အမှားကိုအဘယ်ကြောင့်ဝန်ခံရသနည်း
အဖြစ်အပျက်များမှာ စစ်သမိုင်းတွင်မကြုံစဖူးထူးခြားလှသော အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။ စော်ကားမှုတစ်ခုကိုလက်တုံ့ပြန်ရန် သန္နိဋ္ဌာန်ချလျက်ချီလာသော၊ တိုက်ပွဲအလီလီ၏အတွေ့အကြုံဖြင့် စိတ်ဓာတ်ကြံ့ခိုင်မာကျောလျက်ရှိသော စစ်သား ၄၀၀ တို့အား လက်နက်လည်းမဆောင်သောဖျန်ဖြေစေ့စပ်သူတစ်ဦးက ပြန်၍တပ်ခေါက်စေခဲ့သည့်ဖြစ်ရပ်ပင်တည်း။ ရဲရင့်သောအမျိုးသမီး၏တောင်းပန်ချက်ကို နားထောင်ပြီးနောက် ထိုစစ်သားများ၏ခေါင်းဆောင်က မိမိ၏လာရင်းရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်လေသည်။
အဆိုပါခေါင်းဆောင်မှာ နောင်တွင် ဣသရေလနိုင်ငံ၏ဘုရင်ဖြစ်လာခဲ့သော ဒါဝိဒ်ဖြစ်သည်။ ဘုရားသခင်၏နှစ်သက်မှုကိုခံယူလိုသည့်အတွက် ထိုအမျိုးသမီးဖြစ်သောအဘိဂဲလ၏စကားကို နာခံခဲ့ခြင်းဖြစ်သည်။ သူမ၏ခင်ပွန်းနာဗလအပေါ်လက်တုံ့ပြန်ပါက သွေးပြစ်သင့်မည်ဖြစ်ကြောင်း ဒါဝိဒ်မြင်လာအောင် အဘိဂဲလက လိမ္မာပါးနပ်စွာပြခဲ့ပေသည်။ ထိုအခါဒါဝိဒ်က အာမေဍိတ်သံပြုလျက်ဤသို့ဆို၏– “ယနေ့ ငါနှင့်တွေ့စေခြင်းငှာ သင့်ကိုစေလွှတ်တော်မူသော ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် မင်္ဂလာရှိတော်မူစေသတည်း။ ယနေ့ ငါသည် လူအသက်ကိုသတ်အံ့သောငှာ မသွားရမည့်အကြောင်း၊ ကိုယ်လက်နှင့်ကိုယ်အမှုကိုစောင့်၍ အပြစ်ဒဏ်မခတ်ရမည့်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။” ဒါဝိဒ်သည် မိမိအနေနှင့် ဆိုးရွားသောအမှားကိုမကျူးလွန်မိအောင် ဟန့်တားရန် အဘိဂဲလကိုဘုရားအသုံးပြုတော်မူသည့်အတွက် ကျေးဇူးတင်ခဲ့လေသည်။—၁ ဓမ္မရာဇဝင် ၂၅:၉-၃၅။
ဆာလံတစ်ပုဒ်တွင် ဒါဝိဒ်က “မိမိမှားယွင်းခြင်းကို အဘယ်သူသည်နားလည်နိုင်သနည်း” ဟု မေးခွန်းထုတ်ခဲ့သည်။ (ဆာလံ ၁၉:၁၂) သူကဲ့သို့ပင် ကျွန်ုပ်တို့သည် အခြားသူတစ်ဦးဦးက လာရောက်ထောက်ပြခြင်းမပြုပါက မိမိ၏အမှားများကိုမသိဘဲနေပေမည်။ အခြားကိစ္စများစွာတို့၌ ကျွန်ုပ်တို့သည်မှားယွင်းခဲ့ကြောင်း၊ အမြော်အမြင်ကင်းမဲ့ခဲ့ကြောင်း သို့မဟုတ် အကြင်နာကင်းမဲ့ခဲ့ကြောင်း ဖြစ်ပေါ်လာသည့်မသာယာသောနောက်ဆက်တွဲရလဒ်များက ကျွန်ုပ်တို့အားသိမြင်စေတတ်သည်။
စိတ်ပျက်ရန်အကြောင်းမဟုတ်
ကျွန်ုပ်တို့အားလုံးမှားတတ်ကြသော်လည်း ဤအချက်သည် စိတ်ပျက်ရန်အကြောင်းဖြစ်စရာမလိုပါ။ “အမှားဘာမှမလုပ်တဲ့သူဟာ ဘာအလုပ်မှမလုပ်တဲ့သူဖြစ်တယ်” ဟု သံတမန်အက်ဒဝပ်ဂျွန်ဖဲ့က ပြောခဲ့ဖူးသည်။ ခရစ်ယာန်တပည့်တော်ယာကုပ်ကလည်း “ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ၏” ဟုဆိုခဲ့သည်။ (ယာကုပ် ၃:၂) ကလေးငယ်တစ်ဦးသည် ဘယ်တော့မျှချော်မလဲဘဲ လမ်းလျှောက်သင်နိုင်မည်လော။ မသင်နိုင်ပါ၊ ကလေးငယ်သည် အမှားများမှသင်ကြားသိနားလည်လာပြီး ဆက်လက်ကြိုးစားခြင်းဖြင့် နောက်ဆုံး ဟန်ချက်ကိုထိန်းနိုင်လာခြင်းဖြစ်သည်။
သမာသမတ်ကျသောဘဝမျိုးတွင် အသက်ရှင်ရန်အတွက်လည်း ကျွန်ုပ်တို့သည် မိမိတို့၏အမှားနှင့်အခြားသူများ၏အမှားများမှ သင်ခန်းစာယူရန်လိုအပ်သည်။ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့၏အခြေအနေနှင့်တူသောအခြေအနေမျိုးအောက်တွင် နေခဲ့ကြသည့်လူများတို့၏ အတွေ့အကြုံအကြောင်းများစွာဆိုထားသည်။ ယင်းတို့သည် ကျွန်ုပ်တို့အနေနှင့် ထိုသူတို့၏အမှားများကိုရှောင်ကွင်းနိုင်ရန် အကူအညီဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့သည် ထိုသူတို့ပြုလုပ်ခဲ့သည့်အမှားများမှ အဘယ်သင်ခန်းစာများကိုရရှိနိုင်သနည်း။
စိတ်နှိမ့်ချမှု မရှိမဖြစ်လိုအပ်သည့်အရည်အသွေး
သင်ခန်းစာတစ်ခုမှာ ဘုရားသခင်သည် အမှားပြုလုပ်မိသူတိုင်းကို အပြစ်ဒဏ်စီရင်တော်မူသည်မဟုတ် သို့သော် ထိုအမှားများကို ပြုပြင်၍ရပါလျက်နှင့် ပြုပြင်ရန်ငြင်းဆန်သောသူကိုသာ အပြစ်ရှိသည်ဟုစီရင်တော်မူခြင်းဖြစ်သည်။ ဣသရေလရှင်ဘုရင်ရှောလုသည် အာမလက်လူတို့ကိုအကုန်အစင်သုတ်သင်ရန်ဟူသော ယေဟောဝါ၏ညွှန်ကြားချက်ကို မနာခံဘဲနေခဲ့သည်။ ပရောဖက်ရှမွေလနှင့်ရင်ဆိုင်သောအခါ သူသည် ယင်းကိစ္စကို အသေးအမွှားဖြစ်အောင်ပြောဆိုပြီးနောက် အခြားသူများအားအပြစ်ဖို့ရန် ကြိုးစားခဲ့သည်။ သူသည် မိမိ၏အမှားကိုပြုပြင်တည့်မတ်ရန်ထက် မိမိလူတို့ရှေ့မှာမိမိဂုဏ်ကိုဆယ်ဖို့သာ အဓိကထားခဲ့သည်။ ဤသို့ ဖြင့် ယေဟောဝါသည် ‘ရှောလုအားဘုရင်အရာမှပယ်’ တော်မူခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၅:၂၀-၂၃၊ ၃၀။
ရှောလုကိုဆက်ခံခဲ့သောဒါဝိဒ်သည် အမှားများပြုမိခဲ့သော်လည်း သွန်သင်ဆုံးမမှုနှင့်ပြုပြင်ခြင်းကို စိတ်နှိမ့်ချစွာလက်ခံခဲ့သောကြောင့် ခွင့်လွှတ်ခြင်းကိုခံစားခဲ့ရသည်။ ဒါဝိဒ်၏စိတ်နှိမ့်ချမှုက သူ့အား အဘိဂဲလ၏စကားကိုအလေးမူစေခဲ့သည်။ သူ၏တပ်သားများသည် တိုက်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေကြသည်။ သို့တိုင် သူ၏တပ်သားများရှေ့တွင် မိမိစိတ်လိုက်မာန်ပါ ဆုံးဖြတ်မိခဲ့ကြောင်း ဒါဝိဒ် ဝန်ခံခဲ့သည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ဤသို့သောစိတ်နှိမ့်ချမှုက ခွင့်လွှတ်မှုကိုရှာယူရန်နှင့် ခြေလှမ်းများကိုပြုပြင်ရန် သူ့အားကူညီခဲ့သည်။
စိတ်နှိမ့်ချခြင်းက ယေဟောဝါ၏ကျေးကျွန်များအား မဆင်မခြင်ပြောဆိုမိမှုများကိုလည်း ပြုပြင်စေပါသည်။ ဆန်ဟီဒရင်တရားရုံးရှေ့တွင် အမှုကြားနာစဉ် ပေါလုကိုလက်ဝါးဖြင့်ရိုက်ရန် ယဇ်ပုရောဟိတ်မင်းကအမိန့်ပေးသည်။ တမန်တော်က “အဖြူသုတ်ထားသောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်” ဟု ပြန်လည်ထိုးနှက်ခဲ့သည်။ (တမန်တော် ၂၃:၃) အပါး၌ရပ်နေသူများက “သင်သည် ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းကို ဆဲသလော” ဟုဆိုချိန်ထိ မျက်စိအမြင်အားနည်းမှုကြောင့် မိမိစကားပြောဆိုသောသူသည် ယဇ်ပုရောဟိတ်မင်းဖြစ်မှန်း ထိုအချိန်အထိပေါလုမသိသေးခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအခါကျမှပေါလုက မိမိ၏အမှားကို ချက်ချင်းပြန်၍ဝန်ခံပြီး ဤသို့ပြောသည်– “ညီအစ်ကိုတို့ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကို အကျွန်ုပ်မသိ။ ‘သင်၏အမျိုးကိုအုပ်စိုးသောမင်းကို မကဲ့ရဲ့ရ’ ဟုကျမ်းစာ၌လာသည်။” (တမန်တော် ၂၃:၄၊ ၅; ထွက်မြောက်ရာ ၂၂:၂၈) မှန်ပါသည်။ ပေါလုသည် မိမိ၏အမှားကို စိတ်နှိမ့်ချစွာဝန်ခံခဲ့ပေသည်။
အမှားကိုဝန်ခံခဲ့ကြသူများ
အချို့က မိမိတို့၏မှားယွင်းချွတ်ချော်သောစဉ်းစားပုံများကို ပြောင်းလဲပြုပြင်ခဲ့ကြကြောင်း ကျမ်းစာကတင်ပြပါသည်။ ဥပမာအားဖြင့် ဆာလံဆရာအာသကိုကြည့်ပါလေ။ လူဆိုးများကောင်းစားလျက်နေကြပုံပေါက်သဖြင့် “အကယ်စင်စစ် ငါ့နှလုံးကိုငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ” ဟုဆိုခဲ့သည်။ သို့သော် အာသသည် ယေဟောဝါ၏အိမ်တော်သို့သွားပြီး စစ်မှန်သောဝတ်ပြုရေး၏ အကျိုးကျေးဇူးများကို အာရုံပြုဆင်ခြင်လိုက်သောအခါ သူ၏အမြင်မှန်ပြန်၍ရခဲ့သည်။ ထို့အပြင်၊ သူ၏မှားယွင်းမှုကို ဆာလံကျမ်းအခန်းကြီး ၇၃ တွင် ဝန်ခံထားပေသည်။
ယောနလည်း မှားယွင်းသောစဉ်းစားပုံက သူ၏အမြင်ကို ဖုံးလွှမ်းခွင့်ပြုခဲ့သည်။ နိနေဝေမြို့တွင်ဟောပြောပြီးသောအခါ ထိုမြို့နေလူထု၏အသက်ချမ်းသာရရှိရေး အစား သူ၏ကိုယ်ပိုင်အပြစ်လွတ်ရေးကိုသာ ပူပန်ခဲ့သည်။ နိနေဝေမြို့နေလူထုနောင်တရသည်ကို ထည့်မစဉ်းစားဘဲ ၎င်းတို့အားယေဟောဝါဖျက်ဆီးတော်မမူသည်ကို မကျေမနပ်ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်က သူ့အားပြုပြင်တည့်မတ်ပေးတော်မူခဲ့သည်။ ယောနက သူ၏အမြင်မှားယွင်းပုံကို ပြန်၍သိမြင်လာကြောင်းထင်ရှားလေသည်။ အကြောင်းမှာ သူ၏အမည်ဖြင့်ခေါ်ဆိုသောသမ္မာကျမ်းစာစောင်တွင် သူ၏အမှားများကို ရိုးသားစွာဝန်ခံမှတ်တမ်းတင်ထားခြင်းကြောင့်ဖြစ်သည်။—ယောန ၃:၁၀–၄:၁၁။
ယောဘသည် စာတန်ကမဟုတ်ဘဲ ယေဟောဝါကသာ မိမိအားဒုက္ခပေးညှဉ်းဆဲနေသည်ဟုယူဆလျက် သူဒုက္ခခံစားရခြင်းသည် မတရားကြောင်းသက်သေပြရန် ကြိုးစားခဲ့သည်။ စမ်းသပ်ခြင်းအောက်၌ ဘုရားသခင်၏ကျေးကျွန်များသည် ဘုရားသခင်အားကျေးဇူးသစ္စာစောင့်သိနိုင်ကြမည်လော ဟူသောပို၍ကြီးကျယ်သည့်အရေးကိစ္စကို သူသတိမပြုမိခဲ့ပါ။ (ယောဘ ၁:၉-၁၂) သူ၏အမှားကိုသူသိမြင်လာအောင် ဧလိဟု၊ ထို့နောက် ယေဟောဝါကကူညီပြီးနောက် သူဤသို့ဝန်ခံခဲ့သည်– “အကျွန်ုပ်သည် နားမလည်သောအရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိသောအရာတို့ကိုလည်းကောင်း ပြောမိပါပြီ။ . . . ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။”—ယောဘ ၄၂:၃၊ ၆။
အမှားကိုဝန်ခံခြင်းက ကျွန်ုပ်တို့အား ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးကို ထိန်းသိမ်းစေပါသည်။ ဆိုခဲ့သောဥပမာများကပြသသည့်အတိုင်း ကျွန်ုပ်တို့သည် မိမိတို့၏အမှားများကိုဝန်ခံပြီး မိမိတို့၏လွဲမှားသောအတွေးအခေါ်များ၊ မဆင်မခြင်ပြောဆိုမှုများနှင့် မိုက်ရူးရဲအပြုအမူများကို ပြေလည်အောင် အတတ်နိုင်ဆုံးပြန်၍လုပ်ဆောင်ကြပါက ကျွန်ုပ်တို့ပြုလုပ်ခဲ့မိသည့်အမှားများအတွက် အပြစ်ရှိသည်ဟုစီရင်ခြင်းခံကြရတော့မည်မဟုတ်ပါ။ ဤအသိပညာကို ကျွန်ုပ်တို့မည်သို့အသုံးချနိုင်မည်နည်း။
ကျွန်ုပ်တို့၏အမှားများနှင့်စပ်လျဉ်း၍ တစ်စုံတစ်ခုပြုမူခြင်း
အမှားကိုရိုးသားနှိမ့်ချစွာဝန်ခံကာ ၎င်းကိုပြေပျောက်အောင်ကုစားခြင်းက မိသားစုနှောင်ကြိုးကို ခိုင်မာစေနိုင်ပါသည်။ ဥပမာဆိုသော် မောပန်းခြင်းနှင့်စိတ်အနှောင့်အယှက်ဖြစ်ခြင်းကြောင့် မိဘတစ်ဦးသည် သားသမီးကိုဆုံးမရာ၌ အနည်းငယ်ကြမ်းတမ်းသွားပေမည်။ ဤအမှားကိုပြုပြင်ရန်ငြင်းဆိုခြင်းသည် ဆိုးကျိုးကိုဖြစ်စေနိုင်ပေသည်။ ထိုသို့အားလျော်စွာ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြပါနှင့်။ သခင်ဘုရား [ယေဟောဝါ၊ ကဘ] အလိုတော်နှင့်ညီသောဆုံးမသွန်သင်ခြင်းကိုပြုလျှက်ကျွေးမွေးကြလော့။”—ဧဖက် ၆:၄။
ပေါလ်အမည်ရှိသက်ငယ်ခရစ်ယာန်တစ်ဦးက ပြန်ပြောင်းသတိရလျက် ဤသို့ဆိုသည်– “ဖေဖေက သူမှားသွားတယ်လို့ယူဆတိုင်း အမြဲပဲပြန်တောင်းပန်တယ်။ အဲဒါက ကျွန်တော်သူ့ကိုရိုသေလေးစားဖို့အကူအညီဖြစ်စေတယ်။” အထူးတလည်သီးခြား အခြေအနေတစ်ခုအောက်တွင် တောင်းပန်ရန်လိုမလိုဟူသောအချက်မှာ တစ်ဦးစီဆုံးဖြတ်ရမည့်ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ သို့သော်လည်း တောင်းပန်လိုက်ပြီဆိုလျှင် နောင်တွင် အလားတူအမှားမျိုးကို ထပ်၍မမှားရလေအောင် အစွမ်းကုန်အားထုတ်၍ ရှောင်ကွင်းရန်လိုပါသည်။
လင်ယောက်ျား သို့မဟုတ် ဇနီးသည်တစ်ဦးဦးက စိတ်မချမ်းမြေ့စရာကိုဖြစ်စေသော အမှားတစ်ခုကိုပြုမိလျှင်ကော မည်သို့နည်း။ ပွင့်လင်းစွာဝန်ခံခြင်း၊ လှိုက်လှိုက်လှဲလှဲတောင်းပန်ခြင်းနှင့် ခွင့်လွှတ်တတ်သောစိတ်သဘောတို့က ၎င်းတို့၏မေတ္တာပါဆက်ဆံရေးကို ဆက်လက်၍တည်မြဲစေနိုင်ပါသည်။ (ဧဖက် ၅:၃၃; ကောလောသဲ ၃:၁၃) ကေးဆပ် (စ်) အမည်ရှိ စိတ်နေစိတ်ထားပြင်းထန်သူ အသက် ၅၀ ကျော် စပိန်အမျိုးသားတစ်ဦးသည် အာဘီနာခေါ်သူ၏ဇနီးထံ မတောင်းပန်နိုင်လောက်အောင် မာနမကြီးခဲ့ပေ။ “တစ်ဦးကိုတစ်ဦးအမှားပြုလုပ်မိရင် ပြန်တောင်းပန်တဲ့ထုံးစံကျွန်မတို့မှာရှိတယ်။ ဒါနဲ့ပဲ ကျွန်မတို့တစ်ဦးကိုတစ်ဦး မေတ္တာနဲ့သည်းညည်းခံနိုင်ကြတာ” ဟု သူမပြောပြပါသည်။
အကြီးအကဲတစ်ဦးအမှားပြုလုပ်မိသောအခါ
အမှားကိုဝန်ခံကာ ရိုးသားစွာတောင်းပန်ခြင်းက ခရစ်ယာန်အကြီးအကဲများကိုလည်း အချင်းချင်းသင့်တင့်စွာ ပူးပေါင်းလုပ်ဆောင်နိုင်စေရန်နှင့် ‘တစ်ဦးကိုတစ်ဦးဂုဏ်တင်ကြစေရန်’ ကူညီမည်ဖြစ်သည်။ (ရောမ ၁၂:၁၀၊ကဘ) အကြီးအကဲတစ်ဦးသည် အသင်းတော်တွင် မိမိ၏အခွင့်အာဏာရုတ်လျော့မည်ကိုစိုးရိမ်လျက် အမှားကိုဝန်ခံရန် ဝန်လေးကောင်းဝန်လေးပေမည်။ သို့သော် အမှားတစ်ခုကိုကာကွယ်ရန်၊ လျစ်လျူရှုရန် သို့တည်းမဟုတ် အသေးအမွှားဖြစ်အောင်ပြောဆိုရန် ကြိုးစားခြင်းဖြင့် မိမိ၏အုပ်ထိန်းမှုအောက်ရှိ အခြားသူများ၏ယုံကြည်မှုကို လက်လွတ်ဆုံးရှုံးရန် ပို၍အကြောင်းများလေသည်။ မဆင်မခြင်ပြောဆိုမိမှုဖြစ်ကောင်းဖြစ်မည့် အမှားများကို ရိုးသားစွာဝန်ခံတောင်းပန်တတ်သော ရင့်ကျက်သည့်ညီအစ်ကိုတစ်ဦးသည် အခြားသူများ၏လေးစားမှုကိုရထိုက်ပေသည်။
စပိန်နိုင်ငံမှအကြီးအကဲဖြစ်သော ဖာနန်ဒိုက တစ်ခါတွင် အကြီးအကဲများစွာပါဝင်သောစည်းဝေးခြင်းတစ်ခုကို ဦးစီးနေသည့်တိုက်နယ်ကြီးကြပ်မှူးက အစည်းအဝေးတစ်ခုမည်သို့ကျင်းပရမည်နှင့်ပတ်သက်၍ မှားယွင်းစွာပြောမိခဲ့သည့်ဖြစ်ရပ်ကို ပြန်၍ပြောပြပါသည်။ တိုက်နယ်ကြီးကြပ်မှူးပြောမှားမိသည့်အချက်ကို ညီအစ်ကိုတစ်ဦးက လေးစားစွာပြင်ပေးလိုက်သောအခါ တိုက်နယ်ကြီးကြပ်မှူးက မိမိမှားသွားကြောင်း ချက်ချင်းဝန်ခံခဲ့သည်။ ဖာနန်ဒိုကဤသို့ဆိုသည်။– “အဲဒီအကြီးအကဲတွေအားလုံးရှေ့ မှာ တိုက်နယ်ကြီးကြပ်မှူးက သူ့အမှားကိုဝန်ခံလိုက်တာမြင်ရတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ လေးလေးနက်နက်စွဲမှတ်စေခဲ့တယ်။ တောင်းပန်ပြီးနောက်သူ့ကိုပိုပြီးကြည်ညိုလေးစားတဲ့စိတ် တဖွားဖွားပေါ်ပေါက်လာတယ်။ ကျွန်တော့်ကိုယ်ပိုင်အားနည်းချက်တွေကို အသိအမှတ်ပြုဝန်ခံဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူ့ရဲ့ပုံသက်သေက ကျွန်တော့်ကိုသင်ပေးလိုက်တာပါပဲ။”
အမှားကိုမဆိုင်းမတွဝန်ခံပါ
တောင်းပန်ခြင်းကို အထူးသဖြင့် သိလျှင်သိချင်းမဆိုင်းမတွပြုလုပ်လျှင် မည်သူမဆို နှစ်သက်တန်ဖိုးထားကြသည်ချည်းဖြစ်သည်။ အမှန်ဆိုလျှင် မြန်မြန်တောင်းပန်လေလေ ကောင်းလေလေပင်တည်း။ ပုံစံတင်ပြရသော် လွန်ခဲ့သောအနှစ် ၃၆၀ က ဂယ်လီလီယိုအား ကမ္ဘာသည် စကြဝဠာ၏ဗဟိုမဟုတ်ဟုဆိုမှုဖြင့် ကက်သလစ်ခုံရုံးက အပြစ်ဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။ “မှားယွင်းစွာပြု” ခဲ့ခြင်းဖြစ်ကြောင်း ၁၉၉၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့တွင် ပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ်က ဝန်ခံခဲ့သည်။ သို့သော် တောင်းပန်မှုကို ထိုမျှအထိအချိန်ဆွဲခြင်းအားဖြင့် ၎င်း၏တန်ဖိုးမှေးမှိန်သွားပါသည်။
ပုဂ္ဂိုလ်တစ်ဦးချင်းဆက်ဆံရေး၌လည်း ထိုနည်းအတိုင်းဖြစ်သည်။ အကြင်နာကင်းမဲ့သောအပြောအဆိုနှင့် အပြုအမူကြောင့် ဖြစ်ရသောဒဏ်ရာဒဏ်ချက်ကို မဆိုင်းမတွဝန်ချတောင်းပန်ခြင်းက ပျောက်ကင်းစေနိုင်ပေသည်။ အချင်းချင်းသင့်မြတ်အောင်ပြုရန်ကိစ္စကို အချိန်မဆွဲရန် ယေရှုကနှိုးဆော်တော်မူခဲ့ပါသည်– “သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်စရာတစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သက္ကာကိုတင်လော့။” (မဿဲ ၅:၂၃၊ ၂၄) မကြာခဏဖြစ်တတ်သည့်အတိုင်း သင့်မြတ်သောဆက်ဆံရေးကို ပြန်လည်ရယူနိုင်ရန်အတွက် ကိစ္စများကို မိမိမှားယွင်းစွာကိုယ်တွယ်ခဲ့ခြင်းကိုဝန်ခံ၍ခွင့်လွှတ်မှုတောင်းခံရုံမျှလိုအပ်ပါသည်။ ကျွန်ုပ်တို့ဤသို့ပြုရန်အချိန်ဆွဲလေလေ ပို၍ခက်ခဲလာလေလေဖြစ်သည်။
အမှားများကို ဝန်ခံရန်ပျော်ရွှင်ပါ
ရှောလုနှင့်ဒါဝိဒ်တို့၏စံနမူနာများက ပေါ်လွင်စေသည့်အတိုင်း ကျွန်ုပ်တို့၏အမှားများကို ကျွန်ုပ်တို့ကိုင်တွယ်ပုံက ကျွန်ုပ်တို့၏အသက်တာအပေါ် ကောင်းကျိုးဆိုးကျိုးသက်ရောက်စေနိုင်လေသည်။ ရှောလုသည် ဆုံးမမှုကို ခေါင်းမာမာနှင့်အာခံခဲ့သဖြင့် သူ၏အမှားများသည် ပို၍တိုးများလာပြီး နောက်ဆုံး ဘုရားသခင်၏မျက်နှာသာတော်ကို မခံစားရသော သေခြင်းမျိုးဖြင့် အသက်ဆုံးခဲ့လေသည်။ သို့သော် ဒါဝိဒ်သည် အမှားနှင့်အပြစ်များကိုပြုခဲ့သော်လည်း ပြုပြင်မှုကို နောင်တစိတ်ဖြင့်လက်ခံကာ ယေဟောဝါအပေါ် ဆက်၍သစ္စာတည်ကြည်ခဲ့ပေသည်။ (ဆာလံ ၃၂:၃-၅ နှိုင်းယှဉ်။) ကျွန်ုပ်တို့၏ဆန္ဒမှာလည်း ထိုနည်းတူပြုရန်မဟုတ်ပေလော။
အမှားကိုဝန်ခံကာ ပြုပြင်ခြင်း သို့မဟုတ် အပြစ်ကိုနောင်တရခြင်း၏ အကြီးမားဆုံးသောဆုလာဘ်မှာ ယင်းတို့ကိုဘုရားသခင်ကခွင့်လွှတ်ပြီ ဟူသောခံစားချက်ပင်ဖြစ်သည်။ “အပြစ်လွတ်ခြင်း၊ ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည် မင်္ဂလာရှိ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အပြစ်တင်တော်မူခြင်းနှင့်လွတ်သောသူသည် မင်္ဂလာရှိ၏။” (ဆာလံ ၃၂:၁၊ ၂) သို့ ဖြစ်လျှင် အမှားကိုဝန်ခံခြင်းကား မည်မျှပညာရှိရာရောက်လှသည်တကား!
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ကလေးငယ်တစ်ဦးသည် ဘယ်တော့မျှချော်မလဲဘဲ လမ်းလျှောက်သင်နိုင်မည်လော