ၁၀:၁၃၊ ကဘ) တရားစီရင်ရာနေ့တွင် ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ဘုရားသခင်၏နာမတော်ကိုကျွန်ုပ်တို့သိခြင်းနှင့် ဆက်စပ်နေမည်။ ကိုယ်တော့်နာမတော်ကိုသိရှိခြင်းတွင် ကိုယ်တော့်ဂုဏ်ရည်တော်များ၊ လုပ်ငန်းတော်များ၊ ရည်ရွယ်ချက်များကိုသိရှိခြင်းနှင့် ကိုယ်တော့်မြင့်မားသည့်စည်းမျဉ်းများနှင့်အညီ နေထိုင်ခြင်းတို့ပါဝင်သည်။ ဥပမာ၊ အာဗြဟံသည် ဘုရားသခင့်နာမတော်ကိုသိခဲ့ပြီး ယင်းကိုခေါ်ခဲ့သည်။ ရလဒ်အနေနှင့် ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေး၊ ကိုယ်တော်အား သစ္စာရှိကြောင်းတင်ပြခြင်း၊ အားကိုးအားထားခြင်းနှင့် နာခံခြင်းများတွင် သူမွေ့လျော်ခဲ့သည်။ သို့နှင့် အာဗြဟံသည် ဘုရားသခင်၏မိတ်ဆွေဖြစ်လာခဲ့သည်။ ထိုနည်းတူပင် ဘုရားသခင့်နာမတော်ကိုသိရှိခြင်းသည် ကျွန်ုပ်တို့အား ကိုယ်တော်နှင့်နီးကပ်စေပြီး ကိုယ်တော်နှင့်နှစ်ကိုယ်ကြားဆက်ဆံရေးတိုးတက်ရန်၊ ကိုယ်တော့်မေတ္တာတော်ကိုကိုင်စွဲထားရန် အကူအညီဖြစ်စေသည်။—ကမ္ဘာဦး ၁၂:၈; ဆာလံ ၉:၁၀; သု. ၁၈:၁၀; ယာကုပ် ၂:၂၃။
သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်–“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့ ၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။” (မာလခိ ၃:၁၆) ထိုအကြီးမြတ်ဆုံးနာမတော်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် ‘တွေးတောဆင်ခြင်’ ရသနည်း။ ယေဟောဝါဟူသောအမည်သည် စာသားအရ “ကိုယ်တော်ဖြစ်လာစေသည်” ဟုအဓိပ္ပာယ်ရှိသည်။ ယင်းက ယေဟောဝါအား မိမိကိုယ်ကို ကတိတော်များပြည့်စုံစေသူဖြစ်လာအောင်ပြုသူအဖြစ် ဖော်ပြသည်။ ကိုယ်တော်သည် မိမိရည်ရွယ်ချက်အားလုံးကို အထမြောက်စေတော်မူသည်။ ကိုယ်တော်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၊ တစ်ဆူတည်းသောဖန်ဆင်းရှင်၊ ကောင်းမွန်သောဂုဏ်ရည်တော်အားလုံးရှိသည့်အရှင် ဖြစ်တော်မူသည်။ ဘုရားသခင်၏မြင့်မြတ်သောအနေအထားကို အပြည့်အဝတင်ပြနိုင်စွမ်းရှိသည့် စကားလုံးတစ်လုံးမျှမရှိပါ။ သို့သော် ဘုရားသခင်သည် မိမိအတွက် အကြီးမြတ်ဆုံးသောနာမတော်—ယေဟောဝါ—ကိုရွေးချယ်တော်မူခဲ့ပြီး ယင်းက ကိုယ်တော့်ဂုဏ်ရည်တော်များ၊ အရည်အချင်းတော်များနှင့် ရည်ရွယ်တော်မူချက်များအားလုံးကို ပြန်လည်သတိရစေသည်။
သန့်ရှင်းသောကျမ်းစာစောင်များတွင် လူသားများအတွက်ဘုရားသခင့်ရည်ရွယ်ချက်ကို ကျွန်ုပ်တို့အားကိုယ်တော်ပြောထားသည်။ ပရဒိသုတွင် ပျော်ရွှင်သောထာဝရအသက်ကို မွေ့လျော်ရန် လူသားများကိုဘုရားသခင်ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ လူသားများအတွက် ဘုရားသခင့်အလိုတော်မှာ လူအားလုံးတို့သည် မိသားစုတစ်ခုအနေနှင့် မေတ္တာနှင့်ငြိမ်သက်ခြင်းတွင် စည်းလုံးနေကြရန်ဖြစ်သည်။ မေတ္တာရှင်ဘုရားသခင်သည် မဝေးတော့သည့်အနာဂတ်တွင် ဤရည်ရွယ်ချက်ကို အထမြောက်စေတော်မူမည်။—မဿဲ ၂၄:၃-၁၄၊ ၃၂-၄၂; ၁ ယောဟန် ၄:၁၄-၂၁။
လူသားများဆင်းရဲဒုက္ခခံစားနေရသည့်အကြောင်းများကို ဘုရားသခင်ရှင်းပြပြီး ကယ်တင်ခြင်းသည် ဖြစ်နိုင်ကြောင်းကို တင်ပြတော်မူသည်။ (ဗျာဒိတ် ၂၁:၄) ဆာလံ ၃၇:၁၀၊ ၁၁ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်–“ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ကူရ်အန် ၂၁:၁၀၅ ကိုလည်းရှု။
မှန်ပါသည်။ ဘုရားသခင်သည် ကြီးမြတ်တော်မူသောနာမတော်အားဖြင့် ဂုဏ်ထင်ရှားလိမ့်မည်။ လူမျိုးများသည် ကိုယ်တော်ယေဟောဝါဖြစ်တော်မူကြောင်း သိရကြလိမ့်မည်။ အကြီးမြတ်ဆုံးနာမတော်ကို သိရှိရခြင်း၊ သက်သေခံရခြင်း၊ မှီဝဲဆည်းကပ်ရခြင်းကား မည်မျှကောင်းမြတ်သည့်အခွင့်ထူးကြီးပါတကား! ဤနည်းအားဖြင့် ဘုရားသခင်၏ ရွှင်လန်းအားရဖွယ်ရည်ရွယ်ချက်သည် ကျွန်ုပ်တို့တစ်ဦးစီအပေါ်တွင် ပြည့်စုံလာမည်–“သူသည်ငါ့ကိုချစ်သောကြောင့် သူ့ကိုငါကယ်နှုတ်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကိုငါချီးမြောက်မည်။ သူသည်ငါ့ကိုခေါ်သောအခါ ငါထူးမည်။ . . . ရှည်သောအသက်နှင့်သူ့ကိုရောင့်ရဲစေ၍ ငါ၏ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။”—ဆာလံ ၉၁:၁၄-၁၆။
[အောက်ခြေမှတ်ချက်များ]
a သုံးပါးပေါင်းတစ်ဆူသည် သမ္မာကျမ်းစာသွန်သင်ချက်မဟုတ်ကြောင်း အထောက်အထားကို နယူးယောက်မြို့ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ၁၉၈၉ ခုနှစ်တွင်ထုတ်ဝေသည့် သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော ဘရိုရှာကိုရှု။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
မီးလောင်နေသည့်ချုံတွင် ဘုရားသခင်သည် ‘အာဗြဟံ၏ဘုရား၊ ယေဟောဝါ’ အဖြစ် မိမိကိုယ်ကို မောရှေအားထင်ရှားဖော်ပြခဲ့သည်
[Credit Line]
Moses and the Burning Bush, by W. Thomas. Sr.