ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၁/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • “မေလခိဇေဒက်လို ပုရောဟိတ်မျိုး ထာဝစဉ်ဖြစ်ရလိမ့်မယ်”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဘုရားသခင့်ပဋိညာဉ်များမှသင်အကျိုးကျေးဇူး ခံစားမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၁/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

မေလခိဇေဒက်အမည်ရှိသော ရှေးယဇ်ပုရောဟိတ်သည် လူသားစင်စစ်တစ်ဦးဖြစ်ခဲ့လျှင် သူသည် “မျိုးစဉ်မရှိ” ဟု ကျမ်းစာက အဘယ်ကြောင့်ဆိုသနည်း။

ဟေဗြဲ ၇:၃ တွင် အထက်ပါအချက်ကိုတွေ့ရသည်။ ကျမ်းချက်၏ အထက်အောက်စကားကို သတိပြုပါ–

“မင်းကြီးများကိုလုပ်ကြံရာမှ ပြန်လာသောအာဗြဟံကို ခရီးဦးကြိုပြု၍ကောင်းချီးပေးပြီးလျှင် အာဗြဟံလှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဖို့တစ်ဖို့ခံယူသော၊ ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ် မေလခိဇေဒက်သည် နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှတစ်ပါး ငြိမ်သက်ခြင်းမင်းဟုဆိုလိုသော ရှာလင်မင်းဖြစ်လျက် အဘမရှိ၊ အမိမရှိရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်းအခြားမရှိဘဲ ဘုရားသခင်၏သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။”—ဟေဗြဲ ၇:၁-၃။

ဆိုခဲ့သည့်အတိုင်း မေလခိဇေဒက်သည် ၎င်းကတိုက်ရိုက်ဆက်ဆံနေသော အာဗြဟံကဲ့သို့ပင် လူသားစင်စစ်တစ်ဦးဖြစ်သည်။ (ကမ္ဘာဦး ၁၄:၁၇-၂၀; ဟေဗြဲ ၇:၄-၁၀) ထိုသို့ ဖြစ်သည့်အလျောက် မေလခိဇေဒက်၌ အဖေနှင့်အမေတည်းဟူသောမိဘရှိရပေမည်။ ထို့အပြင် သားသမီးအဆက်အနွယ်လည်း ရှိချင်ရှိနိုင်သည်။ ဤသို့ ဖြင့် သူသည် လူသားတစ်ဦးအနေနှင့် မျိုးစဉ် သို့မဟုတ် ဆွေစဉ်မျိုးဆက်ပြရာစာရင်းအင်းရှိခဲ့သည်။ ရုပ်ပိုင်းအသက်တာကုန်ဆုံးခြင်း လည်းရှိခဲ့သည်။ ရောမ ၅:၁၂၊ ၁၄ မှ ပေါလု၏စကားနှင့်အညီ တစ်ချိန်ချိန်တွင် မေလခိဇေဒက်အနိစ္စရောက်ခဲ့ပါသည်။ သို့သော် မေလခိဇေဒက်ကွယ်လွန်၍ ၎င်း၏ယဇ်ပုရောဟိတ်လုပ်ငန်းရပ်စဲခဲ့သောအချိန်ကို ကျွန်ုပ်တို့မသိရချေ။ ဤသဘောမျိုးဖြင့် မည်သူမျှသူ၏ ပြီးဆုံးသွားချိန်ကိုမသိရှိဘဲ အမှုဆောင်ခဲ့သည်။

ဟေဗြဲသြဝါဒစာ၌ သာ၍ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ယေရှုခရစ်၏ကဏ္ဍကို ဆွေးနွေးရာတွင် မေလခိဇေဒက်အကြောင်းမှတ်ချက်ပြုထားသည်။ ယဇ်ပုရောဟိတ်အမျိုးအစား သို့မဟုတ် ပုံစံတစ်ခုအနေနှင့် မေလခိဇေဒက်ကိုရည်ညွှန်းကာ ထိုသို့သောယဇ်ပုရောဟိတ်အဖြစ်၌ရှိသော ယေရှုအကြောင်း ပေါလုက “မေလခိဇေဒက်နည်းတူ၊ . . . ယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှု” ဟုဆိုထားသည်။ (ဟေဗြဲ ၆:၂၀) အဘယ်အဓိပ္ပာယ်ဖြင့်နည်း။

မေလခိဇေဒက်၏မိသားစုဆွေစဉ်မျိုးဆက်—၎င်း၏ဘိုးဘေး သို့မဟုတ် ဖြစ်နိုင်သည့်သားမြေးတစ်စုံတစ်ရာ အကြောင်း ကျမ်းစာမှတ်တမ်းက အသေးစိတ်မပြဆိုထားသည်ကို ပေါလုအနေနှင့် သိမြင်ပြီးခဲ့ရမည်။ ယင်းအကြောင်းအရာသည် ကျမ်းစာမှတ်တမ်းဝင်ကိစ္စမဟုတ်ရုံမျှသာ ဖြစ်သည်။ သို့ ဖြစ်ရာ ပေါလုသိခဲ့သည့် သို့မဟုတ် ကျွန်ုပ်တို့သိရှိထားသည့်အချက်အပေါ်မူတည်၍ မေလခိဇေဒက်သည် “ဆွေစဉ်မျိုးဆက်စာရင်းမရှိ” ဟု မှန်ကန်စွာဆိုနိုင်ပေသည်။ (ကမ္ဘာသစ်ဘာသာပြန်ကျမ်း; အမေရိကန်စံတင်ဘာသာပြန်ကျမ်း)၊ “မျိုးရိုးဇယားမရှိ” (ဒဗလျူ. ဂျေ. ကိုနီဘဲရ်) သို့မဟုတ် ဆွေစဉ်မျိုးဆက်ပြရာစာရင်းအင်းမရှိ၊ ဂျေ. ဘီ. ဖိလစ်ပ်စ်။

ယေရှုသည် အဘယ်နည်းဖြင့် ထိုသို့ ဖြစ်သနည်း။ ယေရှု၏ဖခင်မှာ ယေဟောဝါဘုရားသခင်ဖြစ်ပြီး သူ၏လူသားမိခင်မှာ ယုဒအနွယ်မာရိဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ ဤတွင် မေလခိဇေဒက်နှင့်ယေရှုတို့တွင် တူညီသောအချက်ရှိနေတုန်းပင်ဖြစ်သည်။ မည်သို့တူညီသနည်း။ ယေရှုသည် ဣသရေလလူမျိုးအတွက် ယဇ်ပုရောဟိတ်အမျိုးအဖြစ်သတ်မှတ်ထားသော လေဝိအနွယ်မှ မွေးဖွားလာသူမဟုတ်။ အမှန်ပင်ယေရှုသည် လူသားဆွေစဉ်မျိုးဆက်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာခြင်းမဟုတ်ပါ။ “ကိုယ်ခန္ဓာနှင့်စပ်ဆိုင်သောတရားအတိုင်း”၊ တစ်နည်းအားဖြင့် ယဇ်ပုရောဟိတ်အမျိုးနှင့်မိသားစုမှ မွေးဖွားလာခြင်းနည်းဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာသူမဟုတ်ခဲ့သော မေလခိဇေဒက်လည်း ထိုအတိုင်းဖြစ်ပေသည်။ (ဟေဗြဲ ၇:၁၅၊ ၁၆) ယဇ်ပုရောဟိတ်ဖြစ်သော လူသားဖခင်တစ်ဦးမှ မွေးဖွားလာသည့်နည်းဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာမည့်အစား ယေရှုသည် “မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းကို ခံရ” လေသည်။—ဟေဗြဲ ၅:၁၀။

ထို့အပြင်လည်း ယေရှု၌ ၎င်း၏ယဇ်ပုရောဟိတ်အရိုက်အရာကို ဆက်ခံသောအဆက်အနွယ်ဟူ၍ မရှိချေ။ ဤသဘောအဓိပ္ပာယ်မျိုးဖြင့်လည်း ယေရှုသည် ဆွေစဉ်မျိုးဆက်မရှိသောသူဖြစ်သည်။ ကိုယ်တော်သည် အထောက်အမပေးသောသွန်သင်သူအဖြစ်မိမိ၏ယဇ်ပုရောဟိတ်ဆိုင်ရာလုပ်ငန်းကို ထာဝစဉ်ထမ်းရွက်တော်မူမည်ဖြစ်သည်။ ဤထာဝစဉ်လုပ်ငန်းနှင့်စပ်လျဉ်း၍ ပေါလုက ဤသို့ ရှင်းပြသည်–

“ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသောယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။ ထို့ကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင်အထံတော်သို့ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှာတတ်နိုင်တော်မူ၏။”—ဟေဗြဲ ၇:၂၄၊ ၂၅။

သို့ ဖြစ်ရာ ဟေဗြဲ ၇:၃ ပါပေါလု၏စကားနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏လေ့လာသုံးသပ်ချက်သည် ခေါင်းထဲတွင်သိမ်းဆည်းထားရမည့် အသိပညာအပိုင်းအစမျှသာမဖြစ်သင့်ပေ။ ၎င်းသည် ကျွန်ုပ်တို့ထာဝရအပြစ်လွှတ်ခြင်းခံရရေးအတွက် ယေဟောဝါဘုရားသခင်၏ မေတ္တာပြည့်ဝသောစီမံပေးတော်မူချက်နှင့် ကိုယ်တော်ထံမှ ကူညီမစမှုနှင့်လမ်းပြမှုကို ကျွန်ုပ်တို့ရယူနိုင်ရန် ကိုယ်တော်စီစဉ်ပေးတော်မူသောနည်းလမ်းစသည်တို့အပေါ် ကျွန်ုပ်တို့၏ကျေးဇူးတင်လေးမြတ်မှုကို တိုး၍အားသစ်လောင်းပေးသည့် အသိပညာတစ်ရပ်ဖြစ်သင့်လှပေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ